
အိန္ဒိယ နိုင်ငံ နယူးဒေလီ အာရှ အားကစား ပြိုင်ပွဲဝင် မြန်မာ အားကစား အဖွဲ့ မဟတ္တမ ဂန္ဓီကြီး ၏ ဂူဗိမန် လွမ်းသူ့ပန်းခွေချ အလေးပြုစဉ်
၁၇ ကြိမ်မြောက် အာရှအားကစားပွဲကို တောင်ကိုရီးယားနိုင်ငံ အင်ချွန်မြို့တွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်မှ အောက်တို ဘာ ၄ ရက် အထိ ကျင်းပတော့မည် ဖြစ်သည်။
အာရှအားကစားပွဲကို ၁၉၄၈ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပသည့် ၁၄ ကြိမ်မြောက် ကမ္ဘာ့ အိုလံပစ်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်ကြသည့် မြန်မာအပါအ၀င် အာရှနိုင်ငံများမှ အားကစား ခေါင်းဆောင်များ ညှိနှိုင်းတိုင်ပင်ကြပြီး အာရှ အားကစားပွဲ ကျင်းပ ရန် ဆုံးဖြတ်ခဲ့ကြသည်။ ပထမ အကြိမ်မြောက် အာရှအားကစားပွဲကို ၁၉၅၀ ပြည့်နှစ်ထဲ၌ အိန္ဒိယ နိုင်ငံတွင် ကျင်းပရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။
သို့ရာတွင် အားကစားကွင်း အားကစားရုံများ အချိန်မီမပြီးစီးသဖြင့် ၁၉၅၁ ခုနှစ် အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ကျင်းပသည့် အာရှအားကစားပွဲသို့ အာရှနိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမားပေါင်း ၄၈၉ ယောက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ပထမဆုံး အကြိမ် ကျင်းပသည့် အာရှအားကစားပွဲတွင် ပြေးခုန်ပစ်၊ ဘတ်စကက် ဘော၊ စက်ဘီး၊ ဘောလုံး၊ အလေးမနှင့် ရေကူး အားကစားနည်း သာ ထည့်သွင်း ကျင်းပခဲ့သည်။
ယင်းအားကစားနည်း ၆ မျိုး အတွက် ရွှေတံဆိပ် ၁၇ ဆုသာ ချီးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံက အားကစား ၆ မျိုးစလုံးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပြေးခုန်ပစ်အားကစားတွင် တီကွန်ဂတ် (အလျားခုန်၊ သုံးဆင့် ခုန်) စိန်ဖေ (မီတာ ၁၀၀)၊ ဆန်နီတင်ထွန်းနှင့် အေးကြိုင် (မီတာ ၁၀၀ နှင့် မီတာ ၂၀၀)၊ အေဒတ်စ် (မီတာ ၅၀၀၊ မီတာ ၁၀၀၀)၊ ဘဆွေနှင့် မောင်ရွှေ (မာရသွန်) တို့ဖြစ်ကြသည်။
ပြေးခုန်ပစ် ပြိုင်ပွဲမှ ဆုတံဆိပ်များ မရရှိခဲ့ကြသော်လည်း မှတ်တမ်း ၀င်ခဲ့ကြသည်။ တီကွန်ဂတ် အလျားခုန်နှင့် သုံးဆင့် ခုန်တွင် စတုတ္ထ၊ အေဒတ်စ်က မီတာ ၅၀၀၀ နှင့် မီတာ ၁၀၀၀၀ တွင် စတုတ္ထ၊ ဘဆွေက မာရသွန်တွင် စတုတ္ထနှင့် မောင်ရွှေက ပဉ္စမနေရာ အသီးသီး မှတ်တမ်းဝင်ခဲ့ကြသည်။
အာရှအားကစားပွဲ၊ ဘတ်စကတ်ဘော ပြိုင်ပွဲတွင် အိန္ဒိယ၊ အီရန်၊ ဖိလစ်ပိုင်၊ ဂျပန်နှင့် မြန်မာလက်ရွေးစင် ဘတ်စကတ်ဘော အသင်းတို့ ယှဉ်ပြိုင်ကြသည်။ ၅ သင်း ပတ်လည်စနစ်ဖြင့် ကစားရာ မြန်မာအသင်းက လေးပွဲစလုံး ရှုံးသည်။ ဂျပန်၊ အိန္ဒိယနှင့် ဖိလစ်ပိုင်တို့ဖြင့် ကစားသည့်ပွဲ အနိုင်အရှုံး မသိရသေးပါ။
သို့သော် အီရန်အသင်းကိုမူ ၈၄ မှတ်ဖြင့် ရှုံးသည်ဟု အီရန် အိုလံပစ် အသင်းက ပြုစုထားသည်။ “The Official Iran Team Hand Book” The Asian Games Bangkok တွင်ပါရှိသည်။ မြန်မာ့လက်ရွေးစင် ဘတ်စကတ်ဘော အသင်းသားများမှာ မြတ်ထွန်း၊ သံချောင်း၊ ခင်အောင်၊ ဒင်နီတုတ်စိန်၊ ကင်စွီ၊ စောဟုတ်စိန်၊ ကျင်လင်း၊ ပင်စွီဘင် တန်ဆွီအောင်နှင့် ဟာစွမ်တို့ ဖြစ်ကြ သည်။
၁၉၅၁ ခုနှစ်၊ နယူးဒေလီ အာရှအားကစားပွဲ စက်ဘီးပြိုင်ပွဲတွင် မြန်မာ စက်ဘီးသမား ကိုကိုကြီးနှင့် ခင်ဝင်းတို့ ပါဝင် ယှဉ်ပြိုင်ကြ သည်။ ကိုကိုကြီးက မီတာ ၁၀၀၀ စံချိန်ယူ ပြိုင်ပွဲတွင် လည်းကောင်း၊ ခင်ဝင်းက ကီလိုမီတာ ၁၅၀ (မိုင် ၁၀၀) ပြိုင်ပွဲတွင် လည်း ကောင်း ၀င်ပြိုင်သည်။ အောင်မြင်မှု မရကြပါ။
အာရှအားကစားပွဲ၊ ဘောလုံးပွဲတွင် ၆ နိုင်ငံသာ ၀င်ရောက် ယှဉ်ပြိုင်ကြသည်။ မြန်မာ၊ ဂျပန်၊ အင်ဒိုနီးရှား၊ အီရန်၊ အဖဂန်နစ္စတန်နှင့် အိန္ဒိယအသင်းတို့ ဖြစ်သည်။ ၆ သင်း ရှုံးထွက်စနစ်ဖြင့် ကစားသည်။ အိန္ဒိယက အင်ဒိုနီးရှားကို ၃းဝ ဖြင့် နိုင်သည်။ အီရန်က မြန်မာအသင်းကို ၂းဝ ဖြင့် နိုင်သည်။ ဂျပန်က အာဖဂန် နစ္စတန် ကို ၂းဝ ဂိုးဖြင့် နိုင်သည်။ အကြို ဗိုလ်လုပွဲ ကစားရန် အတွက် အကောင်းဆုံး အရှုံးသင်း ရွေးရာ၊ မြန်မာနှင့် အာဖဂန် နစ္စတန်တို့ ရှုံးဂိုးဖြင့် တူနေသဖြင့် မဲနှိုက်ရာ မြန်မာအသင်း ရှုံးခဲ့သည်။
၁၉၅၁ ခုနှစ် အာရှ အားကစားပွဲ၊ ဘောလုံးပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင် ဘောလုံးသမားများမှာ ကော့ကင်း၊ မန်ရို၊ လှကြိုင်၊ ဘကြူ၊ ရော့ဒရစ်၊ ဖေမြင့်၊ ဘသန်း၊ ဂွမ်ရှိန်၊ စိန်လှိုင်၊ ချန်စိန်နှင့် ဗင်ဒေါ့ကန်တို့ ဖြစ်ကြသည်။
မြန်မာအသင်းမှ အားထားရသူတွင် ဂွမ်ရှိန်မှာ အသင်းနှင့် အတူ လိုက်ပါသွားနိုင်ခြင်း မရှိပါ။ ပွဲမကစားမီ တရက် အလိုကျမှ လိုက်ပါသွားရခြင်း ဖြစ်သည်။ ပွဲကစားနေစဉ် ဖေမြင့် ခြေထောက်ဒဏ်ရာ ရသဖြင့် ဆက် မကစားနိုင်တော့ဘဲ မြန်မာ အသင်း ၂ ဂိုး ရှုံးရခြင်း ဖြစ်သည်။
ပထမဆုံး အကြိမ် ကျင်းပသည့် အာရှ အားကစားပွဲ၏ ဘောလုံးပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲ၌ အိန္ဒိယ လက်ရွေးစင် အသင်းနှင့် အီရန် အသင်းတို့ ၁၉၅၁ ခုနှစ် မတ်လ ၉ ရက်နေ့ စနေနေ့တွင် ဗိုလ်လုပွဲကစားသည်။ အိန္ဒိယ အသင်းက တလုံးတည်းသော ဂိုးဖြင့် နိုင်ပြီး အာရှအားကစား ပြိုင်ပွဲ ဘောလုံးချန်ပီယံ ဖြစ်လာသည်။ ထိုစဉ်က ထူးခြားချက်မှာ အိန္ဒိယလက်ရွေးစင် ဘောလုံးသမားများ ဘောလုံးကန်ဖိနပ် မစီးကြဘဲ ခြေဗလာဖြင့် ဘောလုံးကစားသွားကြခြင်း ဖြစ်သည်။
ရေကူးပြိုင်ပွဲတွင်လည်း မြန်မာ ရေကူးသမားလေးဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြ သည်။ စိန်ဖိုး၊ တင်အောင်၊ ကျူးတင်၊ ရောဘတ်တင်နှင့် ကြည်ဆိုင်တို့ဖြစ်ကြသည်။ အောင်မြင်မှု မရခဲ့ကြပါ။ မအောင်မြင်ရသည့် အဓိက အကြောင်းရင်းမှာ မြန်မာ ရေကူးသမားများသည် မီတာ ၅၀ ရှိ ရေကူးကန်တွင် မကူးတတ်ကြသောကြောင့် ဖြစ်သည်။
ထိုစဉ်က မြန်မာနိုင်ငံတွင် နိုင်ငံတကာ အဆင့်မီ မီတာ ၅၀ ရှိ ရေကူးကန် မရှိသေးပါ။ နောင် ၁၀ နှစ်အကြာ ၁၉၆၁ ခုနှစ်ကျမှ ကျွန်းဆွယ်ပြိုင်ပွဲ အတွက် မီတာ ၅၀ ရှိ အမျိုးသားရေကူးကန် (ဦးဝိစာရ) ကို မြန်မာနိုင်ငံတွင် တည်ဆောက်နိုင်သည်။
မြန်မာ အားကစားလောက အတွက် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲတွင် ဆုတံဆိပ် ဆွတ်ခူးနိုင်သည်မှာ အလေးမ အားကစား နည်း ပင် ဖြစ်သည်။
၁၉၅၁ နယူးဒေလီ အာရှအားကစားပြိုင်ပွဲ အလေးမပြိုင်ပွဲတွင် ကိုယ်အလေးချိန် အတန်း ၃ တန်း၌ ကြေးတံဆိပ် တခုစီဖြင့် စုစုပေါင်း ကြေးတံဆိပ် ၃ ဆု ဆွတ်ခူးခဲ့သည်။
နယူးဒေလီ အာရှအားကစား ပြိုင်ပွဲအလေးမ ပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင် အလေးမ သမားများ ဖြစ်သည့် မောင်မောင်လွင်၊ ဘသိန်း၊ သိန်းဟံ၊ ချူကီ၊ ထွန်းမောင်၊ ထွန်းငြိမ်း စသူတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ မောင်မောင်လွင်၊ သိန်းဟံ (ရေနံချောင်း) ဘသိန်း (မန္တလေး)တို့က သက်ဆိုင်ရာ ကိုယ်အလေးချိန် တန်းများတွင် ကြေးတံဆိပ် ဆုများ ဆွတ်ခူး ခဲ့ကြခြင်း ဖြစ်သည်။
ယင်း ကြေးတံဆိပ် ၃ ဆုမှာ နိုင်ငံတကာ ပြိုင်ပွဲများတွင် မြန်မာနိုင်ငံအနေနှင့် အလေးမ အားကစားနည်းက ပထမဆုံး ဆွတ်ခူး ရရှိသည့် ဆုတံဆိပ်များ ဖြစ်သည်။
အာရှ အားကစားပွဲတော် စတင် ကျင်းပခဲ့သည်မှာ ၆၃ နှစ် (၁၉၅၁-၂၀၁၄) ကြာမြင့်ခဲ့ပါပြီ။ နယူးဒေလီ အာရှ အားကစားပွဲတွင် ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည့် အားကစားသမားများနှင့် ကြီးကြပ်အုပ်ချုပ်သူ အများစုမှာ ဘ၀ တပါးသို့ ပြောင်းသွားရှာကြပြီ ဖြစ်သည်။ ဖိုးသက်ရှည် အားကစားသမား တချို့တော့ သက်ရှိထင်ရှား ရှိနေကြသေးသည်။
မြန်မာနိုင်ငံသည် အာရှ အားကစားပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံ၌ ၁၉၈၆ ခုနှစ်က ကျင်းပခဲ့သည့် ၁၁ ကြိမ်မြောက် ပြိုင်ပွဲမှ တပါး ကျန်အားကစား ပွဲတိုင်းတွင် ပါဝင် ယှဉ်ပြိုင်ခဲ့သည်။
ယှဉ်ပြိုင်ခဲ့သည့် ၁၅ ကြိမ်တွင် ရွှေတံဆိပ် ၁၄၊ ငွေတံဆိပ် ၂၂ နှင့် ကြေးတံဆိပ် ၅၃ ဆု ဆွတ်ခူး ရရှိထားသည်။ ဆုတံဆိပ် အများဆုံး ရရှိသည့်ပွဲမှာ ၁၉၇၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် ၆ ကြိမ်မြောက် အာရှအားကစားပွဲ ဖြစ်သည်။ ရွှေတံဆိပ် ၃ ဆု၊ ငွေ တံဆိပ် ၂ ဆုနှင့် ကြေးတံဆိပ် ၇ ဆု ရရှိခဲ့ သည်။ ရွှေတံဆိပ် ဆုများကို ဂျင်မီကရင်တန် (ပြေးခုန်ပစ်-မီတာ ၈၀၀) မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းများနှင့် ရွက်လှေ (ထူးအောင်ကြီးနှင့် တွဲဖက်) တို့က ဆွတ်ခူး ရရှိခဲ့ခြင်း ဖြစ်သည်။
၂၇ ကြိမ်မြောက် နေပြည်တော် ဆီးဂိမ်းတွင် ရွှေတံဆိပ် ၈၆ ဆု ဆွတ်ခူးနိုင်ခဲ့သည့် မြန်မာ့ အားကစား သမားများသည် လာမည့် ၁၇ ကြိမ် မြောက် အာရှအားကစားပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ် မည်မျှ ဆွတ်ခူးနိုင်မည်မှာ စိတ်ဝင်စား စရာကောင်းသည်။ ။
The post မြန်မာနှင့် အာရှအားကစားပွဲ appeared first on ဧရာဝတီ.