အခု ပြောမှာကတော့ အခုနှစ် အတွင်း ကစားနေတဲ့ နပန်းသမားတွေထဲက လစာ အမြင့်ဆုံး ရရှိနေတဲ့ နပန်းသမားတွေ အကြောင်းပဲ ဖြစ်ပါတယ်။ Smack Down, Raw နဲ့ WWE တွေ အဖြစ် ခွဲခြား သတ်မှတ်ထားပေမယ့် လူကြိုက် အများဆုံးနဲ့ နာမည်အကြီးဆုံး WWE ရဲ့ လစာ အမြင့်ဆုံး ရရှိနေတဲ့ နပန်းသမားတွေပဲ ဖြစ်ပါတယ်။
(၁) Brock Lesnar ။ ။ တနှစ် ဝင်ငွေ ၁၂ သန်းထိ ရှိပါတယ်။ ဇူလိုင်လ အတွင်းက UFC ရဲ့ ကစားသမား တဦးဖြစ်တဲ့ Mark Hunt နဲ့ ပွဲစဉ် တပွဲတည်းမှာတင် ဝင်ငွေ ၂ ဒသမ ၅ သန်းထိ ရခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ ပွဲစဉ်နောက်ပိုင်း ဆေးစစ်ချက် ကျခဲ့လို့ ဆုကြေးကို ၁၀ ရာခိုင်နှုန်းလောက် ပြန်ပေးခဲ့ရတာလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ် အတွင်းကနေ စတင်ပြီး ပွဲစဉ်တွေ အများအပြား ပြန်လည် ထိုးသတ်လာသလို လူကြိုက်များမှုနဲ့ ဝင်ငွေကောင်းလာတာ ဖြစ်ပါတယ်။
(၂) John Cena ။ ။ ဒေါ်လာ ၈ သန်းလောက် ဝင်ငွေ ရှိပါတယ်။ အခုချိန်ထိ WWE မှာ စီနားကို အကောင်းဆုံး ထိုးသတ်နိုင်သူ အနီးဆုံး ပြိုင်ဘက်ကောင်း မရှိသေးဘူး လို့တောင် ဆိုနိုင်ပေမယ့် ဝင်ငွေတော့ နည်းနည်း ကျသွားပါတယ်။ ၂၀၁၆ ခုနှစ် အတွင်းမှာလည်း ပခုံး ဒဏ်ရာကြောင့် ၅ လ လောက် အနားယူခဲ့ရသူပါ။ ဒါပေမယ့် နှစ်ကုန်ပိုင်း နောက်ဆုံး ၃ လမှာတော့ လက်စွမ်းပြ ကစားပွဲတွေနဲ့ ပရိသတ် ပြန်လည် လက်ခံလာခဲ့ပါတယ်။
(၃) Triple H ။ ။ လက်ရှိ WWE ပွဲစဉ်တွေမှာ ထိုးသတ်မှု သိပ်မတွေ့ရတော့ဘူး ဆိုပေမယ့် သူက WWE ရဲ့ လူငယ် အားကစား မွေးထုတ်ရေး အပိုင်းမှာလည်း လက်ထောက်အုပ်ချုပ်သူ ဖြစ်နေတယ်၊ Live လွှင့်တဲ့ အစီအစဉ်တွေမှာလည်း ပါတယ်၊ ပွဲစီစဉ်သူ အဖြစ်လည်း တာဝန်ယူထားလို့ တနှစ်ကို ဝင်ငွေ ၃ ဒသမ ၈ သန်းထိ ရနေဆဲပါ။ အရင်နှစ်က ဆိုရင် ထိုးသတ်ကြေးတွေ မပါပဲ လစာ၊ ငွေသားဆုကြေးနဲ့ ကုမ္ပဏီရှယ်ယာထဲမှာ ပါဝင်ထားမှုတွေကတင် ဝင်ငွေ ၁ ဒသမ ၃ သန်း ရခဲ့သူလည်း ဖြစ်ပါတယ်။
(၄) Roman Reigns ။ ။ နောက်ပိုင်းမျက်နှာသစ် နပန်းသမားတွေ ထဲမှာတော့ ရိုမန်ကို နှစ်သက်သူ အများဆုံး ရှိနေတယ် လို့ ဆိုရလောက်အောင် လူကြိုက်များပါတယ်။ အချိန်တို အတွင်းမှာ WWE ရဲ့ ထိပ်တန်း ကစားသမား တဦး ဖြစ်လာပါတယ်။ အသက် ၃၁ နှစ်ပဲ ရှိသေးတဲ့ ရိုမန်ဟာ ၂၀၁၆ ခုနှစ်အတွင်း ကစားခဲ့တဲ့ အထူးပွဲစဉ် ၇ ခု ပါဝင်ထိုးသတ်ခွင့် လည်း ရခဲ့ပါတယ်။ ပြီးတော့ အရင်နှစ်ထဲမှာ စီနားထက်ကိုပဲ ပရိသတ် ပိုများခဲ့ပြီး ဝင်ငွေ ၃ ဒသမ ၅ သန်းထိ ရှိနေတာ တွေ့ရပါတယ်။
(၅) Dean Ambrose ။ ။ အရင်နှစ်က တနှစ်တာလုံး ကစားခဲ့တဲ့ WWE ပွဲစဉ်တွေထဲမှာ အမ်းဘရို့စ်လောက် ပွဲချိန် အများဆုံး၊ ပွဲတိုင်းနီးပါး ပါဝင်ကစားခဲ့သူ မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ဝင်ငွေ ၂ ဒသမ ၇ သန်းထိ ရှိခဲ့သလို စာရင်းတွေ အရ ဆိုရင် သူဟာ အရင်နှစ်ထဲမှာ ၁၉၄ ပွဲထိအောင် စင်မြင့်ထက် ထိုးသတ်မှုရော ပြောဆို ဖျော်ဖြေမှုပါပေးခဲ့ပါတယ်။ ဒါဟာ အခြား သူတွေထက် ၉ ရာခိုင်နှုန်းလောက်ထိ အခမ်းအနားတိုင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အကောင်းဆုံး နပန်းသမား အဖြစ် စာရင်းဝင်ဖို့ ကြိုးစားနေပေမယ့် ပရိသတ်ကတော့ အမ်းဘရို့စ်ကို မျက်နှာသိ ဖြစ်လာစေခဲ့ပါတယ်။
(၆) AJ Styles ။ ။ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းကနေ စတင်ပြီး ဂျပန်နပန်းလောက ကနေ WWE မှာ အမြဲတမ်း ရှိနေဖို့ ခြေချလာခဲ့သူ ဖြစ်ပြီး သူရောက်စမှာတင် ကျင်းပတဲ့ Royal Rumble ပွဲစဉ်မှာ သူ့ကို ပရိသတ်က စတင် သတိထားမိပြီး လူကြိုက်များ လာသလို ဝင်ငွေလည်း ၂ ဒသမ ၄ သန်းထိ ရှိလာပါတယ်။ လက်ရှိ ရိုမန် (Roman Reigns)၊ အမ်းဘရိုစ် (Ambrose)၊ ကီဗင် (Kevin Ownens) တို့နဲ့ တွဲဘက် လူကြိုက်များနေပါတယ်။ အရင်နှစ်က သူတို့တွေ အဓိက ပါဝင်မှုနဲ့ အတူ အထူးပွဲစဉ်ပေါင်း တဒါဇင်လောက်ထိ ကျင်းပကစားနိုင်ခဲ့တာလည်း တွေ့ရပါတယ်။
(၇) Shane McMahon ။ ။ သူလည်း မထင်မှတ်လောက်အောင် တခြား နပန်းသမားတွေထက် ဝင်ငွေကောင်းပြီး တစ်နှစ်ကို ၂ ဒသမ ၂ သန်းထိ ရှိပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ ၆ နှစ်ကြာ WWE နဲ့ ကင်းကွာနေပြီးမှ ပြန်ကစားလာ တာပါ။ Wrestle Mania 32 မှာ Untertaker လို့ နာမည်ကျော် ကစားသမားနဲ့ ထိုးသတ်ခဲ့ပြီး လူကြိုက်များလာသလို ၂၀၁၆ ခုနှစ် အတွင်းကလည်း ဝင်ငွေ ၂ ဒသမ ၁၅ သန်းလောက်ထိ ရခဲ့တယ်လို့ WWE က ဆိုသလို အခုနှစ်လည်း လူကြိုက် ဆက်များနေတာ ဖြစ်ပါတယ်။
(၈) The Undertaker ။ ။ ၃၃ နှစ်ကြာ နပန်းလောကမှာ အကောင်းဆုံး ကစားသမား တဦး အနေနဲ့ ရပ်တည်ထားနိုင် သူပါ။ အရင်နှစ်က အထူးပွဲစဉ် ၅ ပွဲ ထိုးသတ်ခဲ့ပြီး ဝင်ငွေ ၂ သန်းလောက်ထိ ရခဲ့ပါတယ်။ အသက် ၅၂ နှစ် ရှိနေပြီ ဖြစ်သလို အခုလို အရွယ်ထိအောင် ထိပ်တန်း ကစားသမား အဖြစ် ရပ်တည်နိုင်သူ အရေအတွက် အနည်းငယ်ထဲက တဦးပါ။ TV ကနေ ထုတ်လွှင့်ပြသမှုတွေပါ လူကြိုက်များနေဆဲ ဖြစ်ပါတယ်။
(၉) Seth Rollins ။ ။ သူလည်း အထက်က သေမင်း (Undertaker)လိုပဲ ဝင်ငွေ ၂ သန်းထိ ရှိနေပါတယ်။ တကယ် ဆိုရင် သူက ထိပ်တန်းဝင်ငွေ အကောင်းဆုံး ၅ ဦးစာရင်း အတွင်းထိ ရပ်တည်နိုင်မယ့်သူ ဖြစ်ပေမယ့် အရင် ၂၀၁၆ ခုနှစ် ပထမ ၅ လ အတွင်းမှာ ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရတာကြောင့် အဆိုပါ လတွေ အတွက် ဝင်ငွေ မကောင်းခဲ့လို့ အခုလို ၂ သန်းပဲ ရှိနေခဲ့တာပါ။ ဒါပေမယ့် နပန်းလောကရဲ့ လစာအနေအထား အရတော့ သူဟာ မကြာခင် အခုထက် ဝင်ငွေ ပိုကောင်းလာတော့မယ့် သူ တယောက်ပါ။
(၁၀) Randy Orton ။ ။ ရိုလင် (Seth Rollins) လိုပဲ အရင်နှစ်က အော်တွန်လည်း ဇူလိုင်လကုန်ထိ ဒဏ်ရာကြောင့် နားနေခဲ့ရပါတယ်။ ဒီလို ကာလတိုလေးပဲ ကစားရသည့်တိုင်အောင် အော်တွန်က WWE ရဲ့ လစာနဲ့ ဝင်ငွေ အကောင်းဆုံး ကစားသမား အဖြစ် ပရိသတ် အခိုင်အမာ ရထားလို့ ရပ်တည်နေနိုင်ပါသေးတယ်။ Summer Slam လို အထူးပွဲစဉ်တွေမှာ Brock Lesnar နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့မှုတွေနဲ့ အတူ သူကို့ လူကြိုက်များနေဆဲ ဖြစ်ပါတယ်။
Ref: www.forbes.com
The post ၂၀၁၇ ခုနှစ်ရဲ့ လစာ အမြင့်ဆုံး နပန်းသမားများ appeared first on ဧရာဝတီ.