Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

မြန်မာ့ အားကစားကို မြှင့်တင်ပေးရန် တပ်မတော် တိုက်တွန်း

$
0
0

မြန်မာ့ အားကစား ကဏ္ဍ ဖွံ့ဖြိုးစေရန် အတွက် အမျိုးသား အားကစား ဥပဒေ ပေါ်ထွက်ရေး မူဝါဒ ချမှတ် ဆောင်ရွက်ရန် အပါအဝင် နည်းလမ်း အမျိုးမျိုးနှင့် မြှင့်တင် ဆောင်ရွက်ပေးရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ပြော ဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်က ဒလ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေး တင်သွင်းသည့် မူးယစ် ဆေးဝါးနှင့် အခြား အာရုံများမှ ကင်းလွတ် သက်သာစေနိုင်သည့် အားကစား ကဏ္ဍကို စီမံကိန်းနှင့် ရန်ပုံငွေများ ချမှတ်၍ အားပေး ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များက ဆွေးနွေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး စိုင်းအိုက်လှက အားကစားသည် ကျန်းမာရေး၊ ဉာဏ်ရည် ဖွံ့ဖြိုးမှု ကို အထောက်အကူ ပြုပြီး ပြည်သူများ ကျန်းမာ သန်စွမ်းမှ ကုန်ထုတ်လုပ်မှု စွမ်းအား တိုးတက်မည် ဖြစ်သည့် အတွက် အားကစား ကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း လွှတ်တော်၌ တင်ပြသွားသည်။

ဒုဗိုလ်မှူးကြီး စိုင်းအိုက်လှ က “ကိုယ်လက် လှုပ်ရှားမှု နည်းခြင်းကြောင့် ဖြစ်လာသည့် ရောဂါများ အတွက် ကုန်ကျသည့် ကျန်းမာရေး ဆိုင်ရာ ဘတ်ဂျက် များစွာကိုလည်း ချွေတာနိုင်မည် ဖြစ်သဖြင့် နိုင်ငံတော် အဆင့်မှ တနိုင်ငံလုံး အားကစား ဖွံ့ဖြိုးရေး အတွက် မူဝါဒ တရပ် ချမှတ်ပြီး အဘက်ဘက်မှ ပြည့်စုံသော မြန်မာနိုင်ငံ အမျိုးသား အားကစား ဥပဒေ တရပ် ဖြစ်ပေါ်လာရေး အမြန် တွန်းအားပေး ဆောင်ရွက်သင့်ကြောင်း တင်ပြပါတယ်” ဟု ဆိုသည်။

အားကစား ကဏ္ဍ တိုးတက်ရန် ဆောင်ရွက်ရာတွင် အားကစား လုပ်ခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်စေသည် ဆိုသည့် အတွေးအခေါ်ကို ပြည်သူ တဦးချင်းစီက ခံယူမှသာ အောင်မြင်မည် ဖြစ်၍ ကျောင်းနေသည့် ကလေး အရွယ်တွင် အဆိုပါ အတွေးအခေါ်ကို ပေးနိုင်ရေး နည်းလမ်း ရှာဖွေရမည်ဟုလည်း ၎င်းက ပြောသည်။

ထို့အပြင် သီးခြား အားကစား တက္ကသိုလ် တခု ပေါ်ထွက်ရေး၊ အားကစားကဏ္ဍ အတွက် အာဟာရဓာတ်သည် အရေးပါ ၍ အားကစားသမားများ အတွက် အာဟာရ ပညာရှင်များ၊ အားကစား ဆေးပညာရှင်များ ဖြည့်ဆည်းရေး တို့ကိုလည်း ဆောင်ရွက်ပေးရန် ဒုဗိုလ်မှူးကြီး စိုင်းအိုက်လှက အကြံပြုခဲ့သည်။

အားကစား ကဏ္ဍ၌ ဘဏ္ဍာငွေ ရရှိ သုံးစွဲမှုမှာလည်း ၂၀၁၃-၁၄ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ကျင်းပခဲ့သည့် အချိန်မှ လွဲ၍ ငွေကျပ် ဘီလီယံ ၂၀ ခန့်သာ အသုံးပြုထားသည်ကို တွေ့ရပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ် တခုတည်းတွင်သာ ၄၂ ဘီလီယံ ကျော် သုံးထားကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနဟု ပေါင်းစပ် ဖွဲ့စည်းခဲ့ပြီး နောက် ဘဏ္ဍာငွေ တိုးမြှင့် ချထားပေးခဲ့သော်လည်း အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ဘတ်ဂျက်မှာ တိုးရခဲ့ခြင်း မရှိကြောင်းလည်း တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ကျော်ကျော် က ထောက်ပြ ပြောဆိုသည်။

ဗိုလ်မှူးကျော်ကျော် က “အားကစားနှင့် ကာယပညာ ဦးစီးဌာနရဲ့ အသုံးစရိတ်ဟာ ဝန်ကြီး ဌာန တခုလုံးရဲ့၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း အထိသာ ရှိကြောင်း တွေ့ရပါတယ်” ဟု ပြော သည်။

အားကစား အတွက် ဘတ်ဂျက် ၂၂ ဘီလီယံ ရချိန်တွင် ဝန်ကြီးဌာန၏ ပိုလျှံ အပ်ငွေ ၂၆၃ ဘီလီယံ ဖြစ်ပြီး အားကစား ကဏ္ဍ တခုလုံး၏ အသုံးစရိတ်ထက် အဆပေါင်း များစွာ ပိုလျှံနေကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနတွင် ဘဏ္ဍာငွေ ပိုမို ရရှိလာနိုင်သည်နှင့် အမျှ အားကစား ကဏ္ဍကို ဘဏ္ဍာငွေ အချိုးကျ ခွဲဝေပေးမည် ဆိုလျှင် ကျန်းမာ သန်စွမ်းပြီး နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်သည့် နိုင်ငံသားများ ပေါ်ထွက်လာမည် ဖြစ်ကြောင်း ဗိုလ်မှူး ကျော်ကျော်က တင်ပြခဲ့ သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန ဒု ဝန်ကြီး ဒေါက်တာ မြလေးစိန်က ဝန်ကြီးဌာန အနေနှင့်လည်း အားကစား ကဏ္ဍ မြှင့်တင်ရန် အကောင်အထည် ဖော်ဆောင်လျက် ရှိနေကြောင်း ပြန်လည် ဖြေကြားသွားသည်။

၎င်းက ဆက်လက်၍ “ကိုယ်စားလှယ်များ တင်ပြသွားတဲ့ မူဝါဒများနဲ့ အကောင်အထည် ဖော်နေပါတယ်။ အဲဒီလို အကောင် အထည် ဖော်တဲ့အခါ အဓိက vision ကတော့ ပြည်သူ တရပ်လုံး ကျန်းမာ ကြံ့ခိုင်ရေး၊ ကျန်းမာရေး အဆင့်အတန်း တိုး တက် ကောင်းမွန်လာစေရေး ပြည်သူလူထု စိတ်လက် အပန်းဖြေ ပျော်ရွှင်နိုင်ရေး၊ ပြည်တွင်း ပြည်ပ အားကစား ပြိုင်ပွဲများ တွင် အားကစား လှုပ်ရှားမှုများ ပြုလုပ် ဆောင်ရွက်နိုင်ရေး ဆိုပြီး ၃ ချက်နဲ့ ဆောင်ရွက်နေပါတယ်” ဟု ပြောဆိုသွားသည်။

ထို့ပြင် တပ်မတော်သား ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီး ဇော်မျိုးထက် ကလည်း အားကစား ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော် အဆင့် လက်တွေ့ကျသော စီမံချက်များ ချမှတ် လုပ်ဆောင်ရန်၊ နိုင်ငံသား အားလုံး အားကစား လုပ် ဆောင်ရေး ပညာပေး စည်းရုံးလှုံ့ဆော်ရန်၊ အားကစား နည်းစနစ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာနှင့် ပူးပေါင်း ကာ အားကစား ပညာအား အသက်မွေးဝမ်းကျောင်း ပညာရပ် တခု အဖြစ် ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးရန် အကြံပြု တိုက် တွန်းခဲ့သည်။

နိုင်ငံ အားကစား ဖွံ့ဖြိုးတိုးတက်ရေး အတွက် တပ်မတော်ကလည်း တဖက်တလမ်းမှ ဆောင်ရွက်နေပြီး နှစ်စဉ် တပ်မတော် အားကစား ပြိုင်ပွဲများကို ကျင်းပပေးနေကြောင်း၊ တပ်မတော် ကိုယ်ခံပညာနှင့် အားကစား သိပ္ပံကို ၁၉၉၀ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ပြီး အားကစား သမား ၁၃၀၆၆ ဦး၊ မြန်မာ့ လက်ရွေးစင် ၂၆၀ ဦးတို့ကို မွေးထုတ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

ဒု ဗိုလ်မှူးကြီး ဇော်မျိုးထက် က “ထူးချွန် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာရေး အတွက်လည်း ထူးချွန် အားကစား သမားများနှင့် နည်းပြများကို ထိုက်တန်စွာ ဂုဏ်ပြု ချီးမြှင့်ခြင်း၊ ဂုဏ်ထူးဆောင် လက်မှတ်များ ချီးမြှင့်ခြင်း နှင့် ရာထူး အဆင့် တိုးမြှင့် ပေးခြင်းများ ကိုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် တက်ရောက်ပြီး ချီးမြှင့် ဂုဏ်ပြုပေးလျက် ရှိပါတယ်” ဟု ပြောဆိုသည်။

ဒေါက်တာ စိန်မြအေး၏ နိုင်ငံတော်နှင့် မျိုးဆက်သစ် လူငယ်များအား ကျန်းမာ လန်းဆန်း ဖြောင့်မတ်သော မျိုးဆက်သစ် များ အဖြစ် ကြီးပြင်းလာရေး၊ လုပ်ငန်းခွင်ရောက် ပြည်သူများ ကိုယ်စိတ် ဖွံ့ဖြိုးရေး၊ သက်ကြီး နိုင်ငံသားများ ကျန်းမာ နုပျို ရေး၊ မူးယစ်ဆေးဝါးနှင့် မလိုလားအပ်သော အာရုံများ လွတ်ကင်းစေရေး အားကစား ကဏ္ဍကို အားပေး ဖော်ဆောင်ရန် အဆိုကို တပ်မတော်သား ကိုယ်စားလှယ်များ အပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးက ထောက်ခံ ဆွေးနွေးခဲ့ သည်။

ယင်း အဆိုကို အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန ကလည်း လက်ခံ သဘောတူကြောင်း ထောက်ခံခဲ့ပြီး အဆိုကို လွှတ်တော် က အတည်ပြုလိုက်သည်။

တပ်မတော်အနေဖြင့် ယခုကဲ့သို့ ဆွေးနွေးသော်လည်း ယခင် ၎င်းတို့ တပ်မတော် အစိုးရ လက်ထက်တွင် အားကစားကွင်းများနှင့်ပတ်သက်ပြီး စီမံ ဆောင်ရွက်ခဲ့ပုံမှာ လွဲမှားခဲ့ကြောင်း ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင် က ပြောသည်။

ဦးစိုးသန်းအောင် က “အရင်လုပ်ခဲ့တဲ့ ပုံစံနဲ့ အခုပြောတဲ့ ပုံစံက လွဲနေတာပေါ့။ ကျနော်တို့ ပျဉ်းမနား ဆိုရင်လည်း တပ်မတော်အစိုးရ လက်ထက်မှာ ပျဉ်းမနားမြို့သားများ အပိုင် အားကစားကွင်းကို နေပြည်တော် FC ကို ငှားလိုက်တာပဲဗျာ။ ကျနော် လွှတ်တော်မှာ မေးခွန်းမေးမြန်းပြီးမှ ပြန်ရလာတာ” ဟု ပြောသည်။

တပ်မတော်အစိုးရလက်ထက်တွင် ပျဉ်းမနားမြို့ပိုင်အားကစားကွင်းကို နေပြည်တော် FC ဘောလုံးကလပ်သို့ ငှားရမ်းလိုက်သည့်အတွက် ယခင်ကရှိခဲ့သော အပြေး ၊ သံလုံးပစ်၊ သံပြားပစ်၊ အမြင့်ခုန်၊ အလျားခုန် စသည့်ဖြင့် ကစားနည်းများစွာ ကစားနိုင်သည့် နေရာများ ပျက်စီးခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့အပြင် တပ်မတော်အနေဖြင့် အားကစားကဏ္ဍကို အမှန်တကယ် မြှင့်တင်ပေးသည် မပေးသည်ကိုလည်း ထူးချွန်သော အားကစားသမားများ ထွက်ပေါ်မှုနှင့် ပြိုင်ပွဲရလဒ်များကို ကြည့်ရှုလျှင် သိနိုင်မည်ဟု ၎င်းက ဆိုသည်။

The post မြန်မာ့ အားကစားကို မြှင့်တင်ပေးရန် တပ်မတော် တိုက်တွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ