သူ့ရဲ့ နာမည် အပြည့်အစုံက John William Henry II ဖြစ်ပြီး သူ့ကို ၁၉၄၉ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့မှာ မွေးပါတယ်။ ဒါကြောင့် မကြာခင်မှာ သူ့ရဲ့ ၆၈ နှစ်ပြည့် မွေးနေ့ ရောက်တော့မှာပါ။ John W. Henry ကုမ္ပဏီကို တည်ထောင် လုပ်ကိုင်နေသူ ဖြစ်ပြီး ဒီကုမ္ပဏီက ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ စီမံ အုပ်ချုပ်ရေး ဝန်ဆောင်မှုတွေကို လုပ်ကိုင်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
အားကစား အသင်းတွေ၊ ဘဏ်လုပ်ငန်းတွေ ဘက်မှာလည်း ရင်းနှီးမြှပ်နှံထားသူ တဦး ဖြစ်ပြီး Boston Globe ဆိုတဲ့ သတင်းစာ အပြင် Boston Red Sox ဘေ့စ်ဘော အသင်းကိုလည်း ပိုင်ဆိုင်ထားတယ်၊ ပြီးတော့ အင်္ဂလန် နာမည်ကြီး လီဗာပူးလ် အသင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သူဟာ Roush Fenway Racing ပြိုင်ပွဲကိုလည်း ပူးပေါင်း တည်ထောင် သူ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ် မတ်လထုတ် ဘော်စတွန် မဂ္ဂဇင်းမှာ ဟင်နရီ အနေနဲ့ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံလောက် ပိုင်ဆိုင်တယ် လို့ ဆိုထားပေမယ့် အဆိုပါ ကာလတွေ အတွင်းက ကုမ္ပဏီ အနေနဲ့ အခက်အခက်တွေနဲ့ ရင်ဆိုင်နေတယ် လို့လည်း မှတ်ချက်ပေး ရေးသား ဖော်ပြထားတာ တွေ့ရပါတယ်။ ၂၀၁၂ခုနှစ် နိုဝင်ဘာလမှာတော့ ကုမ္ပဏီ အနေနဲ့ ၂၀၁၂ နှစ်ကုန်ပိုင်း ကနေ စတင်ပြီး စီမံရေးရာ အလုပ်တွေ ဆက်လက် လုပ်ဆောင်မှာ မဟုတ်တော့ဘူး လို့ ကြေငြာခဲ့သလို ဟင်နရီ ကိုယ်တိုင်ကလည်း အဆိုပါ အချိန် အတွင်း ဒေါ်လာ သန်း ၁၀၀ လောက်ထိ ဆုံးရှုံးမှု ရှိခဲ့တယ် လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ် ဇွန် ၁၇ မှာတော့ နာမည်ကျော် Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်မှာ ဟင်နရီက ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံလောက် ချမ်းသာနေသေးတယ် လို့လည်း တွေ့ရပါတယ်။
အမေရိကန်နိုင်ငံ၊ အီလီနွိုက်မှာ မွေးတဲ့ ဟင်နရီက အိမ်ထောင် ၃ ခါကျဖူးတယ်။ ပထမ ဇနီးသည် Mai Henry နဲ့ ကွာရှင်းပြီး ၁၉၉၃ ခုနှစ်မှာ Peggy Sue Henry နဲ့ လက်ထပ်တယ်၊ ၂၀၀၈ ခုနှစ်မှာ Sue နဲ့ ကွာရှင်းပြန်တယ်၊ အခုတော့ တတိယ ဇနီးသည် Linda Pizzuti နဲ့ အိမ်ထောင်မြဲနေပြီး ၂၀၀၉ ခုနှစ်ကတည်းက လက်ထပ်ထားတာပါ။ ပထမ ဇနီးသည် Mai နဲ့ သမီးတယောက် ရတယ်၊ တတိယ ဇနီးသည် Linda နဲ့တော့ သမီးတယောက်၊ သားတယောက် ရထားပါတယ်။
ဟင်နရီရဲ့ ပထမဆုံး ကုမ္ပဏီ JWH ကို ၁၉၈၁ ခုနှစ်မှာ စတင် တည်ထောင်တယ်၊ ၁၉၈၂ ခုနှစ်မှာ လုပ်ငန်းတွေ စတင် လုပ်ကိုင် လာတယ်၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၉ မှာ အဆိုပါ နှစ်ကုန် ဒီဇင်ဘာ ၃၁ ရက်ကနေ စတင်ပြီး လုပ်ငန်း ဆက်လက် လုပ်ကိုင်တော့မှာ မဟုတ်ဘူးလို့ ကြေငြာပြီး လုပ်ငန်းကို ပိတ်သိမ်းခဲ့ပါတယ်။
ဘေ့စ်ဘော အားကစားနဲ့ ပတ်သတ်လို့ ကတော့ သူဟာ Senior Professional Baseball Association ကိုလည်း တည်ထောင်ခဲ့တယ်။ Boston Red Sox အသင်းနဲ့ အတူ ၁၉၈၉-၉၀ မှာ West Palm Beach Trophics ကို ရခဲ့ဖူးပါတယ်။ ဒါပေမယ့် ၁၉၉၀ မှာတော့ ဟင်နရီက သူပိုင်ဆိုင်တဲ့ Red Sox ရဲ့ ရှယ်ယာတွေကို ပြန်ရောင်းထုတ်ခဲ့တာ တွေ့ရပါတယ်။
နောက်ပိုင်း ၁၉၉၁ ခုနှစ်မှာ New York Yankees အသင်းကို ဝယ်တယ်၊ မေဂျာလိဂ်ဘေ့စ်ဘောလောကကို အဆိုပါ အသင်းနဲ့ အတူ ခြေချခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ Wayne Huizenga ဆီကနေ ဒေါ်လာ ၁၅၈ သန်းနဲ့ Florida Marlins အသင်းကို ထပ်မံ ဝယ်ယူခဲ့တာလည်း တွေ့ရပါတယ်။ ဒါပေမယ့် အဆိုပါ Marlins အသင်းကို ၂၀၀၂ ခုနှစ်မှာ Jeffery Loria ဆီ ပြန်လည် ရောင်းထုတ်ခဲ့ပါတယ်။
Marlins ကို ရောင်းပြီး ဟင်နရီက အရင် အသင်းဟောင်း Red Sox ကို Tom Werner နဲ့ ပေါင်းပြီး ဝယ်ဖို့ ပြင်ဆင်ခဲ့ ပါတယ်။ ဟင်နရီက အသင်းပိုင်ရှင် အနေနဲ့ ဖြစ်ပြီး Werner ကတော့ အသင်း ဥက္ကဌ အနေနဲ့ ပေါင်းပြီး ခွဲခြမ်း ဝယ်ယူခဲ့ကြတာပါ။ အသင်းနဲ့ အတူ ၂၀၀၄ နဲ့ ၂၀၀၇ ခုနှစ်တွေမှာ World Series ကို ရခဲ့ပါတယ်။ သူဟာ ဘေ့စ်ဘော ဝါသနာရှင် တဦး ဖြစ်ပြီး အသင်းနဲ့ အတူ ဘေ့စ်ဘော ဝင်ရောက်ကစားတတ်တယ် လို့လည်း သိရပါတယ်။
လီဗာပူးနဲ့ ပတ်သတ်ရင်တော့ ၂၀၁၀ ခုနှစ် အောက်တိုဘာမှာ ဟင်နရီရဲ့ Fenway Sports Group က အသင်းကို ရယူပိုင်ဆိုင် ခဲ့တာပါ။ အသင်းက ဟင်နရီ လက်ထဲ ရောက်ပြီး ပထမဆုံး ဆုဖလား အနေနဲ့တော့ ၂၀၁၂ ခုနှစ် ဝင်ဘလေကွင်းမှာ ကစားတဲ့ League ဖလားပြိုင်ပွဲမှာ ကာဒစ်စီးတီးကို ခက်ခက်ခဲခဲ ကစားပြီး ဖလား ရယူနိုင်ခဲ့တာပါ။ ပွဲချိန်တွင်း ၁ ဂိုးစီ သရေ၊ အချိန်ပိုမှာ ၂ ဂိုးစီ သရေနဲ့ ပင်နယ်တီ ကန်တော့ ၃ ဂိုး ၂ ရဂိုးနဲ့ နိုင်ခဲ့တာပါ။ ဒါဟာ ၂၀၀၆ ခုနှစ် အတွင်းက လီဗာပူး FA ဖလား ရပြီး နောက်ပိုင်း ပထမဆုံး ဖလားပြန်ရခြင်းလည်း ဖြစ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် အတွင်း ဒက်ကလစ်လို နည်းပြကို ရလဒ်တွေ ဆိုးရွားမှုကြောင့် ထုတ်ပယ်မှုတောင် လုပ်ခဲ့ပြီး အသင်းကို အောင်မြင်အောင် ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့တာလည်း တွေ့ရပါတယ်။
ဘရီဒန်ရော်ဂျာကို နည်းပြသစ် အဖြစ် ခန့်တယ်၊ ၂၀၁၃-၁၄ ရာသီမှာ ဖလား ရနိုင်လောက်သည် အထိအောင် အဆင့်မြင့်မြင့် ရပ်တည် နိုင်ခဲ့ပေမယ့် ဖလား မရခဲ့လို့ ဘရီဒန်လည်း ၂၀၁၅ ခုနှစ် အောက်တိုဘာ ၄ ရက်ထိအောင် လီဗာပူးလ်မှာ နေပြီး ထွက်သွားခဲ့သလို သူ ထွက်သွားပြီး ၄ ရက် အကြာမှာ ဂျာမနီ ဘွန်ဒက်လီဂါမှ ဒေါ့မန်နဲ့ အတူ အောင်မြင်မှုတွေ ရနေတဲ့ ဂျာဂန်ကလော့ကို အသင်းနည်းပြအသစ် အဖြစ် ခန့်ထားခဲ့တာလည်း တွေ့ရပါတယ်။
အခုနှစ် ရာသီမှာတော့ ပြီးခဲ့တဲ့ သတင်းပတ် အတွင်း အဓိက ပြိုင်ဘက် အသင်းကြီး ဖြစ်တဲ့ အာဆင်နယ်ကို လီဗာပူးလ်က ၄ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ရာသီ အစ ကောင်းထားတာလည်း တွေ့ရပါတယ်။ ဒီလို နည်းပြ အပြောင်းအလဲတွေ၊ နာမည့်ကျော် နည်းပြတွေကို ခေါ်ယူ အားဖြည့်မှုတွေက ဟင်နရီ အနေနဲ့ လီဗာပူးလ်နဲ့ အတူ အောင်မြင်မှုတွေ ရချင်နေကြောင်း သိသာနေ ပါတယ်။ သို့ပေမယ့် လီဗာပူးလ်ဟာ အခုအထိ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး နေရာကို မန်ယူအသင်းကို ပေးလိုက်ရပြီး အောင်မြင်မှုတွေ ပြန်လည်ရရှိဖို့ ကြိုးစားနေဆဲလို့ပဲ သုံးသပ်ရပါတယ်။
Ref: www.en.m.wikipedia.org
The post လီဗာပူးလ်အသင်းရဲ့ ပဲ့ပိုင်ရှင် John W Henry appeared first on ဧရာဝတီ.