ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားလာမှုကြောင့် ကမ္ဘာတဝှမ်းမှာရှိတဲ့ အားကစားပွဲစဉ်တွေကို ခေတ္တရပ်ဆိုင်းခဲ့တာ လတချို့ကြာမြင့်ခဲ့ပြီဖြစ်ပြီး အခုအချိန်မှာတော့ ပရိသတ်အားပေးမှု အများဆုံး အားကစားပွဲစဉ် တခုဖြစ်တဲ့ Premier League ဘောလုံးပွဲတွေဟာ လာမယ့်အပတ်အတွင်း ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။
ပရိသတ် ဝင်ရောက်မှုကိုတော့ ကန့်သတ်ထားဦးမှာဖြစ်ပြီး ရုပ်သံ အစီအစဉ်တွေကနေတဆင့် တိုက်ရိုက် ထုတ်လွှင့်ပြသဖို့ စီစဉ်ထားကြောင်း အင်္ဂလန်နိုင်ငံတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဘောလုံးပွဲစဉ်တွေအပြင် တန်းနစ်၊ ခရစ်ကတ်နဲ့ မြင်းပြိုင်ပွဲတွေပါ ပြန်လည် စတင်ဖို့ အင်္ဂလန်နိုင်ငံရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ စဉ်းစား သုံးသပ်နေဆဲလည်း ဖြစ်ပါတယ်။၂၀၁၉-၂၀၂၀ ခုနှစ်ရဲ့ ပွဲစဉ်တွေအရ Premier League ရဲ့ ရာသီ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် အပြောင်းအရွှေ့ ဈေးကွက်နဲ့ နိုင်ငံရဲ့ စီးပွားရေးကို ထိန်းညှိဖို့ ကြိုးစားနေခြင်းဖြစ်ကြောင်းလည်း ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
အင်္ဂလန်နိုင်ငံရဲ့ အစိုးရဘက်ကလည်း ဘောလုံးပွဲစဉ်တွေနဲ့ တခြား အားကစားပွဲတွေကို စတင်ဖို့ ဆွေးနွေးနေကြပြီဖြစ်ပြီး နောင်တချိန်မှာ ကြုံတွေ့လာနိုင်ဖွယ်ရှိတဲ့ စီးပွားရေး အခက်အခဲတွေကို ပြင်ဆင်နေကြတာဖြစ်တယ်လို့ အစိုးရပိုင်းနဲ့ နီးစပ်ရာ ပုဂ္ဂိုလ်တွေဆီကနေ သတင်းထွက်ပေါ်နေပါတယ်။
တနိုင်ငံလုံးပုံမှန်အတိုင်း ပြန်လည် လည်ပတ်ဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကတော့ သေဆုံးသူဦးရေ နည်းပါးဖို့နဲ့ ရောဂါကူးစက်မှုနှုန်းကို လျှော့ချဖို့ပဲ ဖြစ်ပါတယ်။
အားကစားသမားတွေရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ အမြဲတမ်း စမ်းသပ် ကြည့်ရှုနေဦးမှာဖြစ်တဲ့အပြင် ဘောလုံးပွဲစဉ်တွေ ပြန်လည်စတင်ဖို့ကတော့ သိပ်မကြာခင်မှာ အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
အင်္ဂလန်နိုင်ငံရဲ့ Lockdown ကာလကတော့ မေလ ၇ ရက်နေ့အထိဖြစ်ပြီး Premier League ဘောလုံးပွဲစဉ်တွေဟာ ပရိသတ်တွေဆီ ဘယ်လို ပြန်လည် ရောက်ရှိလာမလဲဆိုတာကိုတော့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
Ref. www.thesun.co.uk
The post Premier League ပွဲစဉ်များ လာမယ့်အပတ်အတွင်း ပြန်စတင်မည် appeared first on ဧရာဝတီ.