အားကစားဖိနပ်တွေကို ကြိုက်နှစ်သက်သူ တယောက်အတွက် ထွက်သမျှ အရောင်စုံ၊ ဒီဇိုင်းစုံဖိနပ်တွေက လိုချင်စရာပါ။ အခုနောက်ပိုင်း ထရိန်နာလို့ခေါ်တဲ့ အားကစားဖိနပ်တွေကို အားကစားလုပ်ဖို့ အတွက်တင် မဟုတ်ဘဲ ပုံမှန် ထသွားထလာ စတိုင်၊ နောက်ဆုံး တန်ဖိုးကြီးဖိနပ်တွေဆို ကုတ်အင်္ကျီနဲ့တောင် တွဲဖက် ဝတ်ဆင်ပြီး ဒီဇိုင်းထွင်လာကြပါပြီ။
တန်ဖိုးကြီး ထရိန်နာ ဖိနပ်တစုံ ဝယ်ထားပြီး စီးလိုက်ကာမှ ညစ်ပတ် ပေရေသွားတဲ့အခါ အရင်အတိုင်း ဖြစ်အောင် ဘယ်လို ပြန်သန့်စင်မလဲ။ စနစ်တကျ သေချာမလုပ်ရင် ဖိနပ်ပျက်စီး သွားနိုင်လို့ သူ့အချက်နဲ့သူ အစဉ်လိုက်တိုင်း ပြန်သန့်စင် ပေးမယ်ဆိုရင် အသစ်အတိုင်း ပြန်ဖြစ်မှာပါ။ ဆိုင်ကို ပို့လိုက်ရင် အချိန်ပိုင်းအတိုင်း ပြန်သန့်စင်သွားတယ်ဆိုပေမယ့် ငွေအကုန်အကျ ပိုများစေပါတယ်။ ဒါဆိုရင် ထရိန်နာဖိနပ် တရံကို အိမ်မှာပဲ ဘယ်လို သန့်ရှင်းရေး ပြန်လုပ်မလဲ။
အရင်ဆုံး ညစ်ပတ်နေတဲ့ ဖိနပ်တရံလုံးကို Brush နဲ့ လိုက်တိုက်ပါ။ တိုက်မယ့် brush က ကြမ်းတာမျိုး မဟုတ်ဘဲ နူးညံ့တာမျိုး ရွေးပါ။ ကိုယ့်ဖိနပ် အရွယ်အစား၊ ပုံစံဒီဇိုင်းပေါ် မူတည်ပြီး တိုက်မယ့် brush ကို သင့်တော်ရာ ရွေးချယ်ပါ။
မျက်နှာသုတ်ပါဝါလို အမွေးပွပြီး စုပ်ယူနိုင်တဲ့ အဝတ်ကို ဆပ်ပြာရည်ဆွတ်ပြီး ဖိနပ်ကို ဖြည်းဖြည်းချင်းစီ တိုက်ပေးပါ။ အစွန်းများနေတဲ့ နေရာဆို စိတ်ရှည်ရှည်နဲ့ တိုက်ပေးဖို့ လိုပါတယ်။ တကယ်လို့ အဝတ်နဲ့ တိုက်လို့ မရနိုင်လောက်တဲ့ အစွန်းမျိုးဆိုရင် သွားတိုက်တံအဟောင်း သုံးပြီး သွားတိုက်ဆေး အနည်းငယ်နဲ့ တိုက်ပေးကြည့်ပါ။
နည်းနည်း ညစ်ပတ်သွားတာနဲ့ ပြန်သန့်စင်ပေးပါ။ အပျင်းကြီးပြီး နောက်မှ တိုက်မယ် မလုပ်ပါနဲ့။ စွန်းသွားတဲ့ အညစ်ကြေးတွေက အချိန်ကြာလေ သင့်ထရိန်နာ ဖိနပ်မှာ စွဲကျန်လေဖြစ်ပြီး ဖျက်ရခက်လို့ ခပ်မြန်မြန်လေး ပြန်သန့်စင်ပေးဖို့ လိုပါတယ်။
ထရိန်နာဖိနပ်တွေကို ထားတဲ့အခါ စနစ်တကျဖြစ်ဖို့ လိုပါတယ်။ ဝယ်လာတဲ့ ဘူးကနေ ဖောက်လိုက်တာနဲ့ သူ့ရဲ့ သက်တမ်းက တဖြည်းဖြည်း ကျဆင်းသွားတာပါ။ ဒါကို မြန်မြန် မပျက်စီးအောင် အက်ဆစ် မပါတဲ့ တစ်ရှူးစက္ကူနဲ့ တရက်ခြား တခါ တိုက်တိုက်ပေးပါ။ လေဝင်လေထွက် ကောင်းပြီး ခြောက်သွေ့တဲ့နေရာမှာထားဖို့ လည်းလိုပါတယ်။ ဖိနပ်ကြိုးတွေကိုလည်း သေချာသန့်စင်ထားသင့်ပြီး ဖိနပ်ကနေ အနံ့ဆိုးတွေ မထွက်အောင် အနံ့ပျောက်ဆေးရည် မကြာခဏ ဖြန်းပေးပါ။
အထက်မှာ ပြောခဲ့သလို စနစ်တကျ တိုက်ချွတ် သန့်စင်ပြီးသွားပြီဆိုရင် လေဝင်လေထွက်ရှိတဲ့ နေရာမှာ အခြောက်ခံထားပါ။ နေရောင် တိုက်ရိုက်ကျတဲ့နေရာမျိုးမှာ မထားပါနဲ့။ သန့်စင်ပြီးတဲ့ ဖိနပ်တွေကို အနံ့အသက်ပါ ပျောက်သွားအောင် အနံ့ပျောက်ဆေးရည် ဖြန်းပြီး သိမ်းပါ။ ဒီလိုစနစ်တကျ သန့်စင်ပေးမယ်ဆိုရင် ဈေးကြီး ပေးဝယ်ထားရတဲ့ ထရိန်နာ ဖိနပ်တရံ သက်တမ်း ကြာရှည်ခံစေမှာပဲ ဖြစ်ပါတယ်။
Ref: Vogue
The post အားကစား ဖိနပ်တရံကို စနစ်တကျ ဘယ်လို သန့်ရှင်းရေးလုပ်မလဲ appeared first on ဧရာဝတီ.