ကလေးတယောက်လို ချစ်စရာ မျက်နှာပေးနဲ့ မန်ယူ အသင်းမှာ ကစားခဲ့တာကြောင့် သူ့ကို လူသိများတယ်။ ချီချာရီတို (Chicharito) ဆိုပြီး၊ မက္ကဆီကို လေသံနဲ့ သူ့ကို ခေါ်တယ်၊ အင်္ဂလိပ်လိုတော့ Pea (ပဲစေ့လေး) ဆိုပြီး ချစ်စနိုး အခေါ်ခံရသူ။ သူက ဂျေဗီးယာဟာနန်ဒက်ဇ် (Javier Hernandez)။
သူ့ကို ၁၉၈၈ ခုနှစ် ဇွန်လ ၁ ရက်နေ့က မက္ကဆီကို နိုင်ငံ၊ ဂူရာဒါလာဂျာရာမှာ မွေးပါတယ်။ အရင်တော့ မန်ယူ ကစားသမားဟောင်းပေါ့။ အခုတော့ ဝက်စ်ဟမ်းမှာ ကစားနေသူပါ။
မက္ကဆီကို နိုင်ငံသားဖြစ်တော့ မက္ကဆီကို လက်ရွေးစင် အသင်း အတွက် ကစားပေးတယ်။ ဒါပေမယ့် သူ့မှာ ထူးခြားတဲ့ အောင်မြင်မှု တခု ရှိတယ်။ အဲဒါက ဂိုးလာဘ်ကောင်းတာပဲ။ မန်ယူမှာ ကစားချိန်ကလည်း ဂိုးတွေ သွင်းပေးနိုင်တယ်။ တချို့ အသင်း ပရိတ်သတ်တွေက သူ့ကို “ကောက်စား” လို့ ခေါ်ရလောက်အောင် မထင်မှတ်တဲ့ အဆုံးသတ်တွေနဲ့ ဂိုးတွေ ရအောင် သွင်းယူတတ်တယ်။ မက္ကဆီကို အသင်း အတွက်ကတော့ အများဆုံးလို့ ဆိုနိုင်ပြီး လက်ရှိ မက္ကဆီကို အသင်း သမိုင်းမှာ ဂိုးအများဆုံး သွင်းယူပေးထားသူ အဖြစ် မှတ်တမ်းဝင်နေ ပါတယ်။
သူ့နာမည် အပြည့်အစုံက ဂျေဗီးယားဟာနန်ဒက်ဇ် ဘယ်လ်ကာဇား (Javier Hernandez Balcazar) ဖြစ်ပါတယ်။ အသက် ၂၉ နှစ်ပဲ ရှိသေးလို့ တိုက်စစ်မှူး နေရာမှာ ကစားတဲ့ တိုင်အောင် နောက်ထပ် အနည်းဆုံး ၃ နှစ်တော့ အကောင်းဆုံး ခြေစွမ်း ပိုင်ဆိုင်နေဦးမှာပါ။ အရပ် ၅ ပေနဲ့ ၉ လက်မပဲ ရှိပါတယ်။ တိုက်စစ်မှူး တယောက် အတွက်တော့ အရပ်ပုတယ် မဆိုသာ ပေမယ့် ခေါင်းတိုက်ဘောလုံးလို တိုက်ကွက်တွေ အတွက်တော့ အားနည်းချင်ပါလိမ့်မယ်။
အင်္ဂလန် အခြေစိုက် West Ham United အသင်းမှာ ကျောနံပါတ် ၁၇ ကို ဝတ်ဆင်ကစား ပါတယ်။ သူ့ရဲ့ ငယ်စဉ် ကစားသမားဘဝက မွေးရပ်မြေ အခြေစိုက် အသင်း ဖြစ်တဲ့ ဂွာဒါလာဂျာဇာ (Guadalajazar) မှာ စတင်ခဲ့ပြီး ၁၉၉၇ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်ထိ ၉ နှစ်ကြာ ကစားခဲ့သူပါ။ အသက် ၉ နှစ် အရွယ် ကတည်းက ဘောလုံုး ကစားလာခဲ့တဲ့ ဂျေဗီးယားဟာနန်ဒက်ဇ် ကို ၂၀၀၆ ခုနှစ်၊ သူ့ အသက် ၁၈ နှစ် အရွယ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဖြစ်လာ ပါတယ်။ ဘောလုံး ပညာ သင်ယူခဲ့တဲ့ ဂွာဒါလာဂျာဇာမှာ အသင်းကြီးမှာပဲ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ ခုနှစ် အထိ ကစားခဲ့တာပါ။
ပရောဖက်ရှင်နယ် ဘောလုံးသမားဘ၀ အစ ၄ နှစ် အတွင်း အသင်း အတွက် ၆၄ ပွဲ ကစားခွင့် ရခဲ့ပြီး ၂၆ ဂိုး သွင်းယူခဲ့တာ ပါ။ သိရသလောက် ၂၀၀၉-၁၀ တွေမှာ သူ့ရဲ့ ခြေစွမ်း သိသိသာသာ တိုးတက်ကောင်းမွန်လာပြီး ၂၀၁၀ ဘောလုံးရာသီမှာ တော့ ကမ္ဘာ့ပရိတ်သတ် အများဆုံး ရှိနေတဲ့ မန်ယူလို အသင်းကြီးကနေ ချက်ချင်း ခေါ်ယူခြင်းကို ခံခဲ့ရတာပါ။
၂၀၁၀ ကနေ ၂၀၁၅ ခုနှစ် အတွင်း ၅ နှစ်ကြာ သူ မန်ယူမှာ ကစားတယ်။ အဆိုပါ ကာလအတွင်း အငှားချ ခံရတဲ့ ၁ နှစ်ပဲ ရှိခဲ့သလို အဆိုပါ ၁ နှစ်မှာတောင် ကမ္ဘာ့ ထိပ်တန်း ကလပ် စပိန် အခြေစိုုက် Real Madrid ကို ၂၀၁၄-၁၅ ရာသီက ရောက်သွားခဲ့တာပါ။
မန်ယူမှာ ၅ နှစ် အတွင်း ပွဲပေါင်း ၁၀၃ ပွဲ ကစားခဲ့ပြီး ၃၇ ဂိုး သွင်းယူခဲ့တာ တွေ့ရသလို ရီးရဲကို အငှားကျနေတဲ့ ၂၀၁၄-၁၅ ဘောလုံးရာသီမှာလည်း အသင်းအတွက် ၂၃ ပွဲ ဝင်ကစားခဲ့ပြီး ၇ ဂိုး သွင်းယူပေးနိုင်ခဲ့တာလည်း တွေ့ရပါတယ်။ ဒီလိုနဲ့ မန်ယူမှာ နည်းပြ အပြောင်းအလဲတွေ ဖြစ်ပြီး ကစားကွက်နဲ့ အံမဝင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟာနန်ဒက် တယောက် အင်္ဂလန် ကနေ ဂျာမနီကို ၂၀၁၅ ခုနှစ်ထဲမှာ ရောက်သွားပါတယ်။
၂၀၁၅ ကနေ ၂၀၁၇ အထိ ဂျာမနီ ကလပ် Bayer Leverkusen မှာ သွား ကစားပါတယ်။ ၂ ရာသီ အတွင်း လေဗာကူဆင် အတွက် ၅၄ ပွဲပဲ ကစားပေးနိုင်ခဲ့ ပေမယ့် ၂၈ ဂိုး သွင်းယူ ပေးနိုင်ခဲ့တာကတော့ အားရစရာပါ။
ဒါပေမယ့် အင်္ဂလန်နဲ့ ကံမကုန်သေးတဲ့ ဟာနန်ဒက်က ပြီးခဲ့တဲ့ ၂၀၁၇ အတွင်းမှာ လန်ဒန် အခြေစိုက် ဝက်စ်ဟမ်းကို ပြန်ရောက် လာပါတယ်။ ပြောရရင်တော့ ဝက်စ်ဟမ်းမှာ အထောင်တိုက်စစ်မှူး ကောင်းကောင်း လိုနေလို့ ခေါ်ယူခြင်း ခံရတာပါ။ အခုထိတော့ အသင်း အတွက် ၂၁ ပွဲထိအောင် ကစားပေးထားပြီး ၇ ဂိုး သွင်းယူပေးထားလို့ မဆိုးလှပါဘူး။
မက္ကဆီကို အသင်းနဲ့ ပတ်သတ်ရင်တော့ သူက ၂၀၀၇ ကတည်းက မက္ကဆီကို U20 အတွက် ကစားပေးလာခဲ့ပြီး ၂ ပွဲကစား ၁ ဂိုး သွင်းပေးခဲ့ပါတယ်။ ချက်ချင်း ဆိုသလို လက်ရွေးစင် အသင်းက ခေါ်ယူခြင်း ခံရပြီး ၂၀၀၉ ခုနှစ် ကနေ စတင်ကာ လက်ရွေးစင် အသင်း အတွက် ၉၉ ပွဲ ကစားပေးထားပြီး ၄၉ ဂိုး သွင်းယူကာ အသင်း သမိုင်း တလျှောက် ဂိုး အများဆုံး သွင်းယူပေးထားသူ ဖြစ်လာပါတယ်။
မက္ကဆီကို အသင်းနဲ့ အတူ ၂၀၁၀ ကမ္ဘာ့ဖလားလည်း ကန်ဖူးတယ်၊ ၂၀၁၁ ခုနှစ် ကွန်ကာကပ် ရွှေဖလားပွဲလည်း ပါဖူးတယ်။ ၂၀၁၃ ဖီဖာ ကွန်ဖက်ဒရေးရှင်း ပြိုင်ပွဲ၊ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား၊ ကိုပါ အမေရိက ဖလား၊ ၂၀၁၇ ခုနှစ် ဖီဖာ ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲတွေကို ဝင်ပြိုင်ထားသလို အခုနှစ် ကမ္ဘာ့ဖလားမှာလည်း မက္ကဆီကိုရဲ့ အားအထားရဆုံုး တိုက်စစ်မှူး အဖြစ် ပွဲထွက်လာမှာပါ။
မက္ကဆီကိုရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဆက်တိုက် အောင်မြင်မှုနဲ့ အတူ ဟာနန်ဒက် အတွက်ကတော့ ကစားသမား ဘ၀ ကမ္ဘာ့ဖလား ၃ ကြိမ်ဆက် ဝင်ကစားခွင့် ရခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီလိုပဲ ၂၀၁၁ ခုနှစ် ကွန်ကာကပ် ရွှေဖလားပြိုင်ပွဲမှာ ဆိုရင် သူက ဂိုး အများဆုံး သွင်းသူ ဖြစ်ခဲ့သလို ပြိုင်ပွဲ တလျှောက် တန်ဖိုးအရှိဆုံးကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရသူပါ။
ဟာနန်ဒက်ရဲ့ ကစားဟန်က အနီးကပ် ဂိုး ကန်သွင်းတတ်သူ၊ အဝေးကန်ဘောတွေထက် အနီးကပ် အကောင်းဆုံး ကစားကွက် ဖန်တီး ဂိုးရယူနိုင်သူ အဖြစ် သတ်မှတ်ရမှာပါ။ ဘောလုံး ထိန်းသိမ်းမှု သင့်တယ်၊ ပေးပို့မှု သင့်တယ်၊ စွမ်းဆောင်ရည် သင့်တယ်၊ အကောင်းဆုံး မဟုတ် ပေမယ့် ထူးခြားချက်က သူ့ရဲ့ လားရာကို တဖက် နောက်ခံလူက ခန့်မှန်းရ ခက်တာပါပဲ။ ဟာနန်ဒက်က ခြေထောက်ထဲက ဘောလုံးကို အဆင်ပြေသလို လားရာကို ဆွဲယူ ကစားတတ်သူပါ။
ဂျာမနီရဲ့ အကောင်းဆုံး တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံရတဲ့ မီရိုဆလဗ်ကလိုဆေး (Miroslav Klose) နဲ့ နှိုင်းယှဉ် ခံရပါတယ်။ ဒါပေမယ့် ကလိုဆေးလို အရပ်မမြင့်လို့ ခေါင်းတိုက်ဘောတွေ ကတော့ ဟာနန်ဒက်က သိပ်မရပါဘူး။ ဟာနန်ဒက် ကိုယ်တိုင်ကလည်း ၂၀၁၆ ခုနှစ် မေလအတွင်းက Sports Illustrated နဲ့ အင်တာဗျူးမှာ သူ့ အနေနဲ့ ပင်နယ်တီစည်း အတွင်း ကစားရတာ အပိုင်နိုင်ဆုံးနဲ့ စိတ်ကြိုက် အဖြစ်ဆုံးလို့ ဖြေသွားတာ တွေ့ရဖူးပါတယ်။
ဆုဖလား ရရှိမှု အပိုင်းမှာတော့ ဂွာဒါလာဂျာရာမှာ ကစားချိန်က ၂၀၀၆ ခုနှစ် မက္ကဆီကို ပရီးမီးယား Apertura ကို ၁ ကြိမ် ရခဲ့တယ်။ မန်ယူ ရောက်တော့ ၂၀၁၁ နဲ့ ၂၀၁၃ ခုနှစ် ပရီးမီးယားလိဂ် ဖလား ၂ လုံးရတယ်၊ ၂၀၁၀ ခုနှစ် ကွန်မြူနတီဒိုင်း လည်း ရခဲ့ပါတယ်။ ရီးရဲကို အငှားနဲ့ ရောက်ရှိချိန် ၁ ရာသီမှာပဲ FIFA Club World Cup ကို ၂၀၁၄ မှာ ရလိုက်ပါသေးတယ်။ နိုင်ငံ အသင်းနဲ့ ဆိုရင်တော့ ကွန်ကာကပ်ရွှေဖလားကို ၂၀၁၁ ခုနှစ်က ၁ ကြိမ်၊ ၂၀၁၅ ခုနှစ် ကွန်ကာကပ်ဖလား ၁ ကြိမ် ရထားသူပါ။
တဦးချင်း အနေနဲ့တော့ မက္ကဆီကို အသင်း သမိုင်းတလျှောက် ဂိုးအများဆုံး သွင်းယူထားသူ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် မက္ကဆီကို ပြည်တွင်း အမှတ်ပေး ဘောလုံးပြိုင်ပွဲမှာ ဂိုး အများဆုံး သွင်းယူခဲ့သူပါ။ ဒါကြောင့်လည်း အဆိုပါ နှစ်ရဲ့ Balon de Oro ဆိုတဲ့ အကောင်းဆုံး တိုက်စစ်မှူးဆု ရခဲ့ပါတယ်။ ၂၀၁၀-၁၁ ရာသီ အတွက် Sir Matt Busby တနှစ်တာ အကောင်းဆုံး ကစားသမားဆု ရဖူးပါတယ်။
၂၀၁၁ခုနှစ် ကွန်ကာကပ်ရွှေဖလားပွဲရဲ့ ရွှေဖိနပ်ဆုရှင် ဖြစ်ခဲ့သလို MVP ဆိုတဲ့ တန်ဖိုးအရှိဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၁ ခုနှစ်အတွက် IFFHS ကနေ ထုတ်ပြန်တဲ့ လူကြိုက် အများဆုံး ကစားသမား အဖြစ်လည်း သတ်မှတ်ခံခဲ့ရ တာပါ။
လေဗာကူဆင်မှာ ကစားနေချိန် ဘွန်ဒက်လီဂါ တလတာ အကောင်းဆုံး ကစားသမား အဖြစ် ၅ ကြိမ်ထိ ရွေးချယ်ခံရဖူး ပါတယ်။ ဒါကြောင့်လည်း ၂၀၁၅ ခုနှစ် ဘွန်ဒက်လီဂါရဲ့ Idol အဖြစ် ရွေးချယ်ခံရပါတယ်။ ဒါဟာ အားလုံးသိထားတဲ့ မက္ကဆီကို ပဲစေ့လေး ဟာနန်ဒက် အကြောင်းပါ။
အသက် အရွယ်အရ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားမှာ သူပါလာဖို့ မသေချာတော့ပေမယ့့် အခုတော့ ခြေစစ်ပွဲလည်း အောင်ထားပြီး ဖြစ်တဲ့ မက္ကဆီကို အသင်းနဲ့ အတူ သမိုင်း တလျှောက် ဂိုး အများဆုံး သွင်းယူပေးထားသူက အခု ကမ္ဘာ့ ဖလားမှာရော အသင်း အတွက် ဘယ်လောက်ထိ ကူညီပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ ။
Ref: en.m.wikipedia.org
The post မက္ကဆီကို အသင်းအတွက် ဂိုးအများဆုံး သွင်းပေးတဲ့ ချီချာရီတို ပဲစေ့လေး အကြောင်း appeared first on ဧရာဝတီ.