အီတလီ အခြေစိုက် သြဇာအကြီးဆုံး ဘောလုံး အသင်းတွေ ဖြစ်တဲ့ ဂျူဗင်၊ အေစီ၊ အင်တာနဲ့ နာပိုလီ အသင်းတွေ ပြီးရင် ရိုးမားဟာ အင်အားအကြီးဆုံး အသင်း တသင်း ဖြစ်ပါတယ်။ အင်္ဂလန်မှာ စပါး၊ အဲဗာတန်လို အသင်းကြီးတွေ ကြောက်ရတဲ့ ဖြတ်မျဉ်း အသင်းတွေလိုပဲ ရိုးမားကလည်း အသင်းကြီးတွေကို အကောင်းဆုံး ဖိအားပေး ကစားနိုင်တဲ့ အသင်း တသင်းပါ။ နာမည်ကျော် ကစားသမား တော့တီရဲ့ သက်တမ်း အကြာဆုံး အသင်းဖြစ်လို့ တော့တီနဲ့ အတူ အခု ရိုးမားကို လူသိများကြ ပါတယ်။
အသင်းရဲ့ နာမည် အပြည့်အစုံက Associazone Sportiva Roma ဖြစ်ပါတယ်။ အီတလီနိုင်ငံ၊ ရောမမြို့ အခြေစိုက် ဘောလုံး အသင်း ဖြစ်ပြီး လူတိုင်းက ရိုးမား လို့ပဲ ခေါ်ပါတယ်။ အသင်းကို နာမည်ပြောင် အနေနဲ့ကတော့ The Yellow and Reds, The Magic One နဲ့ The She-Wolf တွေ အဖြစ် ခေါ်ကြပါတယ်။ အသင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၊ ၁၉၂၇ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က တည်ထောင်ခဲ့ပါတယ်။ အိမ်ကွင်း အဖြစ်နဲ့ Stadio Olimpico ကွင်းကို သုံးတယ်၊ ဒီကွင်းက ပရိတ်သတ် ၇၀၆၃၄ ဦး ဆံ့တာကြောင့် အီတလီမှာ ရှိတဲ့ ကွင်းတွေထဲမှာတော့ အကြီးဆုံး ဘောလုံးကွင်း တခုပါ။
လက်ရှိမှာ ရိုးမားအသင်းက အများပိုင် ပုံစံ အနေနဲ့ ရှိနေပြီး အများဆုံး ရှယ်ယာတွေကိုတော့ NEEP Roma Holding SpA ကနေ ရှယ်ယာ ၇၉ ဒသမ ၀၄ ရာခိုင်နှုန်းထိ ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ လက်ရှိ အီတလီ ပြည်တွင်း အမှတ်ပေး ဖလားပြိုင်ပွဲ စီးရီးအေမှာ ကစားနေတာ တွေ့ရပြီး အရင်နှစ်က အခြား အသင်းကြီးတွေကို ကျော်တက်ပြီး အဆင့် ၂ နဲ့ ရာသီသိမ်းမှာ နိုင်အောင် ကစားထားနိုင်တာလည်း တွေ့ရပါတယ်။
အသင်းက အိမ်ကွင်းမှာ နီညိုရောင် အင်္ကျီနဲ့ ဘောင်းဘီးကို ဝတ်ဆင်ပြီး ခြေအိတ်က အနက်ရောင် ဝတ်သလို အဝေးကွင်း မှာတော့ အင်္ကျီရော ဘောင်းဘီရော ခြေအိတ်ကိုပါ အဖြူရောင် ဝတ်ဆင်ပြီး ခဲရောင် အောက်ခံသားနဲ့ လိုင်းစင်းလေး အနည်းငယ် ပါရှိတာ ဝတ်ဆင် ကစားပါတယ်။
အခုချိန်ထိ ရိုးမားအနေနဲ့ စီးရီးအေ ဖလားကို ၃ ကြိမ် ရယူထားနိုင်တာ တွေ့ရပြီး ၁၉၄၂ ခုနှစ်၊ ၁၉၈၃ ခုနှစ်နဲ့ ၂၀၀၁ ခုနှစ်တွေမှာ ရခဲ့တာ ဖြစ်ပါတယ်။ Coppa Italia ဖလားကိုတော့ ၉ ကြိမ်ထိအောင် ရထားသလို Supercoppa Italiana ကို ၂ ကြိမ် ရယူထားနိုင်တာ ဖြစ်ပါတယ်။ ဥရောပ အဆင့် ပြိုင်ပွဲတွေကိုလည်း အသင်း အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖူးတာ တွေ့ရပြီး ဥရောပ အဆင့် ပွဲတွေထဲမှာ Inter-Cities Fairs Cup ကို ၁၉၆၁ ခုနှစ်က ရဖူးတယ်။ European Cup ကို ၁၉၈၄ ခုနှစ်မှာ ဒုတိယ ရဖူးတယ်၊ UEFA ဖလားကို ၁၉၉၁ ခုနှစ်ကလည်း ရဖူးထားတဲ့ အသင်းပါ။
အသင်း အနေနဲ့ အိမ်ကွင်းကို တသင်းပိုင် အနေနဲ့တော့ ကစားနေတာ မဟုတ်ပဲ ရောမမှာပဲ အခြေစိုက်တဲ့ အခြား နာမည်ကြီး ဘောလုံး အသင်း လာဇီယိုနဲ့ အတူ ၁၉၅၃ ခုနှစ် ကတည်းက အခု အိမ်ကွင်း Stadio Olimpico ကို ပူးတွဲ လက်ခံ ကျင်းပ ကစားတာ တွေ့ရပါတယ်။ ဒီကွင်းက အများဆုံး ပရိတ်သတ် ၇၂၀၀၀ ထိအောင် ဆံ့တယ်လို့ ဆိုပြီး အီတလီမှာ ဒုတိယ အကြီးဆုံး ဘောလုံးကွင်း လို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ လာဇီယိုနဲ့ အိမ်ကွင်းတူနေလို့ အခြား ကွင်းသစ်ကို ဆောက်လုပ် လက်ခံကစားဖို့ တည်ဆောက်ရေးတွေ စတင်နေပြီလို့လည်း သိရပါတယ်။
အီတလီမှာတော့ ၂၀၀၆ ခုနှစ်က စာရင်းတွေ အရ ဘောလုံး ပရိတ်သတ် အားလုံးရဲ့ ၇ ရာခိုင်နှုန်းလောက်ဟာ ရိုးမားရဲ့ ပရိတ်သတ်တွေ ဖြစ်ပြီး သူ့ထက် လူကြိုက်များတဲ့ အသင်းတွေက ဂျူဗင်၊ အင်တာ၊ အေစီနဲ့ နာပိုလီတွေ အဖြစ် အစဉ်လိုက် ရှိနေတယ်လို့ သိရပါတယ်။
အသင်း အနေနဲ့တော့ ပြည်တွင်း အသင်းတွေထဲက အဓိက ပြိုင်ဖက်တွေ အဖြစ် တမြို့တည်း အခြေစိုက် လာဇီယိုနဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလို့ ဆိုရမှာပါ။ ရိုးမားနဲ့ လာဇီယိုတို့ ဒါဘီပွဲကို Derby della Capitaleလို့ ခေါ်ပါတယ်။ ဒီနေ့ခေတ် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဒါဘီတွေထဲက တစ်ခုပါ။ ပရိတ်သတ် အချင်းချင်း ခိုက်ရန်ဖြစ်မှုတွေ ဖြစ်တတ်ပြီး ၁၉၈၀ ရာသီက ပွဲစဉ်မှာ လာဇီယို ပရိတ်သတ် တဦး သေဆုံးခဲ့ရဖူးပါတယ်။
နောက်ပြီး အခြား ပြိုင်ဖက် အဖြစ် နာပိုလီ ရှိပါသေးတယ်။ နာပိုလီနဲ့ ဆိုရင်တော့ Derby del Sole လို့ ခေါ်ပါတယ်။ အင်တာ၊ အေစီလို အသင်းကြီးတွေနဲ့လည်း အနိုင်ရလိုစိတ် ပြင်းပြင်းထန်ထန်နဲ့ ကစားတတ်တာ တွေ့ရပါတယ်။
ရိုးမားရဲ့ အောင်မြင်မှုတွေကို ကြည့်မယ် ဆိုရင် စီးရီးအေ ဖလားကို ၃ ကြိမ်ရဖူးတယ်၊ Coppa Italia ဖလားကို ၉ ကြိမ်၊ Supercoppa Italiana ကို ၂ ကြိမ်၊ စီးရီးဘီကို တန်းဆင်းကစားရချိန် ၁၉၅၂ မှာ စီးရီးဘီ ဖလားရဖူးတယ်။ အသင်း အတွက် ပွဲအများဆုံး ကစားပေးသူကတော့ အထက်မှာ ပြောခဲ့သလို ရိုးမားရဲ့ သစ္စာတော်ခံ Francesco Totti (တော့တီ) ဖြစ်ပြီး သူက ၂၀၁၇ ခုနှစ် မေလအတွင်း အထိပွဲတွေ အပါအဝင် အခုချိန်ထိ ရိုးမားအတွက် ပွဲပေါင်း ၇၈၅ ပွဲ ပါဝင်ကစားပေး ထားတာ တွေ့ရပါတယ်။ တော့တီဟာ ၁၉၉၃ ခုနှစ်ကတည်းက ရိုးမားမှာ ကစားနေတာ ဖြစ်ပြီး အသင်းနဲ့ အတူ ဘောလုံး ရာသီ ၂၅ ရာသီ ဖြတ်သန်းကစားထား တာလည်း ဖြစ်ပါတယ်။
အထက်မှာ ပြောခဲ့တာက ရိုးမားနဲ့ တော့တီရဲ့ ပြိုင်ပွဲစုံ ကစားထားမှု ဖြစ်ပြီး စီးရီးအေ ပွဲတွေပဲ သီးသန့် ကစားထားမှုမှာ လည်း ၂၀၀၈ ခုနှစ် မတ်လ ၁ ရက်နေ့က ရိုးမားနဲ့ ပါးမား ကစားတဲ့ ပွဲမှာ တော့တီ ဝင်ကစားခဲ့ပြီး အဆိုပါ အချိန်ကတည်းက စီးရီးအေပွဲ အများဆုံး ကစားထားသူ စံချိန်ရှင် Giacomo Losi ရဲ့ စံချိန်ကို ချိုးဖျက်ပြီး ပွဲပေါင်း ၆၁၈ ပွဲ ကစားပြီး စံချိန်သစ် တင်ထားတာ တွေ့ရပါတယ်။
အသင်း အတွက် ဂိုးအများဆုံး သွင်းထားသူ စာရင်းမှာလည်း တော့တီကပဲ ထိပ်ဆုံးက ရပ်တည်နေတာပါ။ အသင်း အတွက် ၃၀၇ ဂိုးထိအောင် သွင်းပေးထားပါတယ်။ ဒီထဲက ဂိုးပေါင်း ၂၅၀ က စီးရီးအေ ပြိုင်ပွဲတွေမှာ သွင်းထားတဲ့ ဂိုးတွေပါ။ အသင်း အနေနဲ့ အကြီးမားဆုံး နိုင်ပွဲတွေ အနေနဲ့ ၁၉၃၀ မှာ စီရီမိုနီ အသင်းကို ၉ ဂိုး ဂိုးမရှိနဲ့ နိုင်ဖူးတယ်၊ အကြီးမားဆုံး ဂိုးပြတ် ရှုံးပွဲတွေ အဖြစ်တော့ ၇ ဂိုး ၁ ဂိုးနဲ့ ၃ ပွဲထိအောင် ရှုံးထားဖူးတာ တွေ့ရပြီး ၁၉၃၂ ခုနှစ်က ဂျူဗင်၊ ၁၉၄၈ ခုနှစ်က တိုရီနိုနဲ့ ၂၀၀၇ ခုနှစ်က မန်ယူတို့ကို ၇ ဂိုး ၁ ဂိုးတွေနဲ့ ရှုံးထားတာ ဖြစ်ပါတယ်။
Ref: www.en.m.wikipedia.org
The post အစဉ်အလာကြီးတဲ့ A.S. Roma အသင်းနဲ့ သက်တော်ရှည် ကစားသမား တော့တီ appeared first on ဧရာဝတီ.