Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all 511 articles
Browse latest View live

LPGA Championship ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အမျိုးသမီး ဂေါ့ဖ်ကစားသမား Ariya Jutanugarn

$
0
0

အာဆီယံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းစု တခုဖြစ်တဲ့ SCG လုပ်ငန်းစုမှ စပွန်ဆာပေးခဲ့တဲ့ အမျိုးသမီး ဂေါ့ဖ်ကစားသမား  Ariya Jutanugarn ဟာ ယခုနှစ်၊ မေလ ၂၀ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ဝီလီယံဘာ့ဂျ် မြို့မှာ ကျင်းပခဲ့တဲ့ 2018 LPGA Kingsmill Championship မှာ ဂေါ့ဖ်ချန်ပီယံဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

ဧပြီလမှာ ကျင်းပခဲ့တဲ့ Hugel-JTBC LA Open ပြိုင်ပွဲမှာ သူမရဲ့ အစ်မဖြစ်သူ Moriya Jutanugarn ကလည်း အနိုင်ရရှိခဲ့ပါ သေးတယ်။၂၀၀၀ ခုနှစ်မှာ ဆွီဒင်နိုင်ငံသူတွေ ဖြစ်ကြတဲ့ Annika နဲ့ Charlotta Sorenstam ညီအစ်မ နှစ်ဦး ချန်ပီယံဆု ဆွတ်ခူးပြီးနောက်ပိုင်း LPGA Championship ပွဲစဉ်များတွင် Juntanugarn ညီအစ်မ နှစ်ဦးရဲ့ အောင်ပွဲဟာ ကမ္ဘာမှာ ဒုတိယအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ်၊ ထိုင်းအမျိုးသမီး  ဂေါ့ဖ်ကစားသမား Ariya ဟာ LPGA Tour ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၃ နှစ် အတွင်း ယခုနှစ်၊ ဒုတိယအချီမှာ သတ်မှတ်ရိုက်ချက်ထက် လျော့ရိုက်နိုင်ပြီး ဗိုလ်စွဲခဲ့တာကတော့ နှစ်ကြိမ်မြောက်ဖြစ်တယ်လို့ သိရပါတယ်။ LPGA ရာသီပွဲစဉ်မှာ အသက် ၂၂ နှစ်အရွယ် Jutanugarn ရဲ့ အနိုင်ပွဲဟာ အစ်မဖြစ်သူ Moriya ရဲ့ အောင်မြင်မှုနဲ့ ထပ်တူကျခဲ့ပါတယ်။

ချန်ပီယံဆု ရရှိခဲ့တဲ့ ထိုင်းအမျိုးသမီး ဂေါ့ဖ်ကစားသမား Ariya Jutanugarn

Ariya ထက် အသက် ၁၆ လကြီးသူ အစ်မ Moriya ဟာလည်း အရင်လက JUGEL-JTBC LA Open မှာ ပွဲဦးထွက် အောင်မြင်မှု ဆွတ်ခူးခဲ့ပြီး နောက်ဆုံးပွဲစဉ်မှာ Jutanugarn သည် ၆၆ မှတ်၊ Nas Hataoka (၆၇ မှတ်) နဲ့ In Ge Chun (၆၈ မှတ်) တို့နဲ့ ယှဉ်ပြိုင်ခဲ့ကြရပေမယ့် ပွဲစဉ်စုစုပေါင်းမှာတော့ ၃ ဦးစလုံးမှာ ၁၉၉ ချက်မှာ သတ်မှတ်ရိုက်ချက်ထက် ၁၄ ချက် လျော့ရိုက်နိုင်သဖြင့် အမှတ်တူဖြင့် သရေကျခဲ့ပါတယ်။

ဒုတိယအချီမှာ Jutanugarn နဲ့ Hatoka တို့ဟာ သတ်မှတ်ရိုက်ချက်ထက် လျော့ ကျင်းဝင်ခဲ့ပြီး သရေကျခဲ့သော်လည်း Chun မှာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။ နှစ်ဦး သရေကျခဲ့တဲ့အတွက် အချိန်ပို ထပ်ရိုက်ရာမှာတော့ အသက် ၁၉ နှစ်အရွယ် Hataoka က ၁၈ ကျင်းမြောက်မှာ တချက်တည်းနဲ့ ကျင်းဝင်ရန် လွဲချော်ခဲ့ပြီး Jutanugarn ကတော့ ၁၅ ပေ အလျားကို တချက်တည်း ကျင်းဝင်ခဲ့တာကြောင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ညီအစ်မနှစ်ဦးရဲ့ ပြိုင်ဘက်ကင်းအောင်မြင်မှု အထိမ်းအမှတ်ကို SCG လုပ်ငန်းစုမှ စပွန်ဆာတဦး အနေနဲ့ သာမက ကမ္ဘာ့ထိပ်တန်း အမျိုးသမီး ဂေါ့ဖ်ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တဲ့အတွက်လည်း အာဆီယံကိုယ်စားပြုအနေနဲ့ လွန်စွာ ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ ဆိုပါတယ်။

SCG အနေနဲ့ အဆိုပါ ညီအစ်မနှစ်ဦးကို ကူညီထောက်ပံ့ပေးခဲ့တာ အချိန် ၆ နှစ်ကျော်ရှိပြီလို့ သိရပါတယ်။ SCG လုပ်ငန်းစုဟာ မြန်မာနိုင်ငံမှာလည်း “SCG အိပ်မက်များအား မျှဝေခြင်း” အစီအစဉ်ဖြင့် နိုင်ငံ့အနာဂတ်၏ အရေးပါသော ကဏ္ဍများမှာ လူငယ်များ အထောက်အပံ့ဖြစ်စေရန် ရန်ကုန်နဲ့ မော်လမြိုင်ရှိ အထက်တန်းကျောင်းသားများအတွက် ပညာသင်ဆုပေါင်း ၃၀၀ ကို ပေးအပ်ခဲ့တာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလကနေ ယခုထိ ၆ နှစ် တိုင်ပြီ ဖြစ်ပါတယ်။

The post LPGA Championship ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အမျိုးသမီး ဂေါ့ဖ်ကစားသမား Ariya Jutanugarn appeared first on ဧရာဝတီ.


ဂျပန်နည်းပြ ၃ ဦးကို မြန်မာဘောလုံး အကယ်ဒမီများသို့ တာဝန်ထမ်းရန် ရောက်ရှိ

$
0
0

ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA)သည် အာရှတခွင်အားကစားဖွံ့ဖြိုးရေးဦးတည်ချက်ဖြင့် နည်းပြများကို စေလွှတ်နေရာ၊ လာမည့် ဇွန်လမှ စ၍ ဂျပန်နည်းပြ ၃ ဦး မြန်မာ့မြို့ကြီး ၃မြို့တွင် နည်းပြအဖြစ် ဆောင်ရွက်ပေးတော့မည်ဖြစ်သည်။

ရန်ကုန်၊ ပုသိမ်တို့ရှိ မြန်မာ့ဘောလုံးအဖွဲ့ချုပ်(MFF)၏ အကယ်ဒမီကျောင်းများတွင် တာဝန်ထမ်း ဆောင်မည့် ဂျပန်နည်းပြ တီရာမင်း အကီရာနှင့် ယိုရှီဒါ အကီရာ တို့က မကြာသေးမီက ရန်ကုန်မြို့ တွင် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး၊ မန္တလေး အကယ်ဒမီကျောင်းအတွက်မူ နည်းပြ ကိုဂါတကူမာ သည် ၂၀၁၇ ခုနှစ်ကတည်းက ဆောင်ရွက်နေပြီဖြစ်သည်။

မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကတော့ “ဂျပန်ဘောလုံးအသင်းနှင့် နီးကပ်သည့် ဆက်ဆံ ရေး တည် ဆောက်ခဲ့ သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း၊ ပြီးခဲ့တဲ့နှစ်က မန္တလေး MFF အကယ်ဒမီကျောင်းကို ဂျပန်နည်းပြ မစ္စတာ ကိုဂါ အနေဖြင့် အမျိုးသားအသင်းကစားသမားများရဲ့ အနာဂတ်မြှင့်တင်ဖွံ့ဖြိုးစေဖို့ ရည်ရွယ်ပြီး ရောက်လာခြင်းကို ကြိုဆို ကြောင်းဆိုသည်။

“တနှစ်ကျော် လှုပ်ရှားတွေကို ကျနော်တို့စောင့်ကြည့်ပြီးတော့ နောက်ထပ်ဂျပန်နည်းပြတွေ ထပ်ခေါ်ပြီး ရန်ကုန်နဲ့ပုသိမ်က အကယ်ဒမီကျောင်းတွေမှာ အားဖြည့်ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ ကျနော်တို့ရလာဒ်ကောင်းတွေ ရလာမယ်လို့ ကျနော် ခိုင်ခိုင်မာမာယုံကြည်ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဂျပန်နည်းပြသစ်တွေ ထပ်မံဖိတ် ခေါ် တာဖြစ်ပါတယ်” ဟု ၎င်းကဆို သည်။

ထို့အတွက် အကူအညီပေးသည့် ဂျပန်ဘောလုံးအသင်းကို ကျေးဇူးတင်ကြောင်း၊ အတူတကွ အလုပ်လုပ်ခြင်းဖြင့် ဘောလုံး လောကက တိုးတက်ဖွံဖြိုးလာမည်ဟု မျှော်လင့်ကြောင်း ပြောသည်။

MFF အကယ်ဒမီများတွင် တာဝန်ထမ်းမည့် ဂျပန်နည်းပြများ

မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်ကြီး မစ္စတာ မာရူယာမအီချီရိုကလည်း ၁၉၂၀ ခုနှစ် များဆီက ဂျပန်ဘောလုံးလောက ကနဦးအဆင့် စတင်စဉ် တိုကျိုနည်းပညာသိပ္ပံသို့ ပညာသင်ရန် ရောက်ရှိလာသည့် မြန်မာကျောင်းသား မောင်ကျော်ဒင်သည် ဗြိတိသျှပုံစံ ဘောလုံးလေ့ကျင့်နည်းကို ဂျပန်ပြည်ကို ယူဆောင်ခဲ့ကြောင်း၊ သူ၏ အခန်းကဏ္ဍကို ဂျပန်ဘောလုံးအသင်း(JFA)က အသိအမှတ်ပြုပြီး ဂျပန်ဘောလုံးအသင်းခန်းမ၌ အထိမ်းအမှတ် ဂုဏ်ပြု ထာကြောင်း၊ ယခုအခါ ဂျပန်နည်းပြ ၃ဦး မြန်မာသို့ စေလွှတ်နိုင်၍ နှစ်နိုင်ငံ အကြား ခိုင်မာသည့် အလားအလာဟု ခံစား မိကြောင်း ဆိုသည်။

ဂျပန်ဖောင်ဒေးရှင်း အာရှဌာန ရန်ကုန် ဂျပန်ယဉ်ကျေးမှုစံအိမ် ညွှန်ကြားရေးမှူး မစ္စတာ ဆာတိုကိုဂျီ ကမူ ဂျပန်ဖောင် ဒေးရှင်း ဌာန အနေဖြင့် အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံကြားမှာ ယဉ်ကျေးမှု၊ အနုပညာနဲ့အားကစားကဏ္ဍတွေ အပြန် အလှန်ဖလှယ်ရေးအစီအစဉ်များ ဆောင်ရွက်ပေးနေကြောင်း၊ ယခုနှစ် မတ်လက ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ၌ ရုံးခန်းသစ်ဖွင့်လှစ်ခဲ့ကြောင်း၊ ဘောလုံးကဏ္ဍ အနေနဲ့လည်း ၂၀၁၄ ခုနှစ်မှာ JFA နဲ့ J.League တို့မိတ်ဖက်အဖြစ် ဖောင်ဒေး ရှင်းက လက်မှတ်ရေး ထိုးခဲ့ကြောင်း၊ အခုနည်းပြ ၃ ဦးကို ပံ့ပိုးခွင့်ရသည့် အတွက် ဂုဏ်ယူကြောင်း၊ နှစ်နိုင်ငံကြား အပြန် အလှန်နားလည်မှု ပိုမိုနက်ရှိုင်းလာစေဖို့ ဤကိစ္စက အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ကြောင်းဆိုသည်။

JFA နိုင်ငံတကာဆက်ဆံရေးဌာနခွဲ တွဲဖက်ညွှန်ကြားရေးမှူး မတ်စုနာဂတာကာရှီ က ဦးဇော်ဇော်ကို မြန်မာဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ခန့်အပ်ပြီးတဲ့အချိန်ကစပြီး မြန်မာဘောလုံးအဖွဲ့ချုပ်နှင့် ဂျပန်ဘောလုံး အသင်းတို့၏ ဆက်ဆံရေးသည် နီးကပ်ခဲ့ ကြောင်း၊ နှစ်စဉ်နည်းပြဖလှယ်ရေး၊ အဖွဲ့ချုပ်လုပ်ငန်း ပံ့ပိုးမှု၊ နည်းစနစ်ကျွမ်းကျင်သူစေလွှတ်မှု၊ မြန်မာအမျိုးသားအသင်းမှ အသက်အရွယ်စုံ ကစားသမား များကို ဂျပန်နိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံပြီး လေ့ကျင့်စခန်းသွင်းမှုများ လုပ်ခဲ့ကြောင်း ဆိုသည်။

“ဒီလိုလှုပ်ရှားမှုတွေလုပ်ရင်း သဘောပေါက်လာတာကတော့ နှစ်ဦးနှစ်ဘက် အပြန်အလှန် စရိုက် လက္ခဏာတွေ မျှဝေနိုင်ခဲ့ တယ်ဆိုတာပါပဲ။ ဒါကိုအကြောင်းပြုပြီးတော့ ဂျပန်နည်းပြတွေကို မြန်မာကို စေလွှတ်ပြီး လူငယ်ကစားသမားလေးတွေကို ဆယ်ကျော်သက်အရွယ်က စတင်လို့ ဖွံ့ဖြိုးတိုးတက် လာစေဖို့ဆောင်ရွက်ပေးတာဟာ အလွန်ကျိုးကြောင်းဆီလျော် လှပါ တယ်။ ၂၀၂၆ ကမ္ဘာ့ဖလားကို လည်း ကျနော်တို့အာရှမှာပဲ ကျင်းပဖို့ အကြောင်းတရား တိုးတက်လာခြင်းကလည်း အာရှ နိုင်ငံတွေ အတွက် အထူးအခွင့်အလမ်းတွေပါပဲ။ အဲဒီကမ္ဘာ့ဖလားမှာ မြန်မာနဲ့ဂျပန် နှစ်နိုင်ငံလုံး ပေါ်ထွန်းလာ စေမယ့်ကို ကျနော် စောင့်ကြိုနေပါတယ်ခင်ဗျာ” ဟု ပြောသည်။

The post ဂျပန်နည်းပြ ၃ ဦးကို မြန်မာဘောလုံး အကယ်ဒမီများသို့ တာဝန်ထမ်းရန် ရောက်ရှိ appeared first on ဧရာဝတီ.

“ဒီပွဲက ရင်ခုန်စရာ ကောင်းတဲ့ပွဲ ဖြစ်လာမှာပါ”

$
0
0

ONE Championship ပြိုင်ပွဲတွေရဲ့ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဖ်ဟဲဗီးဝိတ်တန်းတို့မှာ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ရယူ ထားနိုင် တဲ့ မြန်မာ့ စပါးအုံးမြွေ အောင်လအန်ဆန်ဟာ လာမယ့် ဇွန်လ ၂၉ ရက်နေ့မှာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ် ကာကွယ် ပွဲ အဖြစ် ဂျပန်နိုင်ငံသား Ken Hasegawa နဲ့ ရန်ကုန်မြို့ သုဝဏ္ဏ အားကစား ရုံကြီးထဲမှာ ယှဉ်ပြိုင် ထိုးသတ် တော့မှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်နဲ့ပတ်သက်ပြီး သူရဲ့ ပြင်ဆင်လေ့ကျင့်မှု အခြေအနေတွေကို အောင်လအန်ဆန် အနေနဲ့ မေလ ၃၀ မနက်ပိုင်းက အွန်လိုင်း (Skype)က တဆင့် သတင်းဌာန အချို့နဲ့ တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ပါတယ်။

Skype တဆင့်တွေ့ဆုံရာမှာ ဧရာဝတီက ပေးပို့ထားတဲ့ မေးခွန်းတချို့နဲ့ သတင်းဌာနအချို့ရဲ့ မေးမြန်မှုတွေထဲ က အောင်လအန်ဆန်ရဲ့ ပြောဆိုဖြေကြားမှုတွေကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

မေး။ ။ ချန်ပီယံ ခါးပတ်ကာကွယ်ပွဲ စီစဉ်ဖြစ်ခဲ့ပုံနဲ့ ပွဲအပေါ် ဘယ်လိုပြင်ဆင်မှုတွေ ပြုလုပ်နေပါသလဲ။

ဖြေ။ ။ ဘရာဇီးက လီယမ်ဒရို (Leandro Ataides) နဲ့ ဘစ်ဒစ်(Vitaly Bigdsah) တို့ကစားတဲ့ပွဲက နိုင်တဲ့သူနဲ့ ကစားဖို့ ပထမက စီစဉ်ထားတာ၊ အနိုင်ရတဲ့ လီယမ်ဒရိုက ပွဲပြီးတော့ ကျနော်နဲ့ ကစားဖိုု့ အချိန် လိုအပ်သေးတယ်လို့ ပြော တယ်၊ အဲ့ဒါကြောင့် ဂျပန် ကစားသမားနဲ့ ကစားဖို့ဖြစ်လာတာပါ၊ လာမယ့် ဇွန် ၂၉ ရက်နေ့ပွဲ အတွက် ပြင်ဆင်နေတာ က ၆ ပတ်လောက် ရှိနေပါပြီ၊ တရက်မှာ နှစ်ကြိမ် လေ့ကျင့်ခန်းတွေ လုပ်နေပါတယ်။

မေး။ ။ ယှဉ်ပြိုင်ရမယ့် ဂျပန်ကစားသမား ကန်(Ken Hasegawa) အကြောင်း ဘယ်လောက်သိထားလဲ။

ဖြေ။ ။ သူကခံနိုင်ရည်အများကြီးရှိတယ်၊ သူများထိုးတဲ့ဒဏ်ကို အများကြီးခံနိုင်တယ်၊ သူက ဂျူဒို ခါးပတ်နက်ဆိုတော့ ကောင်းမွန်တဲ့ နည်းစနစ်တွေရှိတယ်၊ ဂျပန်က နံပါတ်ဝမ်းဆိုသူနဲ့ ကစားရမှာပါ၊ သူက အထင်သေး လို့မရဘူး။ ဂျပန်က မစ်ဒယ်ဝိတ် ဖိုက်တာ အားလုံးမှာ သူကနံပါတ်ဝမ်း၊ ဂျပန်ဖိုက်တာတွေက အထိုးအရမ်းခံနိုင်တယ်၊ ကျနော်ကလည်း ဂျပန်က ဖိုက်တာတွေနဲ့ တခါမှမထိုးဘူးတော့ ဒီပွဲက ရင်ခုန်စရာ ကောင်းတဲ့ ပွဲ ဖြစ်လာမှာပါ။ ကျနော်က အကောင်းဆုံး လူတွေနဲ့ ကစားချင်တယ်၊ ဝေဖန်တဲ့သူတွေကတော့ ရှိမှာ ပဲ။ ကျနော့်စိတ်မှာတော့ အဲ့ဒီလိုတွေကို သိပ်ဂရု မစိုက်ပါ ဘူး။

မေး။ ။ ယခင်က လီယမ်ဒရိုနဲ့ ယှဉ်ပြိုင်ရမယ်လို့ ကြေညာပြီးမှ ကန်နဲ့ ပြောင်းလဲ ယှဉ်ပြိုင်ရမယ်ဆိုတော့ လေ့ကျင့်မှုမှာ ကွာခြားမှုတွေ ရှိသွားလား။

ဖြေ။ ။ အပြောင်းအလဲကတော့ ဘာမှသိပ်မရှိပါဘူး၊ ကျနော့်ရဲ့ အားသာချက်ကိုပဲ ဆက်ပြီးကောင်းအောင် လုပ်နေ တယ်၊ အားနည်းချက်တွေကိုလည်း ကောင်းမွန်လာအောင်၊ အားသာချက်ဖြစ်လာအောင် ကြိုးစားနေပါ တယ်။ အပြောင်း အလဲကတော့ အများကြီးမရှိပါဘူး။ နည်းစနစ်လေးပဲ နည်းနည်း ပြောင်းသွားတာပါ။

မေး။ ။ လီယမ်ဒရိုနဲ့ ပွဲကရော ဘယ်တော့လောက် ပြန်ဖြစ်လာမလဲ။

ဖြေ။ ။ လီယမ်ဒရိုနဲ့ ပွဲက စက်တင်ဘာလောက် ဖြစ်မယ်ထင်တယ်။ အခု ယှဉ်ပြိုင်ရမယ့် ကန် က တော်တော် ကျွမ်းကျင်တဲ့ ကစားသမားဖြစ်တယ်၊ အထင်သေးလို့မရဘူး၊ လောလောဆယ် ကျနော့်ရဲ့ အာရုံစူးစိုက်မှုက သူနဲ့ ယှဉ်ပြိုင်မယ့် ပွဲကိုပဲ အာရုံထားထားတယ်။

ONE Championship မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဖ် ဟဲဗီးဝိတ်တန်း တို့မှာ ကမ္ဘာ့ ချန်ပီယံဘွဲ့ကို ရယူထားနိုင် တဲ့ မြန်မာ့ စပါးအုံးမြွေ အောင်လအန်ဆန် /ဧရာဝတီ

မေး။ ။ ကန်က ဝမ်းချန်ပီယံရှစ် (ONE Championship) ပြိုင်ပွဲ မှာ တခါမှမထိုုးဘူးတော့ ကိုအောင်လ အတွက် အားသာချက် ဖြစ်စေမလား။

ဖြေ။ ။ သူက တခြားကြီးတဲ့ ပြိုင်ပွဲတွေမှာ ထိုးဖူးပါတယ်၊ အားသာချက်လို့တော့ ယူလို့မရပါဘူး၊ သူက ပွဲတွေ အများ ကြီး ထိုးထားပြီး အတွေ့အကြုံတွေလည်း များတဲ့သူဖြစ်လို့ သူ့ကိုအထင်သေးလို့မရပါဘူး။ သူ့ခြေဖဝါးက အရမ်း ကောင်း တယ်၊ သူရဲ့ ချုပ်ကိုင်မှုတွေက တော်တော်အားသာတယ်၊ ကျနော်ကတော့ သူ့ရဲ့ အားသာချက် တွေကို ကောင်းကောင်း အသုံးချလို့မရအောင် ကစားနည်းစနစ်တွေ ဆွဲထားပါတယ်။

မေး။ ။ ဒီပွဲက ချန်ပီယံဘွဲ့ကို ကာကွယ်ရမှာဖြစ်လို့ ဖိအား ခံစားရတာမျိုး ရှိလား။

ဖြေ။ ။ ကျနော်က စိတ်လှုပ်ရှားမှုတွေ ရှိနေတာ မှန်ပါတယ်၊ ဒါပေမယ့် ဖိအားတော့ မခံစားရပါဘူး၊ ကျနော့်ရဲ့ အိပ်မက် က ကမ္ဘာ့ချန်ပီယံ ဖြစ်ဖို့ပါ၊ အခုအိပ်မက်တွေက တကယ်ရလာပြီဆိုတော့ ပိုအားရှိတာပေါ့၊ ကမ္ဘာ့ချန်ပီယံ အဖြစ် ဆက် လက် ရပ်တည်နိုင်အောင် အမြဲကြိုးစား နေပါတယ်။

မေး။ ။ အရင်ပွဲတချို့မှာ ပွဲသိမ်းစောခဲ့တော့ ပရိသတ်က အားမရဖြစ်ခဲ့တယ်၊ ဒီပွဲကော ဘယ်လို အခြေအနေ ရှိမလဲ။

ဖြေ။ ။ သူက ဂျပန် ဖိုုက်တာဖြစ်တဲ့ အတွက် ခံနိုင်ရည် အရမ်းကောင်းတယ်၊ ဒီပွဲက နည်းနည်းရှည်မယ်လို့ ယုံကြည် ပါ တယ်။ လာကြည့်တဲ့ ပရိသတ်တွေ အကြိုက်တွေ့အောင်လို့ ကျနော် အကောင်းဆုံး ကစားပေးမယ်၊ သူပေးလာမယ့် အခွင့် အရေးကို အရယူမယ်။ အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားထားတယ်၊ ဘယ်နှချီနဲ့ ပြီးမလဲတော့ မသိဘူး။

မေး။ ။ မြန်မာ ပရိသတ်တွေက ပွဲသိမ်းမြန်တဲ့ ပွဲစဉ်တွေကို လုပ်ပွဲလို့ ထင်ကြတယ်၊ အစ်ကို ဘာပြောချင်သလဲ။

ဖြေ။ ။ အဲ့ဒါကတော့ ပြိုင်ပွဲအပေါ် သိပ်ပြီးတော့ ရင်းနှီးကျွမ်းဝင်မှု မရှိကြလို့ လုပ်ပွဲလို့ ထင်ကြတာနေမှာပါ၊ ဘာလို့လဲ ဆိုတော့ ကျနော် ကစားခဲ့တဲ့ ပွဲတွေမှာ ဘရာဇီးက ကစားသမားဆိုလည်း နှစ်ပေါင်း ၂၀ လောက် ဂျူဒို၊ ကရာတေး စတဲ့ ကိုယ်ခံပညာရပ် ပြိုင်ပွဲ (Martial Arts) မှာ ကစားနေတာပါ၊ အရမ်း သဘာရင့်တဲ့သူပါ၊ သူ့ရဲ့ ဂျူဂျစ်ဆုက အရမ်း ကောင်းတယ်။

အဲ့ဒီလိုလူတွေနဲ့ ဘယ်လိုဖြစ်ပြီး လုပ်ပွဲလို့ စဉ်းစားလိုက်လဲ မသိဘူး။ သူက ကျနော့်ကို ဖမ်းချုပ် ထားလိုက်ရင်လည်း လွတ်ဖို့ အတော်ခက်တယ်၊ သူ့ရဲ့ နည်းစနစ်ကို အကောင်းဆုံး လုပ်နိုင်ခဲ့ရင် ကျနော့် အတွက် အရမ်းခက်ခဲတဲ့ ပွဲဖြစ်ခဲ့ မှာပါ။

အဲ့ဒီလိုပဲ အလိန်း (Alain Ngalani)နဲ့ ကစားတဲ့အခါမှာလည်း သူက ကစ်ဘောက်ဆင် ကစားတာ နှစ်ပေါင်း ၂၀ လောက် ရှိပြီ။ အကယ်၍ ထိသွားရင် အလဲထိုးဖြစ်သွားမှာ၊ အဲ့ဒီအတွက် သူ့ကို လုပ်လို့မရအောင်ဆိုပြီး နီးနီးကပ်ကပ်နဲ့ ကစားခဲ့ရတာ၊ ကျနော့်ရဲ့ နည်းစနစ်က ကောင်းခဲ့ပြီး အသုံးချနိုင်ခဲ့လို့ အဲ့ဒီပွဲတွေက မြန်မြန်ပြီးသွားတာပါ။

MMA မှာက ပညာသား အများကြီးပါတယ်၊ သိပ်မကြည့်တတ်သေးလို့ ဖြစ်မှာပါ၊ ကျနော် ပြောနိုင်တာကတော့ ဒါတွေ က လုပ်ပွဲတွေမဟုတ်ဘူး၊ ဒါကို မယုံကြည်တဲ့ သူတွေလည်း ရှိနိုင်မှာပါ။ ကျနော်တော့ မပြောတတ်ဘူး။

ONE Championship မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဖ် ဟဲဗီးဝိတ်တန်း တို့မှာ ကမ္ဘာ့ ချန်ပီယံဘွဲ့ကို ရယူထားနိုင် တဲ့ မြန်မာ့ စပါးအုံးမြွေ အောင်လအန်ဆန် / ဧရာဝတီ

မေး။ ။ ပြိုင်ဘက်ဖြစ်တဲ့ ကန် ကို ဘာပြောချင်သေးလဲ။

ဖြေ။ ။ ဒီပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားပါ၊ ကျနော်လည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်၊ အကောင်းဆုံး ပွဲစဉ်တခု အဖြစ် ကြိုးစားပြီး ယှဉ်ပြိုင်သွားမှာပါ။

မေး။ ။ လာမယ့်ပြိုင်ပွဲကို မိသားစုတွေ လာကြည့်ဖို့ ရှိသလား။

ဖြေ။ ။ ကျနော့်ရဲ့ အမျိုးသမီးနဲ့သားက လာမှာ မဟုတ်ပါဘူး၊ ဒီဟာက ကျနော့်ရဲ့ အလုပ်ပါ၊ ကျနော့်ရဲ့ အလုပ် အကိုင် နဲ့ ပတ်သက်လို့ မိသားစုနဲ့ သိပ်ပြီးတော့ မသက်ဆိုင်ခိုင်း စေချင်ပါဘူး၊ ကျနော် ကစားတဲ့ပွဲတွေကိုတော့ သူတို့တွေ အင်တာနက် (Online) ကနေ ကြည့်ဖြစ်ကြပါတယ်၊ သူတို့က အရာရာတိုင်း ကျနော့်အပေါ် ပံ့ပိုးမှု တွေပေး ပါတယ်။

မေး။ ။ ဒီပွဲပြီးရင် ဒီနှစ်ထဲ ဘယ်လို အစီအစဉ်တွေ ရှိသေးလဲ။

ဖြေ။ ။ ဒီနှစ်ထဲ အနည်းဆုံးတော့ နောက်ထပ်တပွဲ ကစားဦးမယ်။ ဒီနှစ်ကုန် အစီအစဉ်လေးတခု လုပ်ချင်တယ်၊ နယ်ဘက် က လူငယ်တွေ၊ မြန်မာပြည်က လူငယ်တွေကို ကျောင်းတက်ပြီးတော့ အားကစားပိုင်းကိုလည်း လုပ်ဖြစ် လာအောင်၊ MMA အားကစားသမားတွေလည်း ပေါ်ထွက်လာအောင် လုပ်ချင်ပါတယ်။ အဲ့ဒီ စီမံကိန်း ဒီနှစ်ထဲ ကျနော် နောက်ဆုံးပွဲ ကစားပြီးတဲ့အချိန်မှာ စလုပ်ဖို့ရှိမယ်၊ လောလောဆယ်တော့ အစီအစဉ်တွေပဲ ရှိသေးတယ်၊ ဒီအတွက် အကောင်းမွန်ဆုံး လုပ်မယ်ဆိုတဲ့ စီမံကိန်းလည်း ရှိပါတယ်။

မေး။ ။ ပြိုင်ပွဲအတွက် ရန်ကုန်ကို ဘယ်တော့လောက် ရောက်လာမှာလဲ။

ဖြေ။ ။ ဇွန် ၂၂ ရက်မှာ ထွက်လာမယ်၊ ဇွန် ၂၄ ရက်နေ့ မနက်မှာ ရန်ကုန် ရောက်လာပါမယ်။

မေး။ ။ အစ်ကို့ရဲ့ ပရိသတ်အတွက် ဘာများ ပြောချင်ပါသေးလဲ။

ဖြေ။ ။ အခုကျနော် အရမ်းကြိုးစားနေတယ်၊ ဒီပွဲမှာ အကောင်းဆုံးဖြစ်အောင် လုပ်နေတယ်၊ အားလုံးရဲ့ အားပေးမှု တွေကြောင့် အရမ်းအားရှိရပါတယ်၊ အားလုံးပျော်ရွှင်နိုင်အောင် ကြိုးစားသွားမှာပါ၊ အားလုံးကို ကျေးဇူးတင်ပါတယ်။ ။

The post “ဒီပွဲက ရင်ခုန်စရာ ကောင်းတဲ့ပွဲ ဖြစ်လာမှာပါ” appeared first on ဧရာဝတီ.

အာဆီယံ ရိုလာစကိတ်ပြိုင်ပွဲတွင် မြန်မာ စကိတ်သမားများ အစွမ်းပြမည်

$
0
0

မြန်မာနိုင်ငံ စကိတ်စီးသူများအသင်း (MSA) မှ အဖွဲ့ဝင် ၅ ဦးသည် ယခုလကုန်တွင် ဗီယက်နမ်နိုင်ငံ ဗန်တော မြို့တွင် ကျင်းပမည့် ၅ ကြိမ်မြောက် အာစီယံ အင်လိုင်း စကိတ် ချန်ပီယံ ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲရန် ဇွန်လ ၂၀ ရက်နေ့တွင် စတင်ထွက်ခွာမည်ဖြစ်သည်။

MSA တည်ထောင်သူ ကို လွင်လတ် က “ဒီ ချန်ပီယံပြိုင်ပွဲမှာ ကျနော်တို့ ပါဝင်ဆင်နွှဲနေတာ အခုအကြိမ်က ဒုတိယအကြိမ်ပါ။ မလေးရှားမှာ ကျင်းပတဲ့ တတိယအကြိမ် အာစီယံ အင်လိုင်းစကိတ်စီးပြိုင်ပွဲတုန်းကလည်း ကျနော်တို့ ပါခဲ့ပါတယ်” ဟု ပြောသည်။

မြန်မာ စကိတ်သမားများသည် ယခုနှစ်ပြိုင်ပွဲတွင် အနုပညာဆန်သော ရိုလာစကိတ်စီးပြိုင်ပွဲ ကဏ္ဍတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ ထို ပြိုင်ပွဲတွင် စကိတ်သမားများသည် စကိတ်စီးရင်း နှစ်သက်ရာ သီချင်းနဲ့ အကောင်းဆုံးကပြ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အကဲဖြတ်ဒိုင်များက အမှတ်ပေး ဆုံးဖြတ်မည်ဖြစ်သည်။

Roller စကိတ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသော ပြိုင်ပွဲဝင်များ

“ပြိုင်ပွဲဝင်တွေအနေနဲ့ ရိုးရာဝတ်စုံအပါအဝင် ကြိုက်နှစ်သက်ရာ အဝတ်အစားကို ဝတ်ဆင်နိုင်ပါတယ်။ ကျနော်တို့က သူငယ်တော် အကနဲ့ယှဉ်ပြိုင်မှာပါ။ ပြိုင်ပွဲဝင်မယ့် ကလေးကို အခု ရန်ကုန် အနုပညာနဲ့ ယဉ်ကျေးမှု တက္ကသိုလ်က ဆရာမနဲ့ လေ့ကျင့်ပေးနေပါတယ်” ဟု လည်း ကိုလွင်လတ်က ပြောသည်။

ကိုလွင်လတ်အပါအဝင် မြန်မာနိုင်ငံမှ အဖွဲ့ဝင် စုစုပေါင်း ၆ ဦးလိုက်ပါမည်ဖြစ်ပြီး ပြိုင်ပွဲကို ဇွန်လ ၂၁ ရက်နေ့မှ ၂၄ ရက်အထိ ၄ ရက်ကြာ ကျင်းပမည်ဖြစ်သည်။

“ကျနော်တို့ တတ်နိုင်သမျှ အကောင်းဆုံး လုပ်သွားမယ်။ နောက်ဆုံးတကြိမ် ပြိုင်ပွဲဝင်တုန်းက အာစီယံမှာ စတုတ္ထနေရာရခဲ့ပြီး ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲ ဝင်ခွင့်လည်းရခဲ့ပါတယ်” ဟု လည်းသူပြောသည်။

ထိုသို့ဝင်ခွင့် အရည်အချင်းမီသော်လည်း အကူအညီနှင့် အခြားသော ငွေကြေးထောက်ပံ့မှုများ မရှိသောကြောင့် ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲကို သွားရောက်နိုင်ခြင်းမရှိခဲ့ပေ။

“မြန်မာနိုင်ငံ စကိတ်စီးသူများအသင်းက အစိုးရ အသိအမှတ်ပြု တရားဝင်အသင်း မဖြစ်သေးပါဘူး။ သွားပြိုင်ခဲ့သမျှ ပြိုင်ပွဲတွေနဲ့ ချန်ပီယံပြိုင်ပွဲတွေကို သွားတဲ့ခရီးစဉ်တိုင်းက ကိုယ့်စရိတ်နဲ့ကိုယ် သွားထားတာတွေပါ။ တခါတလေတော့လည်း ကုမ္ပဏီတချို့က ထောက်ပံ့ကူညီတာမျိုး ရှိတတ်ပါတယ်” ဟု ကို လွင်လတ်က ရှင်းပြသည်။

Roller စကိတ်ပြိုင်ပွဲတွင်း အတားအဆီးများကို ခုန်ကျော်ယှဉ်ပြိုင်နေသော ပြိုင်ပွဲဝင်တဦး

“အစိုးရဆီက ခွင့်ပြုချက်ရဖို့ ကြိုးစားနေတုန်းပါပဲ။ စကိတ်စီးတာကို အားကစားတခုအနေနဲ့ အသိအမှတ်ပြုဖို့နဲ့ မြန်မာနိုင်ငံ ရိုလာစကိတ် အားကစားအဖွဲ့ချုပ်အဖြစ် အသိအမှတ်ပြုခံရဖို့ လိုအပ်တဲ့ ပုံစံတွေ၊ စာရွက်စာတမ်းတွေ အားလုံးကို အားကစား ဝန်ကြီးဌာနကို တင်ပြထားပြီးပါပြီ” ဟု လည်းသူပြောသည်။

ထိုအဖွဲ့ကို လျှောက်ထားမှုကို ပယ်ချခဲ့သည်မှာ ၄ ကြိမ်ရှိပြီး ပယ်ချသည့်အခါတိုင်း အကြောင်းပြချက် တခုမဟုတ် ပေးကြောင်းလည်း သူ၏ အဆိုအရသိရသည်။

“ပထမ ၂ ခါ ပယ်ချတုန်းက ကျနော်တို့က စာရွက်စာတမ်းမစုံလင်လို့ပါ။ နောက် ၂ ခါကျတော့ ကျနော်တို့က သူတို့ တောင်းဆိုတဲ့ လိုအပ်တာတွေအကုန် အပြည့်အစုံပြင်ဆင်ထားပေမယ့် ပယ်ချခံရတုန်းပါပဲ။ ဘာကြောင့်လဲဆိုတာ ကျနော်လည်း မသိဘူးပါ။ ပယ်ချကြောင်း အကြောင်းပြန်စာမှာတော့ ရိုလာစကိတ်ကို နိုင်ငံနဲ့အဝှမ်း ကျယ်ပြန့်စွာမစီးသေးတာကြောင့်လို့ ပြောထားပါတယ်။ အသိအမှတ်ပြုခံရဖို့ တခြားနေရာတွေမှာလည်းစီးကြဖို့ လိုတယ်လို့ ပြောတယ်” ဟု သူရှင်းပြသည်။

ဝန်ကြီးဌာနမှ နောက်ဆုံးအကြိမ်ပယ်ချခံခဲ့ရသည်မှာ ဧပြီလကဖြစ်သည်။

မြန်မာစကိတ်အသင်းအဖွဲ့ဝင်များနှင့် စကိတ်ပြိုင်ပွဲအတွင်းပါဝင်ကြသော လူငယ်များ

မြန်မာနိုင်ငံစကိတ်စီးသူများအသင်းကို ၂၀၁၃ ခုနှစ် မေလက ကိုလွင်လတ်နှင့် ဒေသပေါင်းစုံမှ စကိတ်စီးသူများက စုပေါင်း တည်ထောင်ခဲ့သည်။ တည်ထောင်သူများ၏ အဓိက ရည်ရွယ်ချက်များတွင် စံနှုန်းညီ စကိတ်စီးကွင်း တည်ဆောက်ရေး၊ မြန်မာနိုင်ငံတွင် စကိတ်စီး အားကစားဖွံ့ဖြိုးတိုးတက်ရေး၊ တနိုင်ငံလုံးအဆင့် စကိတ်စီးပြိုင်ပွဲများကို နှစ်စဉ်ကျင်းပရေး၊ ထူးချွန်သော စကိတ်စီးသူများကို နိုင်ငံတကာပြိုင်ပွဲများသို့စေလွှတ်ရေးနှင့် စကိတ်စီးအားကစားမှတဆင့် လမ်းမှားရောက် လူငယ်များ၏ ဘဝကို မြှင့်တင်ရေးတို့ပါဝင်သည်။

MSA အသင်းများသည် နိုင်ငံတကာ စကိတ်ပြိုင်ပွဲ ၁၄ ပွဲတွင် သွားရောက်ယှဉ်ပြိုင်ပါဝင်ခဲ့ပြီး မလေးရှားတွင် ကျင်းပသည့် ASEAN Inline Roller Cross Series 2017 တွင် ရွှေတံဆိပ် ၂ ခုပင် ရရှိခဲ့သည်။

အာဆီယံနှင့် ကမ္ဘာ့ စကိတ်စီး ပြိုင်ပွဲများတွင်ပါဝင်ရန် အရည်အချင်း မီသော်လည်း MSA ကို တရားဝင် အသိအမှတ် မပြုသေးသောကြောင့် မြန်မာစကိတ်သမားများသည် အိုလံပစ် စကိတ်ပြိုင်ပွဲဝင်ရန် အခွင့်အရေးဆုံးရှုံးနေရသည်။

“ကွင်းအနေအထားပေါ်မူတည်ပြီး ရိုလာစကိတ်တွေကို ချိန်ညှိဖို့လိုတယ်။ ဒါကြောင့် ကရိယာတွေ၊ ဝက်အူတွေကို ကျနော်တို့ သယ်သွားရတယ်။ အဲဒါတွေက ချွန်ထက်တဲ့ အရာတွေဆိုတော့ လေဆိပ်မှာ အရမ်းအစစ်ခံရတယ်။ ကျနော်တို့က စကိတ်စီးသမားတွေပါ။ ဒါတွေက ပြိုင်ပွဲမှာ သုံးဖို့ ဆိုတာကို လေဆိပ်ဝန်ထမ်းတွေကို အမြဲတမ်းရှင်းပြနေရတယ်။ ကျနော်တို့သာ တရားဝင်အားကစားအဖွဲ့ချုပ်ဖြစ်လာရင် ဒီလိုမျိုး လုပ်နေဖို့မလိုတော့ဘူး။ အသိအမှတ်ပြု အားကာစား သမားတွေ အတွက် နိုင်ငံတကာလေဆိပ်တွေမှာ ခွင့်ပြုထားတာရှိတယ်။ ကျနော်တို့လည်း လေ့ကျင့်ချိန်ပိုရမယ်။ လေဆိပ်မှ အမြဲ ရင်ဆိုင်နေရတဲ့ ပြဿနာပါ” ဟု ကို လွင်လတ်ပြောသည်။

ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်းမှ မြိတ်နှင့်ထားဝယ်၊ ဧရာဝတီတိုင်းမှ ချောင်းသာနှင့် ပုသိမ်၊ မန္တလေးတိုင်းမှ ပြင်ဦးလွင်နှင့် မိတ္ထီလာ၊ မကွေးတိုင်းမှ မကွေး၊ ပုဂံညောင်ဦး၊ ကယားပြည်နယ်မှ လွိုင်ကော်နှင့် တောင်ကြီး မှ စကိတ်စီးသူများ အပါအဝင် မြန်မာနိုင်ငံတွင် စကိတ်စီးသူ စုစုပေါင်း ၄၀၀ ခန့်ရှိပြီး စကိတ်ကွင်းပေါင်း ၃၅ ခု ရှိကြောင်း ကိုလွင်လတ်၏ အဆိုအရသိရသည်။

“စကိတ်စီးသူ အများစုက လမ်းပေါ်က ကလေးတွေများတယ်။ ဆင်းရဲကြတယ်။ တချို့ဆို တချိန်က ဆေးစွဲခဲ့ဖူးသူတွေပါတယ်။ အခုသူတို့ စကိတ်စီးရင်း ဘဝလမ်းကြောင်းကို ပြောင်းလဲခဲ့ကြပြီ။ တကယ်တော့ စကိတ်စီးသူတွေဟာ သူတို့ရဲ့ အသင်းသား တွေနဲ့ ပျော်ရွှင်ကြပြီး အရင် ဘဝဟောင်းကို ပြန်မသွားချင်ကြဘူး။ ဒါကြောင့်မို့လည်း ကျနော်တို့က အစိုးရဆီက အသိအမှတ်ပြုမှု ရဖို့ ကြိုးစားတာကို လက်မလျှော့တာ။ စကိတ်စီးတာကို ပြည်တွင်းအားကစားအနေနဲ့သတ်မှတ်လိုက်ရင် ကျနော်တို့ အနေနဲ့ လှုပ်ရှားမှုတွေ ပိုလုပ်နိုင်ပြီး လမ်းဘေးရောက်နေတဲ့ ကလေးတွေလည်း ပိုပြီးစိတ်ဝင်စားလာကြမယ်” ဟု ကိုလွင်လတ် က ရှင်းပြသည်။

လက်လျှော့ရန် ရည်ရွယ်ချက် သူ့တွင် မရှိသော်လည်း နောက်ပိုင်းမှာ ထောက်ခံအားပေးမှု လုံလုံလောက်လောက် မရပါက စကိတ်စီးခြင်းကို မြန်မာလူငယ်များက လက်လျှော့စွန့်လွှတ်လိုက်မည်ကို သူစိုးရိမ်နေသည်။

“အစိုးရဆီက အသိအမှတ်ပြုခံရဖို့ ကျနော်ထပ်ကြိုးစားမယ်။ သူတို့ကျနော်တို့ကို ထပ်ပြီးပယ်ချရင် ကျနော်က MSA ကို အစိုးရမဟုတ်သော အဖွဲ့အစည်းပုံစံပြောင်းလဲရမှာပဲ။ ဒါက အရန်ပေါ့လေ” ဟု သူပြောသည်။

သို့သော် လတ်တလောတွင် ဗီယက်နမ် ပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိရေးအတွက် ထိပ်တန်းစကိတ်စီးသမားများကို လေ့ကျင့်ပေးရန်အတွက် သူ အာရုံစိုက်နေရပြီး ရက်သတ္တပါတ်ကုန်ရက်များတွင် စကိတ်ကွင်းများသို့သွားရောက်ပြီး လမ်းဘေးလူငယ်များကို လေ့ကျင့်ပေးနေရသည်။

The post အာဆီယံ ရိုလာစကိတ်ပြိုင်ပွဲတွင် မြန်မာ စကိတ်သမားများ အစွမ်းပြမည် appeared first on ဧရာဝတီ.

ကမ္ဘာ့ဖလားမှာ မွှေနှောက်ကစားဖို့ အသင့်ဖြစ်နေတဲ့ ကျားရဲငါးကောင်

$
0
0

၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှားနိုင်ငံမှာ မနက်ဖြန်တွင် စတင်တော့မည်ဖြစ်ရာ ကြောက်ခမန်းလိလိ ဂိုးအများဆုံးသွင်းကြမည့် ကစားသမားများကလည်း ပွဲစဉ်များအတွက် ဟန်ရေးတပြင်ပြင်ဖြစ်နေကြပြီဖြစ်ရာ ယင်းတို့အထဲမှ ကစားသမား ၅ဦးကို ဖော်ပြလိုက်ပါသည်။

ဂျာမနီအသင်းကစားသမား တီမိုဝါနာ

တီမိုဝါနာ

ဂျာမန်တိုက်စစ်မှူး မီရိုဆလဗ် ကလိုဆေး အနားယူခဲ့ပြီးနောက်မှာ ဂျာမနီအသင်းရဲ့ လိုအပ်နေတဲ့ ကွက်လပ်ကို တီမိုဝါနာ က ဝင်ရောက်ဖြည့်ပေးခဲ့သည်။

သူသည် ပြီးခဲ့သည့်ဘောလုံးရာသီမှာ လိုက်ပ်ဇစ်အသင်းအတွက် ၂၁ ဂိုး သွင်းပေးခဲ့ပြီး လျှပ်စစ်ကဲ့သို့ လျင်မြန်သည့်အရှိန်၊ ဂိုးပေါက်ရှေ့မှာ ခေါင်းအေးအေးထားတတ်မှုတို့နှင့်အတူ အသက် ၂၂ နှစ်အရွယ်ရှိ ဝါနာသည် ၎င်းအတွက် ပထမဆုံးအသိအမှတ်ပြုခံရမည့်ပွဲအတွက် ခြေစွမ်းပြခဲ့သည်။

ဘရာဇီးအသင်းမှ ဂယ်ဘရီယယ် ဂျေးဆပ်စ်

ဂါဘရီရယ်ဂျီးဆပ်စ်

ရှေ့တန်းနေရာများမှာ ဖိဖိစီးစီးကစားဖို့ လိုအပ်နေသည့် ဘရာဇီးအသင်းတွက် ဂျီးဆပ်စ်က ကစား ကွက်ဦးဆောင်နိုင် လိမ့်မည်ဟု အားထားခြင်းခံရသည်။

ပင်နယ်လ်တီဧရိယာတဝိုက်မှာ အရှိန်ထိန်းတတ်မှု၊ အနုတ်အသိမ်းနှင့် ဖျတ်လတ်မှုများကို သူက ပိုင်ဆိုင်ထားသည်။

ဇန်နဝါရီလက မန်ချက်စတာစီးတီးရှုံးနိမ့်ခဲသည့်ပွဲမှာ သူ့အတွက် ဒူးဒဏ်ရခဲ့သော်လည်း အကယ်၍ ဂျီးဆပ် စ်တယောက် သာ အုပ်စု E မှာ ခြေစွမ်းပိုပြနိုင်ခဲ့လျှင် ဘရာဇီးအနိုင်ရနိုင်သည်။ သူ့ကို တောက်ပလာမည်ဟု မျှော်လင့်ထားသည်။

အင်္ဂလန်ကစားသမား ဟာရီကိန်း

ဟာရီကိန်း

ကိန်းကို ပြီးခဲ့သည့်လက အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ပြီး ကစား သမားများနေရာချမှုမှာ ကမ္ဘာ့အကောင်းဆုံးဟု နာမည်ကြီးသည့် ဂါရတ်ဆောက်ဂိတ်၏ အသင်းသား များကြားတွင် အငြင်းပွားဖွယ်ဖြစ်ရသည့် တဦး တည်းသော ကစားသမားလည်းဖြစ်သည်။

ပြီးခဲ့သည့်ချန်ပီယံလိဂ်ပြိုင်ပွဲတွင် တော်တန်ဟန်အတွက် ပွဲစဉ် ၇ ခုမှာ ၇ ဂိုးသွင်းပေးခဲ့သဖြင့် ၎င်းအသင်းကို အမြင့်ဆုံး စင်ပေါ်သို့ ကိန်းက တင်ပေးခဲ့သည်။ အကယ်၍ အင်္ဂလန်အသင်းက ဝန်ဆောင်မှုပေးမည်ဆိုပါက ကိန်းအနေဖြင့် ဂိုးထပ် သွင်းပေးနိုင်လိမ့်မည်ဖြစ်သည်။

ပေါ်တူဂီကစားသမား ခရစ်တီယာနို ရော်နယ်ဒို

ခရစ္စတီယာနို ရိုနယ်ဒို

ဘောလုံးကို လိမ့်ကာလိမ့်ကာဖြင့် သယ်ရင်း တဘက်အသင်း၏ ခံစစ်မှူးများကို တုန်လှုပ်စေခဲ့သော ရိုနယ်ဒို၏အတိတ်က နေ့ရက်များမှာ ကျော်လွန်ခဲ့ပြီဟု ဆိုရလိမ့်မည်။ သို့သော် ပေါ်တူဂီသည် ရီးရဲမက်ဒရစ် အသက်ဆက်ရန် တိုက်စစ်မှူးတဦး အနေဖြင့် ငှားရမ်းထားရသည်။ ခြေစွမ်းရော လေထဲမှာပါ လက်ဖျားခါအောင် အန္တရာယ်ပေးတတ်သည့် အသက် ၃၃နှစ် အရွယ် ကစားသမားသည် ယခုရာသီအတွက် ပွဲစဉ် ၅၀ တွင် ဂိုး ၅၀ သွင်းခဲ့ပြီးဖြစ်သည်။ သူသည် ပြောင်မြောက်သည့်ကစားသမားအဖြစ် ရွှေဖိနပ်ပိုင်ရှင် ဖြစ်လာနိုင်စရာရှိသည်။

အီရာဂို အေပက်စ်

အီရာဂိုအေးပက်စ်

စပိန်အသင်းအတွက် ဦးဆောင်ကစားရာတွင် ဒီရေဂိုကိုစတာမှာ လူကြိုက်များလှသော်လည်း အေးပက်က ကနဦး တိုက်စစ်စရန် တွန်းပေးရသည်။

ဆဲလ်တာဗီဂိုအတွက် တောက်ပသည့်ရာသီနှင့် ပြီးခဲ့သည့်သီတင်းပတ်အကုန်ပိုင်းက တူနီရှား နှင့်ပွဲတွင်လည်း အောင်ပွဲဆင် နိုင်အောင် ဂိုးသွင်းပေးခဲ့သည်။ လက်တွေ့တွင် နောက်ကွယ်မှ ကွေ့ကာဝိုက်ကာဖြင့် လျင်မြန်ဖျတ်လတ်စွာ တိုက်စစ်ဖန်တီး ပေးသူ အေးပက်စ်သည် စပိန်အသင်းအတွက် ခံနိုင်ရည်ရှိစေရန် ပိုမို၍ တိုက်ရိုက်ချဉ်းကပ်ကာ ပံ့ပိုးပေးနိုင်သည်။ အကယ်၍ အခွင့်အရေးရခဲ့မည်ဆိုလျှင် အေးပက်စ်က ခြေစွမ်းပြမည် မလွဲပါချေ။

The post ကမ္ဘာ့ဖလားမှာ မွှေနှောက်ကစားဖို့ အသင့်ဖြစ်နေတဲ့ ကျားရဲငါးကောင် appeared first on ဧရာဝတီ.

၂၀၂၆ ကမ္ဘာ့ဖလားကို အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုနိုင်ငံတို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည်

$
0
0

၂၀၂၆ ခုနှစ်မှာ ပြုလုပ်မယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့က ပူးတွဲ အိမ်ရှင် အဖြစ် လက်ခံကျင်းပတော့မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ အဖွဲ့ဝင်တွေက ၃ နိုင်ငံ ပါဝင်တဲ့ မြောက်အမေရိကန်နိုင်ငံ ပူးတွဲအဖွဲ့ကို ထောက်ခံမဲ နဲ့ ၁၃၄ မဲနဲ့ မော်ရိုကိုနိုင်ငံကို ထောက်ခံမဲ ၆၅ မဲနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့မှာ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

ဒါဟာ အချိန် ၁ လလောက် ကြာမြင့်မယ့် ကမ္ဘာကျော် ဘောလုံးပြိုင်ပွဲကို အမေရိကန်နိုင်ငံအနေနဲ့ ၁၉၉၄ ခုနှစ် နောက်ပိုင်းမှာ ပထမဆုံး ပြန်လည် လက်ခံကျင်းပတာ ဖြစ်ပြီး ၂၀၂၈ ခုနှစ်၊ နွေရာသီ အိုလံပစ်ပြိုင်ပွဲကို အမေရိကန် ပြည်ထောင်စု၊ လော့စ်အင်ဂျလိစ်မြို့မှာ လက်ခံကျင်းပရမှာ ဖြစ်ပါတယ်။

“ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ” ဆိုတာကတော့ အိုလံပစ်ပြိုင်ပွဲပြီးရင် ဒုတိယမြောက် အကြီးမားဆုံး ကမ္ဘာလုံးဆိုင်ရာ အားကစားပြိုင်ပွဲတခုဖြစ်ပြီး ကမ္ဘာတဝန်းက ရုပ်သံထုတ်လွှင့်သူတွေအတွက်လည်း အကျိုးအမြတ် ပေးတဲ့ ပွဲတခုလည်း ဖြစ်ပါတယ်။

အမေရိကန် အမျိုးသားဘောလုံးအသင်း ခြေစစ်ပွဲ မအောင်ခဲ့တဲ့ ယခုနှစ်အတွက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အမေရိကန်နိုင်ငံမှာ တရားဝင် ထုတ်လွှင့်ခွင့် ရရှိထားတဲ့ Fox, Fox Sports နဲ့ Telemundo Deportes ရုပ်သံလိုင်းတို့ကပဲ ၂၀၂၆ ခုနှစ်အတွက်ပွဲကို ထုတ်လွှင့်ခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာဆိုရင်တော့ ဘောလုံးအသင်း ၄၈ သင်းရဲ့ ပြိုင်ပွဲအရေအတွက် ၈၀ ကို အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတဝန်းက အားကစားကွင်းတွေမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဘောလုံးပွဲကျင်းပမယ့် အမေရိကန် မြို့ ၁၇ မြို့ ထဲမှာတော့ လော့စ်အင်ဂျလိစ်၊ ဆန်ဖရန်ဆစ္စကို၊ အတ္တလန္တာ၊ မီယာမီနဲ့ ဖီလစ်ဒါးဖီးယား မြို့တွေပါ ဝင်ပြီး ပွဲစီစဉ်သူတွေက အဲဒီထဲက ၁၀ မြို့ကို ပြန်လည်ရွေးချယ်ဦးမှာ ဖြစ်ပါတယ်။ ကနေဒါနဲ့ မက္ကဆီ ကိုနိုင်ငံတို့က မြို့ ၃ ခုမှာလည်း ဘောလုံး ပွဲတွေကို လက်ခံကျင်းပဦးမှာ ဖြစ်ပါတယ်။

အမေရိကန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ Carlos Cordeiro က “ဒီလိုမျိုး တမူထူးခြားတဲ့ ဂုဏ်ယူရမှုအတွက် ကျေးဇူး အများကြီးတင်ပါတယ်။ ဒီလိုမျိုး အခွင့်အရေးနဲ့ ကျနော်တို့ကို ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီနေ့ အဆုံးသတ် မှာတော့ ကျနော်တို့ဟာ ဘောလုံးအားကစားမှာ အားလုံးစုစည်းမိကြပါပြီ။ ဒါဟာ ကမ္ဘာ့ဖလားစိတ်ဓာတ် ဖြစ်ပါတယ်။ ဒီလှပတဲ့ပြိုင်ပွဲဟာ နယ်စည်းတွေ၊ ယဉ်ကျေးမှုတွေကို ကျော်လွန်နိုင်ခဲ့ပါပြီ။ ဒီနေ့ ဘောလုံးအားကစားဟာ အောင်နိုင် သူသာဖြစ်ပါတယ်” လို့ မော်စကိုမြို့မှာ ကျင်းပတဲ့ ဖီဖာအစည်းအဝေးမှာ အဲဒီဆုံးဖြတ်ချက်ကို ကြေညာခဲ့ပြီးနောက် ပြောကြားခဲ့ပါတယ်။

အဲဒီ မဲပေးရွေးချယ်မှုကို ယနေ့ (ဇွန်လ ၁၄ ရက်နေ့)၊ ရုရှားနိုင်ငံမှာ စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ တရက်အလိုမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး မြောက်အမေရိကအဖွဲ့ရဲ့ အဆိုပြုချက်ကို ထောက်ခံသူတွေ ထဲမှာ ဒေးဗစ်ဘက်ခမ်းလို ဘောလုံးအကျော်အမော်ဟောင်း တဦးလည်း ပါဝင်ပါတယ်။

သူက “ကမ္ဘာ့ဖလားဆိုတာ ကြီးကြယ်မြင့်မြတ်တဲ့ နေရာတွေနဲ့ ထိုက်တန်ပါတယ်” လို့ ပြောကြားခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်တုန်းကတော့ အမေရိကန်နိုင်ငံဟာ ၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို လက်ခံကျင်းပဖို့ နောက်ဆုံး အဆင့်ကို ရောက်ရှိခဲ့ပေမယ့် ဖီဖာ အရာရှိတွေကြားထဲမှာ အကျင့်ပျက်ခြစားမှုကြီး ရှိခဲ့တာကြောင့် မဲပေးမှုမှာတော့ ကာတာနိုင်ငံကို ရှုံးနိမ့်ခဲ့ရပါတယ်။

Ref: variety

The post ၂၀၂၆ ကမ္ဘာ့ဖလားကို အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုနိုင်ငံတို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည် appeared first on ဧရာဝတီ.

၂၀၁၈ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲမယ့်အသင်းကို ခန့်မှန်းပေးတဲ့ A.I နည်းပညာ

$
0
0

၂၀၁၀ ကမ္ဘာ့ဖလားတုန်းက “ပေါလ်” လို့ အမည်ရတဲ့ ရေဘဝဲလေးဟာ ကမ္ဘာ့ဖလားပွဲစဉ် ၁၄ ပွဲမှာ ၁၂ ပွဲအထိ မှန်ကန်အောင် ခန့်မှန်းပြနိုင်ခဲ့တာကို မှတ်မိကြဦးမှာပါ။ ၈ နှစ်ကြာပြီးနောက် အခု ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပွဲမှာလည်း “ပေါလ်” နည်းတူ ဘောလုံးပွဲ ကြိုတင်ခန့်မှန်းပေးမယ့်သူတဦး ထွက်ပေါ်လာပြန်ပါပြီ။

ဒီတခါတော့ တိရိစ္ဆာန်တကောင် မဟုတ်ဘဲ ပိုမို သိပ္ပံနည်းကျတဲ့ “Artificial Intelligence” (ခေါ်) A.I နည်းပညာ တခု ဖြစ်ပါတယ်။ “Artificial Intelligence” ဆိုတာ လူ့အသိဉာဏ်အတိုင်း တုပလုပ်ဆောင်နိုင်စွမ်းရှိတဲ့ ကွန်ပျူတာစနစ် တခု ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို အခြေစိုက် နည်းပညာ ကုမ္ပဏီတခုဖြစ်တဲ့ ‘Unanimous A.I’ ကုမ္ပဏီဟာ A.I နည်းပညာ စွမ်းအားကို အသုံးချကာ ၃၂ သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပွဲစဉ်မှာ ဗိုလ်စွဲမယ့်အသင်းကို ခန့်မှန်းပေးထားတာ ဖြစ်ပါတယ်။ ယခုနည်းပညာ ကုမ္ပဏီဟာ Super Bowl ပွဲစဉ်တွေတုန်းကလည်း နောက်ဆုံးရမှတ် အတိအကျ အထိ မှန်ကန်စွာ ခန့်မှန်းပေးနိုင်ခဲ့တဲ့ ကုမ္ပဏီတခု ဖြစ်တာကြောင့် လျော့တွက်လို့တော့ မရပါဘူး။

“ခန့်မှန်းမှုတွေကို Swam A.I နည်းပညာ အသုံးပြုပြီး ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ခန့်မှန်းမှုတိုင်းဟာ လူသားအမြင်နဲ့ Artificial Intelligence Algorithms (အယ်လဂိုရီသမ်) တွေကို ပေါင်းစပ်အသုံးပြုပြီး ခန့်မှန်းထားတာဖြစ်တာကြောင့် လူသားတယောက်ထက်ရော စက်ပစ္စည်း နည်းပညာတခုထက်ပါ ပိုမိုအဆင့်မြင့် တိကျတဲ့ ခန့်မှန်းစနစ် တခုကို အကောင်အထည် ဖော်နိုင်ခဲ့တာပါ။ အင်တာနက်၊ မီဒီယာမှာရှိတဲ့ ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက် အချက်အလက်တွေကို A.I Algorithms နဲ့ ပေါင်းစပ်ကာ စဉ်းစားတွက်ချက်ထားတဲ့ စနစ်ဖြစ်ပါတယ်” Unanimous A.I ကုမ္ပဏီရဲ့ CEO ဖြစ်သူ Louis Rosenberg က ပြောပါတယ်။

“ဆိုလိုတာက ဘောလုံးခန့်မှန်းမှု ကျွမ်းကျင်သူ တယောက်ချင်းစီရဲ့ ကိုယ်ပိုင်ဗဟုသုတ၊ အသိဉာဏ်တွေ၊ ကိုယ်ပိုင် ထင်မြင်ချက်တွေ အားလုံးကို စုပေါင်းပြီး အဖြစ်နိုင်ဆုံး ခန့်မှန်းမှုကို A.I နည်းပညာနဲ့ ကောက်ချက် ချပေးထားတာ ဖြစ်ပါတယ်” လို့ Louis Rosenberg က ဆိုပါတယ်။

Unanimous A.I အတွက် ဝါရင့်ဘောလုံးပွဲ ခန့်မှန်းသူ အယောက် ၃၀ ကို U.K ကုမ္ပဏီ တခုဖြစ်တဲ့ Colossus က ကူညီ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ Unanimous A.I ဟာ အဆိုပါ ပုဂ္ဂိုလ် အယောက် ၃၀ ရဲ့ မတူညီတဲ့ ခန့်မှန်းမှု အချက်အလက်တွေကို ပေါင်းစည်းကာ ၁ နာရီကျော် အချိန်လေးအတွင်းမှာ ကမ္ဘာ့ဖလား ပွဲစဉ်တိုင်းရဲ့ ရလဒ်တွေကို ခန့်မှန်းပေးပြီး၊ ဘယ်အသင်းက ဘယ်အဆင့်ထိ ရောက်နိုင်တယ်ဆိုတာကို တွက်ချက်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Unanimous A.I ရဲ့ ကမ္ဘာ့ဖလား ရလဒ်ခန့်မှန်းမှုတွေ အရဆိုရင် ဂျာမနီအသင်းက ဗိုလ်စွဲဖို့ ဖြစ်နိုင်ချေ အများဆုံး ရှိနေတာ တွေ့ရပြီး၊ ဂျာမနီအသင်းအောက်မှာ ဘရာဇီးနဲ့ စပိန်တို့ ရှိနေပါတယ်။ ခန့်မှန်းမှုရလဒ် အပြည့်အစုံကတော့ အထက်ပါ ပုံအတိုင်း ဖြစ်ပါတယ်။

Ref: Digital Trends

The post ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲမယ့်အသင်းကို ခန့်မှန်းပေးတဲ့ A.I နည်းပညာ appeared first on ဧရာဝတီ.

အခွန်လိမ်လည်မှုမှာ ထောင်မကျစေဖို့ ဒေါ်လာ ၂၁ ဒဿမ ၇ သန်းပေးခဲ့တဲ့ စီရော်နယ်ဒို

$
0
0

ဘောလုံးစတား တယောက်ဖြစ်တဲ့ Cristiano Ronaldo (ခရစ်စတီရာနို ရော်နယ်ဒို) ဟာ အခွန်လိမ်လည်မှုနဲ့ စပိန်အာဏာပိုင်တွေရဲ့ စွပ်စွဲမှုကို ခံခဲ့ရပြီးတဲ့နောက်မှာ ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပေမယ့် သူအမှုကနေ လွတ်မြောက်နိုင်ဖို့ ဒေါ်လာ ၂၁ ဒဿမ ၇ သန်း ပေးခဲ့တယ်လို့ စပိန်သတင်းမီဒီယာတွေမှာ ဇွန်လ ၁၅ ရက်နေ့က ဖော်ပြထားပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ပထမဆုံးပြိုင်ပွဲအဖြစ် စပိန်အသင်းနဲ့ ကစားဖို့ ပြင်ဆင်ခဲ့ပြီး နာရီပိုင်းအကြာမှာ စပိန်သတင်းစာ တစောင်ဖြစ်တဲ့ El Mundo က ရော်နယ်ဒိုဟာ လွန်ခဲ့တဲ့ တနှစ်လောက်က စတင်ခဲ့တဲ့ အမှုကို ဖြေရှင်းဖို့ ဆိုင်းငံ့ထောင်ဒဏ်ကို သဘောတူခဲ့တယ်လို့ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားနေတဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားနှစ်ဦးထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၄ခုနှစ်ကြားမှာ သူ့ရဲ့ ပုံရိပ်အသုံးပြုခွင့်နဲ့ ဆက်စပ်တယ်လို့ စပိန် အခွန်အာဏာပိုင်တွေက ပြောဆိုတဲ့ ဒေါ်လာ ၁၇ ဒဿမ ၇ သန်းကို လိမ်ညာပြောဆိုခဲ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။

အမှုကို ပထမဆုံးတက်သွင်းချိန်မှာတော့ ကနဦးမှာ အခွန်ရှောင်မှုကို သူက ငြင်းဆိုခဲ့ပြီး အဲဒီအချိန်တုန်းကတော့ ဆုံးဖြတ်ချက် တခုခု ချမှတ်နိုင်ခဲ့တာ မရှိပါဘူး။ ဒါပေမယ့် သူ့မှာအရင်က ပြစ်မှုဟောင်း မရှိတဲ့အတွက် သူ့အနေနဲ့ ထောင်ဒဏ် ကျခံရမှာ မဟုတ်တဲ့ အပေးအယူတခုကို လက်ခံလိုက်တယ်လို့ဆိုပါတယ်။

မကြာသေးခင် အချိန်တွေအတွင်းက မက်ဆီနဲ့ အခြားနာမည်ကျော် အားကစားသမားတွေကို ပြစ်မှတ်ထားခဲ့တဲ့ စပိန်အခွန်အာဏာပိုင်တွေနဲ့ ရော်နယ်ဒိုရဲ့ ပြဿနာဟာ ကမ္ဘာ့ဖလားပြီးတဲ့နောက် ရီးရဲလ်မက်ဒရစ် အသင်းကနေ ပြောင်းရွှေ့သွားနိုင်တဲ့အထိ ဦးတည်သွားစေနိုင်တယ်လို့ ထင်ကြေပေးမှုတွေလည်း ထွက်ပေါ်လာစေပါတယ်။

သူ့ရဲ့ အရင် ကလပ်အသင်းဖြစ်တဲ့ အင်္ဂလိပ် ပရီးမီးယားလိဂ်မှ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပြင်သစ်နိုင်ငံရဲ့ ငွေအသုံးဆုံး Paris St. Germain အသင်းတို့ဟာ သူပြောင်းရွှေ့ဖို့ စိတ်ဝင်စားတဲ့အထဲမှာ ပါဝင်နေပြီး စိန်ခေါ်မှု အသစ် တခုကိုလည်း ရှာဖွေနေတယ်လို့ဆိုပါတယ်။

အုပ်စု B မှာ ပါဝင်တဲ့ စပိန်နဲ့ပေါ်တူဂီတို့ ယှဉ်ပြိုင်ဖို့ နီးစပ်လာခဲ့ချိန်မှာ အချိန်ကိုက်ထွက်ပေါ်ခဲ့တဲ့ အဲဒီသတင်းဟာ အနည်းဆုံးတော့ လူစိတ်ဝင်စားဖွယ် ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲများ မကစားမီ ၄၈ နာရီအလိုမှာ အုပ်ချုပ်သူ နည်းပြ Julen Lopetegui ကို ထုတ်ပယ်လိုက်တဲ့အချိန်မှာ အုပ်စုပတ်လည်ပွဲကစားဖို့ ပြင်ဆင်နေတဲ့ စပိန်အသင်းအတွက် အကျပ် ရိုက်စရာ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားကို တခါမှာ ကိုင်မြှောက်ခဲ့ဖူးခြင်း မရှိသေးတဲ့ ရော်နယ်ဒိုဟာ အသက် ၃၃ နှစ် အရွယ် ရှိနေပြီဖြစ်ပြီး တကြိမ်နဲ့ လွဲသွားခဲ့နောက် ထပ်အခွင့်အရေးရဖို့ မကျိန်းသေတော့ပါဘူး။

Ref: usatoday

The post အခွန်လိမ်လည်မှုမှာ ထောင်မကျစေဖို့ ဒေါ်လာ ၂၁ ဒဿမ ၇ သန်းပေးခဲ့တဲ့ စီရော်နယ်ဒို appeared first on ဧရာဝတီ.


တိုက်ရိုက်ထုတ်လွှင့်နေစဉ် ရင်သားကိုင်ခံရပြီး အနမ်းခံလိုက်ရတဲ့ အမျိုးသမီးသတင်းထောက်

$
0
0

ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအကြောင်း သတင်းတင်ဆက်နေတဲ့ အမျိုးသမီး ဂျာနယ်လစ် တဦးဟာ ပြီးခဲ့တဲ့ သီတင်းပတ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု တခုအတွင်းမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီး အခုတော့ အဲဒီအကြောင်းနဲ့ ပတ်သက်လို့ ကျယ်ကျယ်လောင်လောင် ပြောလာကြပြီ ဖြစ်ပါတယ်။

ကိုလံဘီယာသတင်းထောက် Julieth Gonzalez Theran ဟာ ရုရှားနိုင်ငံ Saransk မြို့မှာရှိတဲ့ မြို့ရင်ပြင်တခုမှာ မတ်တပ်ရပ်ပြီး ဂျာမန် သတင်းဌာနတခုဖြစ်တဲ့ Deutsche Welle အတွက် ကမ္ဘာ့ဖလား သတင်းတွေကို တင်ဆက် ပေးနေခဲ့တာပါ။

ကင်မရာကိုကြည့်ပြီး စကားပြောနေတဲ့အချိန်မှာ အမျိုးသားတဦးဟာ ရိုက်ကွင်းထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့ပြီး သတင်းတင်ဆက်နေသူ အမျိုးသမီးရဲ့ ရင်သားကို ဆွဲကိုင်လိုက်ကာ ပါးကို နမ်းခဲ့ပြီးတဲ့နောက် မြင်ကွင်းကနေ အမြန် ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ သတင်းထောက် Gonzalez Theran ကတော့ အခုလိုမျိုး အိန္ဒြေပျက်လောက်တဲ့ အဖြစ်နဲ့ ကြုံခဲ့ရပေမယ့် ကျန်ရှိတဲ့ ထုတ်လွှင့်ချိန်အတွင်းမှာ ပရောဖက်ရှင်နယ် ဆန်စွာ ပြုမူခဲ့တာကို တွေ့ရပါတယ်။

အဲဒီတိုက်ခိုက်ခံရမှု ပြီးတဲ့နောက်မှာတော့ Gonzalez Theran က သူသတင်းတင်ဆက်နေတဲ့ ဗီဒီယိုကို Instagram မှာ တင်ခဲ့ပြီး အမျိုးသမီး ဂျာနယ်လစ်တွေအပေါ် ပိုမိုလေးစားကြဖို့ တောင်းဆိုခဲ့ပါတယ်။ သူက “ကျမတို့ဟာ ဒီလိုဆက်ဆံ ခံရမှုမျိုးနဲ့ ထိုက်တန်တဲ့သူတွေ မဟုတ်ပါဘူး။ ကျမတို့ဟာ တန်းတူညီမျှစွာ တန်ဖိုးရှိပြီး ပရောက်ဖက်ရှင်နယ်ဆန်သူတွေပါ။ ဘောလုံးအားကစားရဲ့ ပျော်ရွှင်မှုကို ကျမက ဝေမျှပေမယ့် ချစ်ခင်တာနဲ့ နှောင့်ယှက်တာရဲ့ အကန့်အသတ်တွေကိုတော့ ကျမတို့ ခွဲခြားရပါမယ်” လို့ ပြောဆိုခဲ့ပါတယ်။

ရုပ်သံဌာနဖြစ်တဲ့ Deutsche Welle ကတော့ Instagram အကောင့်မှာ အခုလိုမျိုး တိုက်ခိုက်ခံရတဲ့ ဗီဒီယိုကို နောက်ပိုင်းမှာ တင်ခဲ့ပြီး နေ့စဉ်လုပ်ဆောင်နေရတဲ့ အမျိုးသမီး အားကစားသတင်းတွေအပေါ် ပိုမိုကောင်းမွန်တဲ့ အပြုအမူမျိုးနဲ့ ဆက်ဆံရမှုကို မျှော်လင့်ပြီး အဲဒီအမျိုးသမီး သတင်းထောက်ရဲ့ ပြောဆိုမှုကိုလည်း သဘောတူခဲ့ပါတယ်။

ရုပ်သံဌာနက “ဒါဟာ အနမ်းတခု မဟုတ်ပါဘူး။ အလိုမတူဘဲ တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်” လို့ ပြောကြား ခဲ့ပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားအကြမ်းဖက်သူ အမျိုးသားဟာ ဘယ်သူလဲ ဆိုတာကိုတော့ အခုထိ မသိရှိရသေးပါဘူး။

Ref: etcanada

The post တိုက်ရိုက်ထုတ်လွှင့်နေစဉ် ရင်သားကိုင်ခံရပြီး အနမ်းခံလိုက်ရတဲ့ အမျိုးသမီးသတင်းထောက် appeared first on ဧရာဝတီ.

စိန်လက်စွပ် ဝတ်လာပြီး စေ့စပ်ပွဲ ကောလာဟလတွေကို အတည်ပြုလိုက်တဲ့ စီရော်နယ်ဒိုရဲ့ ချစ်သူ

$
0
0

ကမ္ဘာကျော် ဘောလုံးသမား ခရစ်စတီယာနို ရော်နယ်ဒိုရဲ့ ချစ်သူမိန်းကလေးဟာ ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ချစ်သူကို လာရောက်အားပေးခဲ့တဲ့ အချိန်မှာ ကြီးမားတဲ့ စိန်လက်စွပ် ဝတ်လာခဲ့ပြီးနောက် စေ့စပ်ပွဲသတင်း ကောလာဟလတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ အတည်ပြုသွားခဲ့ပါတယ်။

မော်ဒယ် Georgina Rodriguez ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့မှာ စီရော်နယ်ဒိုနဲ့ သူရဲ့ ပေါ်တူဂီ အသင်းသားတွေ မော်ရိုကိုအသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ မော်စကိုမြို့ရဲ့ Luzhniki အားကစားကွင်း ပွဲကြည့်စဉ်ပေါ်မှာ တလက်လက် တောက်ပနေတဲ့ စိန်လက်စွပ်ကို ဘယ်ဘက် လက်သူကြွယ်မှာ ဝတ်ဆင်လာခဲ့ပြီး ပရိသတ်တွေနဲ့ ဓာတ်ပုံသမားတွေရဲ့ အထူးစိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။

ရော်နယ်ဒိုရဲ့ အနီရောင်ဂျာစီ အကျီၤကိုပါ ဝင်ဆင်လာခဲ့သူ မော်ဒယ် Georgina ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက သူတို့နှစ်ဦး စေ့စပ်လိုက်ပြီဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့ပြီး သီတင်းပတ်အနည်းငယ် အကြာမှာ မကြာခင် လက်ထပ်တော့မယ်ဆိုတဲ့ သတင်းတွေကို အတည်ပြုလိုက်ပုံရပါတယ်။

၂၀၁၆ ခုနှစ်ကတည်းက စတွဲခဲ့ကြတဲ့ ရော်နယ်ဒိုနဲ့ Rodriguez တို့က အဲဒီသတင်းတွေနဲ့ ပတ်သက်လို့ တစုံတရာ မှတ်ချက် ပေးထားတာမျိုး မရှိသေးပေမယ့် အခုလိုမျိုး ကမ္ဘာ့ဖလားပြိုင်ပွဲကို တက်ရောက်လာတာဟာ ပွဲစပြီး ၄ မိနစ် အတွင်း အဖွင့်ဂိုး သွင်းယူပြီး အနိုင်ရရှိခဲ့တဲ့ မော်ရိုကိုအသင်းနဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး ရော်နယ်ဒိုအတွက် ကံကောင်းခြင်းတွေ သယ်ဆောင်လာပုံလည်း ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ စပိန်အသင်းနဲ့ ၃ ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်မှာလည်း နိုင်ငံအတွက် ဟက်ထရစ် သွင်းယူပေးနိုင်ခဲ့ပြန်ပါတယ်။ မော်ဒယ် Georgina ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ Alana လို့ အမည်ရတဲ့ သမီးတဦးကို မွေးဖွားခဲ့ပြီး ဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ အငှားကိုယ်ဝန်နဲ့ ရရှိထားတဲ့ အသက် ၇ နှစ်အရွယ် ခရစ်စတီယာနို ဂျူနီယာ နဲ့ တနှစ်အရွယ် အမြွှာလေးတွေဖြစ်ကြတဲ့ Eva နဲ့ Mateo တို့ရဲ့ ဖခင်တဦးလည်း ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်အခွန်လိမ်လည်မှုမှာ ထောင်မကျစေဖို့ ဒေါ်လာ ၂၁ ဒဿမ ၇ သန်းပေးခဲ့တဲ့ စီရော်နယ်ဒို

Ref: aceshowbiz

The post စိန်လက်စွပ် ဝတ်လာပြီး စေ့စပ်ပွဲ ကောလာဟလတွေကို အတည်ပြုလိုက်တဲ့ စီရော်နယ်ဒိုရဲ့ ချစ်သူ appeared first on ဧရာဝတီ.

အောင်လအန်ဆန်း မစ်ဒယ်ဝိတ်ချန်ပီယံအဖြစ် ဆက်လက်အောင်ပွဲခံမှာလား

$
0
0

မြန်မာ့ဂုဏ်ဆောင် နှစ်ထပ်ကွမ်းချန်ပီယံ အောင်လအန်ဆန်း အနေဖြင့် ဇွန် ၂၉ ရက်နေ့တွင် MMA ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံနေရာတွင် ဆက်လက်တည်မြဲရန် အတွက် ပထမဆုံးအကြိမ် ကာကွယ် ထိုးသတ် တော့မည်ဖြစ်သည်။

တိတိကျကျဆိုရလျှင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်လက ရန်ကုန်မြို့တွင်ကျင်းပသည့် “Light Of A Nation” ပြိုင်ပွဲတွင် ရှုံးပွဲမရှိသော MMA မစ်ဒယ်ဝိတ် ချန်ပီယံ ဗစ်တာလီ ဘစ်ဒက်ရှ်ကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့သည့်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို အောင်လအန်ဆန်း ကာကွယ်ထိုးသတ်ရမည်ဖြစ်သည်။

အောင်လအန်ဆန်း၏ မစ်ဒယ်ဝိတ် ချန်ပီယံဘွဲ့ကို လုယူဖို့ကြိုးစားမည့်သူက ဂျပန်ဖိုက်တာ ကန် ဟာဆီဂါဝါ(Ken Hasegawa) ဖြစ်သည်။ ဟာဆီဂါဝါ ဆိုသူက ဂျပန်နိုင်ငံရှိ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ – MMAလောက၏ မစ်ဒယ်ဝိတ်တန်းတွင် နံပါတ်ဝမ်း ဖိုက်တာတဦးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှစတင်၍ ခက်ခဲ ကြမ်းတမ်းသည့် MMA လောကထဲ ဝင်ရောက်ခဲ့သူ ဖြစ်သည်။

ဟာဆီဂါဝါ၏ MMA ဖိုက်တာဘ၀ ၈ နှစ်တာကာလအတွင်း ဂျပန်နိုင်ငံ၏ သိုင်းပေါင်းစုံ ကိုယ်ခံပညာပြိုင်ပွဲများ ဖြစ်သည့် Deep နှင့် Rizin ပွဲများတွင် ၁၈ ပွဲထိုးသတ်ခဲ့ရာ ၁၆ ပွဲ အနိုင်ရရှိထားသူ ဖြစ်သည်။ အနိုင်ရခဲ့သည့် ၁၆ ပွဲတွင် အလဲထိုးဖြင့် ၆ ပွဲ၊ ပိုင်နိုင်သည့်ချုပ်နှောင်မှုဖြင့် ပြိုင်ဘက်က အရှုံးပေးစေခဲ့သည့်ပွဲ ၄ ပွဲနှင့် ဒိုင်အဖွဲ့ အဆုံးအဖြတ်ဖြင့် ၆ ပွဲ အနိုင်ရရှိထားသူ ဖြစ်သည်။

ပြိုင်ဘက်ကို ခြေကန်ချက်၊ လက်သီးချက်များဖြင့် တိုက်ခိုက်လေ့ရှိပြီး အထိုးခံ၊ အနာခံ၍ ပြိုင်ဘက်ကို ချုပ်နှောင်ကာ အနိုင်ယူတတ်သည့် အသက် ၃၁ နှစ်အရွယ်ရှိ ဟာဆီဂါဝါအနေဖြင့် ဝမ်းချန်ပီယံရှစ် ONE Championship ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ၎င်းဘဝ၏ပထမဆုံးသော ဝမ်းချန်ပီယံရှစ်ပွဲတွင် ရင်ဆိုင်ထိုးသတ်ရန်အတွက် မြန်မာပရိတ်သတ် အချစ်တော် MMA ချန်ပီယံခါးပတ်၂ ခုပိုင်ရှင် အောင်လအန်ဆန်းကို ရွေးချယ်ခဲ့ပြီး ဘဝအတွက် ကြီးမားသည့်စိန်ခေါ်မှုတရပ်ကို ဟာဆီဂါဝါရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ကိုယ်ခံပညာ သိုင်းပေါင်းစုံ အသုံးပြုတိုက်ခိုက်သည့် MMA ပြိုင်ပွဲတိုင်းက ကြမ်းတမ်းခက်ထန်သည်ချည်း ဖြစ်သည်။ ထိုအထဲတွင်မှ ဟာဆီဂါဝါ ယှဉ်ပြိုင်ရမည့်သူက မြန်မာ့မြေပေါ်တွင် ပြိုင်ဘက်တိုင်းကို အနိုင်ယူပြီး ရှုံးပွဲမရှိ စံချိန်ရယူထားသူ အောင်လအန်ဆန်း ဖြစ်နေခဲ့သည့်အတွက် ဇွန်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၊သုဝဏ္ဏအားကစားရုံတွင် ယှဉ်ပြိုင်မည့် “ONE : SPIRIT OF A WARRIOR” အောင်လအန်ဆန်းနှင့်ပွဲကဟာဆီဂါဝါ၏ MMA ကစားသမား ဘဝတလျှောက် အခက်ခဲဆုံးပွဲစဉ် တပွဲ ဖြစ်လာဖို့ ရှိနေသည်။

အောင်လအန်ဆန်းကို ရင်ဆိုင်ဖို့ စိုးရိမ်ခြင်းမရှိဘဲ အနိုင်ရဖို့ ရာနှုန်းပြည့် ယုံကြည်ထားကြောင်းဟာဆီဂါဝါက ဝမ်းချန်ပီယံရှစ်နှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

“၈ နှစ်တာကာလ တလျောက်လုံး အကောင်းဆုံး ကြိုးစားအောင်မြင်ခဲ့တဲ့ ပရောဖက်ရှင်နယ်တဦးအနေနဲ့ လျှောက်လှမ်း လာခဲ့တာဟာ အခုဆို ကျနော့်ရဲ့ ကစားသမားဘ၀ နောက်တဆင့်ကို ရောက်ရှိလို့လာပါပြီ။ ကျနော့် အတွက် သိမ်းထားတဲ့ ဒီဆုအတွက် သိပ်ကို စိတ်လှုပ်ရှားနေပါတယ်။ ဒီခါးပတ်အတွက် အောင်လ အန်ဆန်းနဲ့ ရင်ဆိုင်တွေ့ဆုံရမှာ ကိုလည်း ဂုဏ်ယူပါတယ်။ သူ့ရဲ့အောင်မြင်မှုတွေနဲ့အတူ သူ့ကိုလည်း ကျနော် လေးစားပါတယ်။ ဒါပေမယ့် ဒီပွဲမှာ အောင်နိုင်မယ်လို့ ကျနော့်မှာ ယုံကြည်မှုရှိပါတယ်။ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အသစ်အဖြစ် ဒိုင်လူကြီးက ကျနော့်ရဲ့လက်ကို မြှောက်ပြီးအောင်ပွဲခံမှာပါ” ဟု ဟာဆီဂါဝါက ပြောဆိုခဲ့သည်။

အောင်လအန်ဆန်း အတွက်တော့ ဟာဆီဂါဝါနှင့်ပွဲက ကစားသမားဘ၀ သက်တမ်းတလျှောက် ဂျပန်ဖိုက်တာ တစ်ဦးနှင့် ပထမဆုံး ထိုးသတ်သော ပွဲစဉ် ဖြစ်သည်။ ပြိုင်ဘက်မှာ ဂျူဒို ခါးပတ်နက် ပညာရှင် တဦးဖြစ်ပြီး ခံနိုင်ရည်နှင့် သက်လုံမြင့်မားသည့် MMA ဖိုက်တာဖြစ်နေသည့်အတွက်အထင်သေး၍ မရကြောင်း ပြောသည်။

“သူက ခံနိုင်ရည်အများကြီးရှိတယ်။ သူများထိုးတဲ့ဒဏ်ကို အများကြီးခံနိုင်တယ်။ သူက ဂျူဒိုခါးပတ်နက်ဆိုတော့ ကောင်းမွန်တဲ့ နည်းစနစ်တွေရှိတယ်။ သူက အထင်သေးလို့ မရဘူး။ ဂျပန်က မစ်ဒယ်ဝိတ်ဖိုက်တာ အားလုံးမှာ သူက နံပါတ်ဝမ်း။ ဂျပန်ဖိုက်တာတွေက အရမ်းအထိုးခံနိုင်တယ်။ ကျနော်ကလည်း ဂျပန်ကဖိုက်တာတွေနဲ့ တခါမှ မထိုးဘူးတော့ ဒီပွဲက ရင်ခုန်စရာကောင်းတဲ့ပွဲ ဖြစ်လာမှာပါ” ဟု အွန်လိုင်းမှတဆင့် သတင်းမီဒီယာ များနှင့် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။

ဘရာဇီးဖိုက်တာ လီရန်ဒရို အက်တိုင်းဒီးစ်မှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် မေလ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် Grit and Glory ပွဲစဉ်တွင် အောင်လအန်ဆန်း၏ ပြိုင်ဘက်ဟောင်းဖြစ်ပြီး ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံဟောင်း ဗစ်တာလီ ဘစ်ဒက်ရှ်အား အလဲထိုးအနိုင်ယူခဲ့သည့်အတွက် ဇွန်လ ၂၉ ရက် နေ့တွင် လက်ရှိချန်ပီယံ အောင်လအန်ဆန်းနှင့် မစ်ဒယ်ဝိတ်ချန်ပီယံ ခါးပတ်လုပွဲ ယှဉ်ပြိုင်ထိုးသတ်ခွင့် ရရှိခဲ့သည်။

သို့သော် အက်တိုင်းဒီးစ် ကိုယ်တိုင်က အောင်လနှင့် ထိုးသတ်ဖို့အတွက် အချိန်ယူလေ့ကျင့်လိုကြောင်း ပြောဆိုခဲ့သည့်အတွက် ဝမ်းချန်ပီယံရှစ်အဖွဲ့က ဂျပန်ဖိုက်တာ ကန် ဟာဆီဂါဝါနှင့် ထိုးသတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မွေးရပ်မြေ မြန်မာနိုင်ငံတွင် ထိုးသတ်မည့် “ONE : SPIRIT OF A WARRIOR” ပြိုင်ပွဲတွင်One Championship အဖွဲ့၏ နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လအန်ဆန်းအနေဖြင့် ဟာဆီဂါဝါကိုအနိုင်ရခဲ့ပါက နှစ်ထပ်ကွမ်း ချန်ပီယံအဖြစ် ဆက်လက်ရပ်တည်နိုင်မည် ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက မစ်ဒယ်ဝိတ် ချန်ပီယံဘွဲ့ စွန့်လွှတ်ရမည် ဖြစ်ကာ လိုက်ဟဲဗီးဝိတ် ချန်ပီယံအဖြစ်သာ ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်။လအန်ဆန်းနှင့် ဟာဆီဂါဝါတို့၏ ကစားသမားဘ၀ ထိုးသတ်မှု မှတ်တမ်းများကို နှိုင်းယှဉ်ကြည့်လျှင်မြန်မာတို့၏အချစ်တော် အောင်လက ဂျပန်ဖိုက်တာထက် များစွာသာလွန်နေသည်။

အောင်လအန်ဆန်းမှာ ၂၀၀၅ ခုနှစ်မှ စတင်ကာ MMA လောကသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး ကစားသမားဘ၀ သက်တမ်းတလျှေက်၃၂ ပွဲထိုး၊ ၂၂ ပွဲနိုင်၊ ၁၀ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ် ဇွန်လက ကျင်းပသည့် Light of a Nation ပြိုင်ပွဲတွင် ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှ်ကို ဒိုင်အဖွဲ့၏ဆုံးဖြတ်ချက်ဖြင့် အနိုင်ရခဲ့ပြီး မြန်မာပြည်ကိုယ်စားပြု ပထမဆုံးသော မစ်ဒယ်ဝိတ်ချန်ပီယံ ဖြစ်လာခဲ့သည်။

ထို့နောက် ယခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် Quest For Gold ပြိုင်ပွဲတွင် ၎င်းထိုးသတ်နေသည့် မစ်ဒယ်ဝိတ်ထက် တဆင့်မြင့်သည့် လိုက်ဟဲဗီးဝိတ် ကစားသမား မာချာဒိုကို အနိုင်ယူကာ ဝမ်းချန်ပီယံရှစ်၏ ပထမဆုံးသော မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် နှစ်ထပ်ကွမ်းချန်ပီယံ အောင်လအန်ဆန်းအဖြစ် မှတ်တမ်းသစ် ရေးထိုးထားခဲ့သူ ဖြစ်သည်။အောင်လအနေဖြင့် ၎င်း၏မွေးရပ်မြေဖြစ်သည့် မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှစတင်၍ ထိုးသတ်မှုများ ပြုလုပ်ခဲ့ရာ ၂၀၁၆ အတွင်းထိုးသတ်သည့်ပွဲစဉ် ၂ ပွဲစလုံး အနိုင်ရခဲ့သည်။ ထို့နောက် ၂၀၁၇ ဇွန်လတွင်ဘစ်တာလီ ဘစ်ဒက်ရှက်ကို အနိုင်ယူခဲ့ပြီး နိုဝင်ဘာလတွင်လည်း ၎င်းထက် ဝိတ်တန်းမြင့်သည့် ဟဲဗီးဝိတ် ဖိုက်တာ အလိန်း ငလာနီကို အလဲထိုးဖြင့် အနိုင်ယူခဲ့သူဖြစ်သည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့သုဝဏ္ဏမိုးလုံလေလုံ အားကစားခန်းမ၌ ဘရာဇီးဖိုက်တာ မာချာဒိုကို အနိုင်ယူ၍ မြန်မာ့မြေပေါ်တွင် ၅ ပွဲထိုး၅ ပွဲနိုင်ဖြင့် ရာနှုန်းပြည့် အနိုင်ရထားသည့်စံချိန်ကို ရေးထိုးထားသူ ဖြစ်သည်။

ယခင်ထိုးသတ်သည့် ပွဲစဉ်များတွင် ပထမအချီမှာပင် ပြိုင်ဘက်များကို ပွဲသိမ်းနိုင်ခဲ့သော်လည်း ယခုလအတွင်း ထိုးသတ်မည့် ဟာဆီဂါဝါနှင့်ပွဲမှာတော့ ပွဲချိန်ရှည်ကြာနိုင်ကြောင်း အောင်လအန်ဆန်းက ပြောဆိုသည်။

“သူက ဂျပန်ဖိုက်တာဖြစ်တဲ့အတွက် ခံနိုင်ရည်အရမ်းကောင်းတယ်။ ဒီပွဲကနည်းနည်းရှည်မယ်လို့ ယုံကြည် ပါတယ်။ လာကြည့်တဲ့ပရိသတ်တွေ အကြိုက်တွေ့အောင် ကျနော်အကောင်းဆုံး ကစားပေးမယ်။ သူပေးတဲ့ အခွင့်အရေးကို အရယူမယ်။ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားထားတယ်” ဟု မီဒီယာများနှင့်တွေ့ဆုံပွဲတွင် အောင်လအန်ဆန်းက ပြောဆိုခဲ့သည်။ဟဲဗီးဝိတ်ဖိုက်တာ အလိန်း ငလာ့နီ၊ လိုက်ဟဲဗီးဝိတ်ဖိုက်တာ မာချာဒိုတို့နှင့် ထိုးသတ်ခဲ့သည့်ပွဲစဉ်များတွင်ပထမအချီမှာပင် အောင်လအန်ဆန်းက အနိုင်ယူခဲ့သည့်အတွက် မြန်မာပရိသတ်တချို့က လုပ်ပွဲဟု ဝေဖန်ပြောဆိုမှုများ ရှိခဲ့ပြီး အဆိုပါပြောဆိုချက်များအပေါ် အောင်လအန်ဆန်းက ယခုလို ရှင်းပြသည်။

“အဲဒါကတော့ ပြိုင်ပွဲအပေါ် သိပ်ပြီးတော့ ရင်းနှီးကျွမ်းဝင်မှု မရှိကြလို့ လုပ်ပွဲလို့ ထင်ကြတာ နေမှာပါ။ ဘာလို့ဆိုတော့ ကျနော်ကစားခဲ့တဲ့ပွဲတွေမှာ ဘရာဇီးက ကစားသမား (မာချာဒို) ဆိုရင်လည်း နှစ်ပေါင်း၂၀ လောက် ဂျူဒို၊ ကရာတေးစတဲ့ ကိုယ်ခံပညာရပ်ပြိုင်ပွဲ (Martial Arts) မှာ ကစားနေတာပါ။ အရမ်းကို သမ္ဘာရင့်တဲ့သူပါ။ အဲ့လိုလူတွေနဲ့ပွဲကို လုပ်ပွဲလို့ ဘယ်လိုစဉ်းစားလိုက်လဲ မသိဘူး။ သူက ကျနော့်ကို ဖမ်းချုပ်ထားလိုက်ရင်လည်း လွတ်ဖို့တော်တော်ခက်တယ်” ဟု သူက ရှင်းပြသည်။

ဆက်လက်ပြီး “အလိန်း (Alain Ngalani) နဲ့ကစားတဲ့အခါမှာလည်း သူက ကစ်ဘောက်ဆင်ကစားတာ နှစ်ပေါင်း ၂၀ လောက်ရှိပြီ။ အကယ်၍ ထိသွားခဲ့ရင် အလဲထိုးဖြစ်သွားမှာ။ အဲဒီအတွက် သူ့ကို လှုပ်မရအောင် ဆိုပြီး နီးနီးကပ်ကပ်နဲ့ ကစားခဲ့ရတာ။ ကျနော့်ရဲ့နည်းစနစ်က ကောင်းခဲ့ပြီး အသုံးချနိုင်ခဲ့လို့ ဒီပွဲတွေက မြန်မြန်ပြီးသွားတာပါ။ MMA မှာက ပညာသားအများကြီးပါတယ်။ သိပ်မကြည့်တတ်သေးလို့ ဖြစ်မှာပါ။ ကျနော် ပြောနိုင်တာကတော့ ဒါတွေက လုပ်ပွဲတွေ မဟုတ်ပါဘူး” ဟု အောင်လအန်ဆန်းက ပြောဆိုသည်။

မြန်မာပြည်ဖွား မြစ်ကြီးနားမြို့သား ချန်ပီယံ အောင်လအန်ဆန်းနှင့် ဟာဆီဂါဝါတို့ပွဲစဉ်ကို အဓိက ဦးတည် ကျင်းပသည့် “ONE : SPIRIT OF A WARRIOR” ပွဲစဉ်ကို ဇွန်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၊သုဝဏ္ဏ အားကစားရုံတွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် အောင်လပွဲမှလွဲ၍ ကျန်ပွဲစဉ်များမှာ နိုင်ငံခြားသား ဖိုက်တာများ၏ တွဲဆိုင်းများ ဖြစ်သည်။ဝမ်းချန်ပီယံရှစ်တွင် ပထမဆုံး ဝင်ရောက်ထိုးသတ်မည့် ဂျပန်ဖိုက်တာ ဟာဆီဂါဝါကတော့ လက်ရှိမစ်ဒယ်ဝိတ်ချန်ပီယံ အောင်လကို မြန်မာ့မြေပေါ်တွင် အနိုင်ယူ၍ မစ်ဒယ်ဝိတ်ချန်ပီယံ အသစ်အဖြစ် အောင်ပွဲခံမည်ဟု ပြောဆိုထားသည်။ အောင်လအန်ဆန်းကတော့ ယခုပွဲကို အကောင်းဆုံးဖြစ်အောင်ထိုးသတ်သွားမည်ဟု ပြောဆိုသည်။

“အခု ကျနော်အရမ်းကြိုးစားနေတယ်။ ဒီပွဲမှာ အကောင်းဆုံးဖြစ်အောင် လုပ်နေတယ်။ အားလုံးရဲ့ အားပေးမှုတွေကြောင့် အရမ်းအားရှိပါတယ်။ အားလုံးပျော်ရွှင်နိုင်အောင် ကြိုးစားသွားမှာပါ” ဟု အောင်လအန်ဆန်းက ပြောသည်။

ဂျပန်ဖိုက်တာ ဟာဆီဂါဝါ အနေဖြင့် မြန်မာ့မြေပေါ်တွင် ရှုံးပွဲမရှိစံချိန်ထူထားသည့် ချန်ပီယံခါးပတ် ၂ ခုပိုင်ရှင် အောင်လအန်ဆန်းကို ထိုးသတ်အနိုင်ယူကာ မစ်ဒယ်ဝိတ်ချန်ပီယံအသစ်အဖြစ် အောင်ပွဲခံသွားမလား၊မြန်မာတို့၏အချစ်တော် အောင်လအန်ဆန်းကပဲ ဟာဆီဂါဝါကို အနိုင်ယူ၍ ရှုံးပွဲမရှိစံချိန်သစ် ထပ်မံရေးထိုးကာမစ်ဒယ်ဝိတ်လက်ရှိချန်ပီယံဘွဲ့ကို ဆက်လက်ထိမ်းသိမ်းသွားမလားဆိုတာ “ONE : SPIRIT OF A WARRIOR” ပြိုင်ပွဲတွင် ဆက်လက်စောင့်ကြည့်သွားရမည်ဖြစ်သည်။

The post အောင်လအန်ဆန်း မစ်ဒယ်ဝိတ်ချန်ပီယံအဖြစ် ဆက်လက်အောင်ပွဲခံမှာလား appeared first on ဧရာဝတီ.

ကမ္ဘာကျော်ဘောလုံးသမား ၁၀ ဦးရဲ့ အမိုက်စား ဆံပင်ပုံစံများ

$
0
0

ကမ္ဘာကျော် ကလပ်အသင်းတွေနဲ့ နိုင်ငံကိုယ်စားပြု အသင်းတွေမှာ ကစားနေတဲ့ ဘောလုံးအကျော်အမော် တချို့ရဲ့ ဆံပင်ပုံစံတွေက အတိုအကပ် ပုံစံမျိုးတွေသာ ဖြစ်ကြပါတယ်။ အသင်းတသင်းလုံးဟာ တူညီဝတ်စုံကို ဝတ်ဆင်ထားတဲ့အတွက် ထူးခြားတဲ့ ဆံပင်ပုံစံကြောင့်သာ အဲဒီဘောလုံးသမားကို သတိပြုမိနိုင်မှာဖြစ်ပါတယ်။

တချို့ဘောလုံးသမားတွေကတော့ တခြားသူတွေရဲ့ ရုပ်ရည်အသွင်အပြင် ကြည့်ကောင်းမှုကြောင့် တုန်လှုပ် ချောက်ခြား ရတာတွေ ရှိတတ်ပါတယ်။ ဘောလုံးသမားတွေရဲ့ဆံပင်ပုံစံကို ကြည့်မယ်ဆိုရင် တည်ငြိမ်တဲ့ ဆံပင်ဒီဇိုင်းနဲ့ အဖြူရောင်ဘက် သန်းတဲ့ ဆံပင်အရောင်တွေ၊ ဘီးနဲ့ လှန်တင်ထားတဲ့ ဆံပင်ပုံစံ တွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

ဆံပင်ရှည်ထားတဲ့ပုံစံဟာလည်း ဘောလုံးကွင်းထဲမှာ လူကြိုက်များတဲ့ အခြားပုံစံတမျိုးလည်း ဖြစ်ပါတယ်။ မေးစေ့အထိ ရှည်တဲ့ ဆံပင်ပုံစံ၊ ဆံပင်အတွန့်အလိမ်နဲ့ ဆံပင်အဖြောင့်တွေကိုလည်း ဘောလုံးသမား တယောက်၊ နှစ်ယောက် လောက်မှာ မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။ အခုဖော်ပြမယ့် ဘောလုံးအားကစားသမားတွေကတော့ အမိုက်စားဆံပင်ပုံစံတွေ ထားလေ့ရှိတဲ့ သူတွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့် သူတို့တွေဟာ ဥရောပစတိုင် ဆံပင်ပုံစံအတိုတွေ ထားတာကိုလည်း တွေ့ရပါတယ်။

(၁) Karim Benzema

ကတုံးဆံပင်ပေါက် ပုံစံကတော့ အားကစားသမားတော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ ပုံစံဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပြင်သစ်အမျိုးသားအသင်းတို့ရဲ့ တိုက်စစ်မှူး Karim Benzema ကတော့ နားအနောက်ပိုင်းမှာ ဆံပင်အပြောင်ရှင်းထားပြီး ပါးသိုင်းမွှေးအတိုလေးတွေနဲ့ ကြည့်ကောင်းနေပါတယ်။

(၂) Granit Xhaka

အာဆင်နယ်အသင်းနဲ့ ဆွစ်ဇာလန် အမျိုးသားအသင်း ကွင်းလယ်လူ Granit Xhaka ကိုတော့ အမေရိကန်အင်ဒီးယန်း ဆံပင်ပုံစံ Mohawk နဲ့ မြင်တွေ့ရမှာဖြစ်ပြီး ဦးခေါင်းအနောက်ဘက်မှာ V ပုံစံ ဖော်ထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

(၃) Robbie Rogers

အမေရိကန်အမျိုးသားအသင်း တောင်ပံကစားသမား Robbie Rogers ရဲ့ ဆံပင်တိုပုံစံကလည်း ကြည့်ကောင်း နေပြန် ပါတယ်။ သူတို့ရဲ့ဘေးဘက်အတိုပုံစံဆံပင်ကို အလယ်မှာ ဘီးနဲ့ သပ်ရပ်စွာ ပြန်ဖီးထားပုံက တမျိုးဆန်းနေပါတယ်။

(၄) Gerard Piqué

ဘာစီလိုနာအသင်းနဲ့ စပိန်အမျိုးသားအသင်း ဗဟိုနောက်ခံလူ Gerard Piqué ကတော့ သူ့ရဲ့ ထူတဲ့ဆံပင်ကို အတို ညှပ်ထားကတော့ စတိုင်မကျဘဲ ရှုပ်ထွေးနေတဲ့ပုံစံပေါ်ပေမယ့် ခပ်ကြွကြွစတိုင်ထုတ်ထားတဲ့ပုံစံပေါက် နေတယ်ဆိုတာ ပုံကိုကြည့်တာနဲ့ မြင်သာပါတယ်။

(၅) Aaron Ramsey

ဘောလုံးသမား တော်တော်များများအတွက်တော့ အဖြူရောင်ဘက်သန်းတဲ့ပုံစံတွေဟာ နာမည်ကြီးပါတယ်။ ဥပမာ – လီယွန်နယ် မက်ဆီ၊ Sergio Ramos နဲ့ နေမာတို့လို ဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ ဝေလအမျိုးသားအသင်း ကွင်းလယ်လူ Aaron Ramsey ရဲ့ ပလက်တီနမ်အရောင် ဆံပင်ကို လှန်တင်ထားတဲ့ပုံစံက ထူးခြားနေပြန်ပါတယ်။

(၆) Saphir Taider

Montreal Impact အသင်းနဲ့ အယ်လ်ဂျီးရီးယားအမျိုးသားအသင်းတို့ရဲ့ ဗဟိုကွင်းလယ်လူ Saphir Taider ကတော့ mohawk ဆံပင်ပုံစံနဲ့ နေလေ့ရှိပေမယ့် မကြာသေးခင်က ပြောင်းလဲလိုက်တဲ့ ဆံပင်ပုံစံကြောင့် ပိုမိုခန့်ညားသွားခဲ့ပါတယ်။

(၇) Paulo Dybala

ဂျူဗင်းတပ်စ်အသင်းနဲ့ အာဂျင်တီးနားအမျိုးသားအသင်းတို့ရဲ့ ရှေ့တန်းလူ Paulo Dybala ဟာ ဆံပင်အရှည်ကို လှန်တင်ထားတဲ့ ဆံပင်ပုံစံ ဖြစ်ပြီးတော့ သပ်ရပ်နေတဲ့ပုံစံထက် ချွေးထွက်ပြီး ရှုပ်ထွေးနေတဲ့ပုံစံနဲ့ ပိုကြည့်ကောင်းပါတယ်။

(၈) Antoine Griezmann

Atlético Madrid အသင်းနဲ့ ပြင်သစ်အမျိုးသားဘောလုံးအသင်း ရှေ့တန်းလူ Antoine Griezmann ဟာ ဆံပင်အတိုကနေ အရှည်ပုံစံအထိ အမျိုးမျိုးသော ဆံပင်ပုံစံတွေကို ထားခဲ့သူလည်း ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ဆင်းနေချိန်မှာ လှိုင်းတွန့်လေးတွေ ဖြစ်နေတဲ့ ဆံပင်ပုံစံနဲ့လည်း ကြည့်ကောင်းသူ ဖြစ်ပါတယ်။

(၉) Memo Ochoa

Standard Liège အသင်းနဲ့ မက္ကဆီကို အမျိုးသားဘောလုံးအသင်း ဂိုးသမား Memo Ochoa ဟာ ဆံပင်အုံထူထူနဲ့ ကောက်တဲ့ဆံပင်ပုံစံရှိသူတယောက်လည်း ဖြစ်ပါတယ်။ ချွေးကာနဲ့ ခေါင်းစည်းတို့ဟာ ဆံပင်ရှည်တဲ့ ဘောလုံးသမားတွေ အတွက် နာမည်ကျော် ရွေးချယ်မှု ဖြစ်ပါတယ်။

(၁၀) Graham Zusi

Kansas City အသင်းနဲ့ အမေရိကန်အမျိုးသားအသင်းတို့ရဲ့ ကွင်းလယ်၊ ခံစစ်သမား Graham Zusi ဟာ လှိုင်းတွန့်ပုံစံ ဆံပင်ရှည်ထားတတ်သူဖြစ်ပါတယ်။ သူဟာ ဆံပင်ကို အရှည်လိုက်ချထားတတ်သလို ခေါင်းစည်းကို သုံးပြီးတော့ အနောက်ကို စုစည်းချည်ထားလေ့ရှိပါတယ်။

Ref: menshairstyletrends

The post ကမ္ဘာကျော်ဘောလုံးသမား ၁၀ ဦးရဲ့ အမိုက်စား ဆံပင်ပုံစံများ appeared first on ဧရာဝတီ.

ချန်ပီယံဘွဲ့ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့ အောင်လအန်ဆန်း

$
0
0

မြန်မာတို့၏အချစ်တော် ဝမ်းချန်ပီယံရှစ်၏ ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန်ဆန်းနှင့် ဂျပန်ဖိုက်တာ ဟာဆီဂါဝါတို့ ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်လုပွဲ ထိုးသတ်မည်ဆိုတော့ မြန်မာပရိတ်သတ်တို့က အောင်လ အန်ဆန်းအနေဖြင့် ဂျပန်ဖိုက်တာကို လွယ်ကူစွာအနိုင်ယူကာ ချန်ပီယံခါးပတ်ကို ကာကွယ် သွားမည်ဟု ထင်မှတ်ခဲ့ကြသည်။

အောင်လအန်ဆန်းက ဟာဆီဂါဝါမှာ ဂျပန်နိုင်ငံ၏ MMA မစ်ဒယ်ဝိတ်လောက၌ နံပတ်ဝမ်း ဖြစ်နေခြင်းနှင့် ခံနိုင်ရည် (မာဂုဏ်) မြင့်မားသည့်ဖိုက်တာတစ်ဦးဖြစ်နေသည့်အတွက် အထင်သေးလို့ မရကြောင်း ပွဲကြိုကာလတွင် ပြောဆိုခဲ့သည်။ စိန်ခေါ်သူ ဟာဆီဂါဝါကတော့ လက်ရှိချန်ပီယံ အောင်လအန်ဆန်းကို အနိုင်ယူကာ ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံအဖြစ် အောင်ပွဲခံသွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ဇွန်လ ၂၉ ရက်နေ့က ကျင်းပသည့် “ONE; SPIRIT OF A WARRIOR” ပြိုင်ပွဲတွင် စိန်ခေါ်သူ ဟာဆီဂါဝါနှင့် လက်ရှိကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆန်းတို့ ထိုးသတ်ချိန်မှာတော့ မြန်မာပရိတ်သတ်အများစု ထင်မှတ်ခဲ့ကြသလို ဂျပန်ဖိုက်တာ ဟာဆီဂါဝါမှာ အောင်လ အန်ဆန်းအတွက် လွယ်ကူစွာအနိုင်ယူလို့ရသည့် ပြိုင်ဘက်တဦး မဟုတ်ကြောင်း သက်သေ ပြခဲ့သည်။

ပထမအချီထိုးသတ်မှုစတင်ချိန်တွင် ဘယ်သန်ဖြစ်သည့် ဟာဆီဂါဝါက ညာထောက်လက်သီးများကို အသုံးပြု၍ အခွင့်သာချိန်တွင် သူအားသန်သည့် ဘယ်လက်သီးဖြင့် အောင်လအန်ဆန်းကို ထိုးနှက်သည်။ ထိုးသတ်ရင်း အချိန်ရလျှင်ရသလို ဘယ်ညာလက်သီး တွဲလုံးများဖြင့် အောင်လကို ထိုးနှက်ခဲ့သည့်အတွက် အောင်လ၏တိုက်ခိုက်မှုများက ထင်တိုင်းမပေါက်ဘဲ အခက်တွေ့ခဲ့သည်။

ကမ္ဘာ့မစ်ဒယ်ဝိတ် လက်ရှိချန်ပီယံအောင်လအန်ဆန်းကလည်း ခြေကန်ချက်၊ ပင့်လက်သီး၊ ဝိုက်လက်သီး များဖြင့် ဟာဆီဂါဝါကို တိုက်ခိုက်ခဲ့သည်။ ပထမအချီမှာပင် အောင်လ၏ လက်သီးချက်များက ဟာဆီဂါဝါ၏ မျက်နှာနှင့် မေးရိုးတို့ကို ထိခဲ့သော်လည်း ဂျပန်ဖိုက်တာအနေဖြင့် ယိမ်းယိုင်သွားခြင်း မရှိခဲ့ဘဲ ခံနိုင်ရည် (မာဂုဏ်) မြင့်မားသည့်ဖိုက်တာတဦး ဖြစ်ကြောင်း သက်သေပြခဲ့သည်။

ဟာဆီဂါဝါအနေဖြင့် ဂျပန်နိုင်ငံရှိ MMA ပြိုင်ပွဲများ ဖြစ်သည့် Deep နှင့် Rizin ပွဲများတွင် ပြိုင်ဘက်ကို ချုပ်ကိုင်၍ ထိုးနှက်တိုက်ခိုက်အနိုင်ယူလေ့ရှိသော်လည်း ဂျူဂျစ်ဆု (ပြိုင်ဘက်ကို မလှုပ်နိုင်အောင် ချုပ်ကိုင်သည့်ပညာ) ကျွမ်းကျင်၍ မြန်မာ့စပါးအုန်းမြွေ – Burmese Python ဟု တင်စားခေါ်ဝေါ်သည့် အောင်လအန်ဆန်းကို ချုပ်ကိုင်ဖို့ မကြိုးစားဘဲ လက်သီးချင်းယှဉ်ထိုးဖို့သာ ရွေးချယ်ခဲ့သည်။

အောင်လအတွက်မှာလည်း ဟာဆီဂါဝါမှာ ၎င်း၏ MMA ဖိုက်တာသက်တမ်းတလျှောက် ပထမဆုံး ထိုးသတ် သည့် ဂျပန်ဖိုက်တာဖြစ်နေခဲ့သည့်အတွက် ဂျပန်ဖိုက်တာတို့၏ တိုက်ခိုက်မှုနည်းစနစ်များကို ရင်းနှီးကျွမ်းဝင်မှု အားနည်းသည့်အလျှောက် ဟာဆီဂါဝါ၏ထိုးနှက်မှုများကို ပြန်လည်တုန့်ပြန် ထိုးနှက်ရင်း အနိုင်ယူထိုးသတ်ဖို့အခွင့်အရေးကို စောင့်ကစားခဲ့သည်။

ဒုတိယအချီတွင် ဟာဆီဂါဝါနှင့် အောင်လတို့ အပြန်အလှန် လက်သီးချင်း ယှဉ်ထိုးကြသည်။ အောင်လက တိုက်စစ်ပုံစံဖြင့် ဖွင့်ကစားခဲ့ပြီး ဟာဆီဂါဝါကတော့ ထိုးနှက်လိုက် ရှောင်တိမ်းလိုက်ဖြင့် အမှတ်ရအောင် ယူနေခဲ့သည်။ အောင်လ၏ ညာဖြောင့်လက်သီးချက်က ဟာဆီဂါဝါ ညာမျက်ခုံးကို ထိမှန်ခဲ့၍ ဂျပန်ဖိုက်တာ ညာမျက်ခုံး ကွဲသွားခဲ့ပြီး ဟာဆီဂါဝါ၏ ထောက်လက်သီးတချို့ကလည်း အောင်လမျက်နှာကို ထိခဲ့သည်။

ထို့ပြင် ဟာဆီဂါဝါက အောင်လကို ဝင်ချုပ်ဖို့ ကြိုးပမ်းသော်လည်း အောင်လ လွတ်အောင်ရုန်းထွက်နိုင်ခဲ့သည်။

တတိယအချီမှာတော့ လက်သီးချက်၊ ခြေကန်ချက်များဖြင့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီး အောင်လ၏ ထိုးနှက်မှု ကြောင့် ဂျပန်ဖိုက်တာ၏ ညာမျက်ခုံးမှ သွေးများစီးကျလာခဲ့သည်။ ခံနိုင်ရည်မြင့်မားသည့် ဟာဆီဂါဝါ ကလည်း အောင်လ၏ လက်ရှိချန်ပီယံဟူသော ဂုဏ်ပုဒ်ကို ရှိန်မနေဘဲ ဘယ်ညာလက်သီး တွဲလုံးများဖြင့် ထိုးနှက်ခဲ့သည့်အတွက် အောင်လ၏ မျက်နှာ ဘယ်ညာပါးရိုးများ၊ မျက်ခုံး၊ မျက်လုံးများ ဖူးယောင်လာခဲ့သည်။ ပထမအချီမှ တတိယအချီအထိ လက်သီးချက်များဖြင့် အင်တိုက်အားတိုက် တိုက်ခိုက်ထိုးနှက်ခဲ့သည့်အတွက် ဖိုက်တာနှစ်ဦးစလုံး မောပန်း၍ လက်ပန်းကျလာခဲ့သည်။

စတုတ္ထအချီတွင် အောင်လအန်ဆန်း တိုက်ကွက်ဗျူဟာ ပြောင်းလဲကျင့်သုံးခဲ့သည်။ သက်လုံကျ၍ မောပန်း နေ သည့် ဟာဆီဂါဝါ၏ ထိုးနှက်မှုများကို ရှောင်တိမ်းရင်း ဟာဆီဂါဝါကို ဂျူဂျစ်ဆုနည်းဖြင့် ချုပ်နှောင်ကာ ပွဲသိမ်းဖို့ ကြိုးစားသည်။ ဂျူဒိုခါးပတ်နက်ပညာရှင်တဦးဖြစ်ပြီး အောင်လအကြောင်း လေ့လာထားသည့် ဟာဆီဂါဝါက အချုပ်မခံဘဲ လွတ်အောင်ရုန်းသည်။ ချုပ်နေဆဲမှာပင် အောင်လက ဟာဆီဂါဝါ မျက်နှာ ကို ဒူးဖြင့်တိုက်သည်။ အောင်လ၏ချုပ်ကိုင်မှုကို လွတ်အောင်ရုန်းရင်း ဟာဆီဂါဝါက ဘယ်ညာလက်သီးတွဲလုံးများဖြင့် ပြန်လည်ထိုးနှက်ခဲ့သည်။

၄ ချီပြီးဆုံးချိန်တွင် အောင်လ၏ လက်သီးစာမိထားသည့် ဟာဆီဂါဝါ၏ ညာဘက်မျက်လုံးမှာလည်း ဖူးယောင်နီ ရဲ၍ သွေးစို့ပြီး ပိတ်နေခဲ့သည်။

မြန်မာတို့၏ အချစ်တော် အောင်လအန်ဆန်းမှာလည်း ဟာဆီဂါဝါ၏ ဘယ်ညာ လက်သီး တွဲလုံးများဒဏ်ကြောင့် ပါးရိုးများ၊ မျက်ခုံးနှင့် မျက်လုံးများ ဖူးယောင်ညိုမည်းနေခဲ့သည်။ ဒဏ်ရာကိုယ်စီ ရနေသော်လည်း ဖိုက်တာနှစ်ဦးမှာ အသည်းကောင်းကောင်း၊ ဇွဲကောင်းကောင်းဖြင့် ၅ ချီမြောက် ဖြစ်သည့် နောက်ဆုံးအချီကို ယှဉ်ပြိုင်ခဲ့ကြသည်။

သက်လုံကျ၍ သိသာစွာမောပန်းနေသည့် ဟာဆီဂါဝါမှာ ပွဲချိန်စေ့သည့်အထိ ထိုးသတ်၍ ဒိုင် ၃ ဦး၏ အဆုံးအဖြတ်ခံယူကာ အောင်လကို အနိုင်ယူဖို့ ရည်မှန်းခဲ့သည်။ ထို့ကြောင့် လက်ပန်းကျနေသည့် လက်သီးချက်များဖြင့် အောင်လ၏ ထိုးသတ်မှုကို ဟန့်တားကာ ပွဲပြီးချိန်အထိ တောင့်ခံဖို့ ကြိုးစားသည်။

ချန်ပီယံအောင်လ ကတော့ သက်လုံပြန်တက်လာပြီး ဟာဆီဂါဝါကို ပွဲသိမ်းဖို့အတွက် တိုက်စစ်ဆင် ထိုးသတ်ရင်း ဂျူဂျစ်ဆုနည်းဖြင့် ချုပ်ကိုင်အနိုင်ယူဖို့ ကြိုးစားသည်။

ဟာဆီဂါဝါကလည်း အောင်လ၏ နာမည်ကျော် ချုပ်ကွက်အတွင်း မဝင်မိစေရန် အထူးသတိထားပြီး ရှိသည့်အားဖြင့် ရုန်းထွက်ခဲ့သည်။

နောက်ဆုံးအချီ ၃ မိနစ်နှင့် စက္ကန့် ၂၀ အရောက်မှာတော့ သက်လုံကျ၊ လက်ပန်းကျနေသည့် ဟာဆီဂါဝါကို အောင်လအန်ဆန်းက ဘယ်ညာလက်သီးတွဲလုံးများဖြင့် လိုက်လံ ထိုးနှက်ရင်း ပင့်လက်သီးတလုံး ပစ်သွင်းလိုက်သည်။ အောင်လ၏ ပွဲသိမ်းပင့်လက်သီးက ဟာဆီဂါဝါ၏ မေးရိုးတည့်တည့်ကို ထိမှန်ခဲ့သည့်နောက် မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်း၏ ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို လုယူရန်ကြိုးစားခဲ့သည့် ဂျပန် ဖိုက်တာ ဟာဆီဂါဝါတယောက် ကြိုးဝိုင်းကြမ်းပြင်ပေါ် မှောက်လျှက်လဲကျသွားခဲ့ပြီး အရှုံးနှင့် ရင်ဆိုင်သွားခဲ့သည်။

ကြိုးဝိုင်းဒိုင် အိုလီဗီယာကို့စ်က ပွဲရလာဒ်ကို ကြေညာဖို့အချိန်အထိ ဂျပန်ဖိုက်တာ ဟာဆီဂါဝါမှာ မထနိုင်တော့သည့်အတွက် အောင်လအန်ဆန်းတဦးတည်း၏ လက်ကိုဆွဲ၍ စိန်ခေါ်သူအား အလဲထိုးဖြင့် အနိုင်ယူကာ ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို ဆက်လက်ထိမ်းသိမ်းနိုင်ခဲ့သည့် အောင်လအန်ဆန်းအဖြစ် ကြေညာခဲ့သည်။

“ကျနော်ကတော့ ကိုအောင်လနဲ့ ဂျပန်ဖိုက်တာ အကြိတ်အနယ်ထိုးသွားတာ ကြည့်ရတော့ ကျေနပ်တယ်။ အရင်ပွဲတွေတုန်းက ခဏလေးနဲ့ ပွဲသိမ်းသွားတော့ စောင့်ရတာ မတန်ဘူး ထင်တယ်။ သူ့ကို မနိုင်စေချင်တာ မဟုတ်ပါဘူး။ ကိုအောင်လထိုးတာကို အားပေးရင်း ၂ ချီ ၃ ချီလောက် ထိုးပြီး နိုင်သွားတာမျိုးဖြစ်စေချင်တာ။ အခုကတော့ ၅ ချီအပြည့် အကြိတ်အနယ်ထိုးပြီး ချန်ပီယံခါးပတ်ကာကွယ်နိုင်ခဲ့တဲ့အတွက် အရမ်း ဝမ်းသာ တယ်။ ဆက်လက်အောင်မြင်ဖို့လည်း ဆုတောင်းပေးပါတယ်”ဟု အောင်လ၏ပရိတ်သတ်တဦးဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်မှ ကိုဝဏ္ဏက ပြောသည်။

မြန်မာတို့၏အချစ်တော် အောင်လကို မြန်မာ့မြေပေါ်တွင် ကျိန်းသေအနိုင်ယူကာ ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ အသစ် အဖြစ် အောင်ပွဲခံသွားမည်ဟု ပြောဆိုထားသည့် ဂျပန် MMA မစ်ဒယ်ဝိတ်လောက၏ နံပါတ်ဝမ်း ဖိုက်တာ ဟာဆီဂါဝါမှာ အောင်လ၏ထိုးနှက်မှုကြောင့် လမ်းမလျှောက်နိုင်တော့ဘဲ လူနာတင်တွန်းလှည်း ပေါ်တွင် ပက်လက်လှန် လိုက်ပါရင်း ONE Championship ကြိုးဝိုင်းအတွင်းမှ ထွက်ခွာသွားခဲ့ပြီး သူ၏ပထမဆုံးသော ဝမ်းချန်ပီယံရှစ်ပြိုင်ပွဲကို အရှုံးရလာဒ်ဖြင့် စတင်ခဲ့ရသည်။

သို့သော် အောင်လအနေဖြင့် MMA ချန်ပီယံ ခါးပတ်လုပွဲ ၂ ခုအပါအဝင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ပွဲစဉ် ၆ ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ယခုလို မျက်နှာများ ဖူးယောင်ညိုမည်းအောင် ထိုးနှက်နိုင်ခဲ့သူမှာ ဟာဆီဂါဝါ တဦးတည်းသာ ရှိခဲ့သည့်အတွက် ယင်းအချက်က ဂျပန်ဖိုက်တာ ဟာဆီဂါဝါအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်ခဲ့သည်။

အောင်လအန်ဆန်းကတော့ ဟာဆီဂါဝါကို အကြိတ်အနယ်ထိုးသတ်ပြီး ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို ကာကွယ်ခဲ့ပြီးနောက် ကြိုးဝိုင်းအစီအစဉ် တင်ဆက်သူ၏ မေးမြန်းမှုကိုဖြေကြားရင်း“အားလုံး မင်္ဂလာပါ။ အားလုံး အရမ်းကျေးဇူးတင်တယ်။ ဒီပွဲ ကုလားကားလောက် ကောင်းလား”ဟု ပရိတ်သတ်များကို အရွှန်းဖောက် မေးမြန်းသွားခဲ့သည်။

ရန်ကုန်မြို့တွင် အောင်လ ထိုးသတ်ခဲ့သည့်ပွဲစဉ် ၅ ပွဲအနက် ၃ ပွဲမှာ ပထမအချီမှာပင် အချိန်တိုအတွင်း ပွဲသိမ်းခဲ့သည့်အတွက် လုပ်ပွဲကစားသည်ဟု ဝေဖန်မှုများရှိခဲ့ပြီး ယခု ဟာဆီဂါဝါနှင့်ပွဲကို ကုလားကားလို ပွဲချိန်အကြာကြီး ထိုးသတ်သွားမည်ဟု ကြိုတင်ပြောဆို ထားခဲ့သည်။ ကြိုတင်ပြောဆို ထားသည့်အတိုင်း ပွဲချိန်ရှည်ကြာစွာ အကြိတ်အနယ် ထိုးသတ်ခဲ့ရမှုအပေါ် အောင်လက အရွှန်းဖောက် ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

“ကျနော့်အနေနဲ့ ငြိမ်းချမ်းရေးအတွက် ဆုတောင်းနေပါတယ်။ ကျနော်တို့ အတူတကွ စည်းလုံးစွာ အလုပ်လုပ် ကြမယ်ဆိုရင် အရာအားလုံးကို ပြောင်းလဲနိုင်ပါတယ်။ ကျနော်ကတိပေးတယ်။ အလုပ်တွေ ကြိုးစားလုပ်မယ်။ ကျနော့်လေ့ကျင့်မှုကို နောက်တပတ်မှာပြန်စမယ်။ ကျနော်က ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းမှာ အကောင်းဆုံးတွေရဲ့ အကောင်းဆုံးလူ ဖြစ်ချင်ပါတယ်။ အားလုံးကိုချစ်တယ်။ ကျေးဇူးပါ”ဟု ယှဉ်ပြိုင်မှုအပြီးတွင် အောင်လအန်ဆန်းက ပြောဆိုခဲ့သည်။

၂၀၁၇ ခုနှစ် ဇွန်လကတည်းက ဘစ်တာလီ ဘစ်ဒက်ရှ်ကို အနိုင်ယူပြီး ဝမ်းချန်ပီယံရှစ်၏ ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ် သိမ်းပိုက်ခဲ့သူ အောင်လအန်ဆန်းမှာ တနှစ်တာကြာမြင့်ချိန်တွင် ဂျပန်ဖိုက်တာ ဟာဆီဂါဝါကို အလဲထိုးပြီး မစ်ဒယ်ဝိတ်ချန်ပီယံဘွဲ့ကို ဆက်လက်ကာကွယ်နိုင်ခဲ့သလို မြန်မာ့မြေပေါ်တွင် ခြောက်ပွဲထိုး ခြောက်ပွဲနိုင်ဆိုသည့် ရာနှုန်းပြည့်နိုင်ပွဲဆက်နေသည့်မှတ်တမ်းကိုလည်း ဆက်လက်ရေးထိုးနိုင်ခဲ့သည်။

The post ချန်ပီယံဘွဲ့ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့ အောင်လအန်ဆန်း appeared first on ဧရာဝတီ.

Facebook က လာမယ့်နှစ် ပရီးမီးယားလိဂ် ပွဲစဉ်များကို အရှေ့တောင်အာရှ နိုင်ငံ ၄ ခုမှာ ထုတ်လွှင့်ခွင့်ရရှိ

$
0
0

Facebook ဟာ လာမယ့်နှစ်ကစလို့ အရှေ့တောင်အာရှနိုင်ငံ ၄ ခုမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်များအားလုံးကို ထုတ်လွှင့်ခွင့်ဖြစ်တဲ့ စတာလင်ပေါင် သန်း ၂၀၀ တန် သဘောတူညီချက်ကို ရရှိသွားခဲ့ပြီလို့ ဆိုပါတယ်။

ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နဲ့လာအိုနိုင်ငံတို့မှာ ထုတ်လွှင့်ခွင့်ရရှိဖို့အတွက် လေလံဆွဲရာမှာ BeIn Sports နဲ့ Fox Sports Asia ရုပ်သံလိုင်းတွေနဲ့အတူ ယှဉ်ပြိုင်ခဲ့ပြီးတဲ့နောက် လူမှုကွန်ရက်မီဒီယာဖြစ်တဲ့ Facebook က ထုတ်လွှင့်ခွင့် ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီသဘောတူညီချက်မှာဆိုရင် ၂၀၁၉-၂၀၂၀ ရာသီကစလို့ ၂၀၂၂ ခုနှစ်အထိ အကျုံးဝင်ပြီး Facebook ဟာ အဲဒီနိုင်ငံတွေမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ဝ လုံးကို တိုက်ရိုက်ထုတ်လွှင့်မှာလည်း ဖြစ်ပါတယ်။

Facebook ဟာ သူ့ရဲ့ အားကစားရင်းနှီးမြှုပ်နှံမှုဘက်ကိုချဲ့ထွင်ဖို့ ကြိုးစားနေပြီး ပြီးခဲ့တဲ့ နှစ်တုန်းကလည်း အိန္ဒိယ ပရီးမီးယားလိဂ်ခရစ်ကတ်ပြိုင်ပွဲ ထုတ်လွှင့်ခွင့်အတွက် Star India နဲ့ ယှဉ်ပြိုင်လေလံဆွဲရာမှာတော့ အောင်မြင်ခြင်း မရှိခဲ့ပါဘူး။

Fox Sports ရုပ်သံလိုင်းနဲ့အတူ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပတဲ့ မေဂျာလိဂ်ဘေ့စ်ဘော၊ ကောလိပ် ဘတ်စ်ကတ် ဘောနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေကိုလည်း ထုတ်လွှင့်လျက်ရှိ နေပါတယ်။

၂၀၁၉-၂၀၂၀ ရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၂၀ ကို ပြီးခဲ့တဲ့လမှာ တိုက်ရိုက်ထုတ်လွှင့်ကို Amazon က ရရှိခဲ့ပြီးတဲ့နောက် ဒေသတွင်း ရုပ်သံကွန်ရက်တွေကနေ အနည်းငယ်အပြောင်းအရွှေ့ပြုလုပ်လိုက်တဲ့ သဘောတူညီချက်လည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဝန်ဆောင်မှုတွေဘက်မှာ ငွေကြေးပိုင်းဆိုင်ရာ အင်အား ကောင်းလာချိန်မှာ ကမ္ဘာတဝန်းမှာရှိတဲ့ အခြားနေရာတွေမှာ ထုတ်လွှင့်ခွင့် သဘောတူညီချက်တွေကို ပေးအပ်ဖို့ YouTube နဲ့ Netflix တို့နဲ့ လည်း ဆွေးနွေးနေတယ်လို့ ယုံကြည်ရပါတယ်။

Ref:dailymail

The post Facebook က လာမယ့်နှစ် ပရီးမီးယားလိဂ် ပွဲစဉ်များကို အရှေ့တောင်အာရှ နိုင်ငံ ၄ ခုမှာ ထုတ်လွှင့်ခွင့်ရရှိ appeared first on ဧရာဝတီ.

အဖော်အချွတ် သရုပ်ဆောင်တွေနဲ့ မှားရလောက်တဲ့ ကမ္ဘာ့ဖလားပွဲရောက် ခရိုအေးရှားသမ္မတ

$
0
0

တကယ်လို့များ ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလားဘောလုံးပြိုင်မှာ ယှဉ်ပြိုင်ကစားနေတယ်ဆိုရင်တော့ ကွင်းထဲမှာ နိုင်ငံကိုယ်စားပြုအသင်းကို လာရောက်ကြည့်ရှု အားပေးနေတဲ့ ခရိုအေးရှား အမျိုးသမီး သမ္မတ Kolinda Grabar-Kitarovi ကို မြင်တွေ့နိုင်တဲ့ အကောင်းဆုံး အခွင့်အရေး ဖြစ်ပါတယ်။

ရုရှားနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ သူဟာ ရုရှားဝန်ကြီးချုပ် Dmitry Medvedev နဲ့အတူ လာရောက် ကြည့်ရှုခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အချိန်ပိုမှာ ခရိုအေးရှားအသင်းက အနိုင်ရရှိခဲ့ပြီး ခက်ခက်ခဲခဲ ကစားခဲ့ရတဲ့ အဲဒီပွဲပြီးတဲ့နောက် သူတို့နှစ်ဦးဟာ လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။

သမ္မတ Grabar-Kitarovi ရဲ့ Facebook စာမျက်နှာမှာတော့ ခရိုအေးရှား ဂျာစီအကျီကို ဝတ်ဆင်ထားတဲ့ သူဟာ နိုင်ငံသမ္မတအနေနဲ့ တာဝန်ထမ်းဆောင်နေချိန်နဲ့ တပြိုင်နက်တည်းမှာပဲ ရုရှားမှာ ကျင်းပနေတဲ့ ပြိုင်ပွဲက အသင်းရဲ့ အဝတ်လဲခန်းမှာ ဂုဏ်ပြုနေတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို တင်ထားပါတယ်။

တချို့ ဓာတ်ပုံတွေထဲမှာ ဆိုရင် အပန်းဖြေ ကမ်းခြေတခုမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေပါဝင်ပြီး အချို့က သူ့ကို အမေရိကန် အဖော်အချွတ်မင်းသမီး Coco Austin နဲ့ အထင်မှားကြသူတွေလည်း ရှိကြပါတယ်။ ဘစ်ကနီ ဝတ်ထားတဲ့ ဓာတ်ပုံတွေမှာ ဆိုရင် သူဟာ အမေရိကန် အဖော်အချွတ်မင်းသမီး Diamond Foxxx နဲ့လည်း ဆင်တူတယ်လို့ ဆိုကြပါတယ်။

 

ဘောလုံးပွဲအားပေးနေတဲ့ ခရိုအေးရှားသမ္မတ Kolinda Grabar-Kitarovi

 

အသက် ၅၀ အရွယ် သမ္မတ Grabar-Kitarovi ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှာ စတုတ္ထမြောက် ခရိုအေးရှား သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရတာပါ။ အရှေ့ဥရောပနိုင်ငံတခုဖြစ်တဲ့ ခရိုအေးရှားမှာ သမ္မတနေရာကို ရရှိတဲ့ ပထမဆုံး အမျိုးသမီးလည်း ဖြစ်ပါတယ်။

သမ္မတမဖြစ်ခင်မှာ သူဟာ နေတိုးအဖွဲ့မှာ ပြည်သူ့သံတမန်ရေး ဆိုင်ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူး ရာထူးကို ရရှိခဲ့တဲ့ ပထမဆုံး အမျိုးသမီးလည်း ဖြစ်ခဲ့ပါတယ်။ သမ္မတ Grabar-Kitarovi ဟာ ဥရောပနဲ့ အမေရိကန် ပြည်ထောင်စု မှာရှိတဲ့ တက္ကသိုလ်တော်တော်များများမှာ တက်ရောက်ခဲ့ဖူးပြီး အမေရိကန်နိုင်ငံက ဂျော့ချ်ဝါရှင်တန်တ က္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ ဘွဲ့ကြိုသုတေသနအတွက် Fulbright စကောလားရှစ်ကိုလည်း ရရှိခဲ့သူပါ။

သူဟာ အမေရိကန်နိုင်ငံဆိုင်ရာ ခရိုအေးရှားသံအမတ်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ချိန်မှာ မြောက်အမေရိက အပါအဝင် ကမ္ဘာတဝန်းလုံးမှာရှိတဲ့ အခြားနိုင်ငံတွေနဲ့ ခရိုအေးရှားရဲ့ သံတမန်ရေးဆက်ဆံမှုတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍ တော်တော်များများမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

သမ္မတဟာ သူ့ရဲ့ မိခင် ခရိုအေးရှား ဘာသာစကားအပါအဝင် အင်္ဂလိပ်၊ စပိန်၊ နဲ့ ပေါ်တူဂီ ဘာသာစကားတို့ကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး အီတလီ၊ ပြင်သစ်နဲ့ ဂျာမန်စကားတွေကိုလည်း နားလည်ပါတယ်။ ခရိုအေးရှားနိုင်ငံမှာ သမ္မတဟာ ပါလီမန်လွှတ်တော်ဦးဆောင်ပြီး နိုင်ငံတော်ရဲ့ အကြီးအကဲဖြစ်ပါတယ်။ အစိုးရ တာဝန်ခံသူအဖြစ် ဝန်ကြီးချုပ်က ထမ်းဆောင်ပါတယ်။

Ref: thesun

The post အဖော်အချွတ် သရုပ်ဆောင်တွေနဲ့ မှားရလောက်တဲ့ ကမ္ဘာ့ဖလားပွဲရောက် ခရိုအေးရှားသမ္မတ appeared first on ဧရာဝတီ.


ကျမတို့ ကမ္ဘာ့ဖလားအနိုင်ရမယ် ဟု ခရိုအေးရှားသမ္မတ ပြောကြား

$
0
0

လာမည့် တနင်္ဂနွေနေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပမည့် ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲ၌ ၎င်းနိုင်ငံအနေဖြင့် ဖလားရယူရန် ယုံကြည်စိတ်ချမှု အပြည့်ရှိကြောင်း နေတိုးအဆင့်မြင့်ထိပ်သီးအစည်းအဝေးတက်လာရောက်သူ ခရိုအေးရှားသမ္မတ ကိုလင်ဒါ ဂရေဘာကီတရိုဗစ်က ပြောကြားလိုက်သည်။

ဗုဒ္ဒဟူးနေ့က လူဇနီကီအားကစားကွင်းတွင် ကျင်းပသည့် အင်္ဂလန်နှင့် ယှဉ်ပြိုင်ကစားရသည့် အကြို ဗိုလ်လုပွဲတွင် ခရိုအေးရှားအသင်းက ၂ဂိုး-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး လာမည့်တနင်္ဂနွေ၌ ယင်းအားကစား ကွင်းမှာပင် ပြင်သစ်နှင့် ကမ္ဘာ့ဖလားလုရမည်ဖြစ်သည်။

“ဒီဘောလုံးပွဲနိုင်ရင် ကျမတို့ ညစာစားပွဲနဲ့ တည်ခင်းပါ့မယ်” ဟု ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ တွင် ကြာသပတေး နေ့ကကျင်းပသည့်နေတိုးထိပ်သီးဆွေးနွေးပွဲ၏ နောက်ဆုံးအစည်းအဝေး ခန်းမအတွင်းသို့ အဝင်တွင် ဂရေဘာကီ တရိုဗစ် က ပြောကြားခဲ့သည်။

ဘောလုံးပွဲ အားပေးနေသည့် ခရိုအေးရှားသမ္မတ

“မဟာမိတ်နိုင်ငံအားလုံးက ကျမတို့အားလုံးအတွက် ချီးကျူးထောပနာပြုကြလို့ အထူးတလည် အံ့အားသင့်ဝမ်းသာ မိပါ တယ်၊ ကျမတို့တနင်္ဂနွေနေ့ပွဲကျရင် နိုင်မှာပါ” ဟု ၎င်းက ထုတ်ပြောကြား ခဲ့ခြင်းဖြစ်သည်။

သမ္မတ ဂရေဘာကီတရိုဗစ်သည် အစည်းအဝေးစားပွဲဝိုင်းတွင် ပြင်သစ်သမ္မတ အီမန်နျူရယ် မာကွန်နှင့် အတူ ယှဉ်တွဲ ထိုင်ခဲ့ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့်လည်း အခမ်းအနား၌ မှတ်တမ်းတင်ဓာတ်ပုံတွဲရိုက်ခဲ့သည်။ သူမသည် အောင်မြင်မှုရရန် သေချာသည့် အနေအားဖြင့် ရွှင်လန်းတက်ကြွနေသည်။

ခရိုအေးရှားအသင်းခေါင်းဆောင် လူကာမိုဒရစ်နှင့်အသင်းသားများသည် အစောပိုင်းက အင်္ဂလန် ဘက်မှ ကီရန်ထရစ် ပီးယား အလွတ်တည် ကန်ခဲ့သည့် ဦးဆောင်ဂိုးကို ဒုတိယပိုင်းတဝက်တွင် ခရိုအေးရှားဘက်မှ အိုင်ဗင်ပါရီစစ်က ချေပ ဂိုးပြန်သွင်းခဲ့ပြီး ပွဲချိန် ၁၀၉ မိနစ်တွင် မာရီယို မန်ဇူကစ်က အနိုင်ဂိုး သွင်းခဲ့သည်။

သမ္မတ ဂရေဘာကီ ထရိုဗစ်သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဆိုချီမြို့ရှိ ဖီရှက်အားကစားကွင်းတွင် ခရိုအေးရှား အသင်းအားကစားဝတ်စုံ ဝတ်၍ အားပေးခဲ့သဖြင့် သတင်းမီဒီယာများက ခေါင်းကြီးပိုင်းက ရေးသားခဲ့ကြသည်။

The post ကျမတို့ ကမ္ဘာ့ဖလားအနိုင်ရမယ် ဟု ခရိုအေးရှားသမ္မတ ပြောကြား appeared first on ဧရာဝတီ.

ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ကွင်းထဲဝင်ရောက်ခဲ့တဲ့ “Pussy Riot”တီးဝိုင်းအဖွဲ့ကို ထောင် ၁၅ ရက်ချမှတ်

$
0
0

ပန့်ခ်ရော့ခ် တီးဝိုင်းဖြစ်တဲ့ “Pussy Riot” ရဲ့အဖွဲ့ဝင် ၄ ဦးဟာ ရုရှားနိုင်ငံမှာ မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ ကွင်းထဲကို ပြေးဝင်လာခဲ့ပြီးတဲံနောက် အခုတော့ ထောင်ဒဏ် ၁၅ ရက်ချမှတ် ခံလိုက်ရတယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေဖြစ်တဲ့ Veronika ‘Nika’ Nikulshina, Olga Kurachyova, Olga Pakhtusova နဲ့ Pyotr Verzilov တို့ဟာ ရဲအရာရှိဝတ်စုံတွေကို ဝတ်ဆင်ပြီး မော်စကိုမြို့မှာ ရှိတဲ့ Luzhniki အားကစားကွင်းမှာ ပြင်သစ်နဲ့ ခရိုအေးရှားတို့ ယှဉ်ပြိုင်နေတဲ့ ဘောလုံးပွဲကို နှောက်ယှက်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ လူပြောစရာ ဖြစ်ခဲ့ရတာပါ။

တီးဝိုင်းအဖွဲ့ဝင် ဆန္ဒပြသူတဦးကတော့ ပြင်သစ်ဘောလုံးသမား Kylian Mbappe ဆီ သွားရောက်ခဲ့ပြီး လက်ဝါးချင်း ရိုက်ခဲ့တာ တွေ့ရသလို တခြားတက်ကြွ လှုပ်ရှားသူတဦးကတော့ ခရိုအေးရှား နောက်ခံလူ Dejan Lovren ရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံလိုက်ရတာ ဖြစ်ပါတယ်။

ရုရှားသမ္မတ Vladimir Putin အပါအဝင် လူသောင်းနဲ့ ချီပြီး ကြည့်ရှုနေတဲ့ ပွဲစဉ်အတွင်းမှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို မခံရခင် လုံခြုံရေးအဖွဲ့တွေက သူတို့ကို မြက်ခင်းပြင်ကနေ ဆွဲခေါ်ထုတ်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

Pussy Riot ကိုယ်စားလှယ်တွေကတော့ အဲဒီစတန့်ထွင်တဲ့ ပြကွက်ကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ Twitter ကနေ ဝန်ခံခဲ့ပြီး သူတို့ရဲ့ မိခင်နိုင်ငံဖြစ်တဲ့ ရုရှားမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ သတင်းစကားပါးဖို့ အခုလိုမျိုးဆန္ဒပြမှုကို လုပ်ဆောင်ထားတာဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။

အဲဒီ သံသယရှိသူ ၄ ဦးကို အားကစားပြိုင်ပွဲအတွင်း ပရိသတ်စည်းမျဉ်း ချိုးဖောက်မှုနဲ့ ရဲဝတ်စုံကို ဥပဒေမဲ့ ဝတ်ဆင်မှုတို့နဲ့ စွဲချက်တင်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့မှာတော့ ရုရှားတရားသူကြီး တဦးကို သူတို့ကို ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ကျခံစေဖို့ အမိန့်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင့် နောက် ၃ နှစ်အတွင်း ရုရှားနိုင်ငံမှာလုပ်မယ့် အားကစားပြိုင်ပွဲတွေကို တက်ရောက်ခြင်းမပြုဖို့ ကန့်သတ်ခံ လိုက်ရပါတယ်။ Pussy Riot တီးဝိုင်းဟာ သမ္မတ Putin ကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်သူတွေအဖြစ် လူသိများပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းကလည်း မော်စကိုမြို့က ခရစ်ယာန်ဘုရားကျောင်း တခုမှာ ဆန္ဒပြတဲ့ တင်ဆက်မှု တခုကို လုပ်ဆောင်ခဲ့အတွက် တီးဝိုင်းအဖွဲ့ဝင်တွေဟာ ထောင်နန်းစံခဲ့ ရပါသေးတယ်။

အဖွဲ့ဝင် ၃ ဦးထဲက နှစ်ဦးကတော့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အရာရှိတွေနဲ့ ဖိအားကြောင့် မလွတ်မြောက်လာခင် ထောင်ထဲမှာ အချိန် ၁၆ လအထိ နေခဲ့ရတာလည်း ဖြစ်ပါတယ်။ အဲဒီတီးဝိုင်းဟာ ရုရှားနိုင်ငံမှာ ပိုမိုလွတ်လပ်ခွင့်ရရှိရေးနဲ့ သမ္မတရဲ့ ဦးဆောင်အုပ်ချုပ်မှုကို စိန်ခေါ်မှုကို တိုက်ခိုက်ဖို့ အခွင့်အလမ်းတွေကို ရယူတဲ့ မင်းမနိုင်အဖွဲ့တခုကို ထူထောင်ခဲ့ပါတယ်။

Ref: aceshowbiz

The post ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ကွင်းထဲဝင်ရောက်ခဲ့တဲ့ “Pussy Riot” တီးဝိုင်းအဖွဲ့ကို ထောင် ၁၅ ရက်ချမှတ် appeared first on ဧရာဝတီ.

ဓားထိုးခံရမှုကြောင့် သေဆုံးခဲ့တဲ့ အိုလံပစ်ကြေး တံဆိပ်ဆုရ စကိတ်စီး လူငယ်တဦး

$
0
0

“Denis Ten” လို့ခေါ်တဲ့ ဒီလူငယ်ဟာ အသက်၂၅ နှစ်ရှိပြီဖြစ်ပြီး ကိုရီးယား-ကာဇက်စတန် လူမျိုးတယောက်ပါ။ သူဟာ စကိတ်စီး ကျွမ်းကျင်သူတဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ Sochi အိုလံပစ်ပြိုင်ပွဲမှာ ကြေးတံဆိပ် ရယူ နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူနေထိုင်ရာ ကာဇက်စတန်နိုင်ငံ၊ Almaty မြို့မှာ ဓားထိုးခံရရင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ နာရေးသတင်းကိုတော့ ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့မှာ Almaty မြို့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေအရတော့ လူစိမ်းနှစ်ဦးဟာ Denis Ten ရဲ့ ကားမှန်ကို ခိုးဖို့ ကြိုးစားရာကနေ စတယ်လို့ု ဆိုပါတယ်။ အဆိုပါ လူစိမ်းနှစ်ဦး ကားမှန်ကို ခိုးဖို့လုပ်နေတာကို Denis Ten က မိသွားတဲ့အခါမှာ ဓားထိုးခံခဲ့ရပါတယ်။

ပိုပြီး တိကျသေချာတဲ့ စုံစမ်းမှုကိုတော့ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ဓားထိုးခံရပြီးတဲ့နောက်မှာ ဆေးရုံကို ပို့ခဲ့ကြပေမဲ့ ဒဏ်ရာကနေ သွေး ၃ လီတာနဲ့ အထက် ယိုစိမ့်မှု ဖြစ်ခဲ့ပြီး အသက် ဆုံးရှုံးခဲ့ရပါတယ်။ ဆရာဝန်တွေက ၂ နာရီ လောက် CPR ရိုက်ခဲ့ပေမယ့်လည်း အသက် မမီခဲ့ပါဘူး။

ဒီလို ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ စကိတ်စီးသမား တယောက် ဆုံးရှုံးရလို့ စကိတ်ဝါသနာရှင်တွေ နှမြောတသ ဖြစ်ကြရသလို ကိုရီးယားက Denis Ten ရဲ့ ပရိသတ်တွေကလည်း ပူဆွေးနေကြပါတယ်။

“ကျနော်ဟာ ကာဇက်စတန်မှာ မွေးဖွား ကြီးပြင်းလာခဲ့ရပါတယ်။ ကျနော့်ရဲ့အောင်မြင်မှုနဲ့ ဆုတံဆိပ်တွေ အကုန်လုံးက ကာဇက်စတန် အတွက်ပါ။ ဒါပေမယ့် ကိုရီးယား မပါဘဲနဲ့လည်း ကျနော်ဟာ ဒီနေရာမှာ ရှိနေမှာ မဟုတ်ပါဘူး။ အနာဂတ်မှာလည်း ကိုရီးယားတယောက် ဖြစ်သွားအောင် ကြိုးစာသွားပါ့မယ်” လို့ ကိုရီးယား-ကာဇက်စတန် သွေးနှောဖြစ်တဲ့ Denis Ten က ဆိုပါတယ်။

သွေးနှောဖြစ်တာကြောင့် သူ့ရဲ့ပရိသတ်တွေက နှစ်နိုင်ငံလုံးမှာ ရှိနေသလို ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ ကစားသမားတဦး ဖြစ်တာကြောင့် အားကစားချစ် ပရိသတ်တွေကပါ နှမြောတသ ဖြစ်နေရမှာတော့ အမှန်ပါပဲ။ အချို့သော နာမည်ကြီး စကိတ် အားကစားသမားတွေကလည်း Denis Ten ရဲ့ သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း တင်ထားတာကို Instagram နဲ့ Twitter မှာ တွေ့ရှိရပါတယ်။

The post ဓားထိုးခံရမှုကြောင့် သေဆုံးခဲ့တဲ့ အိုလံပစ်ကြေး တံဆိပ်ဆုရ စကိတ်စီး လူငယ်တဦး appeared first on ဧရာဝတီ.

၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ် ရယူဖို့ ရည်ရွယ်ထားတဲ့ ထိုင်းအသင်း

$
0
0

သြဂုတ်လ ၁၈ ရက်နေ့ကစလို့ အင်ဒိုနီးရှားနိုင်ငံမှာ တရားဝင်ကျင်းပနေပြီဖြစ်တဲ့ ၁၈ ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲမှာ ရွှေတံဆိပ် ၄၆၂ ခုပေးအပ်မယ့် အားကစားအမျိုးအစား ၄၀ ၊ Esports နဲ့ Canoe Polo တို့ အပါအဝင် သရုပ်ပြ တင်ဆက်ရမယ့် ပွဲ ၂ ခုကို ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

 

၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ

 

ထိုင်းနိုင်ငံကတော့ အဲဒီ အားကစားအမျိုးအစား ၄၂ မျိုးလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အားကစားသမား ၈၂၉ ဦးကို စေလွှတ် ထားပြီး ရွှေတံဆိပ် ၁၇ ခုကို အမိမြေကို သယ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အာရှအားကစားပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ နိုင်ငံရဲ့ အားကစားသမားတွေကို ပြင်ဆင်လေ့ကျင့်ပေးနေတဲ့ ထိုင်းအားကစား အာဏာပိုင်အဖွဲ့က အမျိုးသားအားကစား အသင်းတွေထံကနေ သတင်းအချက်အလက် စုဆောင်းပြီးတဲ့နောက် အဲဒီ ခန့်မှန်းချက်ကို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်၊ အင်ချွန်းမြို့မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာတော့ ထိုင်းနိုင်ငံဟာ ရွှေတံဆိပ် ၁၂ ခုနဲ့ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ကာဇက်စတန်၊ နဲ့ အီရန်နိုင်ငံတို့ရဲ့ အနောက် နံပါတ် ၆ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

ထိုင်းအဖွဲ့ဟာ Sepak Takraw (Kick Volleyball) အားကစားနည်းမှာ ရွှေ ၄ ခု၊ စက်ဘီးစီးပြိုင်ပွဲမှာ ရွှေ ၂ ခု၊ ရွက်လှေ၊ ဂေါက်သီး၊ တိုက်ကွမ်ဒို၊ ဘိုးလင်း၊ တင်းနစ်နဲ့ လက်ဝှေ့တို့မှာလည်း ရွှေ ၁ ခုဆီ ရရှိခဲ့ပါတယ်။ အခုနှစ် အင်ဒိုနီးရှားနိုင်ငံ Palembang မြို့မှာကျင်းပမယ့် ပြိုင်ပွဲမှာတော့ Sepak Takraw အားကစားနည်းမှာ ရွှေ ၄ ခု၊ ရွက်လှေ၊ ကနူးနဲ့ လှေလှော် အားကစားနည်းတို့မှာ ရွှေ ၂ ခုစီ၊ အလေးမ၊ စက်ဘီးစီး၊ တိုက်ကွမ်ဒို၊ ဘိုးလင်း၊ လက်ဝှေ့၊ Pencak Sila နဲ့ ဂျက်စကိတ်စီး အားကစားနည်းတို့မှာ ရွှေ ၁ ခုဆီရယူဖို့ ရည်မှန်းထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဟာ Sepak Takraw အားကစားနည်းအတွက် အာရှအားကစားပြိုင်ပွဲကနေ ချီးမြှင့်ခဲ့တဲ့ရွှေတံဆိပ် ၃၃ ခုမှာ ရွှေ ၂၂ ခုရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အာရှတိုက်ကြီးတခုလုံးမှ နိုင်ငံတွေ စုရုံးကြတဲ့ နောက်ဆုံးအားကစားပြိုင်ပွဲ ၅ ခုထဲမှ တခုချင်းစီမှာလည်း အရှေ့တောင်အာရှအားကစားမှာ အကောင်းဆုံးနိုင်ငံအဖြစ် အဆုံးသတ်နိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

 

၂၀၁၄ ခုနှစ်၊ အာရှအားကစား ပြိုင်ပွဲမှာ ကစားနေတဲ့ ထိုင်း Sepak takraw အားကစားသမားများ

 

Sepak takraw အားကစားနည်းကတော့ ထိုင်းနိုင်ငံအတွက် ရွှေတံဆိပ်ရရှိဖို့ အကောင်းဆုံး မျှော်လင့်ချက်လို့ ပြောလို့ ရပါတယ်။ ၂၀၁၈ အာရှအားကစားပြိုင်ပွဲမှာ ပြိုင်ပွဲကျင်းပမယ့်နေရာ ၆ ခုရှိပေမယ့် ထိုင်းနိုင်ငံကိုတော့ သူတို့ရဲ့ လွှမ်းမိုးမှုကြောင့် နေရာ ၄ ခုမှာသာ ယှဉ်ပြိုင်ဖို့ ခွင့်ပြုထားပါတယ်။ ထိုင်းနိုင်ငံရဲ့ Takraw အသင်း ဥက္ကဋ္ဌ Charouck Arirachakaran က “Sepak Takraw မှာ ကျနော်တို့ရဲ့ နာမည်ဂုဏ်သတင်းကို ထိန်းသိမ်းဖို့ ရွှေတံဆိပ်ဆု အားလုံးကို အနိုင် ရကိုရရမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အလေးမ အားကစာနည်းကတော့ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ၅ ခုရရှိခဲ့ပြီး နိုင်ငံရဲ့ အအောင်မြင်ဆုံး အားကစား နည်းလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အလေးမအဖွဲ့ဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် အခုနှစ်နှောင်းပိုင်းအထိ ယှဉ်ပြိုင်ခွင့် တားမြစ်ခံထားရတဲ့ အင်အားကြီး တရုတ်နဲ့ ကာဇက်စတန်နိုင်ငံတွေ မပါဝင်တာကြောင့် အင်ဒိုနီးရှားမှာ ရွှေတံဆိပ်ဆုတွေ အနိုင်ရရှိဖို့ အခွင့်အလမ်းတွေ ပိုကောင်းနေပါတယ်။

 

အင်ချွန်း အာရှအားကစားပြိုင်ပွဲ အတွင်း တွေ့ရတဲ့ လက်ဝှေ့သမား Wuttichai Masuk

 

ထိုင်းနိုင်ငံ လက်ဝှေ့အသင်းကတော့ နိုင်ငံတကာပြိုင်ပွဲတွေမှာ စိတ်ပျက်ဖွယ် ရလဒ်တွေ ရရှိခဲ့ပြီးတဲ့နောက် တဖန် ပြန်အားယူနေပါတယ်။ ထိုင်းနိုင်ငံရဲ့ အပျော်တမ်းလက်ဝှေ့ဟာ ၂၀၁၂ ခုနှစ်က လန်ဒန်အိုလံပစ်ပြိုင်ပွဲမှာ ငွေတံဆိပ် ၁ ခုပဲ ရခဲ့ပြီးတဲ့နောက်ပိုင်း ကျဆင်းနေခဲ့တာပါ။ ၁၉၉၆ ခုနှစ်ကစလို့ အဲဒီလက်ဝှေ့အားကစားနည်းနဲ့ အိုလံပစ် ရွှေတံဆိပ် မရခဲ့တဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ခဲ့ပါတယ်။ ရွှေတံဆိပ်ဆု ရရှိရမှာဖြစ်ပြီး လာမယ့် ၂၀၂၀ တိုကျိုအိုလံပစ်မှာလည်း အနိုင် ရရှိနိုင်ဖို့ အစီအစဉ်တွေ ချမှတ်နိုင်မှာဖြစ်တဲ့အကြောင်း လက်ဝှေ့အသင်း ဥက္ကဋ္ဌက ပြောဆိုထားပါတယ်။

ထိုင်းတိုက် ကွမ်ဒိုအသင်းကတော့ လူငယ်အိုလံပစ်၊ ကမ္ဘာ့ချန်ပီယံရှစ်၊ အာရှချန်ပီယမ်ရှစ်နဲ့ ဆီးဂိမ်းပြိုင်ပွဲတွေ အပါအဝင် နိုင်ငံတကာပြိုင်ပွဲ တော်တော်များများမှာ အနိုင်ရရှိထားတဲ့ Panipak Wongpattanakit အပေါ် အများကြီး မျှော်လင့် ထားပါတယ်။ ကမ္ဘာ့အကောင်းဆုံးဖိုက်တာတယောက်ဖြစ်တဲ့ Panik ဟာ ၂၀၁၄ ခုနှစ် အင်ချွန်းပြိုင်ပွဲမှာ ကြေးတံဆိပ်နဲ့ နှစ်သိမ့်ခဲ့ရတဲ့အတွက် စိတ်ပျက်ခဲ့ရပါတယ်။

ကိုရီးယားနိုင်ငံသား Choi Young Seok ရဲ့ ကြီးကြပ်မှုနဲ့ ထိုင်းနိုင်ငံရဲ့ အခြားရွှေတံဆိပ်ဆုအတွက် ယှဉ်ပြိုင်ကြသူတွေထဲမှာ Panik အပြင် အိုလံပစ် ငွေတံဆိပ်ဆုရှင်တွေဖြစ်တဲ့ Tawin Hanprab နဲ့ Ramnarong Sawelwiharee တို့လည်း ပါဝင်လာကြပါတယ်။

ထိုင်းနိုင်ငံအတွက် အာရှအားကစားပြိုင်ပွဲမှာကျင်းပတဲ့ ဂေါက်သီးပြိုင်ပွဲမှာ ပထမဆုံးရွှေတံဆိပ်ဆုကို ၂၀၁၄ ခုနှစ် အင်ချွန်းအားကစားပြိုင်ပွဲမှာ ရရှိခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးအဖွဲ့လိုက်မှာ ရွှေတံဆိပ် ၁ ခု၊ အမျိုးသမီး တဦးချင်းမှာ ငွေတံဆိပ် ၁ ခု၊ အမျိုးသားအဖွဲ့လိုက်နဲ့ အမျိုးသမီး တဦးချင်းမှာ ကြေးတံဆိပ် ၂ ခုရရှိခဲ့ပါတယ်။

Bangkokpost တွင် ဖော်ပြထားသော “Thais aiming for 17 gold medal haul in Indonesia” သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။

Ref:Bangkokpost

The post ၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ် ရယူဖို့ ရည်ရွယ်ထားတဲ့ ထိုင်းအသင်း appeared first on ဧရာဝတီ.

ယနေ့ခေတ်ရဲ့ ကမ္ဘာကျော် အားကစားသမား ၅ ဦး

$
0
0

ဒီတခါမှာတော့ လက်ရှိ ကမ္ဘာကျော်နေတဲ့ အားကစားသမားတွေကို ဖော်ပြပေးချင်ပါတယ်။ သူတို့ဟာ ကမ္ဘာ့အကောင်းဆုံး အားကစားသမားတွေ ဖြစ်ရုံသာမကဘဲ သူတို့ ကျင်လည်နေတဲ့ နယ်ပယ်မှာလည်း လေးစားမှုကို ရရှိထားသူတွေ ဖြစ်ပါတယ်။

အခု ဖော်ပြပေးမယ့်သူတွေဟာ Ranker သတင်းဌာနကို ပရိသတ်တွေပေးခဲ့တဲ့ မဲအတိုင်း ဖော်ပြပေးမှာဖြစ်လို့ သင့်အကြိုက်နဲ့ မတူတာတွေလည်း ရှိနိုင်ပါတယ်။

(၁) Cristiano Ronaldo

သူ့ရဲ့နာမည်အရင်းကတော့ Cristiano Ronaldo Dos Santos Aveiro လို့ခေါ်ပါတယ်။ မြန်မာပရိသတ်တွေက ဒိုလေးလို့ ချစ်စနိုးခေါ်ကြတဲ့ သူ့ကို နိုင်ငံတကာ ပရိသတ်တွေ ကတော့ အကောင်းဆုံး အားကစားသမား အဖြစ် သတ်မှတ်ထားပါတယ်။ အသက် ၃၃ နှစ် အရွယ် ပေါ်တူဂီနိုင်ငံသားဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ လက်ရှိမှာ ဂျူဗင်တပ် အသင်းမှာ ကစားနေပါတယ်။သူဟာ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်စတဲ့ အသင်းတွေမှာ ကစားခဲ့ပြီး အောင်မြင်မှု အမြောက်အများကို ရရှိခဲ့ပါတယ်။

(၂) Roger Federer

ကမ္ဘာ့တင်းနစ်လောကမှာ နံပတ် ၁ အဖြစ်သတ်မှတ်ထားတဲ့ Roger Federer ကတော့ အသက် ၃၇ နှစ် မကြာသေးခင်ကမှ ပြည့်ထားတာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံသားဖြစ်တဲ့ သူ့ကို တင်းနစ်ကျွမ်းကျင်သူတွေက သမိုင်းတလျှောက် အတော်ဆုံး Solo တင်းနစ်သမားအဖြစ် သတ်မှတ်ထားကြပါတယ်။ သူဟာ Grand Slam men’s single ဆု ၁၁ ဆု၊ Tennis Masters Cup ၃ ဆု အပါအဝင် ဆုပေါင်းများစွာကို ရရှိထားသူလည်း ဖြစ်ပါတယ်။

(၃) Conor McGregor

UFC ချန်ပီယံ တဦးဖြစ်တဲ့ Cornor McGregor ကတော့ Irish သွေးပါတဲ့ လက်ဝှေ့သမားတဦး ဖြစ်ပါတယ်။ သူဟာ Lightweight, Welterweight, Featherweight စတဲ့ ဝိတ်တန်းအစုံမှာ ကစားပြီး ချန်ပီယံခါးပတ်တွေ ရရှိထားသူလည်း ဖြစ်ပါတယ်။

(၄) Lionel Messi

ဘာစီလိုနာ ကစားသမားဖြစ်တဲ့ မက်စီဟာ အသက် ၃၁ ရှိပြီဖြစ်ပြီး အာဂျင်တီးနားနိုင်ငံသား တဦးဖြစ်တဲ့ သူ့ကို ကမ္ဘာပရိသတ်အားလုံးက လေးစားကြပါတယ်။ သူဟာ ရွှေဖိနပ်ဆု အများဆုံး ရရှိထားတဲ့ ဘောလုံးသမားတဦးဖြစ်တဲ့ အပြင် ရာသီအလိုက် ဂိုးသွင်းအများဆုံးဆု စတာတွေကို ရရှိထားပြီး ကမ္ဘာ့ဖလားမှာဝင်ကစားတဲ့ အသက်အငယ်ဆုံး အာဂျင်တီးနား ဘောလုံးသမား တဦးလည်း ဖြစ်ပါတယ်။

(၅) Stephan Curry

NBA ဘတ်စကတ်ဘောအသင်းရဲ့ Golden State Worrior အသင်းမှာ ကစားနေတဲ့ Stephan Curry ဟာ အသက် ၃၀ နှစ် ရှိပါပြီ။ အမေရိကန်နိုင်ငံသားတဦးဖြစ်တဲ့ သူဟာ NBA အသင်းနဲ့ အောင်ပွဲများစွာ ရရှိထားပြီး ဘတ်စကတ်ဘောနဲ့ ပတ်သတ်တဲ့ အခြား ဆုပေါင်းများစွာကိုလည်း ရရှိထားပါတယ်။ သူဟာ ကမ္ဘာ့ဘတ်စကတ်ဘောပြိုင်ပွဲတွေမှာ အမေရိကန်နိုင်ငံ ကိုယ်စားပြုအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၂ ခုကိုလည်း ဆွတ်ခူးပေးခဲ့ပါသေးတယ်။

Ref;Ranker.com

The post ယနေ့ခေတ်ရဲ့ ကမ္ဘာကျော် အားကစားသမား ၅ ဦး appeared first on ဧရာဝတီ.

Viewing all 511 articles
Browse latest View live