
ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် U-19 အသင်း၏ ခြေစစ်ပွဲကို အားပေးနေသည့် မြန်မာ ပရိသတ်များ(ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ)
နယူးဇီလန် နိုင်ငံတွင် ကျင်းပမည့် လူငယ်ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် မြန်မာ U-20 ဘောလုံး အသင်း၏ ပွဲစဉ်များကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား(MRTV)တွင် တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
မြန်မာအသင်း ပွဲစဉ်များအား လူငယ်ကမ္ဘာ့ဖလားရုပ်သံ ထုတ်လွှင့်ခွင့်မူပိုင် ရရှိထားသည့် SKY NET ရုပ်သံ မီဒီယာက MRTV သို့ လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး အခြားသော အသင်းပွဲစဉ်များကိုမူ SKY NET တွင် တိုက်ရိုက် ကြည့်ရှူနိုင်မည် ဖြစ်သည်။
SKY NET မှ အထွေထွေ မန်နေဂျာတဦး ဖြစ်သူ ဒေါက်တာ သိန်းသန်းဦးက“ပြည်သူ တရပ်လုံး တိုက်ရိုက် အားပေးနိုင်ဖို့ တနိုင်ငံ လုံး နီးပါး လွှမ်းခြုံနိုင်တဲ့ MRTV ကို လှူတာပါ။ ကျနော်တို့ SKY NET မှာလည်း ပြမှာပါ”ဟု ပြောသည်။
SKY NET အနေဖြင့် လူငယ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ရုပ်သံထုတ်လွှင့်ခွင့်ကို မြန်မာနိုင်ငံတွင် တဦးတည်း ကိုယ်စားလှယ် ရရှိခဲ့ခြင်းဖြစ်ပြီး ပွဲစဉ်အားလုံးကို MRTV, Sport-1, Sport-2 ရုပ်သံလိုင်းများတွင် တိုက်ရိုက် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း ဒေါက်တာ သိန်းသန်းဦး က ပြောသည်။
လူငယ် ကမ္ဘာ့ဖလား ရုပ်သံထုတ်လွှင့်ခွင့်အတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(FIFA)နှင့် စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး ထုတ်လွှင့်ခ အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
မြန်မာ့ လက်ရွေးစင် U-20 အသင်းသည် အာရှ ကိုယ်စားပြုအဖြစ် ကာတာ၊ မြောက်ကိုရီးယား၊ ဥဇဘက်ကစ္စတန် အသင်းတို့နှင့် အတူ လူငယ်ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
လူငယ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၁၅ ခုနှစ် မေလ ၃၀ ရက်တွင် စတင်ကျင်းပမည် ဖြစ်ပြီး မြန်မာ့လက်ရွေးစင် U-20 အသင်းသည် အုပ်စု ပထမပွဲစဉ်အဖြစ် အမေရိကန် အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း၊ ဒုတိယပွဲအဖြစ် ယူကရိန်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲအဖြစ် အိမ်ရှင် နယူးဇီလန်နှင့်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မြန်မာ U-20 အသင်း ဘောလုံးအသင်းသည် နယူးဇီလန်နိုင်ငံကို မေလ ၂၄ ရက်က ရောက်ရှိသွားခဲ့ပြီး မေလ ၂၆ ရက်တွင် လေ့ ကျင့်ရေး အစီအစဉ်များ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က သတင်း ထုတ်ပြန်ထားသည်။
The post လူငယ် ကမ္ဘာ့ဖလား မြန်မာပွဲစဉ်များ MRTV တွင် ပြမည် appeared first on ဧရာဝတီ.