ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် ယူ ၂၂ အသင်းနှင့် အင်ဒိုနီးရှား ယူ ၂၂ အသင်းတို့ ယနေ့ နေ့လည် ၂ နာရီ ၃၀ မိနစ်က ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက အင်ဒိုနီးရှားကို ၄ ဂိုး၂ ဂိုး ဖြင့် ရှုံးနိမ့်ကာ ဗိုလ်လုပွဲသို့ တက်ရောက်ခွင့် လွဲချော်သွားပြီဖြစ်သည်။
မြန်မာအသင်းမှာ ယနေ့ပွဲစဉ်တွင် ဘောလုံးပိုင်ဆိုင်မှုကို အသားပေးကစားခဲ့ပြီး အနီးကပ်တွဲလုံးများ၊ အနီးပေး Short Pass များဖြင့် အင်ဒိုနီးရှားကို ရင်ဆိုင်ခဲ့သည်။ အင်ဒိုနီးရှားအသင်းမှာလည်း ခံစစ်ကို လုံအောင် အဓိက အားပြုကစားခဲ့ပြီး တန်ပြန်တိုက်စစ်များဖြင့် မြန်မာအသင်းဘက်သို့ ထိုးဖောက်ခဲ့သည်။
မြန်မာအသင်း၏ အနီးကပ်တွဲဖက်ကစားမှုများကို အင်ဒိုကွင်းလယ်နှင့် နောက်တန်းတို့ ဖြက်တောက်ပိတ်ဆို့ ကစားခဲ့သည့် အတွက် မြန်မာအသင်း ဂိုးကန်သွင်းခွင့် များများစားစား မရခဲ့သလို အင်ဒိုအသင်းတိုက်စစ် ထိုးဖောက်မှု ကိုလည်း မြန်မာအသင်း နောက်တန်းနှင့် ဂိုးသမား ဆန်းဆက်နိုင်တို့ ကာကွယ်နိုင်ခဲ့သည်။
ပထပိုင်းကစားချိန် အတွင်း မြန်မာအသင်း ကွင်းလယ်လူ လွင်မိုးအောင်၏ ကန်ချက်ကို အင်ဒိုဂိုးသမား ကာကွယ်ခဲ့ပြီး အင်ဒိုအသင်း တိုက်စစ်မှူး အော့စဗယ်ဒိုဟေး (ကျောနံပါတ် ၂၀) ၏ ကန်ချက်ကို မြန်မာအသင်း ဂိုးသမား ဆန်းဆက်နိုင် တည်ငြိမ်စွာကာကွယ်နိုင်ခဲ့သဖြင့် ပထမပိုင်းအပြီးတွင် ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် အင်ဒိုအသင်း တိုက်စစ်မြှင့်ကစားခဲ့သည့်အတွက် မြန်မာအသင်းဘက်သို့ ပိုမိုထိုးဖောက် ကစားနိုင်ခဲ့ပြီး ပွဲချိန် ၄၆ မိနစ်တွင် အင်ဒိုတိုက်စစ်မှူး အော့စဗယ်ဒို၏ ကန်ချက်ကို မြန်မာ ဂိုးသမား ဆန်းဆက်နိုင် နှစ်ဆင့်ဖမ်း၍ ကာကွယ်ခဲ့ရသည်။ ပွဲချိန် ၅၈ မိနစ်တွင် အင်ဒိုအသင်း ညာတောင်ပံမှ ထိုးဖောက် ပေးပို့မှုကို ကွင်းလယ်ယူ အီဗန် ဒီမက်က အပြင်းကန်သွင်းပြီး အဖွင့်ဂိုး ရယူခဲ့သည်။
ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက်ပိုင်း မြန်မာနည်းပြ ပိုပေါ့ပ်မှာ တိုက်စစ်မှူး ၂ ဦးဖြစ်သည့် ဝင်းနိုင်ထွန်းနှင့် အောင်ကောင်းမာန်တို့ ထည့်သွင်းကာ တိုက်စစ်မြှင့်တင်ခဲ့ပြီး ထိုးဖောက်ကစားခဲ့ရာ မြန်မာအသင်း တိုက်စစ် ပိုမိုအသက်ဝင်လာခဲ့သည်။ သို့သော် အင်ဒိုအသင်းမှာ ခံစစ်ကို လုံအောင်ကစားရင်း တန်ပြန်တိုက်စစ်များဖြင့် မြန်မာအသင်းဘက်သို့ ထိုးဖောက်ခဲ့ရာ ဒုတိယပိုင်း ၇၁ မိနစ်တွင် တိုက်စစ်မှူး ဗစ်ကရီ (နံပါတ် ၁၀ ) က ပြစ်ဒဏ်ဘောမှ ရရှိလာသည့် ဖြတ်တင်ဘောကို ခေါင်းတိုက်ကာ ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူ ပေးခဲ့သည်။
ဦးဆောင်ဂိုး ၂ ဂိုး ပေးလိုက်ရသော်လည်း မြန်မာအသင်း ကစားအားကျမသွားခဲ့ဘဲ တိုက်စစ်မှူး ဝင်းနိုင်ထွန်းနှင့် အောင်ကောင်းမာန်တို့ထံ အမြင့်ဘောများ ပေးပို့၍ မြန်မာအသင်း တိုက်စစ်ဆင်ကစားခဲ့ရာ ပွဲကစားချိန် ၇၉ မိနစ်တွင် အင်ဒိုနောက်တန်း၏ လူပေးမှားမှုမှတဆင့် တိုက်စစ်မှူး အောင်ကောင်းမာန်က အပိုင်ကန်သွင်းပြီး ချေပဂိုး ရယူခဲ့သည်။
မြန်မာအသင်း ချေပဂိုးရပြီးနောက် ၁ မိနစ်အကြာ ပွဲကစားချိန် ၈၁ မိနစ်တွင် တိုက်စစ်မှူး ဝင်းနိုင်ထွန်းက အင်ဒို ဂိုးသမား၏ အမှားမှတဆင့် ဒုတိယမြောက် ချေပဂိုးကို ထပ်မံသွင်းယူပေးခဲ့သဖြင့် တဖက် ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည်။ အင်ဒိုအသင်း၏ ဦးဆောင်ဂိုး ၂ ဂိုးကို မြန်မာအသင်းက ၃ မိနစ်အတွင်း ပြန်လည်ချေပ သွင်းယူခဲ့ခြင်းလည်း ဖြစ်သည်။
ယနေ့ပွဲစဉ်တွင် မြန်မာအသင်း ကွင်းလယ်မှာ ပြိုင်ဘက် အင်ဒိုအသင်း၏စိုးမိုးမှုကို ခံခဲ့ရပြီး နောက်တန်း အစွန်လူများမှာလည်း လူကပ်ကစားပုံနှင့် တဖက်တိုက်စစ်ကို ဖြတ်တောက်ဟန့်တားနိုင်မှု အားနည်းနေခဲ့သည်။
အင်ဒိုအသင်းမှာ အသင်းလိုက်စုစည်းမှု၊ တဦးချင်းစွမ်းရည်နှင့် အတွဲအဖက်မိစွာ ချိတ်ဆက်ကစားနိုင်မှုတွင် မြန်မာအသင်းထက် ပိုမိုသာလွန်နေခဲ့သည်။
အထူးသဖြင့် မြန်မာအသင်း နောက်တန်းဘယ်အစွန်၏ အားနည်းချက်ကို အခွင့်ကောင်းယူ၍ အင်ဒိုးအသင်းက ထိုးဖောက်ခဲ့ပြီး တောင်ပံမှ ပေါက်ထွက်လာသည့် ဘောလုံးကို လိုက်လံဖြတ်ထုတ်ရင်း နေရာလွတ်များ ပေါ်ပေါက်ကာ အင်ဒိုအသင်း တိုက်စစ်နှင့် ကွင်းလယ်လူများက ဂိုးပေါက်ကန်သွင်းမှုများ ပြုလုပ်ကာ တိုက်စစ် ဆင်ခဲ့သည်။ မြန်မာအသင်း ဂိုးသမား ဆန်းဆက်နိုင် တည်ငြိမ်စွာ ကာကွယ်မှုများပြုလုပ်နိုင်ခဲ့၍ တဖက် ၂ ဂိုးစီ သရေရလဒ်ဖြင့် မိနစ် ၉၀ ပြီးဆုံးခဲ့သည်။
ပွဲကစားချိန် မိနစ် ၉၀ ပြည့်ခဲ့သည့်အတွက် အချိန်ပိုဆက်လက်ကစားခဲ့ရာ အားနည်းချက်များစွာရှိနေသည့် မြန်မာအသင်း နောက်တန်း ဘယ်ခြမ်းမှတဆင့် အင်ဒိုအသင်း တောင်ပံကစားသမား နံပါတ် ၁၄ ၏ထိုးဖောက်
ဖန်တီးပေးမှုကို တိုက်စစ်မှူး အော့စဗယ်ဒို ဟေးက အပိုင်ပိတ်သွင်းကာ တတိယမြောက် ဦးဆောင်ဂိုးကို အင်ဒို အသင်းရယူသွားခဲ့သည်။ အဆိုပါသွင်းဂိုးမှာ မြန်မာအသင်း နောက်တန်းများ လူကပ်ကစားပုံ အားနည်းမှုက တဆင့် အင်ဒိုအသင်းကို ဦးဆောင်ဂိုး ပေးလိုက်ရခြင်း ဖြစ်သည်။
ထို့နောက် ဒုတိယပိုင်းဆက်လက်ယှဉ်ပြိုင်ခဲ့ရာ အင်ဒိုအသင်း၏ လူကပ်ကစားပုံကောင်းမွန်ခြင်းနှင့် အဆင့်ဆင့် ပိတ်ဆို့ဖြတ်တောက်ကစားမှုကြောင့် မြန်မာအသင်း၏ ကစားကွက် ပျက်သွားခဲ့ပြီး အင်ဒိုအသင်း၏ တရစပ်ဖိ အားပေးမှုကို ခံခဲ့ရသည်။ အချိန်ပို ဒုတိယပိုင်းပွဲချိန် ၁၁၃ မိနစ်တွင် အင်ဒိုအသင်း၏ ကျောနံပါတ် ၆ က စတုတ္ထမြောက်အနိုင်ဂိုးကို သွင်းယူခဲ့သဖြင့် ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်း ၄ ဂိုး ၂ ဂိုးဖြင့် အင်ဒိုနီးရှားကို ရှုံးနိမ့်ခဲ့သည်။
ပွဲပြီးခါနီးအချိန်တွင် မြန်မာအသင်းကစားသမား အောင်နိုင်ဝင်းက အင်ဒိုတိုက်စစ်မှူး အော့စဗယ်ဒိုဟေးကို ခြေထောက်ဖြင့် ကန်သည့်အတွက် ကွင်းလယ်ဒိုင်က အနီကပ်ပြ၍ ထုတ်ပယ်ခဲ့သဖြင့် ပွဲပြီးချိန်အထိ မြန်မာအသင်း ကစားသမား ၁၀ ယောက်ဖြင့် ကစားခဲ့ရသည်။
မြန်မာအသင်းမှာ ယနေ့ပွဲစဉ်တွင် အင်ဒိုနီးရှားကို ရှုံးနိမ့်ခဲ့သည့်အတွက် ဗိုလ်လုပွဲတက်ခွင့် လွဲချော်ခဲ့ပြီး တတိယ နေရာလုပွဲအဖြစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် ၂ နာရီ ၃၀ မိနစ်တွင် တတိယနေရာလုပွဲအဖြစ် ဗီယက်နမ်အသင်းနှင့် ကမ္ဘောဒီယားအသင်းတို့ပွဲစဉ်မှ ရှုံးနိမ့်သည့်အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။
You may also like these stories:
တိုက်စစ်မှူး အောင်သူ Police Tero သို့ ပြောင်းရန် အပြီးသတ် သဘောတူညီချက် ရရှိ
ဆီမီးဖိုင်နယ်တက်ဖို့ မလေးရှားကို အနိုင်ကန်ရမယ့် မြန်မာယူ ၂၂ အသင်း
မြန်မာဘောလုံး အသင်း ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေကောင်းနေ
ဆီးဂိမ်း အဖွင့်ပွဲစဉ် မြန်မာနှင့် စင်ကာပူ ကစားမည်
The post မြန်မာယူ ၂၂ အသင်း အင်ဒိုနီးရှားကို ရှုံးနိမ့်ကာ ဗိုလ်လုပွဲတက်ခွင့်လွဲချော် appeared first on ဧရာဝတီ.