Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

သိပ္ပံပညာကို စိတ်ဝင်စားပြီး အနုပညာဖန်တီးတတ်သူ စီးပွားရေးသမားကြီး ပေါလ်အယ်လင်

$
0
0

Paul Allen က အားကစားနဲ့ ပတ်သက်မှု မရှိသလို လူအများ စိတ်ဝင်စားတဲ့ ဘောလုံး အသင်းတခု၊ အားကစား အသင်း တခုကို ပိုင်ဆိုင်သူလည်း မဟုတ်ပါ။ ဒါပေမယ့် သူ့ အကြောင်းက စိတ်ဝင်စားစရာကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူဟာ ယနေ့ခေတ်ကာလမှာ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းမှာ အဆင့် ၄၆ ဖြစ်သလို သူဟာ စွယ်စုံရ စီးပွားရေး သမား တဦး ဖြစ်နေလို့ပါ။

သူ့ရဲ့ နာမည် အပြည့်အစုံက Paul Gardner Allen ဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ် ဇန်နဝါရီ ၂၁ မှာ မွေးပါတယ်။ အမေရိကန် စီးပွားရေးသမား၊ ရင်းနှီးမြှပ်နှံသူ၊ ပြီးတော့ ပရဟိတသမား၊ အလှူအတန်းကလည်း ရက်ရောတယ်၊ ဒေါ်လာ သန်းကို ရာနဲ့ ချီပြီး လှူဒါန်းထားတဲ့ သူပါ။ သူ့ကို လူသိများတဲ့ အကြောင်းရင်းကတော့ လက်ရှိ ကမ္ဘာမှာ အချမ်းသာဆုံး သူဌေးကြီး ဘီလ်ဂိတ်နဲ့ အတူ နာမည်ကျော် ကွန်ပျူတာ ကုမ္ပဏီ Microsoft ကို ပူးတွဲ တည်ထောင်ခဲ့လို့ ဖြစ်ပါတယ်။ အထက်မှာ ပြောခဲ့သလို လက်ရှိ ကမ္ဘာမှာ သူက ၄၆ ယောက်မြောက် အချမ်းသာဆုံး ဖြစ်နေပြီး ပိုင်ဆိုင်မှု အနေနဲ့ ဒေါ်လာ ၂၀ ဒသမ ၇ ဘီလီယံ လောက်ထိအောင် ပိုင်ဆိုင်နေတာ ဖြစ်ပါတယ်။

အသက် ၆၄ နှစ် အရွယ် အယ်လင်ကို ဝါရှင်တန်က ဆီယက်တယ်မှာ မွေးတယ်၊ အခုတော့ ဝါရှင်တန်က Mercer ကျွန်းမှာ စံအိမ်ဆောက်ပြီး နေတာ တွေ့ရပါတယ်။ သူ့ရဲ့ လက်ရှိ လုပ်ငန်းနဲ့ ပိုင်ဆိုင်မှုတွေကို ကြည့်မယ် ဆိုရင် Vulcan Inc ရဲ့ တည်ထောင်သူ အဖြစ်ရော လက်ရှိ ဥက္ကဌ တာဝန်ကိုပါ ယူထားတယ်၊ Seattle Seahawks လို အမေရိကန် ဘောလုံး အသင်းနဲ့ Portland Trail Blazers လို အမေရိကန် နာမည်ကျော် ဘတ်စကတ်ဘော အသင်းတွေကို ပိုင်ဆိုင်ထားတယ်။ Seattle Sounders လို အမေရိကန် အမှတ်ပေး ဘောလုံးပြိုင်ပွဲ မေဂျာလိဂ်ဝင် ဘောလုံးအသင်းကိုလည်း ရှယ်ယာဝင်ထား ပါသေးတယ်။

ဦးနှောက်ပိုင်းဆိုင်ရာ လေ့လာမှု အတွက် အယ်လင်အဆင့်မြင့် သိပ္ပံကို တည်ထောင်ခဲ့ပြီး လေ့လာမှုနဲ့ အဆိုပါ ကျောင်း အတွက် ဒေါ်လာ သန်းပေါင်းရာချီပြီး အသုံးပြု လှူဒါန်းခဲ့တာလည်း တွေ့ရပါတယ်။ ပြီးတော့ ဆဲလ်လေ့လာရေး ဆိုင်ရာ အယ်လင် အဆင့်မြင့် သိပ္ပံကိုလည်း တည်ထောင်ဖွင့်လှစ်ထားတာ တွေ့ရပါတယ်။

လက်ရှိ မောင်းသူမဲ့ကားနဲ့ အခြား နည်းပညာပိုင်းမှာ အားလုံး အာရုံစိုက်နေရတဲ့ အယ်လင် AI (မှတ်ဉာဏ်တု)နည်းပညာ လေ့လာရေး အဆင့်မြင့် သိပ္ပံကိုလည်း တည်ထောင်ထားတာပါ။ Microsoft ကတော့ အထက်မှာ ပြောသလို ဘီလ်ဂိတ်နဲ့ အတူတူ တွဲဖက် တည်ထောင်သူ အဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။

၁၉၇၅ ခုနှစ်ကနေ စတင်ပြီး စီးပွားရေး လောကမှာ ကျင်လည်နေတာ ဖြစ်ပြီး အခုချိန်ထိ အနားမယူသေးပါဘူး။ ဖခင် Kenneth Sam Allen နဲ့ မိခင် Enda Faye Allen တို့ကနေ မွေးတယ်။ သူမမှာ အစ်မ ဖြစ်သူ Jody Allen တယောက်ပဲ မွေးချင်း ရှိသလို သူလည်း အခုချိန်ထိ အိမ်ထောင် မပြုဘဲ လူပျိုကြီး အဖြစ် နေထိုင်နေဆဲ ဖြစ်နေပါတယ်။

ငယ်စဉ်က Lakeside ကျောင်းမှာ တက်ရင်း အယ်လင်ထက် ၃ နှစ်ငယ်တဲ့ ဘီလ်ဂိတ်နဲ့ သူငယ်ချင်းတွေ ဖြစ်လာတယ်၊ ပြီးတော့ ကွန်ပျူတာ တီထွင်ဖို့ တိုင်ပင် စိတ်ကူးမိသည်ထိ အတွဲညီလာတာလည်း တွေ့ရပါတယ်။ ဝါရှင်တန် တက္ကသိုလ်က လက်တွေ့ စမ်းသပ်ခန်းကို ကွန်ပျူတာ တီထွင်မှု လေ့လာရေးအတွက် ဝင်သုံးလို့် သူတို့ကို လက်တွေ့ခန်းဝင်ခွင့် အပိတ်လည်း ခံခဲ့ရဖူးပါတယ်။

ဒီလိုနဲ့ တွဲဖက်ညီညီ အယ်လင်နဲ့ ဘီဂိတ်တို့ ကျောင်းမပြီးဘဲ အယ်လင်လည်း ဝါရှင်တန်ပြည်နယ် တက္ကသိုလ်ကနေ ထွက်ခဲ့ရတယ်။ ပြီးတော့ Microsoft ကို ပူးပေါင်း တည်ထောင် လုပ်ကိုင်ခဲ့ကြပါတယ်။ နောက်ပိုင်း Microsoft ရဲ့ အောင်မြင်မှုတွေက ဘီလ်ဂိတ်ကို ကမ္ဘာ့ အချမ်းသာဆုံး သူဌေး ဖြစ်လာစေသလို အယ်လင် ကတော့ နည်းပညာပိုင်းထက် စီးပွားရေး သမားဖြစ်လို့ Microsoft ကို ချုပ်ကိုင်နိုင်မှု အားနည်းပေမယ့် အခုလို အဆင့် ၅၀ အတွင်းမှာ ရပ်တည်နိုင် လောက်အောင် ချမ်းသာနေတာ ဖြစ်ပါတယ်။

အယ်လင်ကို စွယ်စုံရလို့ ဘာကြောင့် ပြောတာလဲ ဆိုတော့ သူဟာ စီးပွားရေး လုပ်တယ်၊ အောင်မြင်တယ်၊ ပရဟိတ လုပ်တယ်၊ အောင်မြင်ထိရောက်အောင် လုပ်နိုင်တယ်၊ ပြီးတော့ အယ်လင် အနုပညာ ဝါသနာပါတော့ အသက် ၁၆ နှစ် ကနေ စတင်ပြီး ကျွမ်းကျင် အဆင့်အနေလောက်နဲ့ လျှပ်စစ်ဂစ်တာ တီးနေပြီ၊ ၂၀၀၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Grown Men ဆိုတဲ့ တေးစီးရီးမှာ အယ်လင်က ရပ်သမ်ဂစ်တာ ဝင်တီးသေးတယ်။

ပြီးတော့ သီချင်းလည်း ဆိုချင်သေးတဲ့ အယ်လင်က ၂၀၁၃ မှာ Sony Legacy တေးသံသွင်းကနေ Everywhere at once စီးရီးကို အယ်လင်နဲ့ အန်ဒါသင့်ခါ (Under thinkers)ပေါင်းပြီး အခွေ ထုတ်လိုက်သေးတယ်၊ PopMatters.com က ဆိုရင် အဆိုပါ တေးစီးရီးက Blue-rock ဂီတထဲမှာ တကယ်ကောင်းတဲ့ အခွေတခွေလို့ ချီးကျုးခံရတာတောင် တွေ့ရပါသေးတယ်။ ပြီးတော့ ဇိမ်ခံဖို့ရော ပင်လယ်ပြင်က မတော်တဆမှုတွေ အတွက် အကူအညီပေး ရှာဖွေကယ်ဆယ်ရေး တွေကိုပါ လုပ်ဆောင်ဖို့ အယ်လင်က အားလပ်ရက်တွေကို ပင်လယ်ပြင်မှာ ရွက်လှေတစင်းနဲ့ အချိန်ကုန်စေတတ်ပါသေးတယ်။ ဒါကတော့ နောက်ထပ် ဝါသနာ တစ်ခုပေါ့။ သူ့ရဲ့ ရွက်လှေ Octopus က ၄၁၄ ပေရှည်တယ်၊ ၂၀၀၃ ခုနှစ်ထိအောင် ကမ္ဘာ့အကြီးဆုံး ရွက်လှေ အဖြစ် မှတ်တမ်းဝင်ထားတဲ့ မော်ဒယ်၊ ၂၀၁၃ နဲ့ နောက်ပိုင်းမှာတော့ ကမ္ဘာမှာ ၁၄ စီးမြောက် အကြီးဆုံး အဆင့်ချိတ်နေဆဲပါ။

ရွက်လှေပေါ်မှာ ရဟတ်ယာဉ် ၂ စင်း၊ မော်တော်ဘုတ် ၁ စင်း၊ ရေကူးကန်၊ သီချင်းဆိုခန်း၊ ဘတ်စကတ်ဘောကစားဖို့ နေရာတွေနဲ့ သေချာ ပြင်ဆင်ပါရှိတာ ဖြစ်ပါတယ်။ အယ်လင်က အခု ရွက်လှေနဲ့ လူပျောက်မှုပေါင်း များစွာ ရှာဖူးတယ်၊ သူ မရှိရင်လည်း အခု ရွက်လှေကို အရေးပေါ် ရှာဖွေရေးနဲ့ အကူအညီပေးရေး အလုပ်တွေမှာ သုံးနိုင်အောင် ထည့်ပေးထား တယ်။ ဒါက ရွက်လွှင့်တတ်သူ၊ ကယ်ဆယ်တတ်သူ။

နောက်ထပ် စွယ်စုံရသမား အဖြစ် မှတ်တမ်းဝင်စေတာက အယ်လင်က စာရေးဆရာ အဖြစ်လည်း စာအုပ်တွေ ရေးသား ထုတ်ဝေတယ်။ ၂၀၁၁ ခုနှစ်မှာ အယ်လင်ရေးတဲ့ Idea Man: A Memoir by the Cofounder of Microsoft ထွက်ခဲ့တယ်။ ဒီစာအုပ်မှာ အယ်လင်ရဲ့ ငယ်ဘ၀ ဖြတ်သန်းမှု၊ Microsoft နဲ့ ပတ်သတ်ပြီး အသေးစိပ် အကြောင်းအရာတွေနဲ့ Micorsoft အနေနဲ့ ဘာကြောင့် ကမ္ဘာ့ အအောင်မြင်ဆုံး နည်းပညာ ကုမ္ပဏီ ဖြစ်လာရတယ် ဆိုတာကိုပဲ ပြောထားတာ တွေ့ရပါတယ်။ ဒါကြောင့် စီးပွားရေး အောင်မြင်တယ်၊ ပရဟိတ လုပ်တယ်။ အလှူအတန်း ရက်ရောတယ်၊ အနုပညာလည်း ကျွမ်းကျင် တယ်၊ စာလည်းရေးတယ်၊ ဒါကြောင့် စွယ်စုံရ သူဌေးကြီး အယ်လင် အကြောင်း ပြောပြချင်တာပါ။ ။

Ref: www.en.m.wikipedia.org

The post သိပ္ပံပညာကို စိတ်ဝင်စားပြီး အနုပညာဖန်တီးတတ်သူ စီးပွားရေးသမားကြီး ပေါလ်အယ်လင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles