Forbes မဂ္ဂဇင်းကနေ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အားကစားသမား စာရင်းကို နှစ်စဉ် ထုတ်ပြန်ကြေညာခဲ့ရာ ၂၀၁၉ ခုနှစ်စာရင်းမှာတော့ မနှစ်က ဒုတိယနေရာမှာ ရှိခဲ့တဲ့ လီယွန်နယ် မက်ဆီက ပထမနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။
နိုင်ငံပေါင်း ၂၅ နိုင်ငံက အားကစားအမျိုးအစားပေါင်း ၁၀ မျိုးကျော်ကနေ ကစားသမားတွေရဲ့ တနှစ်တာ ဆုကြေး၊ လစာ၊ ဘောနပ်စ်တွေကို တွက်ချက်ပြီး ဝင်ငွေစုစုပေါင်းကိုကြည့်ကာ ထိပ်တန်းစာရင်းဝင်အယောက် ၁၀၀ ကို ထုတ်ပြန်ခဲ့တာပါ။
ပထမနေရာ ရရှိခဲ့တဲ့ မက်ဆီကတော့ စုစုပေါင်း တနှစ်တာဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၇ သန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး သူ့ နောက်မှာတော့ နာမည်ကျော် ဘောလုံးကြယ်ပွင့်တွေဖြစ်တဲ့ ခရစ္စတီယာ ရော်နယ်လ်ဒိုက ၁၀၉ သန်း၊ နေမာက ၁၀၅ သန်း၊ မက္ကဆီကို လက်ဝှေ့ကစားသမား Canelo Álvarez က ၉၄ သန်း၊ တင်းနစ်ကြယ်ပွင့် Roger Federer က ၉၃ ဒဿမ ၄ သန်းနဲ့ အဆင့် ၅ အတွင်းမှာ ရပ်တည်ခဲ့ကြပါတယ်။
အဆင့် ၆ ကနေ အဆင့် ၁၀ တွင်းကတော့ အမေရိကန် ဘောလုံး ကစားသမား Russell Wilson, Aaron Rodgers နဲ့ ဘတ်စ်ကတ်ဘော ကစားသမား LeBron James, Stephen Curry နဲ့ Kevin Durant တို့ အသီးသီး ရှိနေပါတယ်။
၂၀၁၈ ခုနှစ်ရဲ့ ဝင်ငွေအများဆုံး ကစားသမားစာရင်းမှာ အမျိုးသမီးတွေ မပါဝင်ပေမယ့် ၂၀၁၉ မှာတော့ တင်းနစ် ကစားမယ် ဆီရီနာ ဝီလျံက အဆင့် ၆၃ နေရာနဲ့ ပြန်လည် ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဝင်ငွေအများဆုံး အဆင့် ၁၀၀ အတွင်းမှာ ဘတ်စ်ကတ်ဘော ကစားသမား ၃၅ ယောက် ပါဝင်ပေမယ့် ဒါဟာ မနှစ်ကထက်စာရင် အရေအတွက် လျော့ကျသွားတယ်လို့ သိရပါတယ်။
၂၀၁၉ ရဲ့ ဝင်ငွေအများဆုံး ကစားသမား အယောက် ၁၀၀ စာရင်းမှာ အများစုက အမေရိကန်နိုင်ငံသားတွေ ဖြစ်ပြီး ယူကေက ၅ ယောက်၊ ပြင်သစ်နဲ့ စပိန်က ၃ ယောက်၊ ဘရာဇီး၊ ကနေဒါ၊ ဒိုမီနီကန်၊ ဂျာမနီ၊ ဆားဘီးယားနဲ့ ဗယ်နီဇွဲလားတို့က ၂ ယောက်စီ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာ့ဝင်ငွေ အများဆုံး ကစားသမားစာရင်းကို ထုတ်ပြန်နိုင်ဖို့အတွက် ဇွန် ၁ ရက်၊ ၂၀၁၈ ခုနှစ်ကနေ ဇွန် ၁ ရက် ၂၀၁၉ ခုနှစ်အတွင်း ရရှိခဲ့တဲ့ ဝင်ငွေစုစုပေါင်းကို တွက်ချက်ခဲ့ကြတာ ဖြစ်ပါတယ်။ မနှစ်ကထက်စာရင် ဝင်ငွေအများစု မြင့်တက်လာပေမယ့် ၂၀၁၈ ခုနှစ်မှာ ဝင်ငွေအများဆုံးဖြစ်ခဲ့တဲ့ မေဝယ်သာရဲ့ စုစုပေါင်းဝင်ငွေ ၂၈၅ သန်းကို မကျော်ဖြတ်နိုင်ခဲ့ကြပါဘူး။
၂၀၁၉ မှာတော့ မေဝယ်သာ တယောက် ထိပ်ဆုံးစာရင်းမှာ မပါဝင်တော့ပေမယ့် ဝင်ငွေအများဆုံး ထိပ်ဆုံးနေရာကို လွန်ခဲ့တဲ့ ၇ နှစ်အတွင်းမှာ ၄ ကြိမ်တိတိ ယူထားနိုင်ခဲ့သူပါ။ အချိန်အကြာဆုံး ထိပ်ဆုံးမှာရပ်တည်ခဲ့သူကတော့ ဂေါ့ဖ်ကစားသမား တိုက်ဂါးဝုဒ်ဖြစ်ပြီး နံပါတ် ၁ နေရာကို ၁၂ ကြိမ်တိတိ စံချိန်တင်ရယူ ထားနိုင်ခဲ့ပါတယ်။
Ref: Forbes
The post ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ကစားသမားဖြစ်လာတဲ့ လီယွန်နယ် မက်ဆီ appeared first on ဧရာဝတီ.