မြန်မာနိုင်ငံ၏ အားကစားလောက ပြန်လည် တိုးတက်အောင်မြင်ရေး လုပ်ဆောင်ရန် အခက်အခဲများစွာ ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်မြလေးစိန်က ပြောသည်။
မြန်မာ့အားကစားလောက တိုးတက်ရေးအတွက် အရေးကြီးသည့် နိုင်ငံတကာ အဆင့်မီ နည်းပြ ခန့်အပ်ရန်၊ ကစားသမားများကို ပြုစုပျိုးထောင်ရန်အတွက် အခက်အခဲနှင့် စိန်ခေါ်မှုများစွာ ရှိနေသည်ဟု ဒုဝန်ကြီး ဒေါက်တာ ဒေါ်မြလေးစိန်က ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမတွင် ဇန်နဝါရီလ ၂၅ ရက်နေ့က ပြုလုပ်သည့် မြန်မာ့ လက်ရွေးစင်အားကစား လက်ရွေးစင်ဟောင်းများအသင်း စုံညီ တွေ့ဆုံပွဲတွင် ပြောကြားသည်။
ဒုဝန်ကြီး ဒေါက်တာ ဒေါ်မြလေးစိန် က “ကျမတို့မှာ လုပ်စရာတွေက အများကြီး ဖြစ်နေတယ်။ အားကစားသမားတွေကို မြေတောင်မြှောက်ပေးဖို့ ကလည်း ကျမတို့မှာ တာဝန်ရှိတယ်။ နည်းပြဆရာတွေရဲ့ အခန်းကဏ္ဍကလည်း အရင်လို လျှမ်းလျှမ်းတောက် မဟုတ်တော့တဲ့ အတွက် အားကစားတွေကလည်း ပြုတ်ကျနေတယ်။ အဲဒီတော့ ဘဲဥအစ ရှာမရသလို ဖြစ်နေတယ်။ ဒါက ဒီအစိုးရလက်ထက်မှ ဖြစ်တာမဟုတ်ဘူး။ ဖြစ်လာတာ ကြာနေပြီ။ ဒီအစိုးရ လက်ထက်ကျမှ ဘာမှ မရှိတော့တာ”ဟု အခမ်းအနားတွင် ပြောဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ အားကစားလောကမှာ ဝန်ကြီးဌာန၏ ငွေကြေး ကူညီထောက်ပံ့မှု အားနည်းခြင်း ကြောင့် အားကစား အဆင့်အတန်း နိမ့်ကျမှု ဖြစ်နေပြီး အားကစားနည်း အသီးသီးမှာ အာဆီယံ နိုင်ငံများ ယှဉ်ပြိုင်သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ – SEAGAME မှာပင် ဆုတံဆိပ်ရရန် ရုန်းကန်နေရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီ အစိုးရလက်ထက် ၂၀၁၇ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပသညဆီးဂိမ်းပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု ကစားသမားပေါင်း ၄၀၅ ဦး စေလွှတ် ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်ဆု ၇ ဆု ဆွတ်ခူးခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် အကြိမ် ၃၀ မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ အားကစားသမားပေါင်း ၉၅၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်၄ ခုသာ ရရှိခဲ့ပြီး နှစ်ပေါင်း ၃၀ အတွင်း ဒုတိယမြောက် အဆိုးရွားဆုံးရလဒ် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
မြန်မာနိုင်ငံအတွက် နိုင်ငံတကာပြိုင်ပွဲများတွင် ရွှေတံဆိပ် ၂၈ ခု ဆွတ်ခူးနိုင်ခဲ့သူ အပြေးမယ်ဟောင်း ဒေါ်ခင်ခင်ထွေး က “ကစားနည်းတိုင်းမှာ လိုအပ်တဲ့ပစ္စည်းတွေရှိတယ်။ အဲဒီပစ္စည်းတွေ ပံ့ပိုးပေးနိုင်မယ်၊ အစားအသောက်လည်း ကောင်းကောင်း ကျွေးနိုင်မယ်။ ထောက်ပံ့ကြေးကိုလည်း ကောင်းကောင်း ပေးနိုင်မယ်ဆိုရင် ပြန်ပြီး ရွှေခေတ်ကို ပြန်ရောက်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေက အားကစားထဲမှာ ဘဝကို နစ်မွန်း ရတယ်။ နစ်မွန်းချိန်မှာ မိသားစုကိုပြန်ပြီး မပံ့ပိုးနိုင်ဘူး” ဟု ပြောသည်။
ဆက်လက်ပြီး ဒေါ်ခင်ခင်ထွေးက “မပံ့ပိုးနိုင်တဲ့အတွက် မိသားစု စားဝတ်နေရေး မပြေ လည်လို့ အားကစားကို မလုပ်နိုင်ဘူး။ ပံ့ပိုးမှုတွေ လုပ်ပေးမယ်ဆိုရင် အားကစားကို တစိုက်မတ်မတ် လုပ်နိုင်ရင် အားကစားရွှေခေတ်ကို ပြန်ရောက်လာနိုင်ပါတယ်” ဟု ထောက်ပြသည်။
မြန်မာနိုင်ငံတွင် ယခင်အစိုးရများ လက်ထက်က ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနကို သီးခြားစီ ဖွဲ့စည်း၍ ပြည်ထောင်စုဝန်ကြီး ၁ ဦးစီ ခန့်အပ် ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်က စတင် တာဝန်ယူ ခဲ့သည့် NLD ပါတီ အစိုးရလက်ထက်တွင် အဆိုပါ ဝန်ကြီးဌာန ၂ ခုကို ပေါင်းစည်းခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းကာ ဒေါက်တာ မြင့်ထွေးကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။
လက်ရှိ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အနေဖြင့် သာမန် အသုံးစရိတ် ကျပ်ငွေ ၇၀၆၇၉၁ ဒသမ ၅ သန်းကျော်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် ငွေကျပ် ၄၇၂၄၇၆ သန်းကျော် သုံးစွဲရန် ဘတ်ဂျတ် ရရှိထားကြောင်း အစိုးရ၏ ဘတ်ဂျတ် သုံးစွဲမှုများကို စောင့်ကြည့်လေ့လာမှု ပြုလုပ်နေသည့် အာနန္ဒာဒေတာ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဝန်ကြီးဌာန အနေဖြင့် ငွေလုံးငွေရင်း အသုံးစရိတ် ၁ ခုလုံး၏ ၆၆ ရာခိုင်နှုန်းကို ကုသရေး ဦးစီးဌာနအတွက် လည်းကောင်း၊ ၂၀ ရာခိုင်နှုန်းကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအတွက် လည်းကောင်း အသုံးပြုရန် ရေးဆွဲ ထားပြီး အားကစားကဏ္ဍအတွက် ငွေလုံးငွေရင်း အသုံးစရိတ်တွင် ထည့်သွင်း ရေးဆွဲထားခြင်း မရှိကြောင်းအာနန္ဒာဒေတာအဖွဲ့၏ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆက်စပ်လင့်-
မြန်မာအမျိုးသားဘောလုံးအသင်း ကြေးတံဆိပ်ဆု ဆွတ်ခူး
Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ် ဝင်ငွေအကောင်းဆုံး အမျိုးသမီး အားကစားသမားများ
ဆီးဂိမ်းတွင် ကမ္ဘာ့ကြက်တောင်ချန်ပီယံများလည်း ပါသဖြင့် သက်ထားသူဇာအတွက် ခက်ခဲနိုင်
The post မြန်မာ့အားကစား ပြန်လည် အောင်မြင်ရေး လုပ်ရန် ခက်ခဲနေကြောင်း ဒုဝန်ကြီးပြော appeared first on ဧရာဝတီ.