ပြည်တွင်းမှာ ဂေါက်သီးအားကစားက လူကြိုက် အများဆုံး မဟုတ်ပေမယ့် လူတိုင်း သိတဲ့ နာမည်ကျော် ဂေါက်သီး ကစားသမား ကတော့ တိုက်ဂါးဝုဒ်ပါ။ သူ့ကို တကမ္ဘာလုံး ကလည်း သိပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ် အတွင်း ဂေါက်သီးရိုက် ပြိုင်ပွဲပေါင်း များစွာ ရှိတဲ့ အထဲမှာမှ ၂ ပွဲပဲ ဝင်ပြိုင်တယ်။
အခု နောက်ပိုင်း သူ့ရဲ့ လူမှုရေး အရှုပ်တော်ပုံတွေနဲ့ အတူ ဂေါက်သီး ပြန်မကစားဘဲ နေရင်တောင် ရပေမယ့် သူ ပြန်ကစား လာပါတယ်။ စာရင်းတွေ အရ သူ့ရဲ့ ကြွယ်ဝမှုက အမေရိကန်ဒေါ်လာ သန်း ၇၄၀ လောက်ရှိတာပါ။ ဒီလောက် များတဲ့ ငွေတွေကို သူ ဘယ်လို သုံးနေပါသလဲ။
၁၉၉၆ ခုနှစ်ကနေ စပြီး ကြေးစား ဂေါက်သီးကစားသမား ဖြစ်လာချိန်ကနေ အခုထိ ဆုကြေး စုစုပေါင်း ၁ ဒသမ ၄ ဘီလီယံ လောက် သူ ရခဲ့ပါတယ်။ ဒါကြောင့်လည်း အားကစားသမားတွေထဲမှာ သူဟာ ဝင်ငွေ အကောင်းဆုံး နေရာမှာ ရပ်တည် နေနိုင်သူ တဦးပါ။
စာရင်းတွေ အရ သူဟာ ၂၀၀၀ ခုနှစ် နောက်ပိုင်း တနှစ်ကို ဒေါ်လာ သန်း ၁၀၀ လောက် ဝင်ငွေ ရလာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် အတွင်း ဂေါက်သီး ကောင်းကောင်း မကစားဖြစ်တာတောင် သဘောတူညီမှုတွေ၊ စပွန်ဆာကြေးတွေနဲ့ ဝင်ငွေ ဒေါ်လာ ၄၅ သန်းလောက် ရနေပါသေးတယ်။
Nike နဲ့ ဆိုရင် ၁၉၉၆ ခုနှစ်ကတည်းက စပွန်ဆာ ရထားတာပါ။ ၂၀၁၃ မှာ ကုမ္ပဏီနဲ့ ဒေါ်လာ သန်း ၂၀၀ တန် စာချုပ် တောင် ချုပ်လိုက်ပါသေးတယ်။ အခုထိ Forbes ကနေ ထုတ်ပြန်တဲ့ ၂၀၁၆ ခုနှစ် စာရင်းတွေ အရ သူဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အားကစားသမား စာရင်းမှာ အဆင့် ၁၂ ချိတ်နေဆဲပါ။
အောင်မြင်မှု ရလာတာနဲ့ အမျှ သူ့ အနားမှာ မိန်းမပျိုတွေ ဝိုင်းလာပါတယ်။ ၂၀၀၉ ခုနှစ် အတွင်း သူ့ရဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုကို သတင်းမီဒီယာတွေက ထောက်ပြလိုက်လို့ ဇနီးသည် Elin Norddgren နဲ့ အဆင်မပြေ ဖြစ်သွားပါတယ်။ နောက်တော့ နယူးယောက်မှာ ရှိတဲ့ နိုက်ကလပ်မန်နေဂျာ Rachel Uchitel က သူမနဲ့ တိုက်ဂါးဝုဒ်နဲ့ မရှင်းမရှင်း ဖြစ်ခဲ့တယ် လို့ ဆိုလာပါတယ်။ တလလောက် အကြာမှာ အခြား မိန်းကလေး တချို့ကလည်း သူတို့နဲ့ တိုက်ဂါးဝုဒ် အကြား ပတ်သက်မှုတွေ ရှိတယ် လို့ ထုတ်ဖော် ဝန်ခံခဲ့ပါသေးတယ်။
ဒီလို လူမှုရေး ပြသနာတွေကြောင့် AT&T, Gatorade, Gillette, Golf Digest, Tah Heuer အပါအဝင် Nike တွေက အစ သူနဲ့ သဘောတူညီမှု စပွန်ဆာတွေ ပြန်ရုပ်သိမ်းသွားခဲ့ပါတယ်။ ၂၀၁၀ မှာ ဇနီးသည်နဲ့ ကွာရှင်းတော့ စရိတ် သန်း ၁၀၀ လောက် ပေးလိုက်ရပါသေးတယ်။ စိတ် မကြည်လင်မှုတွေနဲ့ ဂေါက်သီး ပြိုင်ပွဲတွေမှာလည်း သူ ရလဒ်တွေ မကောင်းတော့ ပါဘူး။ ၂၀၀၈ ကနေ နောက်ပိုင်း ၂၀၁၃ မှာမှ တကြိမ်ပဲ ပြိုင်ပွဲကြီး တခုမှာ ပြန်ပြီး ဗိုလ်စွဲပါတော့တယ်။
ဒါပေမယ့် တိုက်ဂါးဝုဒ်ဆိုတာက အကောင်းကြိုက်သူပါ။ ဇနီးသည်နဲ့ ကွာရှင်းပြီးတော့ ၁၅၅ ပေရှည်တဲ့ Privacyအမည်ရှိ ဇိမ်ခံ သူပိုုင် ရွက်လှေကို ဒေါ်လာ ၂၅ သန်းနဲ့ ပြန်ရောင်းတယ်။ ဖလော်ရီဒါမှာ ရှိတဲ့ မြောက်ပိုင်း ထန်းပင်ကမ်းခြေမှာ ဇိမ်ခံအိမ် ပြန်ဝယ်ပြီး နေလိုက်ပါသေးတယ်။ ဒီလိုပဲ ဂျူပီတာနယ်မှာ ၁၀ ဧက ကျယ်ဝန်းတဲ့ သူ့ စိတ်ကြိုက်အိမ်ကို ဒေါ်လာ ၅၅ သန်း အကုန်ခံပြီး ဆောက်လုပ်နေထိုင်နေပါတယ်။ သိရသလောက် ဒီအိမ်က ဂေါက်သိမ်း လေ့ကျင့်ရေးကွင်းပါ ပါရှိပါတယ်။
သူက အားကစား၊ ဝင်ငွေရမှု အလုပ်အနေနဲ့ ဂေါက်သီး ကစားပေမယ့် ငါးမျှားတာ ဝါသနာပါတယ်။ အားရင် ငါးမျှားနေလေ့ ရှိပါတယ်။ ပြီးတော့ အားကစားပွဲတွေ ကြည့်လေ့ရှိတယ်။ ဘတ်စကတ်ဘောလို ပွဲမျိုးတွေပေါ့။
သူက နေ့စဉ် လေ့ကျင့်မှုတွေ လုပ်နေပါတယ်။ ဒါပေမယ့် ဒဏ်ရာ ပြသနာတွေကြောင့် အကောင်းဆုံး လက်စွမ်းကိုတော့ ပြန် မရသေးဘူးလို့အင်တာဗျူးတခုမှာ ဖြေပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်လောက်က လက်ရည်မျိုုး ပြန်မရသေးဘူး လို့ သူက ဆက်ပြောပါတယ်။
တိုက်ဂါးဝုဒ်ရဲ့ အနီးကပ် လေ့ကျင့်ပေးသူ တဦး ဖြစ်တဲ့ Rory Mcllroy ရဲ့ အဆိုအရတော့ ဝုဒ် အနေနဲ့ အလွန်အကျွံ လေ့ကျင့်မှုတွေကြောင့် ညဘက် အိမ်မပျော်တာတွေတောင် ဖြစ်နေတယ် လို့ ဆိုပါတယ်။ ဝုဒ်က မနက် ၄ နာရီပဲ ရှိသေးတယ်၊ ကျနော့်ဆီ “အိပ်ယာထတော့လေ၊ မင်းဘာလုပ်နေတာလဲ” လို့ Message ပို့လာပြီး လေ့ကျင့်ဖို့ ခေါ်လေ့ရှိတယ် လို့ ဆိုပါတယ်။
အိမ်ပြင် လူမှုရေး ဖောက်ပြန်မှုတွေ ဖြစ်ပြီး ကတည်းက တိုက်ဂါးဝုဒ်တယောက် အိမ်ပြင်ထွက်မှု နည်းသွားတယ် လို့ ဆိုပြီး အိမ်မှာပဲ စားသောက်ဆိုင် ပုံစံလေး ပြင်ဆင်ထားပြီး စားလေ့ရှိတယ် လို့ ဆိုပါတယ်။
ခရီးသွားရင်တော့ သူပိုင် ဂျက်လေယာဉ် Gulfstream G550 နဲ့ သွားတယ ်လို့ ဆိုပါတယ်။ ဒီလေယာဉ်က ဒေါ်လာ ၅၄ သန်း တန်ပါတယ်။
ပရဟိတနဲ့ လှူဒါန်းရေးအပိုင်းမှာ သူက Tiger Woods Foundation ကို တည်ထောင်ထားတယ်။ အားကစားပိုင်းမှာ ကလေးတွေ အတွက် ထောက်ပံ့လှူဒါန်းမှုတွေ လုပ်ပေးတယ်။ ၂၀၁၂ ခုနှစ် အသင်း စတင် တည်ထောင်ချိန်မှာတောင် ဒေါ်လာ ၁၂ သန်း ထည့်ဝင် လှူဒါန်းခဲ့တာ တွေ့ရပါတယ်။
အခုတော့ သူ့ရဲ့ အနေအထိုင်တွေ မှန်လာလို့ Bridgestone နဲ့ Taylor Made တို့နဲ့ သဘောတူစာချုပ်တွေ ပြန်လည် ချုပ်ဆို လာနိုင်ပါပြီ။ လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့လည်း သူက ခင်တယ်။ ၂၀၁၆ ခုနှစ် အတွင်းက နှစ်ယောက်တည်း ဂေါက်သီး အတူ ကစားဖူးသေးတယ်။ CNN နဲ့ အမေး၊ အဖြေ တခုမှာ ထရန့်နဲ့ ကစားရတာ အတွက် သူ့လက်စွမ်း ဘယ်လောက်ရှိတယ်၊ ဘယ်လောက် ကောင်းတယ် ဆိုုတာထက် အသက် ၇၀ ရှိနေတဲ့ သူ့ အနေနဲ့ ဘောလုံးကို ဘယ်လောက် အားကောင်းကောင်းရိုက်နိုင်သေးသလဲ ဆိုတာ တွေ့ရတာကို သဘောအကျဆုံးပါ လို့ ဖြေသွားဖူးပါတယ်။
၂၀၁၃ ခုနှစ် နောက်ပိုင်း ဆုဖလားကောင်းကောင်း မရတာ ကြာပြီ ဖြစ်တဲ့ တိုက်ဂါးဝုဒ်က အခုတော့ အရမ်းလေ့ကျင့်နေပြီ။ ကြိုးစားနေပြီ။ ကျန်းမာရေးလည်း ကောင်းနေပါတယ်တဲ့။ မကြာခင် ဂေါက်သီးရိုက် ပြိုင်ပွဲတွေမှာ သူ့ကို ပြန်တွေ့ရတော့မှာ ပါ။ ။
Ref: www.businessinsider.com
The post ဂေါက်သီးသမား တိုက်ဂါးဝုဒ်ရဲ့ အသုံးအဖြုန်း အနေအထိုင်များ appeared first on ဧရာဝတီ.