Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

၂၀၁၈ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲမယ့်အသင်းကို ခန့်မှန်းပေးတဲ့ A.I နည်းပညာ

$
0
0

၂၀၁၀ ကမ္ဘာ့ဖလားတုန်းက “ပေါလ်” လို့ အမည်ရတဲ့ ရေဘဝဲလေးဟာ ကမ္ဘာ့ဖလားပွဲစဉ် ၁၄ ပွဲမှာ ၁၂ ပွဲအထိ မှန်ကန်အောင် ခန့်မှန်းပြနိုင်ခဲ့တာကို မှတ်မိကြဦးမှာပါ။ ၈ နှစ်ကြာပြီးနောက် အခု ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပွဲမှာလည်း “ပေါလ်” နည်းတူ ဘောလုံးပွဲ ကြိုတင်ခန့်မှန်းပေးမယ့်သူတဦး ထွက်ပေါ်လာပြန်ပါပြီ။

ဒီတခါတော့ တိရိစ္ဆာန်တကောင် မဟုတ်ဘဲ ပိုမို သိပ္ပံနည်းကျတဲ့ “Artificial Intelligence” (ခေါ်) A.I နည်းပညာ တခု ဖြစ်ပါတယ်။ “Artificial Intelligence” ဆိုတာ လူ့အသိဉာဏ်အတိုင်း တုပလုပ်ဆောင်နိုင်စွမ်းရှိတဲ့ ကွန်ပျူတာစနစ် တခု ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို အခြေစိုက် နည်းပညာ ကုမ္ပဏီတခုဖြစ်တဲ့ ‘Unanimous A.I’ ကုမ္ပဏီဟာ A.I နည်းပညာ စွမ်းအားကို အသုံးချကာ ၃၂ သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပွဲစဉ်မှာ ဗိုလ်စွဲမယ့်အသင်းကို ခန့်မှန်းပေးထားတာ ဖြစ်ပါတယ်။ ယခုနည်းပညာ ကုမ္ပဏီဟာ Super Bowl ပွဲစဉ်တွေတုန်းကလည်း နောက်ဆုံးရမှတ် အတိအကျ အထိ မှန်ကန်စွာ ခန့်မှန်းပေးနိုင်ခဲ့တဲ့ ကုမ္ပဏီတခု ဖြစ်တာကြောင့် လျော့တွက်လို့တော့ မရပါဘူး။

“ခန့်မှန်းမှုတွေကို Swam A.I နည်းပညာ အသုံးပြုပြီး ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ခန့်မှန်းမှုတိုင်းဟာ လူသားအမြင်နဲ့ Artificial Intelligence Algorithms (အယ်လဂိုရီသမ်) တွေကို ပေါင်းစပ်အသုံးပြုပြီး ခန့်မှန်းထားတာဖြစ်တာကြောင့် လူသားတယောက်ထက်ရော စက်ပစ္စည်း နည်းပညာတခုထက်ပါ ပိုမိုအဆင့်မြင့် တိကျတဲ့ ခန့်မှန်းစနစ် တခုကို အကောင်အထည် ဖော်နိုင်ခဲ့တာပါ။ အင်တာနက်၊ မီဒီယာမှာရှိတဲ့ ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက် အချက်အလက်တွေကို A.I Algorithms နဲ့ ပေါင်းစပ်ကာ စဉ်းစားတွက်ချက်ထားတဲ့ စနစ်ဖြစ်ပါတယ်” Unanimous A.I ကုမ္ပဏီရဲ့ CEO ဖြစ်သူ Louis Rosenberg က ပြောပါတယ်။

“ဆိုလိုတာက ဘောလုံးခန့်မှန်းမှု ကျွမ်းကျင်သူ တယောက်ချင်းစီရဲ့ ကိုယ်ပိုင်ဗဟုသုတ၊ အသိဉာဏ်တွေ၊ ကိုယ်ပိုင် ထင်မြင်ချက်တွေ အားလုံးကို စုပေါင်းပြီး အဖြစ်နိုင်ဆုံး ခန့်မှန်းမှုကို A.I နည်းပညာနဲ့ ကောက်ချက် ချပေးထားတာ ဖြစ်ပါတယ်” လို့ Louis Rosenberg က ဆိုပါတယ်။

Unanimous A.I အတွက် ဝါရင့်ဘောလုံးပွဲ ခန့်မှန်းသူ အယောက် ၃၀ ကို U.K ကုမ္ပဏီ တခုဖြစ်တဲ့ Colossus က ကူညီ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ Unanimous A.I ဟာ အဆိုပါ ပုဂ္ဂိုလ် အယောက် ၃၀ ရဲ့ မတူညီတဲ့ ခန့်မှန်းမှု အချက်အလက်တွေကို ပေါင်းစည်းကာ ၁ နာရီကျော် အချိန်လေးအတွင်းမှာ ကမ္ဘာ့ဖလား ပွဲစဉ်တိုင်းရဲ့ ရလဒ်တွေကို ခန့်မှန်းပေးပြီး၊ ဘယ်အသင်းက ဘယ်အဆင့်ထိ ရောက်နိုင်တယ်ဆိုတာကို တွက်ချက်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Unanimous A.I ရဲ့ ကမ္ဘာ့ဖလား ရလဒ်ခန့်မှန်းမှုတွေ အရဆိုရင် ဂျာမနီအသင်းက ဗိုလ်စွဲဖို့ ဖြစ်နိုင်ချေ အများဆုံး ရှိနေတာ တွေ့ရပြီး၊ ဂျာမနီအသင်းအောက်မှာ ဘရာဇီးနဲ့ စပိန်တို့ ရှိနေပါတယ်။ ခန့်မှန်းမှုရလဒ် အပြည့်အစုံကတော့ အထက်ပါ ပုံအတိုင်း ဖြစ်ပါတယ်။

Ref: Digital Trends

The post ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲမယ့်အသင်းကို ခန့်မှန်းပေးတဲ့ A.I နည်းပညာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511