Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

အီတလီရဲ့ အကြီးဆုံး အမှတ်ပေးဖလားပြိုင်ပွဲ စီးရီးအေ

$
0
0

အင်္ဂလန် ပရီးမီးယားလိဂ်ပြီးရင် စပိန် လာလီဂါတွေ ပြင်သစ်လီဂူးတွေ ဂျာမန် ဘွန်ဒက်လီဂါတွေ လူသိ မများခင် ကတည်းက အီတလီ စီးရီးအေ (Serie A) ပြည်တွင်း အမှတ်ပေး ဘောလုံးပြိုင်ပွဲ တွေကို လူကြိုက်များခဲ့ကြတာပါ။ ဂျူဗင်တပ်စ်၊ အေစီမီလန်နဲ့ အင်တာမီလန် အသင်း တွေကတော့ လူတိုင်း သိတဲ့ အသင်းကြီးတွေ ဖြစ်ခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ အီတလီပွဲတွေဟာ ဂိုးသွင်းနည်းမှုကြောင့် လူစိတ်ဝင်စားမှု နည်းသွားခဲ့တာ လည်း တွေ့ရပါတယ်။ စီးရီးအေ ပွဲ အများစုက သွင်းဂိုးတွေ နည်းလာပါတယ်။ နည်းစနစ်ပိုင်း အားပြိုင်မှု များပြီး ခံစစ် ဦးစားပေး ကစားလာကြလို့ လူစိတ်ဝင်စားမှု နည်းလာတာပါ။ ဒါပေမယ့် ဥရောပရဲ့ အကြီးဆုံး အမှတ်ပေးပြိုင်ပွဲ အဖြစ် ရပ်တည်နေ သေးတဲ့ စီးရီးအေ ပြိုင်ပွဲတွေက တခြား ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒက်လီဂါတွေနဲ့ အတူ မကြာခင် ပြန်လည် စတင်တော့မှာ ဖြစ်လို့ အခု စီးရီးအေ အကြောင်း ပြောပြပါ့မယ်။

ပြိုင်ပွဲကို TIM က စပွန်ဆာပေးထားလိ့ု Serie A TIM လို့လည်း ခေါ်ပါတယ်။ အရင်က အင်္ဂလန် ပရီးမီးယားလိဂ်ကို ဘာကလေ ဘဏ်က စပွန်ဆာပေးထားလိ့ု ဘာကလေ ပရီးမီးယားလိဂ် လို့ ခေါ်သလိုမျိုး ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ အမှတ် အများဆုံးနဲ့ အနိုင်ရတဲ့ အသင်းကိုတော့ Coppa Campioni d’ Italia ဖလား ပေးအပ်မှာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဘောလုံးသမိုင်းနှင့် စာရင်းအင်း အဖွဲ့ချုပ် (IFFHS) ရဲ့ သတ်မှတ်ချက်အရ ဆိုရင် စီးရီးအေဆိုတာ ကမ္ဘာမှာ ဒုတိယမြောက် သြဇာအကြီးဆုံး ပြည်တွင်း အမှတ်ပေးပြိုင်ပွဲ ဖြစ်သလို ဥရောပ ပြိုင်ပွဲတွေ ဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တွေရဲ့ ဗိုလ်လုပွဲတွေကိုလည်း အများဆုံး တက်ရောက်ထားနိုင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ အီတလီ ကလပ်အသင်း တွေဟာ ဥရောပအဆင့် ဗိုလ်လုပွဲတွေကို ၂၇ ကြိမ်တိုင်အောင် ဗိုလ်လုပွဲ ရောက်ရှိထားပြီး ၁၂ ကြိမ်ထိအောင် အနိုင်ရ ဗိုလ်စွဲထားတာ တွေ့ရပါတယ်။

ဥရောပ အဆင့် သတ်မှတ်ချက်မှာ အရင်က စပိန်လာလီဂါနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပြီးရင် လူကြိုက် အများဆုံး ဖြစ်ပေမယ့် နောက်ပိုင်း ဆယ်စုနှစ် အတွင်း ဂျာမနီ ဘွန်ဒက်လီဂါရဲ့ ကျော်တက်ခြင်း ခံထားရလို့ အခုချိန်မှာ အဆင့် ၄ ဆင့်မြောက် အအောင်မြင်ဆုံး၊ လူကြိုက် အများဆုံး အမှတ်ပေးပြိုင်ပွဲ အဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။

စပိန် လာလီဂါ၊ အင်္ဂလန် ပရီးမီးယားလိဂ်၊ ဂျာမန် ဘွန်ဒက်လီဂါ၊ အီတလီ စီးရီးအေ ပြီးရင်တော့ ပြင်သစ် အမှတ်ပေး ဖလားပြိုင်ပွဲ လိဂ်က အဆင့် ၅ အဖြစ် အစဉ်လိုက် ရပ်တည်နေတာပါ။ ဒီအစဉ်ဟာ နောက်ဆုံး ၅ နှစ် အတွင်း ဥရောပ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် အောင်မြင်မှုတွေ အရလည်း ရလဒ်တွေအတိုင်း စဉ်ထားတာ ဖြစ်ပါတယ်။

စီးရီးအေကို ၁၈၉၈ ခုနှစ်ကတည်းက စတင် တည်ထောင်ယှဉ်ပြိုင်နေတာ ဖြစ်ပြီး ဥရောပ ဘောလုံး အဖွ့ဲချုပ် UEFA ရဲ့ လက်အောက်ခံ အဖြစ် ရပ်တည်ဖွဲ့စည်း ကစားနေတာ ဖြစ်ပါတယ်။ အသင်း ၂၀ ပါဝင် ယှဉ်ပြိုင်ကစားတယ်၊ တကယ်လို့ စီးရီးအေ ကနေ တန်းဆင်းရမယ် ဆိုရင် စီးရီးဘီ ကို ရောက်မယ်၊ ဥရောပ ဝင်ခွင့်ရ အသင်းတွေက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တွေကို ပါဝင် ကစားခွင့် ရမယ်၊ လက်ရှိ နောက်ဆုံး ချန်ပီယံ ဆုကိုတော့ ဂျူဗင်တပ်စ်က ၃၃ ကြိမ်မြောက် အဖြစ် ရယူထားနိုင်တာ တွေ့ရပြီး သူကပဲ အခု အမှတ်ပေး ဆုဖလားကို အကြိမ် အများဆုံး ရယူထားနိုင်တဲ့ အအောင်မြင်ဆုံး အသင်း အဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ် ၂၀၁၆-၁၇ ဘောလုံး ရာသီမှာ ဂျူဗင်တပ်စ်က ချန်ပီယံ ဖြစ်တယ်၊ တန်းဆင်းရတဲ့ အသင်း ၃ သင်း ရှိပြီး အမ်ပိုလီရယ်၊ ပါလာမိုနဲ့ ပက်ကာရာတွေက စီးရီးဘီ ကို ဆင်းကစားရမယ်၊ ချန်ပီယံလိဂ် ဝင်ခွင့် အနေနဲ့ ဂျူဗင်ရယ်၊ ရိုးမားနဲ့ နာပိုလီတွေ ဝင်ခွင့်ရတယ်၊ ယူရိုပါလိဂ် ကိုတော့ အတ္တလန်တာ၊ လာဇီယိုနဲ့ အေစီမီလန် အသင်းတွေ ဝင်ခွင့်ရမယ်၊ ပွဲပေါင်း ၃၈၀ ကစားခဲ့ပြီး တပွဲပျမ်းမျှ ၂ ဒသမ ၉၆ ဂိုး သွင်းခဲ့ပြီး တရာသီလုံး သွင်းဂိုး ၁၁၂၃ ထိအောင် ရှိခဲ့ပါတယ်။ ဒီဇီကိုက တဦးတည်း ၂၉ ဂိုးသွင်းပြီး ဂိုးသွင်း ဘုရင် ဖြစ်ခဲ့ပါတယ်။ တပွဲပျမ်းမျှ ပရိတ်သတ် ၂၂၀၄၇ ဦး ရှိခဲ့ပြီး တရာသီလုံး ပရိတ်သတ် ၈ ဒသမ ၁ သန်းကျော် ရှိခဲ့ပါတယ်။

အခုနှစ် စီးရီးအေကိုတော့ ၂၀၁၇-၁၈ ဘောလုံး ရာသီ အဖြစ် သတ်မှတ်ပြီး စီးရီးအေ စတင် တည်ထောင်ချိန်ကနေ ၁၁၉ ကြိမ်မြောက် အဖြစ် ကစားမှာ ဖြစ်ပါတယ်။ လာမယ့် သြဂုတ်လ ၁၉ ရက်နေ့ကနေ ၂၀၁၈ ခုနှစ် မေလ ၂၀ ရက်နေ့ထိ ပွဲပေါင်း ၃၈၀ ကစားသွားမှာ ဖြစ်ပါတယ်။ အခုနှစ် တန်းတက် အသင်းတွေ အဖြစ် SPAL ရယ်၊ တိုရီနိုနဲ့ နာမည်ကြီး အူဒီးနီတို့ ပြန်လည် ကစားလာမှာ ဖြစ်ပါတယ်။

အခုနှစ် အသင်းတွေမှာ နည်းပြ အပြောင်းအလဲ အဖြစ်နဲ့ ၄ သင်းပဲ ပြုလုပ်ထားပြီး ကျန် အသင်းတွေကတော့ အရင်နှစ် နည်းပြတွေ အတိုင်း ဆက်လက် ကစားသွားဖို့ ရှိနေတာပါ။ နည်းပြ အပြောင်းအလဲ လုပ်ထားတဲ့ အသင်းတွေကတော့ အင်တာနယ်စီယိုနေက နည်းပြသစ် Luciano Spalletti ကို ဇွန်လ ၉ ရက်နေ့က ခေါ်ယူခဲ့တယ်၊ ရိုးမား အသင်းက နည်းပြသစ် Eusebio Di Francesco ကို ဇွန်လ ၁၃ ရက်နေ့က ခေါ်ယူခဲ့တယ်၊ ဖီအိုရင်တီးနားအသင်းက နည်းပြသစ် Stefano Pioli ကို ဇွန်လ ၆ ရက်နေ့က အသစ် ခေါ်ယူခဲ့သလို ဆက်ဆူအိုလို အသင်းက နည်းပြသစ် Cristian Bucchi ကို ဇွန်လ ၂၀ ရက်နေ့က ခေါ်ယူထားတာပဲ ဖြစ်ပါတယ်။ ။

Ref: www.en.m.wikipedia.org

The post အီတလီရဲ့ အကြီးဆုံး အမှတ်ပေးဖလားပြိုင်ပွဲ စီးရီးအေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles