ကမ္ဘာမှာ လူကြိုက် အများဆုံး အမှတ်ပေး ဘောလုံးပြိုင်ပွဲ ဖြစ်တဲ့ အင်္ဂလန် ပြည်တွင်း ပရီးမီးယားလိဂ်မှာ ဟိုယခင် ကတည်းကရော အခုချိန်ထိ အအောင်မြင်ဆုံး အသင်း၊ လူကြိုက် အများဆုံး အသင်းတွေ အဖြစ် မန်ယူ၊ အာဆင်နယ်၊ ချယ်ဆီးနဲ့ လီဗာပူးတွေသာ ရှိခဲ့ပြီး အခုနောက်ပိုင်းနှစ်မှာတော့ ငွေကြေးသုံးစွဲနိုင်မှုနဲ့ ကစားသမားကောင်းတွေ ဝယ်ယူ အားဖြည့်မှုကြောင့် မန်စီးတီးလိုအသင်းဟာလည်း အသင်းကြီး စာရင်းဝင် ဖြစ်လာခဲ့ပါတယ်။ ဒီလိုပဲ မန်စီးတီးလို ငွေများများ မသုံးပေမယ့် ကြိုးစားအားထုတ်မှုတွေနဲ့ အတူ ကြီးလေးကြီး အသင်းဝင်အောင် အားထည့်လာတဲ့ စပါးအသင်းအကြောင်း ပြောပြချင်ပါတယ်။
အသင်းရဲ့ နာမည် အပြည့်အစုံက Tottenham Hotspur Football Club ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ စပါးလို့ လူသိများကြပါတယ်။ လန်ဒန်အခြေစိုက် ကလပ်တခု ဖြစ်ပါတယ်။ အခုနှစ် ဘောလုံးရာသီ ဖြစ်တဲ့ ၂၀၁၇-၁၈ မှာ အိမ်ကွင်းအဖြစ် အရင် သုံးနေတဲ့ စပါးရဲ့ အိမ်ကွင်း White Hart Lane ကို ပြန်လည် တည်ဆောက်မှုတွေ လုပ်ဆောင်နေတာကြောင့် အင်္ဂလန်ရဲ့ အိမ်ကွင်း ဝင်ဘာလေကို ခေတ္တရယူပြီး အိမ်ကွင်း အဖြစ် လက်ခံကစားနေတာ ဖြစ်ပါတယ်။
အသင်းရဲ့ အမည်ပြောင်တွေက Spurs လို့လည်းခေါ်ကြသလို The Lilywhites လို့လည်းခေါ်ကြပါတယ်။ လွန်ခဲ့တဲ့ ၁၃၄ နှစ်၊ ၁၈၈၂ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့မှာ စတင် တည်ထောင်ဖွဲ့စည်းခဲ့တာ တွေ့ရပါတယ်။ အဆိုပါ အချိန်ကတော့ Hotspur F.C အဖြစ် အမည်နဲ့ ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း တော့တင်ဟမ် စာလုံး ဖြည့်ခဲ့ပါတယ်။
ဒီနှစ် အိမ်ကွင်း အဖြစ် သုံးနေတဲ့ ဝင်ဘာလေကွင်း ကတော့ ပရိတ်သတ် ၉၀၀၀၀ ထိအောင် ဆံ့ပါတယ်။ အသင်းကို ENIC International Ltd. ကပိုင်ဆိုင်ထားပြီး လက်ရှိ နည်းပြအဖြစ် ပိုချက်တီနိုက ကိုင်တွယ်နေ တာ တွေ့ရပါတယ်။ အရင်နှစ်က ပရီးမီးယားလိဂ်မှာ နာမည်ကျော် မန်ယူ၊ မန်စီးတီး၊ အာဆင်နယ် တွေကို ကျော်ဖြတ်ပြီး အဆင့် ၂ နေရာမှာ ရာသီသိမ်းနိုင်အောင် ရပ်တည်ထားနိုင်ခဲ့တာလည်း တွေ့ရပါတယ်။
အသင်းက အိမ်ကွင်း အနေနဲ့တော့ အဖြူရောင် အင်္ကျီနဲ့ ခြေအိတ်ကို ဝတ်ဆင်ပြီး ဘောင်းဘီက အပြာ ဖြစ်ပါတယ်။ အဝေးကွင်းမှာတော့ အပြာရောင် အင်္ကျီရော ဘောင်းဘီးနဲ့ ခြေအိတ်ပါ ဝတ်ဆင် ကစားတာပါ။ အသင်းက ၁၉၀၁ ခုမှစ်မှာ FA ဖလားကိုရယူနိုင်ပြီး အသင်းရဲ့ ပထမဆုံး အကြီးမားဆုံး အောင်မြင်မှု ရလာပါတယ်။
၁၉၆၀-၆၁ ခုနှစ် ဘောလုံးရာသီမှာ ဆိုရင် တနှစ်တည်း League ဖလားရော FA ဖလားပါ ရယူနိုင်ခဲ့လို့ ၂၀ ရာစုအတွင်း ပထမဆုံး ဖလား နှစ်လုံး တနှစ်တည်း ရယူနိုင်တဲ့ အသင်းအဖြစ်လည်း မှတ်တမ်း ဝင်ထားပါတယ်။ ၁၉၆၃ ခုနှစ်မှာ FA ဖလားကြောင့် ဥရောပ ဝင်ခွင့် ရခဲ့ပြီး European Cup Winners Cup ကိုရယူနိုင်ခဲ့လို့ ပထမဆုံး အင်္ဂလန်အခြေစိုက် အသင်းတွေထဲက ဖလားရယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းလည်း ဖြစ်လာပါတယ်။
၁၉၇၀ ပြည့်လွန်နှစ်တွေမှာ စပါးဟာ League ဖလား ၂ ကြိမ် ရခဲ့ပါတယ်။ ပြီးတော့ ၁၉၇၂ ခုနှစ်မှာလည်း UEFA Cup ရခဲ့ပါတယ်။ ဒါကြောင့်လည်း အင်္ဂလန် အခြေစိုက် ကလပ် အသင်းတွေထဲက ပထမဆုံး ဥရောပအဆင့် ပြိုင်ပွဲမှာ ဖလား နှစ်လုံး ပထမဆုံး ရယူနိုင်ခဲ့တဲ့ အသင်းလည်း ဖြစ်လာပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ တော့ စပါးက FA ဖလား ၂ ကြိမ်ရတယ်၊ ကွန်မြူနတီဒိုင်း ၁ ကြိမ်၊ ၁၉၈၄ ခုနှစ်မှာ UEFA Cup ၁ ကြိမ် ထပ်ရပါတယ်။
၁၉၉၀ ပြည့်လွန် နှစ်မှာတော့ FA ဖလား ၁ ကြိမ်နဲ့ League ဖလား ၁ ကြိမ် ရပါတယ်။ ၂၀၀၈ ခုနှစ်မှာ League ဖလား ၁ ကြိမ် ထပ်ရပြီး အသင်းက နောက်ဆုံး ဆယ်စုနှစ် ၆ စု အတွင်း မန်ယူလို သြဇာကြီးမားတဲ့ အသင်းနဲ့ အတူ ဆယ်စုနှစ်တိုင်း ဆုဖလားရယူနိုင်ခဲ့တဲ့ အသင်းအဖြစ် ရပ်တည်လာနိုင်ခဲ့တာလည်း တွေ့ရပါတယ်။
အသင်းရဲ့ အဓိက ပြိုင်ဖက်ကတော့ တမြို့တည်းအခြေစိုက် နာမည်ကျော် အာဆင်နယ် အသင်း ဖြစ်ပြီး သူတို့ နှစ်သင်း ထိပ်တိုက် တွေ့ဆုံပွဲတွေကို မြောက်လန်ဒန်ဒါဘီပွဲတွေ အဖြစ် သတ်မှတ်ခေါ်ဝေါ်ကြသလို အကျိတ်အနယ် ယှဉ်ြပိုင်လေ့ရှိတာလည်း တွေ့ရပါတယ်။
အသင်းက ပထမဆုံး အိမ်ကွင်းလက်ခံကစားမှုကို Park Lane ဆိုတဲ့ အများပိုင် ကွင်းမှာ လက်ခံ ကစားတာပါ။ ပထမဆုံး စပါးအသင်း အကြောင်းကို ပုံနှိပ်ဖော်ပြခံရမှုက ၁၈၈၃ ခုနှစ် အောက်တိုဘာ ၆ ရက်မှာ ဘရောင်းလိုးရိုဗာ အသင်းကို ၉ ဂိုး ဂိုးမရှိနဲ့ နိုင်လို့ မီဒီယာ စာမျက်နှာထက် ရောက်လာခဲ့ပါတယ်။ အိမ်ကွင်း အတွက် အခက်အခဲ ရှိနေတဲ့ စပါးက အိမ်ကွင်းအတွက် နေရာကို Asplins Farm ဆီကနေ ကွင်းနေရာ အတွက် တနှစ်ကို ၁၇ ပေါင်နဲ့ ငှားရမ်းခဲ့ပြီး အဆိုပါ နေရာမှာ ပထမဆုံး လက်ခံကစားပွဲကို ၁၈၈၈ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှာ လက်ခံ ကစားလာနိုင်ခဲ့ပါတယ်။
အဆိုပါကွင်းမှာ ထိုင်ခုံ ၁၀၀ ပဲ ရှိပါတယ်။ ၁၈၉၈ ခုနှစ်မှာ စပါးက ဝိုးဝှစ်အာဆင်နယ်နဲ့ ကစားမယ့်ပွဲမှာ ပရိတ်သတ် ၁၄၀၀၀ လောက် လာရောက်အားပေးခဲ့ပါတယ်။ ကစားကွင်း ထိုင်ခုံနေရာ မလောက်လို့ ပွဲကြည့်စင် အမိုးတွေပေါ် တက်ကြည့်ရင်း မတော်တဆမှုတွေကြောင့် ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ၁၈၉၉ မှာတော့ မူလကွင်းထက် ပိုမို ကျယ်ဝန်းတဲ့ အခုအိမ်ကွင်း White Hart Lane မှာ ပြောင်းလဲ ကစားလာခဲ့ကြ တာပါ။
ဒီကွင်းနေရာက အမှန်ဆို အဖျော်ယမကာ ကုမ္ပဏီ Charringtons က ပိုင်ဆိုင်ထားတာပါ။ စပါးရောက်လာလို့ မြေငှားစာချုပ်နဲ့ ငှားခဲ့သလို စပါးကွင်းကလည်း ပရိတ်သတ် ၂၅၀၀၀ ထိအောင် ဆံ့လာပါတယ်။ White Hart Lane မှာ ပထမဆုံး လက်ခံကစားတဲ့ ပွဲကို စပါးနဲ့ အတူ နော့ကောင်တီက လာကစားပြီး အဆိုပါ ပွဲမှာ စပါးက ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။
ဒါပေမယ့် နော့ကောင်တီနဲ့ ပွဲက အပျော် ခြေစမ်းပွဲပါ။ ပြိုင်ဖက် အဖြစ် ပထမဆုံး အနေနဲ့ စပါးက အိမ်ကွင်းမှာ QPR ကို လက်ခံကစားပြီး ၁ ဂိုး ဂိုး မရှိနဲ့ နိုင်ခဲ့ပါတယ်။ ဒါတွေက စပါးအိမ်ကွင်းရဲ့ အစကောင်းတွေပါ။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် အောက်တိုဘာ အတွင်းက စပါးကနေ အိမ်ကွင်း အဆောက်အဦသစ် ဆောက်လုပ်မယ် လို့ ကြေငြာခဲ့သလို နောက်ပိုင်း အခက်အခဲတွေကြောင့် ကြန့်ကြာနေခဲ့ပြီး ၂၀၁၅ ဒီဇင်ဘာလ အတွင်းမှာမှ အပြီးသတ် အတည်ပြုချက် ရယူနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် အတွင်း တည်ဆောက်မှု လုပ်ငန်းတွေ စတင် ဆောင်ရွက် နေခဲ့သလို ကွင်းသစ်ကို အခုနှစ်တွေမှာ ဆောက်လုပ်နေပြီး ၂၀၁၈-၁၉ ဘောလုံးရာသီမှာ ပြန်လည် အသုံးပြု နိုင်ဖို့ ရည်မှန်းထားကြ သလို ကွင်းသစ် အမည်ကို White Hart Lane ကနေ ပြောင်းဖို့ ရှိပေမယ့် အခုတော့ နာမည် မပေးရသေးတာ တွေ့ရပါတယ်။
စပါးအသင်းဟာ အင်အားကြီးအသင်း တသင်းဖြစ်သလို အခြားဘောလုံးအသင်းတွေလိုပဲ အမျိုးသမီး အသင်း လည်း ရှိနေတာ တွေ့ရပါတယ်။ ၁၉၈၅ ခုနှစ်ကတည်းက စပါးအမျိုးသမီးအသင်းကို Broxbourne Ladies အမည်နဲ့ ဖွဲ့စည်းထားခဲ့တာ ဖြစ်သလို စပါးအမည်ကိုတော့ ၁၉၉၁-၉၂ မှာမှ စတင် အသုံးပြုလာခဲ့တာပါ။ ၂၀၀၇-၀၈ မှာ စတုတ္ထအဆင့် အမှတ်ပေး ဖလားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့လို့ တန်းတက်ခွင့် ရလာပြီး အခုတော့ FA Women’s Premier League Southern Division ဆိုတဲ့ တတိယတန်းမှာ ကစားနေတာ တွေ့ရပါတယ်။
စပါးရဲ့ အောင်မြင်မှုတွေကို ကြည့်မယ် ဆိုရင် ယခင် ပထမတန်း၊ အခုပရီးမီးယားလိဂ် ဖလားကို ၂ ကြိမ်ရဖူး တယ်၊ ယခင် ဒုတိယတန်း၊ အခု ချန်ပီယံရှစ်ဖလားကို ၂ ကြိမ် ရဖူးတယ်၊ FA ဖလား ၈ ကြိမ်ထိအောင် ရထားတယ်၊ League Cup ၄ ကြိမ် ရထားတယ်။ ကွန်မြူနတီဒိုင်းလည်း ၇ ကြိမ် ရဖူးတယ်၊ ဥရောပအဆင့်မှာ ဆိုရင် UEFA Cup Winner’s Cup ကို ၁ ကြိမ်၊ ယူရိုပါလိဂ်လို့ အခုခေါ်တဲ့ UEFA Cupကို ၂ကြိမ် ရဖူးပါတယ်။
Southern League နဲ့ Western League မှာလည်း ၁ ကြိမ်စီ ဗိုလ်စွဲဖူုးတယ်၊ အခြားဆုဖလားပေါင်းများစွာ လည်း ရယူထားနိုင်တာ တွေ့ရပြီး နာမည်ကျော် Peace Cup ကို ၂၀၀၅ ခုနှစ်က ရဖူးတယ်၊ AIA ဖလားကို လည်း ၂၀၁၅ ခုနှစ်က ရယူထားနိုင်တာ တွေ့ရပါတယ်။ အသင်းအတွက် ပွဲအများဆုံး ကစားထားသူ အဖြစ်တော့ Steve Perryman က ရှိနေပြီးသူက ၁၉၆၉ ခုနှစ်ကနေ ၁၉၈၆ ခုနှစ် အတွင်းပွဲပေါင်း ၈၅၄ ပွဲ ကစားပေး ထားတာ ဖြစ်ပါတယ်။ ဂိုး အများဆုံး သွင်းထားပေးသူ အဖြစ်ကတော့ Jimmy Greaves ရှိနေပြီး သူက ပွဲပေါင်း ၃၈၀ ကစားပေးခဲ့ပြီး ၂၆၆ ဂိုး သွင်းယူးပေးထားတာပါ။
Ref: www.en.m.wikipedia.org
The post အင်္ဂလန်မှာ ကြီးလေးကြီး စာရင်းဝင်ဖို့ ကြိုးစားနေတဲ့ Tottenham Hotspur F.C appeared first on ဧရာဝတီ.