Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

“ဘဝအာမခံချက် မရှိတဲ့ လက်ဝှေ့သမား ဘဝပါ”လို့ ပြောလာတဲ့ ထွန်းထွန်းမင်း

$
0
0

မြန်မာ့လက်ဝှေ့လောကမှာ နာမည်ကြီးလက်ဝှေ့သမားတယောက်ဖြစ်တဲ့ ထွန်းထွန်းမင်းက လက်ဝှေ့အားကစားအတွက် မြန်မာနိုင်ငံမှာ ထောက်ပံ့မှု အားနည်းပြီး ဘဝအာမခံချက် မရှိတဲ့အတွက် ကိုယ့်သမိုင်းကိုယ် ရေးကြရတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“လက်ဝှေ့ထိုးတာက ရတဲ့အချိန်မှာ စုဆောင်းထားဖို့ လိုတယ်။ တခြားအားကစားလို မဟုတ်ဘူး။ ကျနော်တို့ဆီမှာ ထောက်ပံ့မှု အားနည်းတယ်။ ကိုယ့်ဘဝကို ကိုယ်ဘာသာ ရပ်တည်ရတယ်။ ကန်းသွားရင်လည်း ကိုယ်ပဲခံရတာ။ ကိုယ့်ဘဝကို လက်ဝှေ့စထိုးကတည်းက ဆုံးဖြတ်ပြီးတော့ ကိုယ့်သမိုင်းကိုယ်ရေးခဲ့ရတာ။ ကစားရင်းနဲ့ ခြေထောက်တွေ ကျိုးတာတို့ မျက်စိကန်းတာတို့ဆိုရင် ကျနော်တို့ဘာသာ ခံရတာပေါ့။ ကျနော်တို့အတွက် ဘာမှအာမခံချက် မရှိဘူးပေါ့” လို့ ထွန်းထွန်းမင်းက ပြောပါတယ်။

တခြားနယ်ပယ်က အားကစားသမားများထက် ထောက်ပံ့မှု အားနည်းရုံသာမက လက်ဝှေ့သမားများကို လူအများက သိရှိမှုအားနည်းရတဲ့အချက်တွေကတော့ ကြော်ငြာ အားနည်းခြင်းနဲ့ မီဒီယာများမှ ဖော်ပြပေးမှုအားနည်းတာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့နိုင်ငံမှာက စာနယ်ဇင်းရှင်းလင်းပွဲတွေဘာတွေက အရမ်းနည်းတယ်။ ပွဲတပွဲ လုပ်ရင် သူများနိုင်ငံတွေနဲ့ မတူဘူး။ လွှင့်တဲ့ ရုပ်သံလိုင်းတွေကလည်း နည်းတယ်။ တိုက်ရိုက်လွှင့်တဲ့ ရုပ်သံလိုင်းဆိုရင် လက်ချိုးရေလို့ရတယ်။ ပြီးကျတော့ ကြော်ငြာအားပေါ့။ ဘယ်နေ့ဘယ်ရက်မှာ ပွဲရှိတယ် ဆိုတာကို သိမ်ဖြူရုံလောက်မှာပဲ ပွဲစတေကာလေး ကပ်ထားတယ်” လို့ ထွန်းထွန်းမင်းက ပြောပါတယ်။

ထွန်းထွန်းမင်းကတော့ ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက ဒေ့ဗ်နဲ့ ထိုးသတ်ခဲ့တဲ့ ပွဲစဉ်အတွင်း ဒူးဒဏ်ရာရရှိခဲ့တဲ့အတွက် ကာလရှည်အနားယူခဲ့ရပြီး မကြာခင် ၁၂ ပိုင်းမှာတော့ မကျေပွဲ ပြန်နွှဲဖို့ရှိတာကြောင့် လေ့ကျင့်မှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ကျနော် ၉ ၊ ၁၀ ၊ ၁၁ လပိုင်းတွေမှာပွဲနားထားတယ်။ ၁၂ ပိုင်းကျမှ ပြန်စပါမယ်။ အဲဒီပွဲ အတွက်လည်း အကောင်းဆုံးပြင်ဆင်နေပါတယ်။ ကျနော့်ကို အရင်နဲ့မတူအောင် ပရိသတ်တွေ မြင်ရမယ်။ ပထမတခါ ရှုံးနိမ့်ထားတဲ့အတွက် အရမ်းလည်း ကစားထားတယ်။ ပြီးတော့ ဒီပွဲကလည်း ၂ ယောက် မကျေပွဲဆိုတော့ အရမ်းလည်း ပွဲမြိုင်မယ်လို့ ယုံကြည်တယ်။ အရမ်းလည်း ကြိုးစားထားတယ်” လို့ ထွန်းထွန်းမင်းက ပြောပါတယ်။

အဆိုပါ ထွန်းထွန်းမင်းနဲ့ ဒေ့ဗ်တို့ရဲ့ မကျေပွဲကိုတော့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့မှာ ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ထွန်းထွန်းမင်းကတော့ ၈ နှစ်သားအရွယ်ကတည်းက လက်ဝှေ့ အားကစားကို စတင်ထိုးခဲ့တာဖြစ်ပြီး ပွဲပေါင်း ၁၀၀ ကျော်ထိုးသတ်ခဲ့ပြီးပြီဖြစ်တယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ လက်ဝှေ့သမားများဖြစ်ကြတဲ့ စောငမန်း၊ တူးတူးနဲ့ ထွန်းထွန်းမင်းတို့ ဦးဆောင်ပြီး လက်ဝှေ့သမားများကို ကူညီရန်အတွက် သူတို့ရဲ့ ထိုးကြေးထဲမှ ၁၀ ရာခိုင်နှုန်းနဲ့ တခြား လက်ဝှေ့သမားများထံမှ ကူညီတာတွေကို စုပေါင်းကာ အဆင်မပြေတဲ့ လက်ဝှေ့ သမားများကို ကူညီဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

The post “ဘဝအာမခံချက် မရှိတဲ့ လက်ဝှေ့သမား ဘဝပါ” လို့ ပြောလာတဲ့ ထွန်းထွန်းမင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles