၂၀၁၆ ခုနှစ်ကနဲ့စာရင် အမေရိကန် ဘတ်စ်ကက်ဘောပြိုင်ပွဲ NBA ရဲ့ ပြိုင်ပွဲဝင် ဘတ်စ်ကက်ဘော အသင်း တသင်းရဲ့ တန်ဖိုးဟာ ၂၅ ရာခိုင်နှုန်းလောက်ထိ မြင့်တက်လာခဲ့ပြီး ပျမ်းမျှ အသင်း တသင်းရဲ့ တန်ဖိုးဟာ ဒေါ်လာ ၆၃၄ သန်းထိ ရှိလာပါတယ်။ ဒါကြောင့် NBA အသင်းတသင်းကို ပိုင်ဆိုင်သူဟာ ဘီလီယံနာ တယောက်ဖြစ်ဖို့ သေချာပါတယ်။ NBA အသင်းရဲ့ ပိုင်ရှင်ပေါင်း ၁၄ ဦးဟာ ဘီလီယံနာတွေ ဖြစ်ပြီး သူတို့ အားလုံးရဲ့ ချမ်းသာမှုက စုစုပေါင်း ၇၆ ဘီလီယံလောက် ထိ ရှိနေတာပါ။ သူတို့ဟာ ဘယ်သူတွေလဲ၊ ဘယ်လောက် ချမ်းသာလဲ ဆိုတာ လေ့လာတင်ပြပါမယ်။
(၁) Paul Allen ။ ။ သူတဦးတည်းရဲ့ ပိုင်ဆိုင်မှုတင် ဒေါ်လာ ၁၅ ဒသမ ၈ ဘီလီယံလောက် ချမ်းသာပါတယ်။ Portland Trail Blazers အသင်းကို ပိုင်ဆိုင်ပါတယ်။ Microsoft ကို ပူးပေါင်း တည်ထောင်သူ ဖြစ်ပြီး NFL ဆိုတဲ့ American Football အသင်း တသင်း ဖြစ်တဲ့ Seattle Seahawks အသင်းကိုလည်း ပိုင်ဆိုင်သလို မေဂျာလိဂ်ဘောလုံး ပြိုင်ပွဲဝင် အသင်းတွေထဲက တန်ဖိုး အမြင့်ဆုံး အသင်းဖြစ်တဲ့ Seattle Sounders မှာလည်း ရှယ်ယာတွေ ဝင်ထားပါသေးတယ်။
(၂) Mikhail Prokhorov ။ ။ သူကလည်း ဒေါ်လာ ၁၃ ဘီလီယံ ချမ်းသာသူပါ။ Brooklyn Nets အသင်းကို ပိုင်ဆိုင်ပါတယ်။ ၂၀၁၂-၁၃ ခုနှစ် ဘတ်စ်ကက်ဘော ရာသီမှာ အသင်းကို New Jersey ကနေ Brooklyn အဖြစ် ပြောင်းလဲပြီး အောင်မြင်မှုတွေ ရအောင် ကြိုးစားနေတာ ဖြစ်ပါတယ်။ ရုရှသူဌေးတဦး ဖြစ်ပြီး နိုင်ငံရေးသမား တဦးလို့ ဆိုရင်လည်း ရနိုင်သလို ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲမှာ မဲ ၈ ရာခိုင်နှုန်းထိ ရခဲ့တဲ့ သူလို့ သိရပါတယ်။
(၃) Philip Anschutz ။ ။ သူရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ ၁၀ ဒသမ ၃ ဘီလီယံ ရှိပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက Los Angeles Lakers အသင်းကို ပိုင်ဆိုင်ထားပါတယ်။ American Football, NHL ရဲ့ အသင်းတသင်း ဖြစ်တဲ့ Los Angeles King ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အမေရိကန် အမှတ်ပေး ဘောလုံးပြိုင်ပွဲ မေဂျာလိဂ်ရဲ့ အသင်း ၆ သင်းမှာလည်း ရှယ်ယာတွေ ပိုင်ဆိုင်မှု တွေ့ရပါတယ်။ နာမည်ကြီး LA Galaxy အသင်းကိုလည်း ပိုင်ဆိုင်ထားသလို Houston Dynamo အသင်းကိုလည်း တဝက်လောက် ပိုင်ဆိုင်ထားတာပါ။
(၄) Rich DeVos ။ ။ သူက ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံလောက် ချမ်းသာတဲ့ သူဌေးတဦးပါ။ Orlando Magic အသင်းကို ပိုင်ဆိုင်ထားပါတယ်။ အသင်းကို ၁၉၉၁ ခုနှစ် ကတည်းက ဝယ်ယူထားတာ ဖြစ်ပြီး Rich ကို The Amway ပူးပေါင်း တည်ထောင်သူ အဖြစ် လူသိများ ပါတယ်။ ၁၉၉၁ ခုနှစ် အတွင်း သူ အသင်းကို ဝယ်စဉ်က ဒေါ်လာ ၈၅ သန်းနဲ့ ဖြစ်ပြီး ဒီနေ့ မှာတော့ အသင်းက ဒေါ်လာ သန်း ၅၆၀ ထိ တန်ဖိုးရှိနေသလို သူ့ရဲ့ ဝယ်ရင်းဈေးနှုန်းက လက်ရှိ အသင်းရဲ့ တန်ဖိုးရဲ့ ၁၅ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။
(၅) Micky Arison ။ ။ သူက ဒေါ်လာ ၅ ဒသမ ၉ ဘီလီယံ ချမ်းသာသူ ဖြစ်ပြီး Miami Heat အသင်းကို ပိုင်ဆိုင်ထား ပါတယ်။ Carnival Cruises ရဲ့ ဥက္ကဌ လည်း ဖြစ်သလို အဓိက ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် နောက်ပိုင်း အသင်းရဲ့ တန်ဖိုး မြင့်တက်လာခဲ့ သလို အရင်နှစ်က ချန်ပီယံဆု ပြန်လည် ရရှိမှုနဲ့ အတူ အခုဆိုရင် Miami Heat က ဒေါ်လာ ဘီလီယံလောက် တန်ဖိုးရှိနိုင်မယ့် အသင်း တသင်း ဖြစ်နေပါပြီ။
(၆) Stan Kroenke ။ ။ သူ့ရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ ရှိပါတယ်။ Denver Nuggets လို အသင်းကို ပိုင်ဆိုင်ထားသူပါ။ သူက အခြေခံ ဘဝကနေ ဘီလီယံနာ ဖြစ်လာသူ အဖြစ် နာမည်ကျော်ပါတယ်။ ဟော်ကီပြိုင်ပွဲ NHL အသင်း တသင်း ဖြစ်တဲ့ Colorado Avalanche အသင်းကိုလည်း ပိုင်ဆိုင်သေးတယ်၊ American Football, NFL အသင်း တသင်း ဖြစ်တဲ့ Louis Rams ကိုလည်း ဝယ်ထားတယ်၊ အင်္ဂလန် ဘောလုံး အသင်း အာဆင်နယ်နဲ့ မေဂျာလိဂ် ဘောလုံး အသင်း Colorado Rapid တွေကို ဝယ်ထားသေးတာ တွေ့ရပါတယ်။
(၇) Dan Gilbert ။ ။ သူက ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ ချမ်းသာပါတယ်။ Cleveland Cavaliers အသင်းကို ပိုင်ဆိုင် ပါတယ်။ သူက ၂၀၁၀ ခုနှစ် အတွင်း နာမည်ကျော် ဘတ်စ်ကက်ဘော ကစားသမား LeBron James ရဲ့ အသင်းပြောင်းရွှေ့မှုနဲ့ အတူ နာမည်ကြီးလာသူပါ။ အသင်း အောင်မြင်မှု ရဖို့ အတွက် နာမည်ကျော် ကစားသမားကို ခေါ်ယူ အားဖြည့်ခဲ့ပြီး ချန်ပီယံဆု ရအောင် ကြိုးစားမယ် လို့ ဆိုခဲ့တာလည်း ဖြစ်ပါတယ်။
(၈) Tom Gores ။ ။ ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ ချမ်းသာသူပါ။ Detroit Pistons အသင်းကို ပိုင်ဆိုင်ပါတယ်။ ၂၀၁၁ ခုနှစ်က အသင်းကို ဒေါ်လာ ၃၂၅ သန်းနဲ့ ဝယ်ထားတာ ဖြစ်ပါတယ်။ သူ ဝယ်ချိန်က အသင်း အနေနဲ့ အောင်မြင်မှုလည်း နည်းနေသလို ဈေးလည်း နိမ့်ခဲ့ပေမယ့် အခုတော့ ဈေးနှုန်း ၃၈ ရာခိုင်နှုန်းလောက်ထိ တက်လာပြီး တန်ဖိုး သန်း ၄၅၀ လောက်ထိ ရှိနေပြီ ဖြစ်ပါတယ်။
(၉) Mark Cuban ။ ။ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ပိုင်ဆိုင်ပါတယ်။ Dallas Mavericks အသင်းကို ဝယ်ယူထားသူ ဖြစ်ပြီး ၂၀၀၀ ခုနှစ်ကတည်းက အသင်းကို ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပေမယ့် ၂၀၀၁ ခုနှစ် ဒီဇင်ဘာ အတွင်းမှာမှ အပြီးသတ် ဝယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူက အသင်းပိုင်ရှင်တွေထဲမှာ ဒေါသတကြီး စကားပြောတတ်သူ အဖြစ် နာမည်ကြီး ပါတယ်။
(၁၀) Joshua Harris ။ ။ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ချမ်းသာသူ ဖြစ်ပြီး Philadelphia 76 ers အသင်းပိုင်ရှင်လည်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ကတည်းက သူပိုင်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းစုအောက်မှာ အသင်းကို ဝယ်ယူထားတာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် နောက်ပိုင်း ရှုံးထွက်အဆင့်ထိ မကြာခဏ တက်ရောက်အောင်မြင်မှု ရနေတဲ့ အသင်း ဖြစ်ပြီး Harris က အခု နောက်ပိုင်း ဟော်ကီ အသင်း တသင်းဖြစ်တဲ့ New Jersey Devils ကိုလည်း ဝယ်ထားတာ တွေ့ရပါတယ်။
(၁၁) Herb Simon ။ ။ ဒေါ်လာ ၁ ဒသမ ၉၅ ဘီလီယံ ချမ်းသာသူ ဖြစ်ပြီး Indiana Pacers ကို ပိုင်ဆိုင်ထားပါတယ်။ ၂၀၁၄ ခုနှစ်က စတင်ပြီး အသင်းက အောင်မြင်မှု ရဖို့ အထူးကြိုးစားလာတာ တွေ့ရပြီး ပွဲစဉ် ၄၀ အတွင်း ၃၃ ပွဲထိ အနိုင်ရလာ တာလည်း တွေ့ရပါတယ်။ Simon ဟာ Reno Aces ရဲ့ ပိုင်ဆိုင်မှု တချို့ကိုလည်း ရရှိထားသလို Arizona Diamondbacks ရဲ့ ၃ ဦးစပ် ပိုင်ဆိုင်သူ တဦးလည်း ဖြစ်ပါတယ်။
(၁၂) Donald Sterling ။ ။ ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချမ်းသာပြီး Los Angeles Clippers အသင်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ် ကတည်းက အသင်းကို ဒေါ်လာ ၁၂ သန်းနဲ့ ဝယ်ယူထားသူ ဖြစ်ပြီး အခုတော့ အသင်းက ဒေါ်လာ ၅၇၅ သန်းထိ တန်ဖိုးရှိနေပါပြီ။ အသင်းက ရှေ့ပိုင်း နှစ်တွေမှာ အောင်မြင်မှု ကောင်းကောင်း မရခဲ့ပေမယ့် အခု နောက်ပိုင်း နှစ်တွေမှာ အားထည့်လာသလို အိမ်ကွင်းမှာ ဆိုရင် အဓိက ပြိုင်ဘက် Lakers ထက်တောင် ပရိတ်သတ် ပိုများတာ တွေ့လာရပါတယ်။
(၁၃) Glen Taylor ။ ။ ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ချမ်းသာသူ ဖြစ်ပြီး Minnesota Timberwolves အသင်းကို ပိုင်ဆိုင်သူ ဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းနဲ့ အောင်မြင် ချမ်းသာလာသူ ဖြစ်သလို အရင်က မင်နီဆိုးတားပြည်နယ် လွှတ်တော် အမတ်လည်း လုပ်ခဲ့ပါသေးတယ်။ အသင်းကို ၁၉၉၅ ခုနှစ်က ဒေါ်လာ ၈၈ သန်းနဲ့ ဝယ်ထားတာ ဖြစ်ပြီး အခုဆိုရင် သန်း ၄၃၀ ထိအောင် တန်ဖိုးရှိနေပါပြီၤ။
(၁၄) Tom Benson ။ ။ ဒေါ်လာ ၁ ဒသမ ၃ဘီလီယံ ချမ်းသာတယ်၊ New Orleans Pelicans အသင်းကို ပိုင်ဆိုင်ထား တယ်၊ ၂၀၁၂ ခုနှစ် ဧပြီလ အတွင်းက ဒေါ်လာ သန်း ၃၄၀ နဲ့ အပြီးသတ် ဝယ်ထားခဲ့တာ ဖြစ်ပြီး အဆိုပါ အချိန်က အသင်း နာမည် New Orleans Hornets ဖြစ်ပြီး သူ့လက်ထဲမှာ နာမည်အသစ် ပြောင်းထားတာ ဖြစ်ပါတယ်။ American Football အသင်း New Orleans Saints အသင်းကိုလည်း ၁၉၈၅ ခုနှစ်ကတည်းက ဒေါ်လာ သန်း ၇၀ နဲ့ ဝယ်ထားသူ ဖြစ်ပါတယ်။
The post ဘတ်စ်ကက်ဘော အသင်းပိုင်ရှင် ဘီလီယံနာများ appeared first on ဧရာဝတီ.