Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

အောင်လအန်ဆန်အား သူရဲကောင်းဟု ONE Championship တည်ထောင်သူ ချီးကျူး

$
0
0

သိုင်းပေါင်းစုံ အားကစားပြိုင်ပွဲ(MMA)တွင် အကောင်းဆုံးဆုနှစ်ဆုရရှိခဲ့သည့် အောင်လအန်ဆန်အား လူငယ်များအတွက် စံနမူပြုစရာ သူရဲကောင်းတဦးနှင့် ခိုင်းနှိုင်းကာ ONE Championship ၏ CEO မစ္စတာ ချက်ထရီ ဆစ်ယော့ထုံ Mr. Chatri Sityodtong က ချီးကျူးပြောကြား ခဲ့သည်။

စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် Global Martial Arts Summit တွင် မြန်မာပရိတ်သတ်များ၏ အားပေးမှုကိုလည်း ကျေးဇူးတင်ကြောင်းနှင့် ONE Championship သည် ယှဉ်ပြိုင်ထိုးသတ်မှု တခုတည်းမဟုတ်ဘဲ မျှော်လင့်ချက်၊ ခွန်အား၊ အိပ်မက်များဖြင့် လက်တွေ့ဘဝ လူစွမ်းကောင်းများအား ပျိုးထောင်မြေထောင်မြောက်ပေးလိုခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

မစ္စတာ ချက်ထရီ ဆစ်ယော့ထုံက “ မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ ကလေးငယ်သန်းပေါင်းများစွာအတွက် ပထမဦးဆုံး သူရဲကောင်းတဦးကို ရရှိလိုက်တာပဲဖြစ်ပါတယ်၊ သူတို့ကို စိတ်ခွန်အားတွေပေးနိုင်တဲ့ စံနမူနာပြုစရာလူတယောက်ပေါ့၊ ဘဝမှာ ဘာမဆိုဖြစ်နိုင်တယ်ဆို တဲ့စိတ်ကူးမျိုး အဲ့ဒီကလေးတွေကို ရသွားစေတယ်” ဟု ပြောသည်။

အမေရိကန်နိုင်ငံသား ခံယူထားသည့် အောင်လအန်ဆန်သည် မြန်မာနွယ်ဖွား ကချင်တိုင်းရင်းသားတဦးဖြစ်ပြီး လက်ရှိ ONE Championship တွင် မစ်ဒဲလ်ဝိတ် Middleweight နှင့် လိုက်ဟဲဗီးဝိတ် Light Heavyweight ဝိတ်တန်းနှစ်ခုတွင် ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ဆုကို ရယူထားနိုင်သူဖြစ်သည်။

နိုဝင်ဘာ ၉ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ်အတွက် MMA တနှစ်တာအကောင်းဆုံးဆုများ ပေးအပ်ပွဲတွင် စုစုပေါင်း ၁၆ ဆုချီးမြှင့်ခဲ့ရာ၌ အောင်လအန်ဆန်အနေဖြင့် အကောင်းဆုံးပွဲဆု (အောင်လအန်ဆန်နှင့် ကင်မ် ဟစဲဂါဝါ ပွဲ)နှင့် အမျိုးသား အကောင်းဆုံး ကစားသမားဆုတို့ကို ရရှိခဲ့သည်။

အောင်လအန်ဆန်က “ပရိတ်သတ်တွေမရှိရင် ဒီလိုကစားနိုင်မှာမဟုတ်ဘူး၊ စည်းလုံးညီညွတ်ခြင်းနဲ့ ကြိုးစားလို့ ဒီလိုအောင်မြင်တယ်လို့ ယူဆတယ်၊ ကျနော့်ရဲ့အိပ်မက်က ကမ္ဘာက မည်သူနဲ့မဆို ယှဉ်ပြိုင်ကစားနိုင်တဲ့ အားကစားသမားကောင်း တယောက် ဖြစ်ဖို့ပါပဲ”ဟု ဆုပေးပွဲအပြီးတွင် ပြောသည်။

MMA ကစားသမားတယောက်အနေဖြင့် ယခုကဲ့သို့ဆုများ လိုချင်၍ ကစားနေခြင်း မဟုတ်သော်လည်း ကမ္ဘာက အသိအမှတ် ပြုသည့်အတွက် ဂုဏ်ယူမိကြောင်းလည်း အောင်လအန်ဆန်က ပြောခဲ့ပြီး ဆုပေးပွဲကို ပြိုင်ဘက် ကင်မ် ဟစဲဂါဝါနှင့်အတူ တက်ရောက်ရယူခဲ့သည်။

ONE Championship အနေဖြင့် စင်္ကာပူတွင် နိုဝင်ဘာ ၇ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖလိုင်းဝိတ် Flyweight နှင့် လိုက်ဝိတ် Lightweight ဝိတ်တန်းများအတွက် World Grand Prix ကိုလည်း ထုတ်ဖော်ကြေညာခဲ့သည်။

ယင်းပြင် ကစားသမားသစ် မိတ်ဆက်မှုအနေဖြင့်လည်း မကြားသေးမီက ONE Championship နှင့် လက်မှတ်ရေးထိုးခဲ့သည့် UFC ကစားသမား “Mighty Mouse” ခေါ် ဒီမီတြိရပ်စ် ဂျွန်ဆန် Demetrious Johnson နှင့် “The Underground King” ခေါ် အယ်ဒီ အဲဗားရက်စ် Eddie Alvarez တို့ကိုလည်း သတင်းစာရှင်းလင်းပွဲတွင် ပွဲထုတ်ခဲ့သည်။

ဒီမီတြိရပ်စ် ဂျွန်ဆန်က “ အာရှမှာ World Grand Prix အမှတ် တကယ် ယှဉ်ပြိုင်လိုတာ ကျနော့်ရဲ့ အိပ်မက်ပါပဲ၊ အာရှမှာ ယှဉ်ပြိုင်သွားမယ့် ကျနော့်အနေနဲ့ အကောင်းဆုံးကြိုးစားသွားမှာပါ၊ ကျနော် ဖြတ်လမ်းတွေ သုံးမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

အယ်ဒီ အဲဗားရက်စ်ကလည်း “ကျနော့်အနေနဲ့ ONE Championship နဲ့အတူ နောက်တဖန် ကိုယ့်လမ်းကြောင်း ကိုယ်ပြန်ရှာတွေတယ် လို့ ခံစားရပါတယ်၊ ပြိုင်ဘက်တွေကို လေးစားပါတယ်၊ ကျနော့်အနေနဲ့ ယောကျ်ားဆန်ဆန် တိုက်ခိုက် ကစားသွားမှာပါ၊ ကျနော့် ဘဝတသက်တာ ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားခရီးစဉ်ဟာ ဒီနေရာမှာ အသိအမှတ်ပြုတာ ခံရဦးမယ်ဆိုတာ ကျနော်သိနေပါတယ်” ဟု ပြောကြားခဲ့သည်။

ONE Championship တည်ဆောင်သူ မစ္စတာ ချက်ထရီ ဆစ်ယော့ထုံက ၎င်းတို့အနေဖြင့် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားစစ်စစ်များ ပေါ်ထွက်လာစေချင်ပြီး ယှဉ်ပြိုင်မှု၏ နိုင်ပွဲ ရှုံးပွဲတိုင်းသည် ၎င်းတို့၏ စိတ်နှလုံးဝိဉာဉ်များနှင့် ရင်းနှီးထားရသည့်အတွက် ပရိသတ်များအနေဖြင့် အားကျအတုယူစေချင်ကြောင်း ပြောခဲ့သည်။

The post အောင်လအန်ဆန်အား သူရဲကောင်းဟု ONE Championship တည်ထောင်သူ ချီးကျူး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles