Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

ဟင်္သာတပွဲ သရုပ်ပြမှုအပေါ် ရှင်းပြလိုက်တဲ့ နိုင်ငံ့လက်ရွေးစင် မီမီကျော်နိုင်

$
0
0

ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့မှာ ပြည်ထောင်စုမောင် ပြိုင်ပွဲ ပြုလုပ်ရာတွင် နိုင်ငံ့လက်ရွေးစင် အမျိုးသမီးအားကစားသမား တဦးရဲ့ ပါဝင်သရုပ်ပြမှုနဲ့ ပတ် သက်ပြီး ဝေဖန်မှုတွေ၊ အနှုတ်သဘောဆောင်တဲ့ မှတ်ချက်တွေနဲ့ လူမှုကွန်ယက်မှာ ပြန့်နှံ့ခဲ့ပါတယ်။

ပြည်ထောင်စုမောင် ပြိုင်ပွဲနဲ့ သရုပ်ပြမှုကိုလည်း ပြည်ထောင်စုနေ့မှာသာ ပြုလုပ်ခဲ့တယ်ဆိုပေမယ့် ပွဲ စီစဉ်သူတွေဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့နဲ့အတူ ယှဉ်တွဲကာ စင်နောက်ခံ ဗီနှိုင်းအနေနဲ့ ပြုလုပ်ခဲ့ တဲ့အတွက် အထင်မှားမှုတွေ ဖြစ်ခဲ့တာလို့လည်း ကာယကံရှင်တွေက ရှင်းပြပါတယ်။

ဒီပွဲမှာ မြန်မာ့လက်ရွေးစင် အားကစားသမားတဦးဖြစ်တဲ့ မမီမီကျော်နိုင်အနေနဲ့ အခြားအားကစားအတူ ဘီကီနီဝတ်စုံနဲ့ Women Model Physique အားကစားနည်းကို သရုပ်ပြသခဲ့ပါတယ်။

အားကစားသမားတဦးအနေနဲ့ ပွဲမှာ ပါဝင်ဖြစ်ခဲ့တဲ့အခြေအနေ၊ ကစားနည်းနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေအပေါ် အမြင်သဘောထားတွေနဲ့ ပတ်သက်ပြီး နိုင်ငံ့လက်ရွေးစင် Model Physique ကစားသမား မမီမီကျော်နိုင် ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ထွန်းထွန်း က တွေ့ဆုံမေးမြန်း ထားပါတယ်။

မေး ။     ။ ကိုယ်ကာယ အားကစားနည်းကို ဘယ်အချိန်လောက်က စလုပ်ဖြစ်ခဲ့တာလဲ။

ဖြေ ။     ။ ဒီအားကစားကို စလုပ်ဖြစ်တာက ၂၀၁၅ ခုနှစ်လောက်က စခဲ့တာ၊ အခုဆို ၅ နှစ်လောက် တော့ ရှိပြီပေါ့။ စလုပ်ဖြစ်တဲ့ ၂၀၁၅ ခုနှစ်ကတည်းက ပြိင်ပွဲလေးတွေဝင်ပြိုင်တယ်၊ အဲ့ဒီကမှ တိုင်း လက် ရွေးစင်အဆင့်၊ ပြည်နယ်နှင့် တိုင်း ချန်ပီယံအဆင့်၊ နောက် မြန်မာ့လက်ရွေးစင် ဆိုပြီး အဆင့်ဆင့်ပြိုင် နေတာပေါ့။

မေး ။     ။ အခု ဟင်္သာတမြို့မှာ သရုပ်ပြခဲ့တဲ့ Women Model Physique ကစားနည်းက ဘယ်လိုမျိုးလဲ၊ လှယဉ်ကျေးမယ်ဆိုတာနဲ့တော့ ဘာတွေကွာခြားနေလဲ။

ဖြေ ။      ။ ဒီဟာက Women Model Physique (အမျိုးသမီး ကာယကြံ့ခိုင်မှု) ကစားနည်းဆိုတာက မိန်းကလေး တယောက်ရဲ့ ခန္ဓာ ကိုယ်မှာရှိတဲ့ အချိုးအစားကျတဲ့ ကြွက်သားတွေ၊ အဲ့ဒီကြွက်သားတွေကလည်း ဖုထစ်နေလို့မရဘူး။ မိန်း ကလေးမှာက လောလောဆယ် နိုင်ငံတကာမှာပြိုင်နေတာက နှစ်မျိုးရှိတယ်။ Athletic နဲ့ Model Physique ဆိုတာရှိမယ်။  Athletic ကျတော့ ကာယဗလလိုပဲ ကြွက်သားတွေနဲ့ ညစ်ပြရတာမျိုးတွေရှိ တယ်။ Model Physique ကျတော့ အဆီကင်းတဲ့ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်လှပမှုကို ပြရတယ်၊ အဲ့ ဒါက တော်တော်များများ ကတော့ လှယဉ်ကျေးမယ်ဆိုတာလိုမျိုး သိကြတယ်။

လှယဉ်ကျေးမယ်က နိုင်ငံတကာ ပြိုင်ပွဲ သွားတာမရှိဘူး။ Model Physique (သို့) ဘီကီနီမော်ဒယ်ဆိုတာမျိုးက တင်ပါးရဲ့  ၅၀ ရာခိုင်နှုန်းလောက် ပြရတာမျိုးရှိတယ်။ အဲ့တော့ 2 piece နဲ့ပဲပြလို့ရမှာ။ ဒါက သရုပ်ပျက်ပြီး လုပ်တာ မဟုတ်ဘူး။ ဒီကစားနည်းက အမျိုးသမီးတယောက်ရဲ့ ကြွက်သား ကြံ့ခိုင်မှု၊ အဆီကင်းရှင်းမှု၊ ကျစ်လစ်မှု တွေကို ပြတာဖြစ်တဲ့အတွက် အရင်တုန်းကလိုမျိုး ထဘီနဲ့မယ်ပုံစံမျိုးမဟုတ်တော့ဘဲ နိုင်ငံတကာ အ ဆင့်နဲ့ ရင်ဘောင်တန်းနိုင်အောင် 2 piece ဝတ်ရတယ်။ အရင်က ပြည်တွင်းပွဲတွေဆိုရင်တော့ အတို(1 quarter) လောက် ဝတ်ရတယ်။ နောက်ပိုင်းကျတော့ (1 quarter) နဲ့က နိုင်ငံတကာမှာထိုးဖောက်ဖို့က မဖြစ်နိုင်ဘူးလေ။ အဲ့ဒီတော့ နိုင်ငံတကာနဲ့အလားတူ ဒီလိုပုံစံမျိုးဝတ်ပြီးတော့ ပြရတာဖြစ်ပါတယ်။ ဒါ ပေမယ့် တချို့ဂျာနယ်က ရေးလိုက်တာက သရုပ်ပျက်အဝတ်အစားနဲ့ ကပြဖျော်ဖြေတယ်လို့ ရေးလိုက် တာက အရမ်းဆိုးဝါးတယ်။ အခုပွဲမှာလည်း အားကစားဘက်က တိုင်းဦးစီးမှူးတွေ တက်ခဲ့ကြတာပဲ။

မေး ။      ။ ဒီပွဲကျင်းပတာနဲ့ ပတ်သက်ပြီး ဘယ်လိုသိထားလဲ။

ဖြေ  ။     ။ ဒီပွဲက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဆိုပြီး ဖိတ်ခဲ့တာမဟုတ်ဘူး။ ကျမတို့ကို ပြည်ထောင်စု မောင် ရွေးပွဲပေါ့၊ ယောကျ်ားလေးပွဲပဲပါတယ်။ မိန်းကလေးပွဲကတော့ နောက်နှစ်တွေမှာ ထည့်ချင်တဲ့အတွက် မိန်းကလေးတယောက်အနေနဲ့ သရုပ်ပြပေးဖို့ ဖိတ်တဲ့အတွက် သွားတာပေါ့နော်။ လူတိုင်းကို သိစေချင်တာက တခုခုဆိုတာနဲ့ ပြောမယ်ဆိုတာပဲ သိတယ်။ ဘာမှ မစဉ်းစား၊ မလေ့လာတော့ဘူး။ ဗိုလ် ချုပ်အောင်ဆန်း မွေးနေ့ဆိုတာ ဖေဖော်ဝါရီ ၁၃ ရက်မှဆိုတာ ကဗျာတောင်ရှိပါသေးတယ်။ ဗိုလ်ချုပ် မွေးနေ့မှာ ဗိုလ်ချုပ်ပုံရှေ့မှာ ဒီလိုမျိုး သရုပ်ပျက် ဝတ်ပါတယ်ဆိုပြီး ခေါင်းစဉ်ကြီးတွေ တပ်ပြီးပြောကြတယ်။ ပွဲလုပ်တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဗိုလ်ချုပ်မွေးနေ့ မဟုတ်ဘူးဆိုတာ မသိကြတဲ့သူတွေ အတွက်တော့ စိတ်မကောင်းပါဘူး။ စင်ပေါ်က နောက်ခံ ဗီနိုင်းထုတ်ထားတာက စီစဉ်တဲ့သူတွေက ဘာကြောင့်လုပ်လဲ သူတို့ပဲသိမယ်။ ကိုယ်သရုပ်ပြခဲ့တာ ကတော့ ပြည်ထောင်စုနေ့က မောင်ပြိုင်ပွဲမှာ သရုပ် ပြခဲ့တာပါပဲ။

မေး ။      ။ သရုပ်ပြမှုနဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန်နေကြတဲ့အတွက် ကာယကံရှင်အနေနဲ့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရသလဲ။

ဖြေ ။     ။ ဘယ်လိုအခက်အခဲတွေလည်းဆိုတော့ အခုက အိမ်နဲ့လည်း ပြဿနာတက်ရတယ်၊ အိမ်နဲ့ ရော တခြားပတ်ဝန်းကျင်က ကြည့်တဲ့အကြည့်မျိုးပေါ့၊ မိသားစုနဲ့လည်း အတူတူနေတာဆိုတော့။ အများကြီးပဲပေါ့ ကြုံရတာက။ ဒီအားကစားလောကကို မသိဘဲနဲ့ ပြောတာတွေရောပေါ့။ တချို့က ကိုယ် တာဝန်ယူရမယ့် အပိုင်းတွေကို တာဝန်မယူဘဲနဲ့ ဘော်လီဘော ပုတ်လိုက်တဲ့ အဖြစ်မျိုးတွေကြောင့် ပိုပြီး အပြောခံရတာပေါ့။ အများကြီးပါပဲ နစ်နာရတဲ့ အရာတွေကတော့။

မေး ။      ။ အရင်ကရော ဒီလိုမျိုးကြုံဖူးလား။

ဖြေ ။      ။ ဒီအားကစားနည်းက လူအသိနည်းလို့လည်း နယ်ဘက်တွေက အကူအညီတောင်းလို့ ဝါသနာ အရင်းခံအရ ကိုယ့်စာရိတ် ကိုယ်စားပြီးတော့ သွားရတာလေ။ ဘယ်သူမှ ဒီလိုမျိုး တော်ယုံတန်ယုံ ဝါသနာ မပါဘဲနဲ့တော့ ဝါသနာမကြီးဘဲနဲ့ အလုပ်လည်းအပျက်ခံပြီး လိုက်မသွားဘူးပေါ့နော်။ အားကစားသမား ကောင်းတွေ၊ မျိုးဆက်သစ်တွေ ထွက်ပေါ်လာရေးအတွက် နယ်တွေဘက်မှာလည်း ဒီလို အားကစား သမားတွေရှိလာအောင် နှစ်စဉ်နှစ်တိုင်းလည်း ပြပါတယ်။ ဒီလိုအလားတူပဲ လက်ရွေးစင်တယောက်လည်း ဂန်ဂေါမြို့မှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကပဲ ပြခဲ့ပါတယ်။ သူတို့ဘက်မှာတောင် ဘာမှမဖြစ်ဘဲနဲ့ ဒီ ဟင်္သာတမြို့မှာမှ ဒီလိုဖြစ်တာက စိတ်မကောင်းတော့ ဖြစ်ပါတယ်။

မေး ။      ။ သရုပ်ပြပွဲ လုပ်နေတုန်းကရော အောက်က ပရိတ်သတ်က ဘယ်လိုတုန့်ပြန်တာမျိုး ကြုံခဲ့ရသလဲ။

ဖြေ ။     ။ အဲ့မှာကတော့ နည်းနည်းလေး ကြာကြာ လေးပြရမှာပေါ့။ သမီးက ဘာဖြစ်လို့ ရှက်နေတာ လဲပေါ့။ ဒါမျိုး ပြောတာလေးတွေတော့ ရှိပါတယ်၊ အောက်ကနေ ပြောတဲ့သူတွေကတော့။ ဘယ်သူမှတော့ ကိုယ့်ကို နှာခေါင်းရှုံ့ပြီး ဝေဖန်လိုက်တဲ့ သူမျိုးတော့ မရှိဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီမှာက ဓာတ်ပုံ နဲ့ပဲ မဟုတ်ဘဲ ကိုယ့်က ကြွက်သားတွေကို ထုတ်ပြနေတာ ဖြစ်တဲ့အတွက် မျက်မြင်ထင်ရှား တွေ့နေရ တာဆိုတော့ ကိုယ်က ဘာပြနေတယ်၊ ဘာပြချင်တယ်ဆိုတာကို သူတို့က သိတယ်လေ။ သူတို့ကတော့ ဘာမှမပြောပါဘူး။

မေး ။      ။ ဝေဖန်နေတဲ့ သူတွေကိုရော ဘာများပြောချင်သလဲ။

ဖြေ ။      ။ ဝေဖန်တဲ့သူတွေကတော့ ရှိမှာပဲ။ ဝေဖန်တာနဲ့ ကြားညှပ်တာနဲ့ မတူဘူးလေ။ ဖေ့ဘုတ်မှာ ဝေဖန်ခံရတယ် ဆိုတာက တပတ်လောက်တောင် မကြာပါဘူး။ ဖော်ချွတ်တယ်ဆိုတာတွေ၊ ကောင်းတာ ပဲလုပ်လုပ်၊ မကောင်းတာပဲလုပ်လုပ် ဝေဖန်ခံရတာပဲ၊ တပတ်ထက်မပိုပါဘူး။ အခုကကျတော့ ဝေဖန်ခံရ တာနဲ့ မတူဘဲနဲ့ ကြားညှပ်နေတဲ့ ပုံစံဖြစ်နေတယ်။ အားကစားလောက က အရမ်းရိုးရှင်းတယ်၊ ဘယ်ပါတီ အကြောင်းမှလည်း စိတ်မဝင်စားဘူး။ ဘယ်မဲဆွယ်တဲ့ ကိစ္စမှလည်း ပါတာမဟုတ်ဘူး။ ဘယ်ပါတီက တော့ ခိုင်းလို့ ဒီအားကစားကို လုပ်တာလည်းမဟုတ်ဘူး။ ကိုယ့်ရဲ့ ဝါသနာအရင်းခံအရ ဒီအားကစားကို ချစ်မြတ်နိုးလို့ လုပ်တာဖြစ်တဲ့အတွက် ကြားမညှပ်စေချင်ဘူး။

မေး ။     ။ ဒီအားကစားနည်းက ဒီလိုပဲ ဝတ်ပြီး ယှဉ်ပြိုင်ရတာမျိုးဆိုပေမယ့် မြန်မာနိုင်ငံမှာကျတော့ အမျိုးသမီး တယောက် အတိုဝတ်ရင် အပြစ်မြင်တဲ့ သဘောပြောဆိုတတ်ကြတာက ရှိနေတော့ ဒီအခြေအနေကို ဘယ်လိုအမြင်သဘောထား ရှိသလဲ။

ဖြေ ။     ။ မြန်မာနိုင်ငံ အနေအထားအရ ဒီလိုမျိုး အတိုအပြတ်လေးတွေ ဝတ်တာက အမြင်ရိုင်းရင် ရိုင်း နေလိမ့်မယ်။ ဒါပေမယ့် ပြောချင်တာက ပြိုင်ပွဲနဲ့ သရုပ်ပြတဲ့အချိန်မှာပဲ ဒီလိုမျိုးဝတ်ပြီးတော့ ပြရတာ ဖြစ်တယ်လေ။ ကိုယ်ကစားထားတဲ့ ကြွက်သားတွေကို ပြတာလေ။ ကိုယ်က ပြတာကတော့  ကြွက် သားအလှတွေပဲ၊ တချို့ကျတော့ အမြင်မတူပဲ သူတို့မြင်ချင်တာပဲ မြင်သွားကြတာပေါ့၊ ဒီလိုတော့ ရှိတယ်။

နောက်တခုက ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ဘုန်းကြီးကျောင်းတွေ၊ ဘုရားတွေမှာ ဒီလိုတွေဝတ်ပြီး သွားနေတာ မဟုတ်ဘူး။ နေရာတိုင်းမှာလည်း ဝတ်နေတာမဟုတ်ဘူး။ ဒီပြိုင်ပွဲနဲ့ ပတ်သက်တဲ့ နေရာ မျိုးမှာပဲ ဒီလိုဝတ်ပြီး ပြရတာဖြစ်တဲ့အတွက် ပြောချင်တာက စဉ်းစားပါ၊ တွေးခေါ်ပါ၊ လေ့လာပါပေါ့ နော်။ ဒါပဲပြောချင်ပါတယ်။ ဒီအားကစားနည်းကိုလည်း အကုန်လုံးကို သိစေချင်ပါတယ်။

မေး ။      ။ လက်ရှိ လူမှုအသိုင်းအဝန်းမှာ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး Body Shaming လုပ်တဲ့ ဖြစ် စဉ်တွေက ဖြစ်နေတယ်၊ ဒီလိုလုပ်ရပ်တွေကိုရော ဘယ်လိုမြင်မိလဲ။

ဖြေ ။      ။ အခုဒီလို သရုပ်ပြခဲ့တဲ့ ပုံကို Body Shaming လုပ်တယ်ဆိုတာက တချို့က ဒီအားကစားကို မသိတာလည်းပါတယ်။ တက်လာတဲ့ ပုံတွေကြည့်လိုက်တော့လည်း အောက်ကနေ သာမန်ပုံစံမျိုးနဲ့ပဲ ရိုက်ထားတာပေါ့။ နောက်ပြီး နေရောင်ကို အန်မတုနိုင်တဲ့ ဖုန်းကင်မရာမျိုးနဲ့ ရိုက်တာ၊ နေရာ၊ အချိန်၊ ဒေသပေါ့နော်။ ဒါတွေကြောင့် Body Shaming လုပ်တာလည်းရှိတယ်။ ဘာမှတော့မပြောလိုပါဘူး၊ ကိုယ်က အားကစားသမားလည်း ဖြစ်တယ်။ နာမည်ကြီးလည်း မဟုတ်တဲ့အတွက် ဘယ်ခန်းမမှာ ဘယ်လို စတိတ်စင်မျိုး၊ ဘယ်လို အလင်းအမှောင် ချိန်ထားတာမျိုးနဲ့ လုပ်ပေးပါလို့ တောင်းဆိုတာမျိုးလည်း မဟုတ်ပါဘူး။ သူတို့မှာ မရှိ၊ ရှိတာနဲ့ပဲ ဖိတ်ပြီး လုပ်နိုင်တဲ့အပေါ်မှာပဲ ကိုယ့်ရဲ့ အားကစားကို ချပြတာပါ ပဲ။ အဲ့ဒါကို အဖက်ဖက်ကနေ မြင်တွေးပြီးတော့ Body Shaming လုပ်ကြတယ်လို့တော့ ထင်ပါတယ်။

မေး ။     ။ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက် ပြောချင်ပါသလဲ။

ဖြေ ။     ။ ပွဲတခုမှာ ကိုယ်က ပြလိုက်တဲ့အခါ ဒီလိုပုံတွေတက်လာပြီး မီဒီယာတခုက NLD ပါတီကို လှမ်း မေးတယ်ဆိုပြီး သတင်းတက်လာတယ်။ ဒီအပေါ်မှာ ပြန်ဖြေတာက ဒီလို သရုပ်ပျက်အဝတ်အစားမျိုး ပြတာကို သူတို့က မသိပါဘူးပေါ့နော်။ ဒီလိုအားကစားနည်းကိုလည်း မသိပါဘူးဆိုပြီး သူတို့ထိခိုက်မှာစိုးလို့ ဘော်လီဘော ပုတ်လိုက်တာကြီးက လူကြီးတွေဖြစ်နေတဲ့ သူတို့ကတောင် “ဒီလိုမျိုးဟုတ်ပါတယ်၊ ဒီ အားကစားနည်း ကတော့ ရှိပါတယ်။ ကျနော်တို့ရဲ့ ဒေသမှာ ကစားသမားကောင်း ပေါ်ထွက်လာဖို့အ တွက် သူတို့က လာပြပေးတာပါ” ဆိုပြီး မကာကွယ်တဲ့အပြင် တခြား တိုင်းနဲ့ ပြည်နယ်က လာပြပေးတဲ့ ကစားသမားကို သူတို့က မသိပါဘူးဆိုပြီး ဘူးခံပြီး ငြင်းလိုက်တယ် ဆိုကတည်းက အထက်က လူကြီး တွေကိုယ်တိုင်က သူတို့တွေတောင် ဒီအားကစားကို သိအောင်မလုပ်နိုင်တာ အောက်ကလူတွေ သိလာဖို့ လိုက်လုပ်ဖို့ကတော့ မဖြစ်နိုင်လောက်သေးဘူး ထင်ပါတယ်။

You may also like these stories:

တရုတ်အစိုးရက ဒီရောဂါကို မထိန်းချုပ်နိုင်သရွှေ့ တခြားနိုင်ငံသားတွေကို ပြန်ခေါ်မှာ မဟုတ်ဘူး

အိုလံပစ်ပြိုင်ပွဲဝင်နိုင်ဖို့ ကြိုးစားနေတဲ့ ကြက်တောင်မယ် သက်ထားသူဇာ

ကျနော်တို့ ခွဲထွက်ရေးဆိုတာကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး

The post ဟင်္သာတပွဲ သရုပ်ပြမှုအပေါ် ရှင်းပြလိုက်တဲ့ နိုင်ငံ့လက်ရွေးစင် မီမီကျော်နိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...