
(၀ဲမှယာ) ဂိုးသမား ကျော်ဇင်ဖြိုး၊ အလယ်တန်း ကစားသမား စည်သူအောင်တို့ကို ငွေတံဆိပ်ရယူသည့် အခမ်းအနားတွင် အခြား အသင်းသားများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ – MFF)
စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ဘောလုံးအားကစား ပြိုင် ပွဲ မှာ ယူ-၂၃ မြန်မာဘောလုံးလက်ရွေးစင်အသင်းက ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ထိုင်း အသင်းကို ၃ ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ်ခဲ့ပြီး ဒုတိယငွေတံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရပေမယ့် ဆီးဂိမ်းကာလ တ လျှောက် လုံးမှာ ခြေစွမ်းပြ ကစား ခဲ့ကြတဲ့ ဘောလုံးငွေကြယ်ပွင့်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။
ဂိုးသမား ကျော်ဇင်ဖြိုး
ဇွန်လ ၁၃ ရက်နေ့ ကစားခဲ့တဲ့ အကြိုဗိုလ်လုပွဲစဉ်မှာ မြန်မာဘောလုံးအသင်းက ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗီယက်နမ်အသင်းက ဂိုးသွင်းခွင့် ၅ ကြိမ် ထက် မနည်း ရရှိခဲ့ပြီး အဲဒီပွဲမှာ မြန်မာဂိုးသမား ကျော်ဇင်ဖြိုးက အသေအလဲ ခုခံကာကွယ်နိုင်ခဲ့တာကြောင့် မြန်မာ အသင်း အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ပါတယ်။
အလားတူ ဇွန်လ ၁၅ ရက်နေ့ ဗိုလ်လုပွဲစဉ်အဖြစ် ထိုင်း အသင်းနဲ့ မြန်မာအသင်းကစားခဲ့ပြီး ထိုင်းအသင်းက မြန်မာအသင်းထက် ဘောလုံးစွမ်းရည် ၊ တဦးချင်း စွမ်းရည် သာလွန်နေခဲ့ပါတယ်။ ဗိုလ်လုပွဲစဉ်မှာ မြန်မာ အသင်း ဂိုးပိုင်နက်ထဲကို ထိုင်းအသင်းက အပိုင်ဂိုးသွင်းမှုတွေ အကြိမ် ကြိမ် တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် မြန်မာ ဂိုးသမား ကျော်ဇင်ဖြိုးရဲ့ ကာကွယ်နိုင်မှုကြောင့် အပိုင်ဂိုးတွေ ထိုင်းအသင်း မရလိုက်နိုင်ပါဘူး။ ဗိုလ်လုပွဲစဉ်ရဲ့ ပထမပိုင်း အထိ ထိုင်းအသင်းက မြန်မာဘက်ကို ဂိုးမသွင်းနိုင်ခဲ့ ပါဘူး။
ဗိုလ်လုပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာလည်း ထိုင်းအသင်းက ၃ ဂိုး သွင်းခဲ့ပေမယ့်လည်း ဂိုးသမားကျော်ဇင်ဖြိုးသာ လက်စွမ်းမပြနိုင်ခဲ့ရင် ထိုင်းအသင်းက မြန်မာအသင်းကို အနည်းဆုံး ၇ ဂိုးလောက်နဲ့ နိုင်မယ့်ပုံပါပဲ။ ဆီးဂိမ်း ပွဲစဉ်တလျှောက် လက်စွမ်းပြခဲ့တဲ့ ဂိုးသမားက ပထမဦးစားပေး ဂိုးသမား ကျော်ဇင်ဖြိုးကတော့ မြန်မာ နေရှင်နယ်လိဂ်မှာပါဝင်ကစားနေတဲ့ မကွေးယူနိုက်တက်အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။
ကျော်ဇင်ဖြိုး၏ ဇာတိမှာ ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ဖြစ်ပြီး ဖခင် ဦးကျော်လှ။မိခင် ဒေါ်မိမိခိုင် တို့က ၁၉၉၄ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူမှာ ရဲဝန်ထမ်း တဦးဖြစ်ခဲ့တဲ့ အတွက် ငယ်စဉ်က ရွှေတောင်မြို့နယ် ရဲစခန်းဝင်းအတွင်းမှာပဲ နေထိုင်ခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ရန်ကုန်အားကစားသိပံ္ပကျောင်းသို့ တက်ရောက်ခဲ့ပြီး ၂၀၁၀ခုနှစ်တွင် မကွေးယူနိုက်တက် အသင်း က စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။သူ့အနေနဲ့ အသက်အရွယ်အလိုက် မြန်မာ့လက်ရွေးစင် အသင်း အဖြစ် ယူ-၁၈အသင်း၊လက်ရွေးစင်အသင်းကြီးတွေမှာ ရွေးချယ်ခံခဲ့ရပြီး ၂၀၁၄ခုနှစ်မှာကျင်းပတဲ့ ဘရူးနိုင်း ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ခဲ့ပါတယ်။
ကျော်ဇင်ဖြိုးဟာ အိမ်ထောင်ဘက်ဖြစ်တဲ့ မစုစုငယ်နဲ့ ၂၀၁၂ခုနှစ်၊ဒီဇင်ဘာလ ၁၂ရက်နေ့မှာ လက်ထပ်ခဲ့ပြီး သမီးတဦးဖခင်လည်းဖြစ်ပါတယ်။ ကျော်ဇင်ဖြိုးမှာ မွေးချင်း၅ယောက်ရှိပြီး အမ ၂ယောက်၊အကို ၁ယောက်နဲ့ ညီ၁ယောက်ရှိပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး။ မြောက်ဒဂုံမြို့နယ်၊ ကျောင်းလမ်းတွင် နေထိုင်လျက်ရှိပြီး မကြာခင် မကွေးယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
ဂိုးသွင်း အများဆုံးဆုရှင် စည်သူအောင်
ဆီးဂိမ်းကာလတလျှောက်လုံး ဂိုးအများဆုံး ဆုရှင်အဖြစ် မြန်မာ ယူ ၂၃ အသင်းမှ စည်သူအောင်က ထိုင်း အသင်း မှ Chananan Pombuppha၊ ဗီယက်နမ်အသင်းမှ Vo Huy Toan နဲ့အတူ ပူးတွဲ ရပ်တည် နိုင်ခဲ့ပါ တယ်။ စည်သူအောင်အနေနဲ့ ဆီးဂိမ်းပြိုင်ပွဲအတွင်းမှာ အင်ဒိုနီးရှားအသင်းကို ၂ဂိုး၊ ဖိလစ်ပိုင်အသင်းကို ၁ဂိုး၊ ကမ္ဘောဒီးယား အသင်းကို ၁ဂိုး၊ ဗီယက်နမ်အသင်းကို ၁ဂိုး စုစုပေါင်း သွင်းဂိုး ၅ဂိုးသွင်းယူခဲ့ကာ ပြိုင်ပွဲတွင် ဂိုးသွင်း အများဆုံး ကစားသမားတဦးဖြစ်လာခဲ့တာပါ။
စည်သူအောင်ကတော့ မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံယူနိုက်တက်အသင်းရဲ့ ကစား သမား တဦးပဲ ဖြစ်ပါတယ်။ စည်သူအောင်ကို ၁၉၉၆ခုနှစ် အောက်တိုဘာလ ၁၆ရက်နေ့ အဖ ဦးမြင့်စိုး၊ အမိ ဒေါ်မြင့်ကြည့် တို့က မွေးဖွားခဲ့တာဖြစ်ပြီး တဦးတည်းသော သားဖြစ်ပါတယ်။ မိဘများကတော့ ပရိဘောဂလုပ်ငန်း လုပ်ကိုင် ကြပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းရဲ့ လူငယ်ကစားသမားဟောင်းတဦးဖြစ်တဲ့ စည်သူအောင်ဟာ ၂၀၁၄ခုနှစ် မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲ ဒုတိယရာသီဝက်မှာ ရတနာပုံကိုအသင်းကို ပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။
မြန်မာယူ-၁၉ လက်ရွေးစင်အဖြစ် ၂၀၁၃ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ AFF ဘောလုံးပြိုင်ပွဲကို ယှဉ် ပြိုင် ကစားခဲ့ပြီး ၂၀၁၄ခုနှစ် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ AFF Peace Cup ဘောလုံး ပြိုင်ပွဲကိုလည်း မြန်မာ့လက်ရွေးစင်အဖြစ် ယှဉ်ပြိုင်ကစားထားခဲ့ပါတယ်။
စည်သူအောင်အနေနဲ့ ရန်ကုန်ယူနိုက်တက်အသင်းကစားအဖြစ်လည်း AFC ဘောလုံးပြိုင်ပွဲကို ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ ခုနှစ်တို့တွင် ၀င်ရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး ၂၀၁၅ခုနှစ် AFC ပြိုင်ပွဲကိုတော့ ရတနာပုံအသင်း ကစား တဦး အဖြစ် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
The post စင်ကာပူ ဆီးဂိမ်းမှ ထွက်ပေါ်လာသော ဘောလုံးငွေကြယ်ပွင့်များ appeared first on ဧရာဝတီ.