ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအကြောင်း သတင်းတင်ဆက်နေတဲ့ အမျိုးသမီး ဂျာနယ်လစ် တဦးဟာ ပြီးခဲ့တဲ့ သီတင်းပတ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု တခုအတွင်းမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီး အခုတော့ အဲဒီအကြောင်းနဲ့ ပတ်သက်လို့ ကျယ်ကျယ်လောင်လောင် ပြောလာကြပြီ ဖြစ်ပါတယ်။
ကိုလံဘီယာသတင်းထောက် Julieth Gonzalez Theran ဟာ ရုရှားနိုင်ငံ Saransk မြို့မှာရှိတဲ့ မြို့ရင်ပြင်တခုမှာ မတ်တပ်ရပ်ပြီး ဂျာမန် သတင်းဌာနတခုဖြစ်တဲ့ Deutsche Welle အတွက် ကမ္ဘာ့ဖလား သတင်းတွေကို တင်ဆက် ပေးနေခဲ့တာပါ။
ကင်မရာကိုကြည့်ပြီး စကားပြောနေတဲ့အချိန်မှာ အမျိုးသားတဦးဟာ ရိုက်ကွင်းထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့ပြီး သတင်းတင်ဆက်နေသူ အမျိုးသမီးရဲ့ ရင်သားကို ဆွဲကိုင်လိုက်ကာ ပါးကို နမ်းခဲ့ပြီးတဲ့နောက် မြင်ကွင်းကနေ အမြန် ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ သတင်းထောက် Gonzalez Theran ကတော့ အခုလိုမျိုး အိန္ဒြေပျက်လောက်တဲ့ အဖြစ်နဲ့ ကြုံခဲ့ရပေမယ့် ကျန်ရှိတဲ့ ထုတ်လွှင့်ချိန်အတွင်းမှာ ပရောဖက်ရှင်နယ် ဆန်စွာ ပြုမူခဲ့တာကို တွေ့ရပါတယ်။
အဲဒီတိုက်ခိုက်ခံရမှု ပြီးတဲ့နောက်မှာတော့ Gonzalez Theran က သူသတင်းတင်ဆက်နေတဲ့ ဗီဒီယိုကို Instagram မှာ တင်ခဲ့ပြီး အမျိုးသမီး ဂျာနယ်လစ်တွေအပေါ် ပိုမိုလေးစားကြဖို့ တောင်းဆိုခဲ့ပါတယ်။ သူက “ကျမတို့ဟာ ဒီလိုဆက်ဆံ ခံရမှုမျိုးနဲ့ ထိုက်တန်တဲ့သူတွေ မဟုတ်ပါဘူး။ ကျမတို့ဟာ တန်းတူညီမျှစွာ တန်ဖိုးရှိပြီး ပရောက်ဖက်ရှင်နယ်ဆန်သူတွေပါ။ ဘောလုံးအားကစားရဲ့ ပျော်ရွှင်မှုကို ကျမက ဝေမျှပေမယ့် ချစ်ခင်တာနဲ့ နှောင့်ယှက်တာရဲ့ အကန့်အသတ်တွေကိုတော့ ကျမတို့ ခွဲခြားရပါမယ်” လို့ ပြောဆိုခဲ့ပါတယ်။
ရုပ်သံဌာနဖြစ်တဲ့ Deutsche Welle ကတော့ Instagram အကောင့်မှာ အခုလိုမျိုး တိုက်ခိုက်ခံရတဲ့ ဗီဒီယိုကို နောက်ပိုင်းမှာ တင်ခဲ့ပြီး နေ့စဉ်လုပ်ဆောင်နေရတဲ့ အမျိုးသမီး အားကစားသတင်းတွေအပေါ် ပိုမိုကောင်းမွန်တဲ့ အပြုအမူမျိုးနဲ့ ဆက်ဆံရမှုကို မျှော်လင့်ပြီး အဲဒီအမျိုးသမီး သတင်းထောက်ရဲ့ ပြောဆိုမှုကိုလည်း သဘောတူခဲ့ပါတယ်။
ရုပ်သံဌာနက “ဒါဟာ အနမ်းတခု မဟုတ်ပါဘူး။ အလိုမတူဘဲ တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်” လို့ ပြောကြား ခဲ့ပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားအကြမ်းဖက်သူ အမျိုးသားဟာ ဘယ်သူလဲ ဆိုတာကိုတော့ အခုထိ မသိရှိရသေးပါဘူး။
Ref: etcanada
The post တိုက်ရိုက်ထုတ်လွှင့်နေစဉ် ရင်သားကိုင်ခံရပြီး အနမ်းခံလိုက်ရတဲ့ အမျိုးသမီးသတင်းထောက် appeared first on ဧရာဝတီ.