မြန်မာ ယူ – ၁၈ အသင်း၏ နည်းပြဖြစ်သူ ပြင်သစ်နိုင်ငံသား ဘန်လာဘီ အား စာချုပ်လက်ကျန် နှစ်လစာ ပေးလျော်ကာ နှစ်ဖက်သဘောတူ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ယနေ့ ကြေညာလိုက်သည်။
အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် အာဆီယံချန်ပီယံရှစ် ယူ – ၁၈ ပြိုင်ပွဲတွင် မြန်မာ အသင်းအနေဖြင့် စတုတ္ထ နေရာသာ ရရှိခဲ့ပြီး နည်းဗျူဟာ ပိုင်နိုင်ကျွမ်းကျင်စွာ အသင်းအား ဦးဆောင်နိုင်မှု မရှိသည့်အတွက် MFF နည်းစနစ်အဖွဲ့မှ အစည်း အဝေး ပြုလုပ်၍ ဆုံးဖြတ်ကာ ယနေ့မနက်ပိုင်းတွင် ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
နည်းပြ ဘန်လာဘီသည် ယခုနှစ် ဒီဇင်ဘာလအထိ စာချုပ်က်တမ်း ကျန်ရှိနေသူဖြစ်ပြီး လက်ကျန် နှစ် လစာအား ပေးလျော်ခဲ့သည် ဆိုသော်လည်း ပမာဏကို ဖော်ပြခဲ့ခြင်းမရှိပေ။
မြန်မာနိုင်ငံအနေဖြင့် နိုဝင်ဘာလတွင် ကျင်းပမည့် 2018 AFC U-19 Championship ပြိုင်ပွဲကို ပြီးခဲ့သည့် ယူ ၁၈ အသင်း ကစားသမားများကို အမာခံဖွဲ့စည်းထားသည့် ယူ ၁၉ အသင်းနှင့် သွားရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။
အာရှ ယူ ၁၉ ခြေစစ်ပွဲအတွက် အသင်းမန်နေဂျာအဖြစ် ဦးတင်မြင့်အောင်၊ ယာယီနည်းပြချုပ် အဖြစ် ဦးချစ်နိုင်(Horizon FC)၊ လက်ထောက်နည်းပြ ဦးမင်းသူ(MFF)၊ ဂိုးနည်းပြ ဦးစိုင်းမောင်မောင်ဦး၊ အသင်းအတွင်းရေးမှူး ဦးမိုးဝေအောင်တို့ တာဝန်ယူဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။
အာရှ ယူ၁၉ ခြေစစ်ပွဲများအဖြစ် နိုဝင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ပြုလုပ်မည်ဖြစ်ပြီး မြန်မာအသင်း အနေဖြင့် တရုတ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် အသင်းများနှင့် ခြေစစ်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နောက်ဆုံး အဆင့် ပွဲစဉ်များကိုတော့ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်မှလည်း ယနေ့ မနက်ပိုင်းတွင် ယူ – ၁၈ လက်ရွေးစင် ကစားသမားများနှင့် တွေ့ဆုံခဲ့ပြီး အရှုံးအပေါ်တွင် စိတ်ပျက်မနေဘဲ မိမိတို့၏ ခြေစွမ်းနှင့် စိတ်ဓာတ်အစစ်အမှန်ကို လာမည့် အာရှခြေစစ်ပွဲ အောင်မြင်ခြင်းဖြင့် တုန့်ပြန်ကြရန် အရေးကြီးသည်ဟု တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာ ယူ – ၁၈ အသင်းသည် ပြီးခဲ့သည့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မလေးရှားအသင်းကို ပင်နယ်တီအဆုံးအဖြတ် ၅ ဂိုး ၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး တတိယနေရာလုပွဲအဖြစ် အင်ဒိုနီးရှားအသင်းနှင့် ထပ်မံယှဉ်ပြိုင်ခဲ့ရာတွင်လည်း ၇ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ကာ စတုတ္ထနေရာသာရရှိခဲ့သည်။
The post မြန်မာ ယူ – ၁၈ အသင်းနည်းပြကို ထုတ်ပယ် appeared first on ဧရာဝတီ.