အသက် ၂၆ နှစ်အရွယ်ရှိတဲ့ စပိန်ဘောလုံးကစားသမား Daniel Jarque ရဲ့ သတင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ ပရိသတ်တွေကတော့ အံ့အားသင့်သွားမှာပါပဲ။ သူဟာ နှလုံးရပ်သေဆုံးခဲ့တယ်လို့ သိရပြီး ဒီလို ငယ်ရွယ်တဲ့အချိန်မျိုးမှာ ရုတ်တရက် လူ့လောကကြီးကနေ စွန့်ခွာသွားရတဲ့အတွက် အားလုံးက နှမြောမဆုံး ဖြစ်နေမှာ အမှန်ပါ။
ဒီလို အလားတူဖြစ်ရပ်မျိုး လွန်ခဲ့တဲ့ ၂နှစ်ကလည်း ဖြစ်ဖူးပါတယ်။ Antonio Puerta နဲ့ Marc-Vivien Foe တို့ဟာလည်း ပွဲကစားနေစဉ်မှာ နှလုံးရပ်ပြီး သေဆုံးခဲ့တာပါ။ သူတို့တွေ ရုတ်တရက် သေဆုံးရတာက Sudden Death Syndrome (SDS) ကြောင့် ဖြစ်ပြီး လူငယ်တွေ နှလုံးရပ် သေဆုံးတဲ့ အခြေအနေအတွက် သုံးတယ်လို့ သိရပါတယ်။
SDS တွေဟာ ခွန်အားသုံးရတဲ့ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းမျိုးနဲ့ ပေါင်းစပ်တဲ့အခါ အသက်အန္တရာယ် ရှိစေနိုင်ပါတယ်။ မျိုးရိုးလိုက်ပြီးဖြစ်နိုင်ချေရှိတယ်လို့လည်း European Society of Sports Cardiology ဖြစ်တဲ့ Dr.Sanjay Sharma က ပြောထားပါတယ်။
သင်ဟာ အားကစားအမြဲလုပ်နေတဲ့သူတယောက်ဆိုရင် မကြာခဏ မူးမေ့လဲကျနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။ အထူူးသဖြင့် ဘောလုံး၊ ဟော်ကီကစားသူတွေဟာ မကြာခဏပြုတ်ကျပြီး ထိခိုက်မှုတွေ ရှိတာကြောင့် ဦးနှောက်ထိခိုက်မှုပါ ဖြစ်တတ်ပါတယ်။
Scott ဆိုတဲ့ အမျိုးသားကတော့ Leyton Oreint အတွက် ဂိမ်းကစားတုန်းက အလွန်အမင်း ပင်ပန်းခြင်းနဲ့ အသက်ရှူရ ခက်တာမျိုး ကြုံခဲ့ရတယ်လို့ ပြောပါတယ်။
“ကျနော့် ခြေထောက်တွေကို မခံစားမိတော့ဘူး။ ပထမပိုင်းကိုတော့ မနည်းပြီးအောင်ဆော့ပြီးလို့ ဆရာဝန်ဆီ သွားပြတဲ့အခါ ကျနော့်အားကစားသမားဘဝကို စွန့်လွှတ်ဖို့ သူကပြောတယ်” လို့ ဆိုပါတယ်။ ဒီလိုဖြစ်ရပ်တွေကြောင့် အီတလီမှာဆိုရင် ကစားသမားတွေဟာ SDS အပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးချက်လုပ်ထားတဲ့ လက်မှတ်တွေရှိဖို့ စည်းကမ်းချထားပါတယ်။
SDS ဟာ ကုသဖို့လွယ်ကူပြီး နေ့စဉ်လူနေမှုဘဝမှာ ပြောင်းလဲမှုအသေးစားလေးတွေ လုပ်ဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ အားစိုက်ထုတ်ရတာမျိုး မရှိဘူးဆိုရင် ကောင်းသွားနိုင်တယ်လို့ Dr.Sharma က ဆိုပါတယ်။ သို့သော်လည်း ဂရုမစိုက်ဘဲ ပစ်ထားမယ်ဆိုရင်တော့ အလွန် ပြင်းထန်တဲ့ အခြေအနေမျိုးကို ခံစားရနိုင်ပါတယ်။
Ref ; edition.cnn.com
The post ဘောလုံးကစားသူတွေ သိသင့်တဲ့ အသံတိတ် လူသတ်သမားအကြောင်း appeared first on ဧရာဝတီ.