ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ မတ်လ ၈ ရက်နေ့တွင်ကျင်းပမည့် သိုင်းပေါင်းစုံ MMA ပြိုင်ပွဲတွင် မြန်မာဖိုက်တာတွေလည်း ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ မြန်မာ ပရိတ်သတ်တွေ အားပေးမှုကို ရရှိထားပြီးဖြစ်တဲ့ ဖိုက်တာ ဖိုးသော် ကလည်း အင်ဒိုနီရှားနိုင်ငံသား “The Iceman” Yohan Mulia Lagowo နဲ့ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။
ဖိုးသော်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့က နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲမှာ မလေးရှား ဖိုက်တာ Keanu Subba ကို ပထမအချီမှာဘဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ဒီအရှုံးကနေ ပြန်လာနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ထွန်းထွန်း က ဖိုးသော်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ ပြိုင်ဘက်အကြောင်း ဘာတွေလေ့လာထားပြီးပြီလဲ။
ဖြေ ။ ။ လက်ရှိမှာ ပြိုင်ဘက်အကြောင်းကိုတော့ အကြမ်းဖျင်းလေ့လာထားပါတယ်၊ သူ့အရင်ပုံစံတွေကိုချည်းပဲ ကစားမယ် ဆိုပြီး တထစ်ကျ တွက်ထားလို့ မရတာကြောင့် အကြမ်းဖျင်းလေ့လာပြီး စင်ပေါ်မှာ သေသေချာချာ သတိထားပြီး ယှဉ်ပြိုင် သွားမှာပါ။
မေး ။ ။ သူဟာ ပြိုင်ဘက်ကောင်းတယောက်လို့ ထင်ပါသလား။
ဖြေ ။ ။ သူက အတွေ့အကြုံ ပိုများတဲ့ အတွက် ပြိုင်ဘက်ကောင်းလို့တော့ပြောလို့ ရနိုင်ပါတယ်။
မေး ။ ။ ပြိုင်ပွဲအတွက်ရော ဘယ်လောက်အထိ လေ့ကျင့်ပြင်ဆင်ထားလဲ။
ဖြေ ။ ။ ပြိုင်ပွဲ အတွက်ကတော့ မွေထိုင်း၊ နပမ်း၊ ဂျူဂျစ်စု တို့ကို MMA ပုံစံ နဲ့ လေ့ကျင့်ပြင်ဆင်နေပါတယ်။
မေး ။ ။ ဒီပွဲကို အနိုင်ယူနိုင်မယ်လို့ရော ယူဆထားသလား။
ဖြေ ။ ။ ဒီပွဲကို နိုင်ဖို့ ရာခိုင်နှုန်းများပါတယ်။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်တယ်။ အဓိကကတော့ အသက်အရွယ်ကြောင့်ပါ။ ပြိုင်ဘက်က အသက် ၃၈ နှစ်ပါ။
မေး ။ ။ ဒီပွဲအတိုင်ခင်က ပွဲမှာ ရှုံးနိမ့်ထားတော့ ဘယ်လိုသင်ခန်းစာတွေရခဲ့လဲ။ အခုပွဲမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်မယ်ထင်လား။
ဖြေ ။ ။ ပြီးခဲ့တဲ့ပွဲ အရှုံး ရလဒ်က အရည်အသွေးကို မှတ်ကျောက်တိုက်ခံခဲ့ရတယ်လို့မြင်ပါတယ်။ အတွေ့အကြုံ ကောင်းတခု ရခဲ့တယ်။ ဒီတခါလည်း မှတ်ကျောက်တိုက်မယ်ဆိုရင် အရည်အသွေး ပိုကောင်းလာတာကို အားလုံးမြင်ရမှာပါ။ အကောင်းဆုံးပုံစံ မရသေးပေမယ့် အရင်ကထက် ပိုကောင်းလာတယ်ဆိုတာ သက်သေပြနိုင်မှာပါ။
မေး ။ ။ အခုရော ဘယ်မှာလေ့ကျင့်နေလဲ။ လေ့ကျင့်မှုအပိုင်းကို အားရမှုရော ရှိလား။
ဖြေ ။ ။ အခု TigerMuayThai MMA Club မှာ လေ့ကျင့်နေပါတယ်။ လေ့ကျင့်မှုကိုတော့ အားရမှုမရှိသေးပါဘူး။ ကာလရှည် Camp ဝင်ပြီး လေ့ကျင့်နိုင်အောင် ကြိုးစားနေပါတယ်။
မေး ။ ။ ဖိုက်တာတယောက်အနေနဲ့ MMA ပြိုင်ပွဲကို ဘယ်လိုမြင်လဲ။
ဖြေ ။ ။ MMA ပြိုင်ပွဲတွေက တစ်နှစ်ထက် တစ်နှစ် ပရိတ်သတ် စိတ်ဝင်စားမှု တိုးတက်လာပြီးတော့ ကစားသမားတွေ ရဲ့ ပါဝင် ယှဉ်ပြိုင်လိုမှုလည်း မြင့်တက်လာတယ်။ MMA Event ဆိုပေမယ့် MMA ပုံစံ အပြင် Stand Fight Only (Super Series) @ Muay Thai & Kick Boxing တို့ကိုပါ တွဲဆိုင်း တွဲပေးတဲ့ အတွက် လက်ဝှေ့ ကစားသမား တွေအတွက် အခွင့်အရေး ကောင်းတွေ ရှိနေပါတယ်။
The post “အရင်ကထက် ပိုကောင်းလာတယ်ဆိုတာ သက်သေပြနိုင်မှာပါ” ဆိုတဲ့ ဖိုးသော် appeared first on ဧရာဝတီ.