Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all 511 articles
Browse latest View live

၂၀၁၈ ဆူဇူကီးဖလား ဗီယက်နမ်ကို မြန်မာ ကျော်နိုင်မလား

$
0
0

ဗီယက်နမ်အသင်းသည် ယခုနှစ် အာရှဘောလုံးအဖွဲ့ချုပ်၏ ဆူဇူကီးဖလားပြိုင်ပွဲတွင် အကောင်းဆုံး အသင်းတသင်း ဖြစ်လျက်ရှိသည်။ ရွှေနဂါးများ (ဗီယက်နမ်) အနေဖြင့် အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) တက်ရန် သေချာနေပြီဖြစ်ပြီး ရမှတ် ၆ မှတ် ရရှိထားသည်။ သို့သော်လည်း သူတို့သည် မြန်မာအသင်းနှင့် အလားတူ စွာပင် ခက်ခဲသည့် စိန်ခေါ်မှုတခုနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အုပ်စု (က) ၏ ထိပ်တန်းတွင် ရပ်တည်နေသော ပြိုင်ဘက်များလည်း ဖြစ်ကြသည်။

သို့သော် မြန်မာအသင်း အနေဖြင့် ပြိုင်ဘက်ကို ကျော်လွှားနိုင်သည့် ပိုကောင်းသော အသင်းတသင်း ဖြစ်လာစေရန် မည်သို့ ကြိုးစားနိုင်မည်နည်း။

ဗီယက်နမ်အသင်းသည် ယခုပွဲစဉ်များတွင် လာအို၊ မလေးရှား အသင်းတို့နှင့် ကန်ခဲ့ပြီး နှစ်သင်းလုံးကို အလွယ်တကူ နိုင်ခဲ့သည်။ လာအိုအသင်းကို ၃ ဂိုး – ဂိုးမရှိဖြင့် နိုင်ခဲ့သည့်အပြင် မလေးရှားကိုလည်း ၂ ဂိုး-ဂိုးမရှိဖြင့်ပင် နှစ်ပွဲစလုံး နောက်တန်းခံစစ်လုံအောင် ကစားခဲ့ရာ ဗီယက်နမ်တို့က ဒုတိယအဆင့်အတွက် အလှမ်းသာခဲ့သည်။

အဓိက ကစားသမားများ

၂၀၁၈ ခုနှစ်၊ AFF ဆူဇူကီးဖလားပြိုင်ပွဲအတွင်း အောင်သူသည် မြန်မာအသင်းကို ဦးဆောင် ကစားခဲ့သူအဖြစ် ထင်ပေါ်ခဲ့ပြီး ယခုအချိန်အထိ နံပါတ် ၁၀ တွင် စောင့်ကြည့်ခံရသူ ဖြစ်သည်။ လာအိုနှင့် ကစားသည့်ပွဲစဉ်တွင် သူသည် မြန်မာအသင်း၏ ကစားကွက်ကို ထိန်းညှိပေးခဲ့ပြီး အဆိုပါ ညပွဲစဉ်တလျှောက်လုံး ခြေစွမ်းပြခဲ့သည်။ သို့သော် အောင်သူနှင့် တညီတည်း အရေးပါသူများမှာ ကွင်းလယ် ဖန်တီးရှင် လှိုင်းဘိုဘိုနှင့် နောက်တန်း ခံစစ်မှူး သိန်းသန်းဝင်းတို့ ဖြစ်ကြသည်။

ဗီယက်နမ်အသင်းအတွက် ငုယင်ကောင်ဖူယွန်နှင့် ငုယင်အာ့ချ်ဒက်တို့က နှစ်ဂိုးစီသွင်းထားပြီး ယခုအချိန်အထိ ခြေစွမ်းပြထားသူများ ဖြစ်သည်။ ထို့အပြင် သူတို့နှစ်ဦးသည် ကစားကွက် အချိတ် အဆက်မိမိဖြင့် အရွှေ့အပြောင်း ကျွမ်းသူများဖြစ်ကြောင်း မလေးရှားကို နှစ်ဂိုး – ဂိုးမရှိဖြင့် နိုင်ခဲ့သည့်ပွဲတွင် တွေ့ရသည်။ ခံစစ်လုံသည့် ဗီယက်နမ် နောက်တန်းကိုလည်း ချီးကျူးရမည်ဖြစ်ပြီး ပွဲစဉ်များတွင် ခြေမှားသည်ဟူ၍ မရှိသေးပေ။
ကစားကွက်ပုံစံ
မြန်မာအသင်းသည် ၄-၅-၁ ဖြင့် ကစားခဲ့ပြီး တိုက်စစ်ဆင်နေစဉ်အတွင်း ၄-၃-၃ သို့ လျင်မြန်စွာ ပြောင်းလဲ နိုင်ခဲ့သည်။ သို့သော် ၄-၅-၁ မှာ ပွဲချိန်မိနစ် ၉၀ တလျှောက်လုံး အသင်း၏ ခံစစ်ကို ထိန်းထားနိုင်သော ထင်ရှားသည့် လက္ခဏာဖြစ်ပြီး ပြိုင်ဘက် အသင်းကို ဘောလုံးပိုင်ဆိုင်ဖို့ အချိန်မပေးခဲ့ပေ။

၎င်းတို့၏ ကစားကွက်အများစုမှာ ကွင်းလယ်ဖန်တီးရှင် လှိုင်ဘိုဘို၏ ပခုံးပေါ်သို့ လုံးလုံးလျားလျား တာဝန် ကျရောက်လျက် ရှိသည်။ လှိုင်းဘိုဘို အနေဖြင့် ယခုအချိန်အထိ သူ့တာဝန်သူ ကျေပွန်နေဆဲဖြစ်သည်။

မြန်မာအသင်းနှင့်ခြားနားစွာပင် ဗီယက်နမ်အသင်းသည် နောက်ခံလူ ၃ ယောက်ဖြင့် အမြဲကစားလေ့ရှိသည်။ သို့သော် ပွဲစဉ်အဖွင့် ရှေ့ပိုင်းပွဲများ ကစားရာတွင် ၄-၂-၃-၁ ဖြင့် ဘက်ညီစွာ ကစားတတ်သည်။ မည်သို့ပင်ဆိုစေ ဗီယက်နမ်အသင်းသည် သူတို့နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ်အတွက် ၅-၄-၁ ဖြင့် ကောင်းစွာ ကစားနိုင်ခဲ့သည်။

မြန်မာအသင်းနှင့် ကစားမည့် ဗီယက်နန်အသင်း (ဓာတ်ပုံ – affsuzukicup)

တိုက်စစ်ဆင်နေစဉ် အတွင်း ဗီယက်နမ်သည် ၅-၄-၁ မှ ၃-၄-၃ သို့ ပြောင်းပြီး တောင်ပံခံစစ်နှင့် ကွင်းလယ်တွန်းအား တို့ကို သုံးတတ်သည်။ သို့သော် ၎င်းတို့သည် ခံစစ်ပုံစံ မည်သို့ထိန်းရမည်ကိုသိပြီး အရှုံးပေးရမည့် ဘောလုံးဖြစ်စေကာမူ အသေအလဲ ခုခံဖျက်ထုတ် တတ်သည်။

မြန်မာအသင်းသည် ဘောလုံးကို ထိန်းထားနိုင်မည့်ဟန်ရှိသည့် အသင်းတသင်းဖြစ်သည်။ ကန်ခဲ့ပြီးသည့် နှစ်ပွဲစလုံးတွင် ကောင်းစွာ ကစားနိုင်ခဲ့ပြီး အာရှခြင်္သေ့များက ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းကျော် ရှိခဲ့ပြီဖြစ်သည်။ ကံမကောင်း အကြောင်းမလှလျှင် ပြိုင်ဘက်ဗီယက်နမ်က ဘောလုံးပိုင်ဆိုင်မှု မဆိုသလောက်ဖြင့် ညီတူမျှတူ ခြေစွမ်းပြနိုင်သည်။

ဗီယက်နမ်အသင်းသည် ၎င်း၏ ကစားခဲ့သော နောက်ဆုံးပွဲစဉ်တွင် မလေးရှားအသင်းကို ဖိကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၃၁ ရာခိုင်နှုန်းသာ ရှိသော်လည်း ၂ ဂိုး-ဂိုးမရှိဖြင့် မလေးရှားကို ဂိုးပြတ် အနိုင်ရခဲ့သည်။ ပွဲအစအဆုံး ကစားပွဲကို ထိန်းနိုင်ခဲ့ပြီး ပြိုင်ဘက်အသင်းကို ကစားကွက် တည်မရအောင် ပိတ်ထားခဲ့သည်။ ထို့အပြင် ဗီယက်နမ်အသင်း၏ စိတ်ဓာတ်နှင့် တည်ဆောက်ပုံ ကျစ်လျစ်ခြင်းက တဖက်အသင်း ဂိုးမသွင်း နိုင်အောင် ဟန့်တားနိုင်ခဲ့ပြီး သူ့အသင်းသာ ဂိုးရခဲ့သည်။

ကျစ်လစ်တောင့်တင်းလှသည့် ဗီယက်နမ် အသင်း၏ခံစစ် တံတိုင်းကို ထိုးဖောက်ရန် မြန်မာအသင်းအနေဖြင့် ရေကုန်ရေခမ်း ကြိုးပမ်းရဦးမည် ဖြစ်သည်။

မြန်မာအသင်းအတွက် ကစားကွက် ဖန်တီးသူများဖြစ်သည့် တိုက်စစ်မှူး အောင်သူနှင့် လွင်မိုးအောင်တို့ နောက်တွင် နောက်ထပ်ပံ့ပိုးမှု လိုသည်။ ၎င်းတို့နှစ်ဦး ဗီယက်နမ် နောက်တန်းခံစစ်သို့ ထိုးဖောက်ကစား၍ နေရာယူနိုင်ရန်အတွက် မြန်မာ နောက်တန်းမှလည်း ခံစစ်လုံဖို့ အထူးလိုသည်။

မြန်မာအသင်းအဖို့ ကွင်းလယ်ကစားသမားက ပိတ်ပေးခြင်းဖြင့် တန်ပြန် ထိုးစစ်ဒဏ်ကို ခံနိုင်ရည်ရှိလျှင် ၄-၅-၁ ကစားကွက်မှာလည်း အကျိုးဖြစ်ထွန်းနိုင်သည်။

ကိုးကား ။ ။ FOX Sports Asia

The post ၂၀၁၈ ဆူဇူကီးဖလား ဗီယက်နမ်ကို မြန်မာ ကျော်နိုင်မလား appeared first on ဧရာဝတီ.


အောင်သူ ရှိနေတဲ့အတွက် ကျော်ကိုကို မလိုတော့

$
0
0

လူတဦး၏ ဆုံးရှုံးမှုသည် တခြားတဦးအတွက် အမြတ်ထွက်သည်ဟု ပြောလေ့ရှိကြသည်။ ထိုအချက်သည် အလားအလာ ကောင်းသော်လည်း ထိန်းရခက်သော တိုက်စစ်မှူး မရှိသောကြောင့် မျှော်လင့်ချက်သစ်တခု ပေါ်ပေါက်လာသော မြန်မာ့ လက်ရွေးစင် အသင်း၏ တိုက်စစ်ပိုင်းတွင် အမှန်တကယ် ဖြစ်ပေါ်ခဲ့သည်။ ထိုဇာတ်လမ်းသည် ကျော်ကိုကိုနှင့် အောင်သူတို့၏ ဇာတ်လမ်းပင်ဖြစ်သည်။

ကျော်ကိုကိုသည် မြန်မာနိုင်ငံ၏ ဘောလုံးကြယ်ပွင့် ဖြစ်လာမည်ဟု ယူဆခဲ့ကြသည်။ ကျော်ကိုကိုသည် ထိုသို့ မဖြစ်ခဲ့ မဟုတ်သော်လည်း အလွန် တိုတောင်းသော ကာလအတွင်းတွင်သာ ကြယ်ပွင့်ဖြစ်ခဲ့သည်။ ကျော်ကိုကို၏ စွမ်းရည်များ လက်တွေ့ဖြစ်မလာဟု ဆိုလျှင် လျှော့ပေါ့ ပြောဆိုရာရောက်မည် ဖြစ်သည်။ သူသည် မြန်မာဘောလုံး လောကတွင် မင်းသားဖြစ်ခဲ့သော်လည်း သူ၏ မှားယွင်းမှုတခုနှင့် မြန်မာအသင်းတွင် လူသစ်တယောက် ရောက်လာသောကြောင့် သူ့အခြေအနေ ယိမ်းယိုင်သွားသည်။

ကျော်ကိုကို ကို မြန်မာအသင်းနည်းပြ ဂါဒ် ဇိစ် က ၂၀၁၆ ခုနှစ် အာရှ ဘောလုံးအဖွဲ့ချုပ် ဆူဇူကီး ဖလား (AFF Suzuki Cup 2016) တွင် ထည့်သွင်းခဲ့ခြင်းမရှိဘဲ ၂၀၁၈ ခုနှစ် ပွဲတွင်လည်း ဒဏ်ရာကြောင့် မကစားနိုင် ဖြစ်နေချိန်တွင် အောင်သူသည် ရှေ့တန်းမှ တိုင်းပြည်ဘောလုံးအသင်းကို ဦးဆောင်နေသည်။ မြန်မာအသင်းသည် ၁၂ ကြိမ်မြောက် အရှေ့တောင်အာရှ ထိပ်တန်း ဘောလုံးပွဲတွင် သမိုင်းဝင်ရန် မျှော်လင့်နေသည်။

ထို့ကြောင့် FOX Sports Asia က မြန်မာအသင်းတွင် အောင်သူ ရှေ့တန်းမှ ဦးဆောင်နေသမျှ ကာလပတ်လုံး ကျော်ကိုကိုကို မလိုအပ်တော့သလို ဖြစ်နေရခြင်း အကြောင်းရင်းကို လေ့လာခဲ့သည်။ အောင်သူသည် အာရှခြင်္သေ့များ (မြန်မာ့လက်ရွေးစဉ်) အတွက် ပိုမိုသင့်တော်သော ကစားသမား ဖြစ်နေသည်။

ကလပ်အသင်းအဆင့် စွမ်းဆောင်ရည်

အမရပူရတွင်မွေးဖွားသူ ကျော်ကိုကို သည် ဇေယျာရွှေမြေ အသင်းတွင် လူငယ်ကစားသမား အဖြစ် ၂၀၁၁ ခုနှစ်တွင် စတင် ပါဝင်ပြီး အသင်းအတွက် ပွဲပေါင်း ၄၁ ပွဲတွင် ဂိုး ၁၈ ဂိုး သွင်းယူခဲ့သည့် ဝါရင့်အတွေ့အကြုံကို စတင် လိုက်သည်။ ၂၀၁၃ ခုနှစ်တွင် သူသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ရန်ကုန်ယူနိုက်တက် အသင်းသို့ ပြောင်းကာ ထိုကလပ်တွင် အများဆုံး ကစားခဲ့သည်။

သူသည် ပွဲပေါင်း ၁၂၀ ကစားခဲ့ပြီး ၄၉ ဂိုးသွင်းယူကာ အသင်းကို အဖွဲ့ချုပ် ချန်ပီယံနှစ်ကြိမ်နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း တကြိမ် ရစေခဲ့သည်။ နောက်ဆုံး ၂၀၁၈ ခုနှစ်သို့ ရောက်သောအခါ ကျော်ကိုကို သည် ထိုင်းဘောလုံး ပထမတန်းမှ ချင်းရိုင် ယူနိုက်တက်နှင့် စာချုပ်ချုပ်လိုက်ပြီး ပြည်ပတွင် စတင် ကစားသည်။

သို့သော် ထိုသို့ပြောင်းရွှေ့ ကစားခြင်းသည် လက်ရှိအချိန်အထိ သူ့အတွက် အဆင်ပြေလှခြင်း မရှိသေးပေ။ သူသည် ထိုင်းအသင်း၏ အရေးပါမှု အဆင့်တွင် အောက်သို့ကျလာနေပြီး အသင်းအတွက် ၇ ကြိမ် ကစားသော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိပေ။ ပိုမိုဆိုးရွားသည်မှာ ၂၀၁၈ ခုနှစ် ဧပြီလတွင် ပြင်းထန်သော ဒူးဒဏ်ရာ ရရှိပြီး ယခုတိုင် အပြည့်အ၀ ပြန်လည် ကောင်းမွန်ခြင်း မရှိသေးပေ။

တဖက်တွင်မူ အောင်သူသည် ရတနာပုံအသင်းတွင် နာမည်ရလာပြီး ပွဲပေါင်း ၅၈ ပွဲတွင် ၂၄ ဂိုးသွင်းသည်။ ကျော်ကိုကိုနှင့် တချိန်တည်း လောက်မှာပင် ထိုင်း ပထမတန်းသို့ သွားရောက်ကစားခဲ့သည်။ သူ၏ အသင်းသည် အကောင်းဆုံး ကစားနိုင်ခြင်း မရှိသေးသော်လည်း အောင်သူသည် ဘောလုံးရာသီ တလျှောက်လုံးတွင် ခြေစွမ်းပြနေသည်။

သူသည် ၁၁ ဂိုးသွင်းထားပြီး ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ခဲ့သဖြင့် ၂၀၁၈ ဘောလုံးရာသီအတွင်း ပဉ္စမမြောက် အကောင်းဆုံး ဖြစ်နေကာ ထိုင်း ဘောလုံးအသင်းကြီး တခုဖြစ်သော မြောင်သောင် ယူနိုက်တက်က စောင့်ကြည့် ခံနေရသည်ဟု သတင်း ထွက်နေသည်။ သူသည် AFF Suzuki Cup 2018 တွင်လည်း မြန်မာအသင်းအတွက် ဒုက္ခရောက်အောင် မလုပ်ကြောင်း ပြသနေသည်။

မြန်မာနိုင်ငံက သူ့ကို အလိုအပ်ဆုံး အချိန်တွင် ကျော်ကိုကို မကစားနိုင်

ဒဏ်ရာများနှင့်် ရုန်းကန်နေရသည့် တိုက်စစ်မှူး ကျော်ကိုကို

 

အသက် ၁၇ နှစ်အရွယ်မျှနှင့် ကျော်ကိုကိုသည် 2010 AFF Suzuki Cup ပွဲတွင် မြန်မာအသင်းမှ အငယ်ဆုံး ကစားသမားအဖြစ် ပါဝင်ခဲ့သည်။ အာရှခြင်္သေ့များသည် ထိုပွဲတွင် ဖိလစ်ပိုင်နှင့် ဂိုးမရှိ သားရေကျသော အမှတ်တမှတ်သာ ရခဲ့ကာ အုပ်စု အောက်ဆုံးတွင် ရောက်သွားခဲ့သည်။

နောက်တနှစ် ကြာသောအခါ မြန်မာ့လက်ရွေးစဉ် အသင်းအတွက် သူ၏ အကောင်ဆုံစွမ်းဆောင်မှုကို ပြသခဲ့ပြီး ၂၀၁၁ ခုနှစ်က ဂျကာတာတွင် ကျင်းပသော အရှေ့တောင်အာရှ ဘောလုံးပွဲတွင် ငါး ဂိုးသွင်းကာ တတိယနေရာ ရယူနိုင်ခဲ့သည်။ ထိုပွဲတွင် ကျော်ကိုကိုသည် ဗီယက်နမ်မှ ငုယင်ဗန်ကူယက်နှင့် အင်ဒိုနီးရှားမှ ပက်ထရစ် ဝမ်ဂိုင်တိုနှင့် အတူ ဒုတိယ ဂိုးအများဆုံး သွင်းသူဖြစ်ခဲ့သည်။

သူသည် ဒဏ်ရာရပြီး ကံမကောင်း အကြောင်းမလှ သောကြောင့် 2012 AFF Cup ပွဲနှင့်လည်း လွဲချော်သွားပြီး ဘ၀ အတက် အကျများကို ခံစားရသည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာအသင်းအတွက် ပြန်ကစားပြီး ထိုနှစ်က ပွဲတွင် မြန်မာအသင်းသည် အုပ်စု အောက်ဆုံးသို့ ရောက်သွားပြန်သည်။ ကျော်ကိုကိုအတွက် ဖြေသိမ့်စရာမှာ စကာပူကို ၄ ဂိုး၊ ၂ ဂိုးဖြင့် ရှုံးသည့်ပွဲတွင် ပင်နယ်တီမှ တဂိုး သွင်းလိုက်နိုင်ခြင်းမျှသာ ဖြစ်သည်။

2016 AFF Suzuki Cup သည် ကျော်ကိုကို၏ အစွမ်းအစကို ပြသသည့် အကောင်းဆုံးပွဲ ဖြစ်သည်ဟု အများက ယုံကြည်ကြသည်။ ထိုစဉ်က အသက် ၂၃ နှစ်ရှိပြီဖြစ်သော ကျော်ကိုကိုသည် သူ့ဘ၀ အထွဋ်အထိပ် ရောက်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် သူ၏ ပရိသတ်များ တုန်လှုပ်စေသော အချက်မှာ နည်းပြ ဇိစ် က ကျော်ကိုကိုသည် အသင်းလိုက် ကစားသမား မဟုတ်ဟုဆိုကာ မြန်မာအသင်းတွင် ထည့်သွင်းခဲ့ခြင်းမရှိသော အချက်ဖြစ်သည်။

“သူ့မှာ သူ့နည်းစနစ်နဲ့သူ ရှိတယ်။ ကျနော်တို့က သေနင်္ဂဗျူဟာ ချပေးရင် သူက အဲဒီသေနင်္ဂဗျူဟာကို ပြောင်းပစ်တယ်။ သူက ယုံကြည်မှုနည်းတဲ့ ကစားသမားငယ်တွေကို အော်ဟစ်တယ်။ ပြည်တွင်း နည်းပြတွေကို အော်ဟစ်တယ်။ ဒီလိုလုပ်လို့ မရဘူး၊ ဒါဟာ သူ အသင်းမှာ မပါရတဲ့ အကြောင်းတွေထဲက တခုပဲ” ဟု ထိုနည်းပြက နောင်တွင်ပြောသည်။

“ကျော်ကိုကိုကို မထည့်ဘဲကစားရတဲ့ ဆုံးဖြတ်ချက်မှာ နည်းစနစ်ပိုင်းတွေပါသလို၊ ကိုယ်ရေးကိုယ်တာ တွေလည်း ပါတယ်။ အရည် အချင်းမရှိလို့ ကျနော်သူ့ကို နားမလည်နိုင်တာ မဟုတ်ဘူး။ သူ့မှာ ကောင်းတဲ့အချိန်တွေ ရှိပေမယ့် အချိန်အများစုမှာ သူ့နည်းစနစ်၊ သူ့သေနင်္ဂဗျူဟာနဲ့ သူလုပ်နေတယ်။ ကျနော် နားမလည်နိုင်ဘူး” ဟု ဂျာမန်နည်းပြက ပြောသည်။

ထိုမျှဆိုလျှင် ကျော်ကိုကိုနှင့် မြန်မာ့လက်ရွေးစင် အသင်းတို့ အကြောင်းကို ခြုံငုံမိမည် ထင်သည်။

ကျော်ကိုကိုသည် အာရှခြင်္သေ့များအတွက် ၄၇ ပွဲ ကစားခဲ့ပြီး ၁၄ ဂိုးသွင်းယူခဲ့သည်။ သူ့ထက် ပိုမို ငယ်ရွယ်သော အောင်သူသည် ၂၉ ပွဲကစားခဲ့ပြီး ၉ ဂိုး သွင်းယူနိုင်ခဲ့သည်။ ဂိုးသွင်းနိုင်မှု အချိုးအစား အရကြည့်ပါက ၎င်းတို့နှစ်ဦး အကြားတွင် ကွာဟမှု မရှိလှပေ။ နှစ်ဦးစလုံး သုံးပွဲတွင် ၁ ဂိုးခန့် သွင်းနိုင် ကြသည်။ သို့သော် သူတို့နှစ်ဦးအကြား ကွဲပြားချက်မှာ သူတို့သွင်းယူသော ဂိုးများ၏ လက်ရွေးစဉ် အသင်းအပေါ် ရိုက်ခတ်မှု ဖြစ်သည်။

ဤနေရာတွင် အောင်သူသည် ကျော်ကိုကိုထက် အနည်းဆုံး တမှတ်သာသည်။ နိုင်ငံတကာ အဆင့်တွင် သူသွင်းယူခဲ့သည့် ဂိုး ၉ ဂိုးအနက် ၅ ဂိုးမှာ 2018 FIFA World Cup ခြေစစ်ပွဲများ အပါအဝင် လက်ဘနွန်၊ ကာဂျစ်စတန်၊ ထိုင်း၊ ဗီယက်နမ်နှင့် စင်ကာပူတို့နှင့် ကစားသော ပွဲများတွင် သွင်းခဲ့ခြင်းဖြစ်သည်။

ကျော်ကိုကို၏ နိုင်ငံတကာဂိုး ၁၄ ဂိုးမှာ ချစ်ကြည်ရေးပွဲများနှင့် နှိုင်းယှဉ်ချက် အားဖြင့် အားနည်းသော အသင်းများဖြစ်သည့် ဘရူနိုင်း၊ လာအို၊ မက္ကာအို စသည့်အသင်းများနှင့် ကစားသော ပွဲများတွင်ဖြစ်သည်။ ထိုအချက်သည် မြန်မာတိုက်စစ်မှူး နှစ်ဦးအကြား ကွာဟချက်ဖြစ်သည်။

မည်သည့်အတွက် အောင်သူသည် ကျော်ကိုကိုထက် ပိုမိုကောင်းမွန်သနည်း။ ထိုအချက်မှာ မြန်မာ့ လက်ရွေးစဉ် အသင်းအတွက် သူရယူပေးခဲ့သော ရလဒ်ဖြစ်သည်။ အောင်သူသွင်းခဲ့သော ဂိုး ၉ ဂိုးအနက် ၂ ဂိုးကို 2016 AFF Suzuki Cup က သွင်းယူခြင်းဖြစ်ပြီး ထိုပွဲတွင်သူသည် မြန်မာအသင်းကို သမိုင်းဝင် နေရာဖြစ်သော ဆီမီးဖိုင်နယ်အထိ ဦးဆောင် သွားနိုင်ခဲ့သည်။ ထိုစဉ်က သူ၏ အသက်မှာ ၂၀ မျှသာ ရှိသေးသည်။

ယခုပွဲတွင်လည်း အောင်သူသည် ဒဏ်ရာ အပြည့်အ၀ မသက်သာသေးသည့်တိုင်၊ နာကျင်မှုသက်သာစေသည့် အကာအကွယ် ဝတ်ဆင် ကစားနေသည့်တိုင် စောင့်ကြည့်ခံနေရသည်။ ထို့ကြောင့်သူသည် ဘဝကို ပေးဆပ် ကစားနေသည့် သဘောမျိုး ဖြစ်နေသည်။ ကမ္ဘောဒီးယားနှင့် ကစားသော အဖွင့်ပွဲတွင် မြန်မာအသင်း ၁ ဂိုး နိမ့်နေချိန် ဒုတိယပိုင်းရောက်မှ သူ့ကို ထည့်သွင်း ကစားခြင်းဖြစ်သည်။

ထိုအခါတွင် ကစားပွဲအနေအထား ပြောင်းလဲသွားကာ ဒုတိယပိုင်း ၄၅ မိနစ်တွင် အသင်းသားများနှင့် သူကိုယ်တိုင် အတွက် ဂိုးသွင်းခွင့် ဖန်တီးပေးနိုင်လာသည်။ မိနစ် ၉၀ ပြည့်သောအခါ မြန်မာအသင်းက ၄ ဂိုး ၁ ဂိုးနှင့် နိုင်သည်မှာ အံ့သြစရာ မဟုတ်ပေ။ ဒုတိယပွဲတွင်လည်း အောင်သူသည် အသင်းကသူ့ကို လိုအပ်ချိန်တွင် ရှိနေခဲ့ပြီး ပထမပိုင်း ပြီးကာနီးတွင် ဂိုးတူအောင် ကန်ပေးနိုင်ကာ သူ၏ အသင်းကို အောင်ပွဲဆီသို့ ဦးဆောင်သွား နိုင်ခဲ့သည်။

နိဂုံး

ထိုကြောင့် အောင်သူသည် ကျော်ကိုကိုက မြန်မာအသင်းအပေါ် ရိုက်ခတ်ခဲ့ဖူးသည်ထက် များစွာပိုမိုကြီးမားစွာ သက်ရောက်မှု ရှိသူဟု ဆိုလျှင် မျှတမည်ထင်သည်။ ကျော်ကိုကိုသည် အောင်သူထက် သုံးနှစ်ခန့် အသက် ကြီးသည်၊ သို့သော် ကျော်ကိုကိုသည် ပွဲကြီးပွဲကောင်းများတွင် ထွက်မလာခဲ့ပေ။ တိုက်စစ်ဆင်နေသော အောင်သူသည် ပရိသတ်အတွက် စိတ်ကူး အိပ်မက်များကို ဖြစ်စေပြီး မြန်မာ့ဘောလုံး ရည်မှန်ချက်၏ ကြီးထွား နေသော တောင်ပံသည် အောင်သူ့ထံတွင် ရှိနေသည်။

ကိုးကား ။ ။ FOX Sports Asia

The post အောင်သူ ရှိနေတဲ့အတွက် ကျော်ကိုကို မလိုတော့ appeared first on ဧရာဝတီ.

ဆီမီးဖိုင်နယ်အတွက် နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်ရမည့် မြန်မာအသင်း

$
0
0

လက်ရှိကျင်းပနေသည့် အာဆီယံဘောလုံးအဖွဲ့ချုပ် ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (က) ရပ်တည်မှုကို ကြည့်လျှင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းက ရမှတ် ၇ မှတ်၊ သွင်းဂိုးအသာဖြင့် အုပ်စုဗိုလ်အဖြစ် ရပ်တည်နေသည်။ အဆိုပါ အနေအထားကို ကြည့်ပြီး မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေကောင်းသည် ဟုပြောလျှင် မှားပါလိမ့်မည်။

ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းအတွင်း နိုဝင်ဘာ ၂၀ ရက်နေ့က အာဆီယံထိပ်သီး ဗီယက်နမ်အသင်းကို ရေကုန်ရေခမ်း တုန့်ပြန်ကစားပြီး အဖိုးတန် သရေ တမှတ် ရယူနိုင်ခဲ့မှုက မြန်မာ့လက်ရွေးစင်အသင်းအတွက် အထိုက်အလျောက် ကျေနပ်စရာဖြစ်ခဲ့သော်လည်း ဆီမီးဖိုင်နယ် တက်ရောက်ဖို့အတွက် မလေးရှားမြေပေါ် အိမ်ရှင် မလေးရှားလက်ရွေးစင်အသင်းကို မြန်မာတို့ ဆက်လက်ရင်ဆိုင်ရဦးမည် ဖြစ်သည်။

လက်ရှိကျင်းပနေသည့် ၂၀၁၈ ဆူဇူကီးဖလား အုပ်စု (က) တွင် မြန်မာအသင်း ဖြတ်သန်းခဲ့သည့် ပွဲစဉ်များကို ပြန်ပြောင်းကြည့်လျှင် အဖွင့်ပွဲစဉ်၌ မြန်မာ့မြေပေါ်တွင် ကမ္ဘောဒီးယားအသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူခဲ့သည်။ ထို့နောက် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ယှဉ်ပြိုင်သည့်ပွဲစဉ်တွင် အိမ်ရှင် လာအိုအသင်းကို အဝေးကွင်းတွင် ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူကျော်ဖြတ်ခဲ့သည်။ အဆိုပါ ပွဲစဉ် ၂ ပွဲစလုံး၌ ပြိုင်ဘက်အသင်းများ၏ ဦးဆောင်ဂိုးများ ခွင့်ပြုပေးခဲ့ရပြီး မြန်မာအသင်းက နောက်ကလိုက်၍ ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေလက စတင်၍ မြန်မာ့လက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သည့် နည်းပြသစ် အန်တိုနီးဟေးလ် လက်ထက်တွင် မြန်မာအသင်း သက်လုံ ပိုကောင်းလာခဲ့ပြီး ပွဲချိန်ပြည့်သည်အထိ ကစားအား မကျဘဲ အင်တိုက်အားတိုက် ကစားနိုင်လာခဲ့သည်။ စည်းကမ်းပိုင်းအရလည်း ယခင်လို ဥပဒေပ ပြစ်ဒဏ် ကျူးလွန်ကစားသည့် အနေအထားများ လျော့နည်းလာခဲ့သလို မြန်မာအသင်း ပလေယာများအနေဖြင့် ယခင်ကလို တကိုယ်ကောင်းဆန်စွာ ကစားဖို့ထက် နည်းဗျူဟာကျကျဖြင့် အသင်းလိုက် ဟန်ချက်ညီစွာ ကစားနိုင်ဖို့ကို ပိုမို ဦးစားပေးလာသည့် အနေအထားများ အန်တိုနီးဟေးလ်လက်ထက် တိုးတက်မှုများအဖြစ် မြင်တွေ့ရသည်။

နည်းပြ အန်တိုနီးဟေးလ်ကိုယ်တိုင်ကလည်း ပွဲကို နည်းစနစ်ကျကျ ချဉ်းကပ်ပြီး ပွဲအခြေအနေကို လျင်မြန်စွာ အကဲဖြတ်နိုင်သည့် အရည်အချင်းရှိသည်။ မြန်မာပလေယာတွေတွင် ကိုယ်စီရှိသည့် အစွမ်းအစကို အန်တိုနီးဟေးလ်က အံဝင်ခွင်ကျ အသုံးပြုကာ အသင်းကို အကောင်းဆုံး အထောက်အကူပြုစေသည့် နည်းလမ်းအတိုင်း ကျင့်သုံးနေသည်ကို ကမ္ဘောဒီးယားနှင့် လာအို ပွဲစဉ်များတွင် မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့်လည်း ဦးဆောင်ဂိုးများ ပေးခဲ့ရသော်လည်း မြန်မာအသင်း ယိုင်နဲ့မသွားဘဲ မှန်ကန်သည့် လူစားလဲမှုများပြုလုပ်ပြီးနောက် ချေပဂိုးနှင့် အနိုင်ဂိုးများသွင်းကာ ပြန်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မြန်မာအသင်းနောက်တန်း၏ တည်ငြိမ်မှု အားနည်းခြင်း၊ ကွင်းလယ်က တဖက်အသင်း တိုက်စစ်ကို ဟန့်တား ဖြတ်တောက်နိုင်မှု အားနည်းခြင်းနှင့် တိုက်စစ်ကစားသမားများ နားလည်မှုလွဲမှားကာ အချိတ်အဆက် မိမိ ကစားနိုင်မှု အားနည်းနေဆဲဖြစ်သည့် အခြေအနေကြောင့် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဗီယက်နမ်နှင့် ယှဉ်ပြိုင်မည့် ပွဲစဉ်အတွက် မြန်မာပရိတ်သတ်များ စိတ်ပူခဲ့ကြသည်။ ၂၀၁၆ ခုနှစ် ဆူဇူကီးဖလားပြိုင်ပွဲတုန်းက မြန်မာနှင့် ဗီယက်နမ် ဆုံတွေ့စဉ် မြန်မာ့မြေပေါ်မှာပင် ဗီယက်နမ်တို့က ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူခဲ့သည့်အတွက် အာဆီယံအဆင့်သာမက အာရှထိပ်တန်းအသင်းကြီးတွေကိုပါ ဒုက္ခပေးနိုင်စွမ်း ပိုင်ဆိုင်ထားသည့် ဗီယက်နမ်ကို မြန်မာပရိတ်သတ်များ စိုးရိမ်ခဲ့ကြခြင်း ဖြစ်သည်။

တကယ်တမ်း သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ချိန်တွင် ဘယ်အစွန်နောက်ခံလူ သိန်းသိန်းဝင်းအစား ဝင်ရောက် ကစားသည့် နန္ဒကျော်နှင့် ညာအစွန်နောက်တန်းလူ ဒေးဗစ်ထန်အစား ဝင်ကန်သည့် ဝင်းမိုးကျော်တို့ အပါအဝင် မြန်မာနောက်တန်းက ခြေစွမ်းတည်ငြိမ်စွာ ကစားနိုင်ခဲ့ကြသည်။ ကမ္ဘောဒီးယားနှင့် လာအိုပွဲစဉ်များတုန်းက လစ်ဟာခဲ့သည့် ကွင်းလယ်အဖျက်နေရာတွင် လှိုင်းဘိုဘိုနှင့် လွင်မိုးအောင်တို့က မြန်မာအသင်းနောက်တန်းကို အကောင်းဆုံး ကူညီပေးနိုင်ခဲ့သည့်အတွက် ဗီယက်နမ်တိုက်စစ် ထင်တိုင်းမပေါက်ဘဲ အခက်တွေ့ခဲ့သည်။ ပထမပွဲစဉ် ၂ ပွဲမှာ လစ်ဟာချက်ကို အမြန်ဆုံး ပြင်ဆင်နိုင်ခဲ့သည့် မြန်မာနည်းပြ အန်တိုနီဟေးလ်၏ စွမ်းဆောင်မှုကို ချီးကျူးရမည် ဖြစ်သည်။

တိုက်စစ်မှူး အောင်သူ ဦးဆောင်သည့် မြန်မာအသင်းတိုက်စစ်ကိုမူ ဗီယက်နမ်ကွင်းလယ်နှင့် နောက်တန်း ကစားသမားများက အကောင်းဆုံး ထိန်းချုပ်ကစားနိုင်ခဲ့သည့်အတွက် မြန်မာအသင်း တိုက်စစ်အလုပ်မဖြစ်ဘဲ ဗီယက်နမ်ကို ထိရောက်သည့်ခြိမ်းခြောက်မှု များများစားစား မပြုလုပ်နိုင်ခဲ့ပေ။ မြန်မာ – ဗီယက်နမ်ပွဲစဉ်ကို အဓိက အဆုံးအဖြတ်ပေးခဲ့သူက မြန်မာအသင်း ဂိုးသမား ကျော်ဇင်ထက် ဖြစ်သည်။ ဗီယက်နမ်အသင်း၏ အပိုင်ကန်သွင်းချက် ၃ ကြိမ်ခန့်ကို အကောင်းဆုံးစွမ်းဆောင်ရည်ဖြင့် ကာကွယ်နိုင်ခဲ့သည့်အတွက် မြန်မာ့မြေပေါ်တွင် ဗီယက်နမ်ကို ၂ ပွဲဆက် ရှုံးနိမ့်မည့် အခြေအနေဆိုးမှ လွတ်မြောက်ခဲ့ပြီး ဗီယက်နမ်နှင့် ရမှတ် ၁ မှတ်စီ ခွဲယူနိုင်ခဲ့သည်။

ဗီယက်နမ်ထံမှ သရေ ၁ မှတ် ခွဲယူနိုင်ခဲ့သော်လည်း မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ရေး မလေးရှားအသင်းကို ဆက်လက်ကျော်ဖြတ်ရဦးမည်ဖြစ်သည်။ ဗီယက်နမ်က နိုဝင်ဘာ ၂၄ ရက်နေ့တွင် ဆီးမီးတက်ဖို့ မျှော်လင့်ချက်မရှိတော့သည့် ကမ္ဘောဒီးယားကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်ရာ လက်ရှိခြေစွမ်းအရ ဗီယက်နမ်က သွင်းဂိုးအများဖြင့် အနိုင်ရဖို့ အလေးသာနေသည့်အတွက် ရမှတ် ၁၀ မှတ်ဖြင့် အုပ်စု (က) ပထမနေရာဖြင့် ဆီမီးတက်ဖို့ အခြေအနေ ကောင်းနေသည်။

မလေးရှားနှင့် မြန်မာအသင်းပွဲစဉ်မှာတော့ အိမ်ရှင် မလေးရှားအနေဖြင့် ဗီယက်နမ်ကို ရှုံးနိမ့်ထားသည့်အတွက် ရမှတ် ၆ မှတ်သာ ရရှိထားရာ မြန်မာအသင်းကို နိုင်မှသာ အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်မည် ဖြစ်သည်။ မြန်မာအသင်းကမူ မလေးရှားကို သရေကျသည်နှင့် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မည် ဖြစ်သည်။ သို့သော် အုပ်စုဗိုလ်နေရာကို ဗီယက်နမ်အသင်းက သိမ်းပိုက်နိုင်ခြေ များနေသည့်အတွက် မြန်မာနှင့် မလေးရှား ၂ သင်းစလုံး အုပ်စု ဒုတိယနေရာအတွက် ရေကုန်ရေခမ်း တိုက်ပွဲဝင်ရမည့်အနေအထား ဖြစ်သည်။

ထူးခြားသည့် တိုက်ဆိုင်မှုတခုကို ပြောရလျှင် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ပူးတွဲကျင်းပခဲ့ချိန်က အုပ်စု (ခ) တွင် မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မလေးရှားအသင်းတို့ တအုပ်စုတည်း ကျခဲ့သည်။ လက်ရှိ ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲတွင်လည်း အဆိုပါ ၄ သင်းစလုံး အုပ်စု (က) တွင် တအုပ်စုတည်း ပြန်လည်ပါဝင်နေခဲ့သည်။

ထိုစဉ်က ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်များတွင် အဖွင့်ပွဲ၌ ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးဖြင့် မြန်မာအသင်း ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲစဉ်တွင် ကမ္ဘောဒီးယားအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ နောက်ဆုံး ပွဲစဉ်တွင် မလေးရှားကို အကြိတ်အနယ် ကစားပြီး နောက်ခံလူ ဒေးဗစ်ထန်၏ တလုံးတည်းသော သွင်းဂိုးဖြင့် ကပ်နိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။

၂၀၁၆ ဆူဇူကီးဖလားနောက်ဆုံးပွဲတွင် အိမ်ရှင်အခွင့်အရေး အားသာချက်ဖြင့် မလေးရှားကို မြန်မာ့မြေပေါ်တွင် အနိုင်ယူခဲ့သော်လည်း လက်ရှိအချိန်ကာလမှာတော့ ဆီမီးတက်ရေး အဆုံးအဖြတ်ပွဲကို မလေးရှားမြေမှာ ကန်ရမှာဖြစ်သည့်အတွက် ၂၀၁၆ က တွေ့ဆုံမှုထက် ခက်ခဲသည့် အနေအထားမျိုး မြန်မာအသင်း ရင်ဆိုင်ရမည် ဖြစ်သည်။

မလေးရှားအသင်းမှာ အုပ်စု (က) တွင် ကမ္ဘောဒီးယားကို အဝေးကွင်းတွင် ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူထားပြီး အိမ်ကွင်းတွင် လာအိုအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူထားသည်။ မလေးရှားအသင်းက ဘယ်ဘက်နှင့် ညာဘက်တောင်ပံများမှ ဖြတ်တင်ဘောများကို အများဆုံးအသုံးပြု၍ တိုက်စစ်ဆင် ကစားလေ့ရှိပြီး တိုက်စစ်မှူးများက ဖြတ်တင်ဘောများကို အဆုံးသတ်၍ ဂိုးသွင်းယူလေ့ရှိသည်။ လက်ရှိ မလေးရှားအသင်း သွင်းယူထားသည့် သွင်းဂိုး ၄ ဂိုးအနက် သွင်းဂိုး ၃ ဂိုးမှာ အဆိုပါ နည်းလမ်းများဖြင့် သွင်းယူခဲ့ခြင်း ဖြစ်သည်။ မလေးရှားအသင်း၏ အဓိက ဂိုးသွင်းစက်က အသက် ၃၂ နှစ်အရွယ်ရှိ ဝါရင့်တိုက်စစ်မှူး နိုရှာဟူးလ် (ကျောနံပါတ် ၉ ) ဖြစ်ပြီး ၎င်းတယောက်တည်းက ၃ ဂိုး သွင်းယူထားသည်။

မလေးရှားက သူတို့အသင်း ပုံစံအတိုင်း တောင်ပံများမှ ဖြတ်တင်ပေးပို့သည့် အမြင့်ဘော၊ အနိမ့်ဘောများကို အဆုံးသတ်ကာ ဂိုးရဖို့ကြိုးစားမည်ဖြစ်သလို တန်ပြန်တိုက်စစ်ကို အသုံးပြု၍လည်း ထိုးဖောက်ကစား လာနိုင်သည်။ မြန်မာအသင်းနောက်တန်းအနေဖြင့် ၁၈ ကိုက်စည်းအတွင်း ပေးပို့သည့် ဖြတ်တင်ဘောများကို စနစ်တကျ ကာကွယ်ရှင်းထုတ်နိုင်ရန် လိုအပ်ပြီး မလေးရှား တောင်ပံကစားသမားများကိုလည်း ၁၈ ကိုက်စည်းထိပ်မှ ကန်သွင်းခွင့်မပေးဘဲ တားဆီးနိုင်ရန် လိုအပ်နေသည်။

မလေးရှားအသင်း၏ တိုက်စစ်ကို မြန်မာနောက်တန်းနှင့် ကွင်းလယ်ခံစစ်သမားများ တည်ငြိမ်စွာ ဟန့်တားနိုင်ပြီး တန်ပြန်တိုက်စစ်ဖြင့် အလစ်အငိုက်ဖမ်း၍ ကစားလျှင် မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေ ကောင်းနိုင်သည်။ ဗီယက်နမ်နှင့် မလေးရှားပွဲစဉ်တွင် ဧည့်သည် မလေးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့သော်လည်း ပွဲပြီးချိန်တွင် တန်ပြန်တိုက်စစ်ဖြင့် အလစ်အငိုက်ဖမ်းကစားသည့် ဗီယက်နမ်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော သာဓကရှိခဲ့သည့်အတွက် မလေးရှားအသင်းကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်တက်နိုင်ရေး မြန်မာနည်းပြ အန်တိုနီဟေးလ်၏ နည်းဗျူဟာနှင့် လူထုတ်ပုံ အခင်းအကျင်းအပေါ်လည်း များစွာမူတည်နေသည်။

တိုက်စစ်ပိုင်းမှာတော့ မြန်မာအသင်းအနေဖြင့် အုပ်စုပွဲစဉ် ၃ ပွဲအတွင်း လှိုင်းဘိုဘို၊ အောင်သူ၊ သန်းထက်အောင်၊ မောင်မောင်လွင်၊ စည်သူအောင်နှင့် ထက်ဖြိုးေ၀ စသည့် မတူညီသည့် ကစားသမား ၆ ဦးမှ သွင်းဂိုး ၇ ဂိုး သွင်းယူထားသည့်အတွက် ဂိုးသွင်းနိုင်သည့် ပလေယာများစွာ ရှိနေသည်။ မြန်မာတိုက်စစ်မှူးများ အနေဖြင့် ယခုလို အရေးကြီးသည့် အဆုံးအဖြတ်ပွဲမျိုးတွင် ရရှိလာသည့် အခွင့်အရေးများကို ဖြုန်းတီးမပစ်ဘဲ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့လျှင် ဆီမီးဖိုင်နယ်တနေရာစာကို မြန်မာအသင်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ထိုသို့ မဟုတ်ပါက ယခုလို အဆုံးအဖြတ်ပွဲတွေမှာ အမှားအယွင်း လုပ်မိသည့်အသင်းက ပြိုင်ပွဲက နှုတ်ဆက် ထွက်ခွာရမည်သာ ဖြစ်သည်။

မြန်မာအသင်းအနေဖြင့် လက်ရှိ ၂၀၁၈ ဆူဇူကီးပြိုင်ပွဲတွင် မလေးရှားကို ကျော်ဖြတ်၍ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါက ပြိုင်ပွဲသမိုင်းတလျှောက် ၂ ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ်တက်ရောက်သည့်မှတ်တမ်းကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ အာဆီယံဒေသ၏ အဆင်မြင့်ဆုံး ဘောလုံးပြိုင်ပွဲဖြစ်သည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် ထိုင်းအသင်းက ၅ ကြိမ်၊ စင်္ကာပူက ၄ ကြိမ်၊ ဗီယက်နမ်က ၁ ကြိမ်နှင့် မလေးရှားက ၁ ကြိမ် ဗိုလ်စွဲထားပြီး မြန်မာအသင်းအနေဖြင့် ၂၀၀၄ – ၂၀၀၅ ပြိုင်ပွဲတွင် စတုတ္ထနေရာ ရရှိခဲ့ခြင်းက အမြင့်ဆုံးအောင်မြင်မှုဖြစ်သည်။

မြန်မာအသင်းနည်းပြချုပ် အန်တိုနီဟေးလ်က“ဗီယက်နမ်အသင်းနဲ့ပွဲစဉ်မှာ သရေတစ်မှတ်ရရှိလိုက်ခြင်းက ကျနော်တို့အသင်းအတွက် မလေးရှားအသင်းနဲ့ ကစားဖို့ ခွန်အားဖြစ်စေပါတယ်။ ဗီယက်နမ်နဲ့ပွဲမှာ နည်းဗျူဟာ ကြောင့် ကစားသမား ၅ ဦးအထိ အပြောင်းအအလဲလုပ်ခဲ့တာကြောင့် နောက်ပွဲ (မလေးရှားပွဲစဉ်) အတွက် ကြံ့ခိုင်မှုအပိုင်းမှာလည်း စိုးရိမ်စရာ မရှိပါဘူး”ဟု ဗီယက်နမ်အသင်းနှင့်ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဘူကစ်ဂျာလီအားကစားကွင်း၌ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် မလေးရှားအသင်းနှင့် မြန်မာအသင်းတို့၏ ဆီမီးဖိုင်နယ်တက်ရေး အဆုံးအဖြတ်ပွဲစဉ်တွင် နည်းပြချုပ် အန်တိုနီဟေးလ်၏ မြန်မာအသင်းက အိမ်ရှင် မလေးရှားအသင်းကို ဖြုတ်ချပြီး ဆူဇူကီးဖလား မှတ်တမ်းသစ်ရေးထိုးသွားနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်သွားရမည် ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် – အောင်သူ ရှိနေတဲ့အတွက် ကျော်ကိုကို မလိုတော့

The post ဆီမီးဖိုင်နယ်အတွက် နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်ရမည့် မြန်မာအသင်း appeared first on ဧရာဝတီ.

မလေးပရိသတ်ကို မကြောက်ဟု မြန်မာနည်းပြပြော

$
0
0

မြန်မာအသင်းသည် ကွာလာလမ်ပူရှိ ဘူကစ်ဂျာလေ ကစားကွင်းတွင် အိမ်ရှင် မလေးရှားနှင့် အာရှဘောလုံးအဖွဲ့ချုပ် ဆူဇူကီးဖလား (AFF Suzuki Cup ) အုပ်စု (က) နောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။  နှစ်သင်းစလုံးသည် ဆီမီးဖိုင်နယ်တွင် နေရာတနေရာရရှိရေးအတွက် ရည်မှန်နေကြသောကြောင့် ထိုပွဲစဉ်နှင့် ပတ်သက်သော စိတ်လှုပ်ရှားမှုများ မြင့်မားနေသည်။

ထိုသို့ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရမည့် ပွဲကြောင့် ထိုင်ခုံ ၈၇၄၁၁ ရှိသော ထိုအမျိုးသား အားကစားကွင်းတွင် လူအများအပြား လာရောက်မည်ဟု မျှော်လင့်ရပြီး အများစုမှာ AFF Suzuki Cup ဖလားကို ဒုတိယအကြိမ်ရယူရန် မျှော်မှန်းနေသည့် မလေးရှားအသင်းကို အားပေးမည့်သူများဖြစ်သည်။ မလေးရှားအသင်းသည် AFF Suzuki Cup ဖလားကို ၂၀၁၀ ခုနှစ်က ရရှိခဲ့ဖူးသည်။

သို့သော် ပြိုင်ပွဲတွင် အိပ်မက်တခုရှိနေသော မြန်မာ အသင်းသည် မလေးရှားကို ရေကုန်ရေခမ်း ကစားမည်ဟု မျှော်လင့်ရသည်။ မြန်မာအသင်းသည် ဘူကစ်ဂျာလေကွင်းတွင် မလေးပရိသတ်များကြောင့် ဖြစ်ပေါ်လာမည့် ခြိမ်းခြောက်သည့် အနေအထားကို ကြောက်ရွံ့နေမည်မဟုတ်ကြောင်း  မြန်မာအသင်းနည်းပြ အန်တိုနီ ဟေးကပြောသည်။

မလေးအသင်းနှင့် ကစားရမည့် မြန်မာ အသင်းသားများ (ဓာတ်ပုံ – AFF Suzuki Cap)

မြန်မာအသင်းနည်းပြ က “အားကစားရုံထဲမှာ လူတွေ တတ်နိုင်သမျှ ပြည့်နေစေချင်တယ်။ လူများလေ အားလုံးအတွက် ကောင်းလေပဲ” ဟု ပွဲမတိုင်မီ ပြောသည်။ “ကျနော်တို့က လူမကြောက်ဘူး။ လူအုပ်က ကွင်းနားကို ကပ်လို့မရဘူး။ ကွင်းထဲမှာကတော့ တဖက် ၁၁ စီပဲရှိတာပါ။ ဒါက အရေးအကြီးဆုံး အချက်ပဲ” ဟု သူပြောသည်။

မြန်မာနှင့် ဗီယက်နမ်အသင်းတို့သည် ၇ မှတ်စီ ရရှိထားကြသော်လည်း မြန်မာအသင်းသည် ဂိုးပိုမိုသွင်းထားသောကြောင့် အုပ်စု (က) တွင် ထိပ်ဆုံးမှရှိနေသည်။ မလေးရှားမှာ ၆ မှတ်ဖြင့် အုပ်စု တတိယ နေရာတွင် ရှိနေပြီး နောက်တဆင့်တက်ရန် သုံးမှတ်အပြည့်လိုနေသည်။ သရေကျလျှင် နောက်တဆင့်တက်ရန်မှာ ဗီယက်နမ်က ကမ္ဘောဒီးယားကို အပြတ်အသတ်ရှုံးမှသာ ဖြစ်နိုင်သည်။

“ကျနော့်အသင်းသားတွေကတော့ အရမ်းကို စိတ်ဓါတ်တက်ကြွနေတယ်။ လူတွေအများကြီးလာပြီး လူတိုင်းပွဲကြီး ပွဲကောင်း ကြည့်ရမယ်လို့ထင်တယ်။ အမှတ်စာရင်းတွေရဲ့ အနေအထားကြောင့် အရမ်းစိတ်ဝင်စားစရာ ကောင်းတဲ့ အနေအထားဖြစ်လိမ့်မယ်” ဟု အန်တိုနီဟေး က ပြောသည်။

“ကျနော့် ကစားမယ့်အစီအစဉ်ကိုတော့ ထုတ်ပြောလို့မရဘူး။ ဒါပေမယ့် ဘယ်အသင်းမှထိုင်နေပြီး တမှတ်ပဲရအောင် လုပ်လို့တော့မရဘူး။ နိုင်ဖို့အတွက်ပဲကစားနိုင်တယ်” ဟု လည်း ဘာမင်ဂန်အသင်းတွင် ကွင်းလယ်ကစားသမား လုပ်ခဲ့ဖူးသော မြန်မာနည်းပြကြီး က ရှင်းပြသည်။

မြန်မာအသင်းနှင့် ကစားရမည့် မလေးအသင်းသားများ (ဓာတ်ပုံ – AFF Suzuki Cap)

ပြိုင်ဖက်အသင်းများနှင့် ပတ်သက်ပြီး ပြောရာတွင် မြန်မာအသင်းသည် မလေးအသင်းကို ဂရုစိုက်ရမည်ဖြစ်ကြောင်း သူပြောသည်။

“သူတို့နောက်ဆုံးပွဲမှာ ဘောလုံးပိုင်ဆိုင်မှုတွေ အများကြီးရပေမယ့် ဂိုးသွင်းခွင့် မဖန်တီးနိုင်ခဲ့ဘူး။ မျက်ခင်းတုကွင်းမှာ ကမ္ဘောဒီယား အသင်းနဲ့ကစားတုန်းကလည်း အရမ်းကို ရုန်းကန်နေရတယ်။ ဒါပေမယ့် သူတို့မှာ အရည်အချင်းရှိတယ်။ ဂရုစိုက်ရမယ်” ဟုပြောသည်။

အရေးကြီးသော ပွဲများနှင့် ပတ်သက်ပြီး အသင်းလူရွေးချယ်မှုနှင့် ပတ်သက်ပြီး မြန်မာနည်းပြ က “ ဒီပွဲဟာ အရေးအကြီးဆုံး ပွဲဖြစ်လို့ လူတိုင်းကို အသုံးပြုနိုင်အောင် အသင်းသားတွေကို လုံလုံလောက်လောက် အနားပေးထားပြီးသားပါ။ အသင်းပြည့် အဆင်သင့်ရှိပါတယ်” ဟု ပြောသည်။

၁၂ ရက်အတွင်း လေးပွဲကစားရခြင်းသည် မြန်မာအတွက် အကျိုးမဆုံးဘဲ အမြတ်ထွက်နိုင်သည်ဟုလည်း သူပြောသည်။ “ ၁၂ ရက်အတွင်း ၄ ပွဲကစားရတာ အကျိုးထိခိုက်တယ်လို့ ကျနော်မထင်ဘူး။ ကျနော်တို့က အရှိန်အဟုန်တက်နေပြီး မလေး အသင်းက တပါတ် နားနေရတော့ အရှိန်အဟုန်ကျပြီး အကျိုးထိခိုက်တယ်လို့ ပြောလို့မရဘူး” ဟုလည်းသူပြောသည်။

ကိုးကား – FOX Sports Asia

The post မလေးပရိသတ်ကို မကြောက်ဟု မြန်မာနည်းပြပြော appeared first on ဧရာဝတီ.

ထိုင်းလူငယ်တွေကြား ရေပန်းစားလာတဲ့ ရွက်လှေစီးခြင်း

$
0
0

ငွေကြေးချမ်းသာကြွယ်ဝတဲ့ ထိုင်းလူငယ်တွေကြားမှာ ၂၀၁၀ နောက်ပိုင်း ခေတ်စားလာတာကတော့ ရွက်လှေစီးခြင်းပဲ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့တဲ့ သုသေသနတွေအရ လူငယ်တွေဟာ ခရီးသွားလာခြင်းကို ပိုမိုပြုလုပ်လာကြပြီး ကား၊ ရထား၊ လေယာဉ် စတာတွေနဲ့ ခရီးသွားရတာကို ငြီးငွေ့လာတဲ့ လူငယ်တွေဟာ နိုင်ငံတကာမှ ငွေကြေးချမ်းသာသူတွေလိုပဲ ရွက်လှေတွေဘက်ကို လှည့်လာကြပါတယ်။

ပတ္တရား ကမ်းခြေက ပြုလုပ်ထားတဲ့ စစ်တမ်းတွေ အရ ထိုင်းနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံ အနောက်ဖက်ကမ်းခြေ တလျှောက် ရွက်လွှင့်မှုတွေ ပြုလုပ်လာကြပြီး နောက်ပိုင်းမှာ ဒါဟာ အရှေ့အာရှ ကိုယ်စားပြု ရွက်လှေတိုက်အဖွဲ့တွေ ပေါ်ပေါက်လာနိုင်တယ်လို့ ဆိုပါတယ်။

ရေကြောင်းအဖွဲ့အစည်းတွေကတော့ အခုနောက်ပိုင်းမှာ ရွက်လှေတွေကို ဒေသခံတွေက ပိုမို ဝယ်ယူလာကြပြီး ရွက်လှေနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေမှာ ငွေကြေးသုံးချမှု အများအပြားရှိလာတယ်လို့ ဆိုပါတယ်။

ယခင်က ဒီလို ရွက်လှေဝယ်ယူမှုတွေဟာ သက်ကြီးပိုင်းမှာသာ ရှိခဲ့ပေမယ့် အခုအခါမှာတော့ အသက် ၃၀ အရွယ်တွေ အပါအဝင် ၃၀ အောက် လူငယ်တွေပါ ဝယ်ယူလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

သူတို့တွေဟာ အားလပ်ရက် တော်တော်များများကို ပတ္တရား ကမ်းခြေမှာသာ ကုန်ဆုံးလေ့ရှိပြီး ခရီးသွားတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ ထိုင်းလူငယ် အဖွဲ့တွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ်၊ ရုရှား၊ကိုးရီးယား၊ အိန္ဒိယနဲ့ ဂျာမနီ နိုင်ငံက လူငယ်တွေလည်း ပါဝင်ကြတယ်လို့ သိရပါတယ်။ ၂၀ကျော်လူငယ်တွေဟာ ရွက်လှေတိုက်ခြင်းကို ပြုလုပ်ဖို့ စိတ်ဝင်စားနေကြပြီး ထိုင်းနိုင်ငံကို မျက်စိကျနေကြပါတယ်။

Boat Lagoon Yachting ရဲ့ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Vrit Yongsakul က “ထိုင်းနိုင်ငံက လူငယ်တွေက ကြားမှာ ရွက်လှေတိုက်ခြင်း ခေတ်စားလာတာကို ကျနော်တို့ တွေ့နေရပါတယ်။ ရွက်လွှင့်ခြင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတွေကို မျှဝေဖို့နဲ့ လူငယ်တွေကြား ဒီယဉ်ကျေးမှု ပိုမိုခေတ်စားလာဖို့ ကိုလည်း မျှော်လင့်ထားပါတယ်” လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကတော့ လူငယ်တွေ ဒီလို စိတ်ဝင်စားလာကြတာကို ဂုဏ်ယူစွာ ကြိုဆိုနေပြီး လွတ်လပ်တဲ့ ပင်လယ်ပြင်မှာ ငြိမ်းချမ်းမှုကို ရှာဖွေနေကြတာကို မြင်တွေ့ရတာ အလွန်ကို ကျေနပ်နေကြပါတယ်။ ရွက်လှေတိုက်ပွဲကို ပတ္တရား ကမ်းခြေမှာ နိုဝင်ဘာ ၂၈ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့ထိ ပြုလုပ်ခဲ့ပြီး ဝင်ကြေးက အခမဲ့ ဖြစ်တယ်လို့ သိရပါတယ်။

Ref ; lifehack.com

The post ထိုင်းလူငယ်တွေကြား ရေပန်းစားလာတဲ့ ရွက်လှေစီးခြင်း appeared first on ဧရာဝတီ.

ဆူဇူကီးရလဒ်ကြောင့် MFF နှင့် လက်ရွေးစင် နည်းပြချုပ်တို့ လမ်းခွဲပြီ

$
0
0

၂၀၁၈ အာဆီယံချန်ပီယံရှစ် ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာအသင်း ရလဒ်မကောင်းသည့်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နှင့် နိုင်ငံ လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးတို့ နှစ်ဖက် သဘောတူညီချက်ဖြင့် စာချုပ်ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း MFF က ထုတ်ပြန်ကြေညာသည်။

ဆူဇူကီးဖလားပြိုင်ပွဲတွင် အောင်မြင်မှုရရေးအတွက် ဂျာမန်လူမျိုး အန်တွမ်နီဟေးလ်နှင့် စာချုပ်ချုပ်ဆိုခြင်းဖြစ်ကာ အုပ်စုအဆင့်တွင်ပင် ထွက်ခဲ့ရသည့်အတွက် MFF နည်းစနစ်ကော်မတီမှ သုံးသပ်မှုများ လုပ်ဆောင်ပြီးနောက် စာချုပ်ဖျက်သိမ်းခြင်း ဖြစ်သည်။

မြန်မာလက်ရွေးစင်အသင်းမှာ ဆူဇူကီးဖလားပြိုင်ပွဲတွင် ကမ္ဘောဒီးယားအား ၄ – ၁ ၊ လာအိုအား ၃ – ၁ ဖြင့် အနိုင်ရပြီး ဗီယက်နမ်အသင်းနှင့် ဂိုး မရှိ သရေကြောင့် ရမှတ် ၇ မှတ်ဖြင့် အုပ်စုတက်ရန် အခြေအနေကောင်းနေကာ အုပ်စုနောက်ဆုံး ပွဲစဉ်တွင် မလေးရှားအား သရေ ကန်နိုင်ပါက အုပ်စုအဆင့် တက်မည်ဖြစ်သော်လည်း ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် နုတ်ထွက်ခဲ့ရခြင်း ဖြစ်သည်။

အန်တွမ်နီဟေး က “ကျနော့်အနေနဲ့ ကျနော့်အသင်း၊ ကျနော်တို့ ကစားသမားတွေ၊ အသင်းတာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မိသားစုဝင်တွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အားလုံးနဲ့ အတူတကွ လက်တွဲ လုပ်ကိုင်ခဲ့ရတာ ဂုဏ်ယူစရာနဲ့ အခွင့်အရေး တရပ်လည်း ဖြစ်ခဲ့ပါတယ်။ အနာဂတ်မှာ အားလုံးပဲလိုချင်တဲ့ အောင်မြင်မှုကို ထိရောက်စွာ ရရှိနိုင်ပါစေလို့ ကျနော် အကောင်းဆုံး ဆန္ဒပြုပါတယ်။ အထူးကျေးဇူးတင်ရမှာကတော့ ကျနော်တို့ရဲ့ မြန်မာဘောလုံးပရိသတ်ကိုပါ။ တကယ့်ကို အံ့သြချီးမွမ်းဖွယ်ရာကောင်းတဲ့ ပရိသတ်တွေပါပဲ” ဟု ပြောဆိုကြောင်း MFF ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

အန်တွမ်နီဟေးမှာ မြန်မာ ယူ ၂၃ အသင်းနှင့် လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် တနှစ်ခွဲ စာချုပ် ချုပ်ဆိုထားပြီး လက်ရှိအချိန်အထိ ၇ လသာ တာဝန်ယူထားရသေးသည်။

၎င်းတာဝန်ယူထားသည့် ကာလအတွင်း မြန်မာ့လက်ရွေးစင်အသင်းမှာ ၈ ပွဲကစား၊ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၅ ပွဲရှုံးရလဒ်ဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်မှု ၂၅ ရာခိုင်နှုန်းသာ ရှိသည်။

MFF နည်းစနစ် ကော်မတီက “မြန်မာ့ လက်ရွေးစင် အသင်း ဆူဇူကီးဖလား ပြိုင်ပွဲအုပ်စုမှ ထွက်ခဲ့ရခြင်းမှာ နည်းပြချုပ် တဦးတည်း အပေါ်တွင်သာ တာဝန်ရှိခြင်း မဟုတ်ကြောင်း၊ MFF နည်းစနစ်ကော်မတီ အနေဖြင့် ဘက်ပေါင်းစုံ စနစ်တကျ အပြန်အလှန် သုံးသပ်ခဲ့ကြောင်း၊ MFF နှင့် နည်းပြချူပ်တို့ စာချုပ် ချုပ်ဆိုရာတွင် အဓိက ဦးတည်ချက်ဖြစ်သည့် အာဆီယံ ချန်ပီယံရှစ် (ဆူဇူကီးဖလား) အောင်မြင်မှု ရရှိရေးသည်သာ စာချုပ်၏ အဓိကအချက် ဖြစ်သည့်အတွက် ယခုကဲ့သို့ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း” ၎င်းတို့၏ အင်တာနက်စာမျက်နှာတွင် ဖြေရှင်းထားသည်။

ထို့ပြင် “နည်းပြချူပ်တွင်သာ အပြည့်အ၀ တာဝန်ရှိခြင်း မဟုတ်ဘဲ ကစားသမားများ အပါအဝင် ဘက်ပေါင်းစုံမှ အားနည်းမှုများကြောင့်သာ အောင်မြင်မှုနှင့် ဝေးကွာရခြင်း ဖြစ်ကြောင်း” လည်း MFF ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထုတ်ပြန်ချက်နှင့် ပတ်သက်၍ MFF တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း နိုင်ငံခြား ခရီးစဉ်များ သွားနေသည့်အတွက် ဆက်သွယ်၍ မရခဲ့ပေ။

မြန်မာ့လက်ရွေးစင်ဟောင်းနှင့် လက်ရှိ မြန်မာ U-19 အသင်းနည်းပြ ဦးမျိုးလှိုင်ဝင်း က “ကျနော်တို့မှာ နိုင်ငံတကာအဆင့်မီ Player (ကစားသမား) တွေ နည်းနေသေးတဲ့ အတွက်ကြောင့် ဒီပြိုင်ပွဲမှာ မအောင်မြင်ဘူးလို့ ပြောလို့ရတယ်။ နည်းပြရော၊ အဖွဲ့ချုပ်ပံ့ပိုးမှုရော ရှိပေမယ့် ကွင်းထဲမှာ ကစားတဲ့ Quality Player (အရည်အသွေးမြင့် ကစားသမား) လုံလောက်မှု မရှိတဲ့အတွက် အောင်မြင်မှုမရခဲ့တာလို့ ထင်ပါတယ်။ ဒါကြောင့် ဒီလမ်းခွဲမှုက အဖွဲ့ချုပ်အတွက်ရော၊ နည်းပြကြီးအတွက်ပါ နှစ်ဦးနှစ်ဖက်အတွက် အကောင်းဆုံးလို့ ပြောလို့ရပါတယ်” ဟု ဧရာဝတီကို ပြောသည်။

MFF က မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအတွက် ၁၉၉၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၂၅ နှစ်တာ ကာလအတွင်း နည်းပြ ၁၈ ဦးအထိ အပြောင်းအလဲများ ပြုလုပ်ကာ အောင်မြင်မှုရရန် ကြိုးပမ်းခဲ့သော်လည်း အာရှနှင့် အာဆီယံဒေသတွင်း အဓိကပြိုင်ပွဲများတွင်ပင် ရုန်းကန်နေရဆဲအဆင့်သာ ရှိသေးသည်။

The post ဆူဇူကီးရလဒ်ကြောင့် MFF နှင့် လက်ရွေးစင် နည်းပြချုပ်တို့ လမ်းခွဲပြီ appeared first on ဧရာဝတီ.

ဒေဝရဲ့ချန်ပီယံခါးပတ် ထွန်းထွန်းမင်း လုယူနိုင်မလား

$
0
0

မြန်မာ့ရိုးရာလက်ဝှေ့လောက၏ စိတ်ဝင်စားဖွယ် အကောင်းဆုံးပွဲစဉ်တပွဲကတော့ ပရိတ်သတ်ရှေ့မှောက်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အဆိုပါ ပွဲစဉ်ကတော့ လက်ရှိ အလွတ်တန်း မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ဒေ့ဗ်လတ်ဒက်နှင့် ချန်ပီယံဟောင်း ထွန်းထွန်းမင်းတို့၏ ခါးပတ်လုပွဲပင် ဖြစ်သည်။

ထွန်းထွန်းမင်းဟူသည်က မြန်မာ့လက်ဝှေ့လောက၏ အမြင့်ဆုံးဆုတံဆိပ်ဖြစ်သည့် အလွတ်တန်း မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ ရွှေခါးပတ်ကို အသက် ၂၂ နှစ်အရွယ်ဖြင့်ရရှိခဲ့သူ၊ မြန်မာ့လက်ဝှေ့လောကတွင် အသက် အငယ်ဆုံး အလွတ်တန်းချန်ပီယံ ဟူသည့် သမိုင်းမှတ်တိုင်ကို စိုက်ထူခဲ့သူ ဖြစ်သည်။

ထိုးသတ်သည့်ပွဲစဉ်တိုင်းတွင် ပြင်းထန်သည့် ခြေကန်ချက်၊ လက်သီးချက်၊ ဒူးတိုက်ချက်နှင့် ခေါင်းတိုက်ချက် များဖြင့် အင်တိုက်အားတိုက် ကစားလေ့ရှိသည့်အတွက် မြန်မာ့လက်ဝှေ့ပရိတ်သတ်၏ တခဲနက်အားပေးမှုကို ပိုင်ဆိုင်ထားသူ ထွန်းထွန်းမင်းကို မွန်ပြည်နယ်တွင် ၁၉၉၂ ခုနှစ်က မွေးဖွားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်မှ စတင်၍ မြန်မာ့လက်ဝှေ့လောကကို ဝင်ရောက်ခဲ့သူ ထွန်းထွန်းမင်းမှာ စတင်ဝင်ရောက်သည့်နှစ်မှာပင် ၂၀၁၀ ခုနှစ် ပြည်နယ်နှင့် တိုင်း လက်ဝှေ့ချန်ပီယံ ရွှေခါးပတ်ကို ဆွတ်ခူးခဲ့သူ ဖြစ်သည်။

ထိုင်းနိုင်ငံရှိ မွေ့ထိုင်းလက်ဝှေ့လောကတွင်လည်း ကျင်လည်ထိုးသတ်ခဲ့သူ ထွန်းထွန်းမင်းမှာ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ မွေဘောက်ဆင် အားကစားနည်းဖြင့် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပသည့် ၂၀၁၃ ခုနှစ် အာရှကိုယ်ခံပညာပြိုင်ပွဲတွင် မွေ့ထိုင်းအားကစားနည်းဖြင့် ငွေတံဆိပ်ဆုဆွတ်ခူးကာ မြန်မာ့ဂုဏ်ဆောင် အားကစားသမားတဦးအဖြစ် မှတ်တမ်းရေးထိုးခဲ့သူ ဖြစ်သည်။

လက်ဝှေ့လောကထဲ ဝင်ရောက်ပြီး ၅ နှစ်အကြာ ၂၀၁၄ ခုနှစ်တွင် မြန်မာပြည်၏ အလွတ်တန်း ရွှေခါးပတ် ချန်ပီယံ စောငမန်းကို စိန်ခေါ်ထိုးသတ်အနိုင်ယူပြီးနောက် အသက် ၂၂ နှစ်အရွယ်မှာပင် မြန်မာလက်ဝှေ့ လောက၏ အလွတ်တန်း ရွှေခါးပတ်ချန်ပီယံ ထွန်းထွန်းမင်း ဖြစ်လာခဲ့သည်။

ထွန်းထွန်းမင်းအတွက်တော့ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကာလများက အောင်မြင်မှုအရှိဆုံး ရွှေရောင်ကာလများ ဖြစ်ခဲ့ပြီး စိန်ခေါ်သူ ပြည်တွင်းဖိုက်တာများသာမက ထိုင်း၊ ဘရာဇီး၊ အမေရိကန်၊ ရုရှား၊ အီတလီနှင့် သြစတြေးလျစသည့် ပြည်ပ နိုင်ငံများမှ ဖိုက်တာများကိုလည်း ထိုးသတ်အနိုင်ယူခဲ့သူဖြစ်သည်။

မြန်မာပြည်၏ ထိပ်တိန်းလက်ဝှေ့ကျော်ဖြစ်သည့် ထွန်းထွန်းမင်း၏ အလွတ်တန်းချန်ပီယံဘဝကို အဆုံးသတ်ပေးဖို့ ပေါ်ပေါက်လာခဲ့သူက ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒက် ဖြစ်သည်။ မြန်မာပြည်ကို ချစ်မြတ်နိုးကြောင်း အမြဲပြောလေ့ရှိပြီး ဗမာမှုကို နှစ်သက်သည့်အတွက် နာမည်ကိုပင် ဒေ၀ ဟု ခံယူထားသူ ဒေ့ဗ် ကို ၁၉၉၁ ခုနှစ်တွင် ကနေဒါနိုင်ငံတွင် မွေးဖွားခဲ့သည်။

တိုက်ခိုက်ရေးပညာကို ဝါသနာပါသည့်အတွက် အသက် ၁၇ နှစ်အရွယ်ကပင် လေ့လာသင်ကြားပြီးနောက် ၂၀၁၃ ခုနှစ်တွင် ကနေဒါနိုင်ငံရှိ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ – MMA ကို ဝင်ရောက်ယှဉ်ပြိုင်ကာ တိုက်ခိုက်ရေး အားကစားသမားဘဝကို စတင်ခဲ့သူဖြစ်သည်။ ထို့နောက် ယင်းနှစ်မှာပင် ထိုင်းနိုင်ငံသို့ သွားရောက်၍ မွေ့ထိုင်းလက်ဝှေ့လောကသို့ ဝင်ရောက်ထိုးသတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ မွေ့ထိုင်း လောကတွင် ၃ နှစ်တာ ကျင်လည်ခဲ့သည်။ ဒေ့ဗ်အနေဖြင့် ၃ နှစ်တာကာလအတွင်း မွေ့ထိုင်း ၁၅ ပွဲ ထိုးသတ်ခဲ့ရာမှာ ၁၄ ပွဲအနိုင်ရခဲ့ပြီး ၁ ပွဲသာ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ အနိုင်ရခဲ့သည့် ၁၄ ပွဲတွင် ၁၂ ပွဲက အလဲထိုးဖြင့် အနိုင်ယူခဲ့တာ ဖြစ်သည်။

ထိုသို့ မွေ့ထိုင်းမှတ်တမ်းကောင်းများ ရရှိထားသည့် ဒေ့ဗ်မှာ ၂၀၁၆ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာ့လက်ဝှေ့လောက၏ ထိပ်တန်းဖိုက်တာတဦးဖြစ်သည့် နဂါးမာန်ကလပ်မှ တူးတူးကို စိန်ခေါ်ထိုးသတ်ခဲ့သည်။ နိုင်ငံခြားသားများနှင့် မကြာခဏဆိုသလို ထိုးသတ်လေ့ရှိသည့် တူးတူးတယောက် သတ်လုံးသတ်ကွက် စုံလင်ပြီး ပါးနပ်သည့်ဖိုက်တာတဦးဖြစ်သည့် ဒေ့ဗ်နှင့် ပထမဆုံး ဆုံတွေ့ချိန်တွင် အခက်တွေ့ခဲ့ပြီး အနိမ့်အနေအထားဖြင့် သရေရရှိအောင် ကြိုးပမ်းခဲ့ရသည်။

မြန်မာပြည်၏ ထိပ်တန်းလက်ဝှေ့ကျော် ၃ ဦးထဲတွင် တဦးအပါအဝင်ဖြစ်သည့် တူးတူးကို သရေထိုးသတ်ခဲ့ပြီးနောက် ဒေ့ဗ်၏ ဒုတိယပစ်မှတ်က အလွတ်တန်း ရွှေခါးပတ်ချန်ပီယံ ထွန်းထွန်းမင်း ဖြစ်လာခဲ့သည်။ တူးတူးနှင့် ထိုးသတ်ပြီး ၂ လအကြာ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ကျင်းပသည့် GTG လက်ဝှေ့စိန်ခေါ်ပွဲ တွင် ဒေ့ဗ်နှင့် ချန်ပီယံ ထွန်းထွန်းမင်းတို့ ပထမဆုံးဆုံတွေ့ခဲ့ရာ ပွဲချိန်အစောပိုင်းအချီများတွင် ထွန်းထွန်းမင်း အသာရခဲ့သော်လည်း ပွဲချိန်ကြာလာသည်နှင့်အမျှ ဒေ့ဗ်က ပွဲကိုပြန်လည်ဦးဆောင်ကာ ထွန်းထွန်းမင်းကို အခက်တွေ့အောင် ထိုးသတ်နိုင်ခဲ့သည်။ သူတပြန်ကိုယ်တပြန် အကြိတ်အနယ် ထိုးသတ်ပြီးနောက် ၅ ချီ ပြည့်သည်အထိ အရှုံးအနိုင် အဖြေမပေါ်ဘဲ သရေကျခဲ့သည်။

ထို့နောက် မကျေပွဲအဖြစ် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပသည့် ၂၀၁၆ ကမ္ဘောဇလေကြောင်းလိုင်း အောင်လံလုပွဲတွင် ထွန်းထွန်းမင်းနှင့် ဒေ့ဗ်တို့ ဒုတိယအကြိမ် ထပ်မံ ဆုံတွေ့ခဲ့ကြသည်။ ဒီတကြိမ်မှာတော့ ထွန်းထွန်းမင်းအနေဖြင့် ဒေ့ဗ်ကို အနည်းငယ်အသာစီးရအောင် ထိုးသတ်နိုင်ခဲ့သော်လည်း တတိယအချီတွင် ကံဆိုးခဲ့သည်။ ဘယ်ခြေဖြင့် ဒေ့ဗ်၏အောက်ခြေကို သိမ်းကန်ချိန်တွင် ဒေ့ဗ်က ထွန်းထွန်းမင်းခြေထောက်ကို ဖမ်းဆွဲပြီး တွန်းလွှတ်လိုက်ချိန်၌ ထွန်းထွန်းမင်းခန္ဓာကိုယ် တပတ်လည်ထွက်သွားပြီး ညာဘက်ဒူးအဆစ်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။

ရှုံးခဲ့လျှင် မိမိ၏ချန်ပီယံဘွဲ့ လွဲှပေးရမည့်ပွဲမို့ ထွန်းထွန်းမင်း ကြိုးစားယှဉ်ပြိုင်သော်လည်း မတ်တပ်ရပ်ဖို့ပင် ခက်ခဲခဲ့သည့် ဒူးဒဏ်ရာကြောင့် ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ဘဲ ရှုံးနိမ့်ခဲ့သည့်အတွက် မြန်မာပြည်၏ အလွတ်တန်း မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ကို မြန်မာ့လက်ဝှေ့လောကထဲ ဝင်လာချိန် ၄ လကျော်သာရှိသေးသည့် ကနေဒါ နိုင်ငံသား ဒေ့ဗ်က သိမ်းပိုက်သွားခဲ့သည်။ ထွန်းထွန်းမင်းကို အနိုင် ရရှိခဲ့သည့်အတွက် ဒေ့ဗ်မှာ မြန်မာနိုင်ငံသား မဟုတ်သည့် ပထမဆုံးသော အလွတ်တန်းလက်ဝှေ့ချန်ပီယံ ဟူသည့် မှတ်တမ်းကို ပိုင်ဆိုင်ခဲ့သည်။

အဆိုပါ ပွဲစဉ်ပြီးဆုံး၍ ၂ နှစ်တင်းတင်းပြည့်ချိန်မှာတော့ မြန်မာပြည်ကိုချစ်သည့်အတွက် ဒေ၀ အမည်ခံယူ ထားသည့် ဒေ့ဗ်နှင့် ကြိုးဝိုင်းအတွင်း မခိုမကပ် ထိုးသတ်ကစားသည့်အတွက် ပရိတ်သတ်၏ချစ်ခြင်းမေတ္တာကို ရရှိထားသည့် ချန်ပီယံဟောင်း ထွန်းထွန်းမင်းတို့ ၂၀၁၈ ကမ္ဘောဇလေကြောင်းလိုင်း အောင်လံလုပွဲတွင် ပြန်လည်ဆုံတွေ့ခဲ့ကြပြီ ဖြစ်သည်။

အလွတ်တန်း မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံ ဒေ့ဗ် ကို ပြန်လည်စိန်ခေါ်ဖြစ်သည့် အဓိက အကြောင်းရင်းကို လက်ဝှေ့ကျော် ထွန်းထွန်းမင်းက ရှင်းပြသည်။

“မြန်မာ့လက်ဝှေ့ကို တခြားနိုင်ငံသားတွေ စိတ်ဝင်စားလာတာ ဝမ်းသာစရာပါ။ ဒါပေမယ့် မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ ချန်ပီယံဟာ နိုင်ငံခြားသားဖြစ်နေတာတော့ ကျနော်ဘယ်လိုမှ လက်မခံနိုင်ဘူး။ ကျနော်တို့ ရိုးရာလက်ဝှေ့ ချန်ပီယံသည် ကျနော်တို့လူမျိုးပဲ ဖြစ်ရမယ်။ မဟုတ်ရင် ကျနော်တို့လူမျိုးတွေညံ့လို့ သူ့ကိုပေးလိုက်ရသလို ဖြစ်နေတယ်။ အဲဒါကြောင့်မို့ သူ့ကို ပြန်ပြီးစိန်ခေါ်ခဲ့တာ ဖြစ်တယ်”ဟု ထွန်းထွန်းမင်းက ဧရာဝတီကို ပြောပြသည်။

မြန်မာလူမျိုးသာ မြန်မာ့လက်ဝှေ့ချန်ပီယံဖြစ်ရမည်ဟူသော ထွန်းထွန်းမင်း၏ ပြောစကားမှာ မိမိကို စော်ကားသလို ဖြစ်နေကြောင်း အခရာ အားကစား သတင်းကဏ္ဍနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ချန်ပီယံ ဒေ့ဗ်က ပြောဆိုသည်။

“ထွန်းထွန်းမင်းနဲ့ စောငမန်းတို့ ပြောတဲ့ပုံစံတွေက ကျနော့်ကို စော်ကားတယ်လို့ မြင်တယ်။ ကျနော်က မြန်မာ နိုင်ငံသားပါ။ မြန်မာလိုဝတ်တယ်။ မနက်ဆို မုန့်ဟင်းခါးစားတယ်။ မြန်မာလူမျိုးလို လက်ထပ်ထားတယ်။ ကျနော် ကိုယ့်ဟာကိုယ် ဘယ်မှာမွေးမယ်ဆိုတာကိုတော့ ရွေးလို့မရဘူး။ ဒါပေမယ့် ကျနော့်ဘဝမှာ ဘာလုပ်ချင် တာလဲဆိုတာကိုတော့ ကိုယ်တိုင်ဆုံးဖြတ်လို့ရတယ်။ ကျနော်မြန်မာကိုရွေးတယ်။ မြန်မာ့ လက်ဝှေ့ကို ရွေးတယ်။ မြန်မာပရိတ်သတ်တွေက ကျနော်ဘယ်ကလာတယ်ဆိုတာ အရေးမကြီးဘူးလို့ နားလည်တယ်။ ကျနော့် နှလုံးသားထဲမှာ ဘာရှိသလဲဆိုတာပဲ အရေးကြီးတယ်”ဟု ဒေ့ဗ်က အခရာအားကစားကဏ္ဍကို ပြောဆိုသည်။

ဒေ့ဗ်က ဘယ်လိုပဲပြောသည်ဖြစ်စေ ထွန်းထွန်းမင်းကတော့ မြန်မာလူမျိုးသာ မြန်မာ့လက်ဝှေ့ချန်ပီယံ ဖြစ်ရမည်ဟူသော စိတ်ဓာတ်ဖြင့် ဒေ့ဗ်ကို ရင်ဆိုင်တော့မည် ဖြစ်သည်။ လက်ရှိတွင် ဒေ့ဗ်၏ ဝိတ်တန်းကို ထိုးသတ်နိုင်သူက မြန်မာပြည်တွင် ၃ ဦးသာရှိသည့်အတွက် မိမိအနေဖြင့် ဒေ့ဗ်ကို ပြန်လည်စိန်ခေါ်ခြင်း ဖြစ်ကြောင်း ထွန်းထွန်းမင်းက ပြောသည်။

“ကျနော်တို့ မြန်မာနိုင်ငံမှာ အခုဆိုရင် ဒေ့ဗ် ဝိတ်တန်းက ထိုးနိုင်တဲ့လူ ရှားတယ်။ ကျနော်ရယ်၊ တူးတူးရယ်၊ ကိုစောငမန်းရယ်။ ဒါပဲ ရှိတယ်။ ကျနော်တို့ ၃ ယောက်ထဲကမှ ပြန်မထိုးဘူးဆိုရင် နောက်တက်လာမယ့် ကလေးတွေ ထိုးဖို့က ကြာဦးမယ်။ အဲဒါကြောင့် ပြန်စိန်ခေါ်တာလည်း ပါတယ်။ နောက်တခုက လက်ဝှေ့ တခေတ်မှာတော့ ကျနော့်ကို နိုင်ထားတဲ့ လက်ဝှေ့သမားကို ကျနော်လက်ဝှေ့လောကက အနားမယူခင် အနိုင်နဲ့ပဲ အနားယူချင်တယ်။ အရှုံးနဲ့ အနားမယူချင်ဘူး။ ဒါကြောင့် ပြန်စိန်ခေါ်ဖြစ်တာပါ”ဟု အလွတ်တန်း လက်ဝှေ့ချန်ပီယံဟောင်း ထွန်းထွန်းမင်းက ဧရာဝတီကို ရှင်းပြသည်။

ဒေ့ဗ် နှင့်ထိုးသတ်ဖို့အတွက် ၃ လခန့် အချိန်ယူ ပြင်ဆင်ခဲ့ပြီး အဆိုပါကာလအတွင်း ကမ်းလှမ်းလာသည့် ပွဲစဉ်မှန်သမျှကို ငြင်းပယ်ခဲ့ကြောင်း၊ လတ်တလောတွင် ဒေ့ဗ်နှင့်ပွဲကိုသာ အာရုံစိုက်ထားပြီး အဆိုပါပွဲစဉ်ပြီးမှသာ မိမိအနာဂါတ်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ထွန်းထွန်းမင်း ဆိုသည်။

ထွန်းထွန်းမင်းနှင့် ဒေ့ဗ်တို့ ဆုံတွေ့ခဲ့သည့် ပထမပွဲစဉ် ၂ ပွဲကို ပြန်ကြည့်လျှင် ထွန်းထွန်းမင်း၏ လက်သီးချက်၊ အောက်ခြေသိမ်း ခြေကန်ချက်များကြောင့် ဒေ့ဗ် အထိနာခဲ့သလို ဒေ့ဗ်၏ ပတ်တံတောင်ရိုက်ချက်၊ လက်သီးချက်နှင့် ရင်ဘတ်သို့ နင်းသည့်ခြေကန်ချက်များကလည်း ထွန်းထွန်းမင်းကို အခက်တွေ့စေခဲ့သည်။

တိုက်ခိုက်ရေးပုံစံအရ ထွန်းထွန်းမင်းက တိုက်စစ်သမား။ ပြိုင်ဘက်ကို ပြင်းထန်အားပါသည့် လက်သီး၊ ခြေကန်ချက်၊ ခေါင်းတိုက်ချက်၊ ဒူးတိုက်ချက်များဖြင့် တိုက်စစ်ဆင် ထိုးသတ်လေ့ရှိသည်။ အားနည်းချက်က ပွဲအစပိုင်း ၃ ချီ (Round 3) အထိ အကောင်းဆုံး ထိုးသတ်နိုင်သော်လည်း တိုက်စစ်တွင် အင်အားများစွာ အသုံးပြု တိုက်ခိုက်ခဲ့သည့်အတွက် ၄ ချီ (Round 4) နှင့် ၅ ချီ (Round 5) တို့တွင် လက်ပန်းကျ အားကုန်လေ့ရှိသည်။ ဒေ့ဗ်နှင့်ပွဲစဉ်တွင် ၅ ချီပြည့် ထိုးသတ်နိုင်အောင် ပြင်ဆင်ထားပြီး ဒေ့ဗ် အားထား အသုံးပြုလေ့ရှိသည့် ပတ်တံတောင်ရိုက်ချက်များ မထိအောင် သတိထားရှောင်တိမ်းကာ ထိုးသတ်သွားမည်ဟု ထွန်းထွန်းမင်းက ပြောသည်။

“ဒေ့ဗ်ရဲ့တံတောင်ရိုက်ချက်က ကျနော်ထိုးခဲ့ဖူးတဲ့ ပြိုင်ဘက်တွေနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး။ သူ့ထက် တံတောင်ရိုက်ချက်ပိုကောင်းတဲ့ ဆိုင်းရပ်စပ်တို့နဲ့တောင် ကျနော် ထိုးသတ်ခဲ့တာပါ။ ဒါကြောင့် ဒေ့ဗ်တံတောင် ရိုက်ချက်က စိုးရိမ်စရာမရှိပါဘူး။ ကျနော်အကောင်းဆုံးကြိုးစားပြီး ပြင်ဆင်ထားပါတယ်”ဟု ထွန်းထွန်းမင်းက ပြောသည်။

ကာလတိုအတွင်း အလွတ်တန်း မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဆွတ်ခူးနိုင်ခဲ့သူ ဒေ့ဗ်ကတော့ ပြိုင်ဘက်၏တိုက်ခိုက်မှု အခြေအနေ၊ ပွဲ၏အခြေအနေအပေါ်မူတည်ပြီး တိုက်စစ်၊ ခံစစ် လိုသလိုပြောင်း ကစားတတ်သည့် ပါးနပ်သောတိုက်ခိုက်ရေးသမားဖြစ်သည်။ မွေ့ထိုင်းလက်ဝှေ့လောကမှ ကူးပြောင်းလာသူ ဖြစ်သည့်အတွက် ပတ်တံတောင်ရိုက်ချက်နှင့် ဒူးတိုက်ချက်များ အထူးကောင်းမွန်ပြီး လက်သီး၊ ခြေကန်ချက်၊ ခေါင်းတိုက်ချက်စသဖြင့် သတ်လုံးသတ်ကွက် စုံလင်အောင် အသုံးပြုကာ တိုက်ခိုက်လေ့ရှိသည်။ ပရိယာယ် ကြွယ်ဝစွာ ကစားတတ်ပြီး ခေါင်းအေးအေးဖြင့် ပြိုင်ဘက်၏ အားနည်းချက်ကိုရှာကာ တိုက်ခိုက်ဖြိုလှဲတတ်သူ ဖြစ်သည်။

၂၀၁၆ ခုနှစ်က ထွန်းထွန်းမင်းနှင့် ပထမဆုံး ထိုးသတ်စဉ်အချိန်က မိမိအနေဖြင့် မြန်မာ့လက်ဝှေ့ကို စတင် လေ့လာဆဲ အချိန်ကာလသာဖြစ်ကြောင်း၊ ထွန်းထွန်းမင်းအနေဖြင့် ၂၀၁၆ ခုနှစ်က တွေ့ဆုံမှုထက် ယခုပွဲစဉ်က ပိုမိုခက်ခဲမည်ဖြစ်ကြောင်း ဒေ့ဗ်က ထွန်းထွန်းမင်းကို သတိပေး ပြောကြားသည်။

“၂၀၁၆ ခုနှစ်က ထွန်းထွန်းမင်းနဲ့ ထိုးတုန်းက ကျနော်လက်ဝှေ့ကို စလေ့လာနေတုန်းပဲ ရှိသေးတယ်။ ခေါင်းနဲ့တောင် ဘယ်လိုတိုက်ရမှန်း မသိသေးဘူး။ ၂၀၁၆ တုန်းကတောင် ကျနော်နဲ့ထိုးရတာ ခက်တယ်လို့ ထင်ရင်တော့ အခုပွဲမှာ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်သာကြည့်ပေတော့။ …ဒီတခေါက် ကြိုးဝိုင်းထဲမှာ ကျနော့်မှာ ရှိသမျှအင်အား အကုန်အသုံးပြုပြီး ထိုးသတ်သွားမှာပါ။ ထွန်းထွန်းမင်းကို ပြောချင်တာကတော့ မင်းဘဝအတွက် အခက်အခဲဆုံးဖြစ်လာမယ့် ဒီပွဲကို အသင့်ပြင်ထားလိုက်တော့လို့ ပြောချင်ပါတယ်”ဟု ဒေ့ဗ်က အခရာ အားကစားကဏ္ဍတွင် ပြောဆိုထားသည်။

မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့သမားတဦးဖြစ်သည့် ထွန်းထွန်းမင်းတွင် ထူးခြားသည့်မှတ်တမ်းတခု ရှိသည်။
ယင်းမှတ်တမ်းကြောင့်လည်း ထွန်းထွန်းမင်းနှင့် ဒေ့ဗ်တို့ ဆုံတွေ့မည့် တတိယမြောက်ပွဲစဉ်ကို လူအများပိုမို စိတ်ဝင်စားခဲ့ကြသည်။ ထွန်းထွန်းမင်းမှာ အမေရိကန်နိုင်ငံသား ဆိုင်းရပ်စ် (ဝါရှင်တန်) နှင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ကျင်းပသည့် ကမ္ဘောဇလေကြောင်းလိုင်းအောင်လံလုပွဲတွင် ထိုးသတ်ခဲ့ရာ ဆိုင်းရပ်စ်၏ ပြင်းထန်သည့် နောက်ပြန်ကန်ချက်ကြောင့် သူ၏ မြန်မာ့ရိုးရာ လက်ဝှေ့သမားဘဝတွင် ဒုတိယမြောက် ရှုံးပွဲကို ကြုံတွေ့ခဲ့ရသည်။

အဆိုပါ ရှုံးကြွေးပြန်ဆပ်ဖို့အတွက် ဆိုင်းရပ်စ်ကို ပြန်လည်စိန်ခေါ်ခဲ့ပြီး ၂၀၁၅ နှစ်၊ ဧပြီလတွင်ကျင်းပသည့် Thingyan Fight ပြိုင်ပွဲတွင် ထိုးသတ်ခဲ့ရာ ပွဲချိန်တတိယအချီမှာပင် ဆိုင်းရပ်စ်ကို အလဲထိုးဖြင့် အနိုင်ယူကာ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့သည်။

ရန်ကုန်မြို့၊ သိမ်ဖြူလက်ဝှေ့အားကစားခန်းမတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်ကျင်းပမည့် ကမ္ဘောဇ လေကြောင်းလိုင်း အောင်လံဆု ဗိုလ်လုပွဲစဉ် ကြိုးဝိုင်းအတွင်း၌ ဆုံတွေ့ကြတော့မည့် အလွတ်တန်း မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ဒေ့ဗ် ခေါ် ဒေဝနှင့် မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့ကျော် ထွန်းထွန်းမင်းတို့ ပွဲစဉ်မှာ ထွန်းထွန်းမင်းကပဲ ဒေ့ဗ်ကို ရှုံးကြွေးဆပ်ပြီး ၎င်းဆုံးရှုံးခဲ့သည့် ချန်ပီယံခါးပတ်ကို ပြန်လည်ရယူနိုင်မလား၊ ဒေ့ဗ်ကပဲ ထွန်းထွန်းမင်းကို အကောင်းဆုံး ယှဉ်ပြိုင်ထိုးသတ်ပြီး ချန်ပီယံဘွဲ့ကို ဆက်လက် ထိမ်းသိမ်းသွားမလားဆိုတာ စောင့်ကြည့်သွားရမည် ဖြစ်သည်။

The post ဒေဝရဲ့ချန်ပီယံခါးပတ် ထွန်းထွန်းမင်း လုယူနိုင်မလား appeared first on ဧရာဝတီ.

ပြေးခုန်ပစ်မှာ သူ့တပည့် ကိုယ့်တပည့် ခွဲခြားတာတွေ ရှိတယ်

$
0
0

အရှေ့တောင် အာရှတက္ကသိုလ်များ အားကစားပွဲတော် (၂၀၁၈) တွင် မြန်မာကိုယ်စားပြု ဝင်ပြိုင်သည့် ရခိုင်တိုင်းရင်းသူ မယဉ်ငြိမ်းအေးက မီတာ ၅၀၀၀ နှင့် မီတာ ၁၀၀၀၀ ပြိုင်ပွဲများတွင် နိုင်ငံအတွက် ငွေတံဆိပ်များ ရယူပေးလိုက်ပြီ ဖြစ်သည်။

အားကစားပွဲတော်ကို နေပြည်တော်တွင် ကျင်းပပြုလုပ်နေခြင်း ဖြစ်ပြီး မယဉ်ငြိမ်းအေးမှာ ဒဂုံတက္ကသိုလ်တွင် သမိုင်းဘာသာ အဓိကဖြင့် အဝေးသင် တက်ရောက်နေသူဖြစ်ကာ အသက် ၁၉ နှစ်သာ ရှိသေးသည်။

ကစားသမား တဦး၏ အခက်အခဲများ၊ ကြိုးစားအားထုတ်ရမှုများနှင့် ပြေးခုန်ပစ်ကဏ္ဍ တခုလုံး အတွက် အောင်မြင်မှု ရနိုင်ရန် မည်သို့ လုပ်ဆောင်သင့်သည်ဆိုသည့် အချက်များနှင့် ပတ်သက်၍ မယဉ်ငြိမ်းအေးအား ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။ ပထမဆုံး ညီမနာမည်နဲ့ ဘယ်အဖွဲ့အစည်းကို ကိုယ်စားပြု ယှဉ်ပြိုင်နေလဲဆိုတာ သိပါရစေ။

ဖြေ ။ ။ ညီမနာမည်က ယဉ်ငြိမ်းအေးပါ။ ဒဂုံ (ရန်ကုန်) တက္ကသိုလ်ကနေ လာရောက်ယှဉ်ပြိုင်တာပါ။

မေး ။ ။ ညီမဝင်ပြိုင်တဲ့ ပြိုင်ပွဲအမျိုးအစားလည်း သိပါရစေ။

ဖြေ ။ ။ သမီးယှဉ်ပြိုင်ရတဲ့ Event ကတော့ မီတာ ၅၀၀၀၊ ၁၀၀၀၀ ပါ။ သမီးဆုရခဲ့တဲ့ Event ကတော့ မီတာ ၁၀၀၀၀ မှာ ဒုတိယရတာပါ။ မီတာ ၁၀၀၀၀ ဆိုတာကတော့ မီတာ ၄၀၀ ကို ၂၅ ပတ် ပြေးရတာ။

မေး ။ ။ အဲဒီလိုပြေးရင် ဘယ်လောက်လောက်ကြာအောင် ပြေးရလဲ။

ဖြေ ။ ။ မိနစ် ၄၀ လောက်ကြာအောင် ပြေးရပါတယ်။ ကောင်းရင် ကောင်းသလို အဲဒီထက်နည်း အောင်လည်း ပြေးကြပါတယ်။ ၃၉ ၊ ၄၀ နီးပါးလောက်ပါပဲ။

မေး ။ ။ ပြိုင်ပွဲဝင်တဲ့အခါမှာ အခု ငွေတံဆိပ်ဆုရခဲ့တယ်ဆိုတော့ ညီမအနေနဲ့ ပြိုင်ဘက်တွေကို ဘယ်လို ကျော်ဖြတ်ခဲ့ ရလဲ။

ဖြေ ။ ။ ဒီပွဲအတွက်က အများကြီး ပြင်ဆင်ခဲ့ရတယ်။ ရင်ခုန်တယ်။ နည်းနည်းလည်း ကြောက်နေ တယ်။ အခု ရွှေတံဆိပ် ရသွားတဲ့သူက ဆီးဂိမ်းလက်ရွေးစင်ပေါ့။ ဗီယက်နမ်က အမကြီးပါ။ သူနဲ့ သမီးနဲ့ ပြတ်တာကတော့ မီတာ ၁၆၀ လောက် ပြတ်ပါတယ်။ သမီးနောက်က တတိယရတဲ့ တယောက်က လာအိုက ဖြစ်ပါတယ်။ သမီးနဲ့ ပြတ်တာ မီတာ ၃၀၀ လောက် ရှိပါတယ်။ သူက တတိယ ရသွားပါတယ်။

မေး ။ ။ ယှဉ်ပြိုင်ရာမှာ ဘယ်လိုလေ့ကျင့်မှုမျိုးတွေ လုပ်ခဲ့ရလဲဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ လေ့ကျင့်မှုတွေကတော့ အများကြီး လုပ်ခဲ့ရတယ်။ လေ့ကျင့်ချိန်ကတော့ ၂ လပိုင်းလောက် ကစပြီး လေ့ကျင့် ခဲ့ရတာဆိုတော့ ၈ လ၊ ၉ လလောက်ကို လေ့ကျင့်ခဲ့ရတယ်။ အရမ်း ခက်ခက်ခဲခဲ တော့ ရှိတယ်။ သူများနိုင်ငံနဲ့ ပြိုင်ရမှာ ဆိုတော့ သူတို့ထက် သာတဲ့ဟာတွေ လိုတယ်။ ကိုယ့်မှာ ပြင်ဆင်မှုတွေ အများကြီးလုပ်ရဦးမယ်ဆိုပြီး ခက်ခဲတယ်။ Training (လေ့ကျင့်ရေး) ပိုင်းတွေက အစ၊ အစားအသောက် မကောင်းတာ၊ အိပ်ရေးပျက်တာတို့ နေမကောင်းတာတို့၊ ခြေထောက်နာတို့လည်း ရှိခဲ့တယ်။

မေး ။ ။ ဆရာတွေရဲ့ သင်ကြားပြသမှုကရော ဘယ်လောက်ရှိလဲ။ ဆရာတွေရဲ့ အားထုတ်မှုကရော ဘယ်လောက် ပါလဲ။

ဖြေ ။ ။ ဆရာတွေရဲ့ အားထုတ်မှုက ကောင်းပါတယ်။ ကစားသမားကို ဂရုစိုက်တယ်။ ခြေထောက် နာပြီဆိုလည်း ဒီလိုလုပ် ဟိုလိုလုပ်ဆိုပြီး သင်ပြပေးမယ်။ ဆေးခန်းတွေ ဘာတွေ ပြခိုင်းတယ်။ တခြား လုပ်သင့်လုပ်ထိုက်တာ တွေကိုလည်း အကုန်လုံးလုပ်ပေးတယ်။ Training (လေ့ကျင့်ရေး) ပိုင်းကတော့ မလျော့ပေးဘူးပေါ့။ အကုန်ကောင်း ပါတယ်။ ဆရာမတွေက ကူညီပေးပါတယ်။

မေး ။ ။ နည်းပြပိုင်းမှာရော နိုင်ငံခြားနည်းပြတွေက ပိုကောင်းတယ်လို့ ထင်လား။ မြန်မာနည်းပြတွေ ကရော တော်လား။ ဘယ်လို မြင်လဲ။

ဖြေ ။ ။ သမီးကတော့ ဘယ်သူ့မှ အထင်မကြီးဘူး။ အထင်ကြီးသင့်တဲ့သူ၊ ကိုယ်လေးစားထိုက်တဲ့သူ ဆိုရင် ကိုယ့်ဆီကပဲဆရာ၊ ဆရာမတွေ ရှိတယ်။ နိုင်ငံခြားနည်းပြမှ မဟုတ်ပါဘူး။ နိုင်ငံခြားနည်းပြ လည်း သူတို့ တော်လို့ တတ်လို့ လာတယ်ဆိုရင် ကိုယ် အထင်ကြီးမယ်။ ဒါပေမယ့် ကိုယ့်အထင်မှာ တော့ ဒီဟာက မဖြစ်နိုင်ဘူး။ မဖြစ်သင့်ဘူးဆိုရင် ဒါက သိပ်ပြီးတော့ အထင်ကြီးစရာ မဟုတ်ဘူးလေ။ ကိုယ့်မြန်မာပြည်က နည်းပြတွေလည်း အထင်ကြီးရမယ်လေ။

သမီးတို့နဲ့ အခုလုပ်နေတဲ့ ဆရာ၊ ဆရာမတွေလည်း အရင်က ရွေတံဆိပ်ဆုတွေ ရခဲ့တဲ့သူတွေပဲလေ။ ကိုယ့်ကိုလည်း သူတို့လိုမျိုး အောင်မြင်စေချင်တယ်။ အဲဒီလိုမျိုးဖြစ်အောင် ပံ့ပိုးပေးတာတွေလည်း ရှိတယ်။ နိုင်ငံခြားနည်းပြဆိုပြီး ဘယ်သူမှလည်း သိပ်အထင်မကြီးဘူး။ ဒါပေမယ့် ပြည်တွင်းမှာပဲ သမီး အထင်ကြီးတဲ့ ဆရာ၊ ဆရာမတွေ အများကြီးရှိပါတယ်။

မေး ။ ။ အပြေးကစားသမားကောင်းတယောက် ဖြစ်လာအောင် ကြိုးစားတဲ့အခါမှာညီမအနေနဲ့ ဘယ်လို အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိလဲ။ ပံ့ပိုးမှုပိုင်းကရော ဘယ်လိုလိုအပ်ချက်တွေ ရှိနေသေးလဲ။

ဖြေ ။ ။ ပံ့ပိုးမှုပိုင်းကတော့ လိုအပ်ချက်တွေ အများကြီးပါ။ ပြေးတဲ့ ဖိနပ်တို့ ထုတ်ပေးတဲ့ ပစ္စည်းတွေ က သမီးတို့ ပြေးခုန်ပစ်မှာဆိုရင် အဓိကကတော့ ဖိနပ်ပါပဲ။ ဖိနပ်ကောင်းမှ ကိုယ့်ခြေထောက် နာတာ တို့ ဘာတို့ လျော့မှာပါ။ ကူညီထောက်ပံ့ပေးတာလည်းအများကြီးလိုတယ်။ စားတာတို့ ဘာတို့၊ အားဖြည့်တာတို့ အဲဒီလိုမျိုးလိုတယ်။ သိပ်ပြီးတော့ အားမရဘူး။

ဖိနပ်ဆိုရင်လည်း ဒီကထုတ်ပေးတာ အဆင်မပြေရင် ကိုယ့်ဘာသာကိုယ် ဝယ်ရတယ်။ ဝယ်စီးခဲ့ရ တယ်။ အစားအသောက်ပိုင်းက မကောင်းချင်ဘူး။ တခါတလေကျရင် သူတို့ ချက်ပေးတာတွေ မစားချင်ဘူး။ မစားချင်တော့ ကိုယ့်ဘာသာကိုယ် ဝယ်စားရတယ်။ ကိုယ့်ဘာသာကိုယ် ချက်စား ရတယ်။ အဲဒီလိုမျိုးတွေ။

အခက်အခဲကတော့ အများကြီးရှိတယ်။ အရင်တုန်းကလည်း Gold Camp မှာနေခဲ့ဖူးတယ်။ ပြောရ မယ်ဆိုရင် အပြစ်လုပ်ရင် ဒီကနေ ထုတ်တဲ့ အလေ့ ရှိတယ်။ တရုတ်ကို Join Training သွားဖူးတယ်။ ပြန်လာတော့ ပြဿနာ တခုကြောင့် အထုတ်ခံခဲ့ရတယ်။ ကိုယ်မဟုတ်ဘဲနဲ့ အထုတ်ခံရတော့ အရမ်း ဝမ်းနည်းတာပေါ့။ အဲဒီလိုတွေ ရှိတယ်။ ညီမက အပြစ်လည်း လုပ်ထားတယ်ဆိုတော့ သိပ်ပြီးတော့ မကြည်ကြဘူး။ တချို့ ဆရာ၊ ဆရာမတွေ ကျတော့လည်း ပြောချင်ကြတယ်။ နည်းနည်းလေးဆိုရင် အများကြီး ပြောပြီးတော့ ခွဲခြားတာ။ တခု မကောင်းတာက သမီးတို့ ပြေးခုန်ပစ်မှာ သူ့တပည့် ကိုယ့်တပည့် အဲဒီလိုတွေ ခွဲခြားတာတွေ ရှိတယ်။ သူ့တပည့်ရမှာ။ ကိုယ့်တပည့်ရတယ်ဆိုရင် တမျိုး။ ခွဲခြားတာတွေ ရှိတယ်။

သူများတွေကျတော့ အပြစ်လုပ်လည်း ဖုံးဖိပေးပြီး စည်းလုံးကျတယ်။ ကူညီပေးကြတာပေါ့။ ကိုယ်တွေ မှာက အဲဒီလိုမဟုတ်ဘူး။ တခုခု ဖြစ်ပြီဆိုတာနဲ့ သူ့တပည့်ဆိုပြီး နည်းနည်းလေးဆိုရင်တောင် အများ ကြီး ပြောလိုက်တာ။ အဲဒါကြောင့်မို့လည်း ပြေးခုန်ပစ် ဆိုရင် တယောက်မှ မနေချင်ကြတော့ဘူး။

Gold Camp မှာလည်း သမီးနဲ့ သိပ္ပံကတည်းက အတူတူတက်လာတဲ့ သူငယ်ချင်းတွေ၊ ၂၀၁၃ ကတည်းက အတူတူတက်လာခဲ့တဲ့ သူငယ်ချင်းတွေ ဆိုရင် တယောက်မှ မရှိကြတော့ဘူး။ အကုန် ပြန်ကုန်ကြတာ။ အပြေးမလုပ်ကြတော့ဘူး။ ဒီတိုင်းပဲ။ ပြီးတော့ ဒီမှာနေရတာ တလ ၃ သောင်းဆို တော့ ကိုယ့်အတွက် ဘယ်လိုမှ အကာအကွယ် မရှိဘူး။ အိမ်ကတောင် ပြန်မှာရတဲ့အဆင့်၊ အဲဒါမျိုး ဖြစ်နေတယ်။ အထောက်အပံ့က အဲဒါမျိုး။

သူများအဖွဲ့ချုပ်တွေ၊ ဘာတွေက ပံ့ပိုးမှု ရှိတယ်။ ကိုယ်တွေမှာကျတော့ အလုပ်ကလည်း မရှိဘူး။ တလ လုံး နေမှ ဒီ ၃ သောင်းလေး ရတာ။ ဒီမှာ စားချင်တာ မစားရတဲ့အခါ ကိုယ့်မှာ ဝယ်စားရ တာရှိတယ်။ စားဖို့နဲ့ အသုံးအဆောင်ပစ္စည်း ဝယ်ဖို့ဆို ဘယ်လိုမှ မလောက်ဘူး။ အိမ်ကနေ ပြန်မှာရတယ်။ တချို့ တွေက အဆင်မပြေဘူးဆိုပြီး အိမ်ပြန်သွားကြတာ အများကြီးပါ။ အပြင်မှာ အလုပ်လုပ်ပြီးတော့ ဆော့နေတဲ့သူတွေလည်း အများကြီးရှိတယ်။ တချို့ကျတော့လည်း ဘယ်လိုမှ အဆင်မပြေလို့ မဆော့ကြတော့ဘူး။

ဒဂုံတက္ကသိုလ် အဝေးသင် ဘာကြောင့် ရွေးချယ်ခဲ့လဲဆိုတော့ ၁၀ တန်းအောင်ပြီးတော့ လက်ရွေးစင် တယောက် ဖြစ်ချင်တယ်။ ဆီးဂိမ်းတွေမှာ ပြိုင်ဖူးချင်တယ်။ ဆုတံဆိပ်တွေ ရချင်တယ်။ အဲဒါကြောင့် Day မတက်ဘဲ အဝေးသင် တက်တာ။ ဆရာတွေက အားကစားမှာ ဘာလို့ Sport မတက်လဲဆိုပြီး ပြောကြတယ်။ ကိုယ်ရည်မှန်းချက်က လက်ရွေးစင် ဖြစ်ချင်တာ။ Sport တက်မယ်ဆိုရင် စာတဖက် နဲ့ဆိုတော့ အားကစားသိပ်မလုပ်ဖြစ်ဘူး။

အဝေးသင်ကျတော့ တလလောက်ပဲ စာကျက်ရပြီးတော့ သွားဖြေလို့ ရတယ်။ အချိန်တွေ အများကြီး ပိုတယ်။ အဲဒီအချိန်တွေမှာ လေ့ကျင့်ချိန် ပိုရတယ်။ အဲဒါကြောင့် ဒါကိုရွေးလိုက်တာ။ ဆရာတွေ ကတော့ စိတ်ဆိုးတာပေါ့။ သမီးကတော့ အပြင်ကပဲ။ ဒီမှာ စခန်းသွင်းလေ့ကျင့်ဖို့ ခေါ်ထားတာ။ AUG (Asian University Game) အတွက်။ ဒီပွဲပြီးရင်တော့ ကိုယ့်ဌာနကိုပဲ ပြန်ပြီး အပြင်ကနေပဲ ဆော့ရမှာပေါ့။

မေး ။ ။ ညီမလည်း အခု ငွေတံဆိပ်ဆု ရထားပြီ။ ဒီလောကမှာ ငွေလောက်ကို ဆုမချိတ်တာ တော်တော်ကြာပြီလေ။ ဒီဆုရတဲ့အတွက် ဘယ်လို ခွန်အားတွေရလဲ။ ဒီအားကစားကို ဆက်လုပ်သွားဖို့ ရှိလား။

ဖြေ ။ ။ စိတ်ကူးထားတာတော့ ရှိတယ်။ တကယ်လို့ ဒီက ပြန်မဝင်နိုင်ဘူး။ ပြန်မခေါ်နိုင်ဘူးဆိုရင် တော့ အမှန်က ဆီးဂိမ်းအထိ မှန်းထားတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ရှိတယ်။ ကိုယ်လုပ် နိုင်မယ်လို့လည်း ယုံကြည်တယ်။ ဒီက မဝင်ရလည်းဘာမှ မဖြစ်ဘူး။ အပြင်ပွဲတွေ၊ တိုင်းနဲ့ ပြည်နယ်။ ဝန်ကြီးဌာနပွဲတွေမှာ ပြိုင်သွားမှာ။ အရမ်း ဝါသနာပါလွန်းလို့ပါ။

ပြီးတော့ အခု ငွေတံဆိပ်ဆုရတော့ အရမ်းပျော်တာပေါ့။ သူများတွေက ကိုယ့် Event ကို အထင် အရမ်းသေးတယ်။ ကိုယ့်ဆရာ၊ ဆရာမတွေကတောင် မထင်ထားဘူး။ သမီးတို့ ပြေးခုန်ပစ်က ဘာဆုမှ မချိတ်နိုင်ဘူးပေါ့။ သူတို့လည်း မမှန်းထားဘူး။ တတိယ မနည်းလုပ်ရမယ်။ ရုန်းရမယ်လို့ ပြောတာ။ အဲဒီလိုမျိုး သူများတွေက ပြောတော့ အားတော့ ငယ်တာပေါ့။ သူငယ်ချင်းတွေကိုလည်း ငါတို့ ရပြီဆိုပြီး ပြောနိုင်တာပေါ့။ ဘယ်သူပဲ ရရပါ။ သူများပြောတာ မခံရတော့ဘူး။

တချို့ဆို ဘာဆုမှ မရတဲ့ Event တွေလည်း ရှိတာကိုး။ မထင်မှတ်ဘဲနဲ့ ရတာဆိုတော့ ဆရာ၊ ဆရာမ တွေကတော့ အရမ်းအံသြမှာပေါ့။ တချို့ကလည်း ရလည်း ပြောတယ်။ မရလည်း ပြောတယ်။ အဲဒီလို မျိုးတွေကလည်း ရှိသေးတယ်။ ရပြန်တော့လည်း သူက ဘာကကောင်းလို့ ဟိုဘက်ကမကောင်းလို့ ဆိုပြီးပြောတယ်။ အဲဒီလိုမျိုးတွေကရှိသေးတယ်။

မေး ။ ။ ညီမတို့ ပြေးခုန်ပစ်လောက ပိုအောင်မြင်လာအောင် ဘာအကြံပြုချင်လဲ။ ပိုစည်းလုံးဖို့ လိုလား။ ပိုပြီးတော့ Teamwork ကောင်းဖို့ လိုလား။ အထောက်အပံ့တွေ လိုလား။ အကြံပြုပေးပါဦး။

ဖြေ ။ ။ အကြံပြုရရင်တော့ အများကြီးလိုတယ်။ သမီးက အသက်ငယ်သေးတော့ ဘာမှ မသိပေမယ့် သမီးသိနေ၊ မြင်နေ၊ ကြားနေရတာကတော့ အဖွဲ့အစည်းတခု ကောင်းဖို့အတွက် လူကြီးတွေက ပိုပြီး တော့ လိုတာပေါ့။ သူတို့ ပြောပေးရမယ်။ ကလေးတွေက ဘယ်လို တက်လမ်းရှိတယ် ဆိုတာကအစ လူကြီးတွေကို တင်ပြရမှာပေါ့။ ကလေးတွေကတော့ ဘယ်ဟာတွေကတော့ အားနည်းတယ်။ မိသားစုကတော့ ဘယ်လိုရှိတယ်။

တချို့ကျတော့လည်း အားကစား အရမ်းဝါသနာပါတယ်။ မိသားစုက ဆင်းရဲတော့ ဒီလောက်လေးနဲ့ လာမလုပ်နိုင်ကြဘူး။ တကယ် ကောင်းတဲ့သူတွေကို ပြန်ခေါ်ပြီးတော့ ပြန်လေ့ကျင့်ပေးပြီး ထားစေချင် တယ်။ အဲဒါမှလည်း ပြေးခုန်ပစ်မှာ လူတွေ အများကြီးရှိပြီးတော့ တိုးတက်လာမှာပေါ့။ အခုကျတော့ ကစားမယ့်သူတွေတောင် နည်းနည်း ရှားလာပြီလို့ ပြောရတယ်။

ဆုတံဆိပ်လည်း မချိတ်နိုင်ဘဲ ကလေးတွေက လာတယ်၊ ခေါ်တယ်၊ ပြီးတော့ ပြန်သွားလိုက်။ ပြီးတော့ ဘာမှလည်း မဟုတ်။ သူတို့ စာသင်ချိန်တွေပဲ ပျက်တာပေါ့။ တကယ်လုပ်နိုင်မယ့် ကလေးတွေကို ခေါ်ပြီးတော့ ပြုစုပျိုးထောင်ပေး မယ်ဆိုရင် လူတွေလည်း သိလာမယ်။ စိတ်ဝင်စားသူလည်း များလာတဲ့အခါကျရင် အောင်မြင်လာမယ်လို့တော့ ထင်ပါတယ်။

The post ပြေးခုန်ပစ်မှာ သူ့တပည့် ကိုယ့်တပည့် ခွဲခြားတာတွေ ရှိတယ် appeared first on ဧရာဝတီ.


ပြေးနေရလျှင် ပျော်နေ၍ အပြေးချန်ပီယံ ဖြစ်ခဲ့သူ

$
0
0

အသားညိုညို အရပ်အမောင်း ကောင်းကောင်းနှင့် ကျစ်လျစ်သွယ်လျသည့် ခန္ဓာကိုယ်ပိုင်ရှင်၊ အာဘောင်အာရင်း သန်သန် စကားပြောဆိုတတ်ပြီး ပျော်ပျော်နေတတ်ပုံရသည့် ဟန်ပန်အမူအရာများက ရှိရင်းစွဲအသက်ထက် သူ့ကို ပိုမို နုပျိုစေသည်။

အခက်အခဲမျိုးစုံ ဒုက္ခပေါင်းစုံကို ခိုင်မာသော စိတ်ဓာတ်၊ မလျှော့သော ဇွဲလုံ့လတို့ဖြင့် ကြိုးစား ကျော်ဖြတ် နိုင်ခဲ့ပြီး နောက် ယခုအခါ ပြေးခုန်ပစ်အားကစား လောကတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုများရှင် ခင်ခင်ထွေး ဟူသော နာမည် တလုံးဖြင့် ရပ်တည်နေနိုင်ပြီ ဖြစ်သည်။

တာဝေး၊ တာလတ် အပြေး ချန်ပီယံဟောင်း တဦးဖြစ်သူ ဒေါ်ခင်ခင်ထွေးသည် လက်ရှိအချိန်၌ လယ်ယာစိုက်ပျိုးရေး နှင့် ဆည် မြောင်းဝန်ကြီးဌာန (လယ်/ဆည်) ၏ အားကစားအသင်း အတွက် အားကစားနည်းပြ တာဝန်ခံအဖြစ် ဆောင်ရွက် ပေးနေသည်။

ဆယ်ကျော်သက် အရွယ်ကတည်းက အားကစား ဝါသနာပါခဲ့သူ ဒေါ်ခင်ခင်ထွေးသည် ပြီးခဲ့သည့်လကပဲ သူ့အသက် ၅၁ နှစ် ပြည့်ခဲ့ပြီ။ သို့သော် သူ့အသွေးအသားထဲမှ အားကစားသမား စိတ်ဓာတ်ကတော့ နုပျိုတက်ကြွနေဆဲပင် ဖြစ်သည်။

အနှစ် ၅၀ ကျော် သူ့ဘဝ သက်တမ်းတလျှောက် အမှတ်ရစရာတွေက များလွန်းလှသည်မို့ အမှတ်ရဆုံး အကြောင်း အရာ များကစ၍ သူက ဖြည်းဖြည်းချင်း အတိတ်ကို တူးဆွရင်း ဖွင့်ဟလာသည်။

မွေးချင်း ၉ ယောက်အနက် အားကစားကို အလွန်ဝါသနာထုံသည့် သမီးဖြစ်သူအား ပင်ပန်းသည့် အားကစားသမား ဘဝ ခံ ယူမည့်အစား ပညာတတ်တဦးသာ ဖြစ်စေချင်ခဲ့သော မိခင်၏ဆန္ဒကို သူ့အနေဖြင့် မဖြည့်ဆည်းပေးနိုင်ခဲ့ပေ။

သူ့အသက် ၁၃၊ ၁၄ နှစ် အရွယ်လောက် ကတည်းက“စာဆိုရင်ထွက်ပြေးတာ။ အားကစားဆိုရင်တော့ လာခဲ့ ဘယ် အချိန် ပြေးပြေး ထိပ်ကပဲ။ အဲဒီလို ဝါသနာပါတာ”ဟု သူ့ ငယ်ဘဝကို ပြန်ပြောင်း ပြောပြသည်။

၁၉၈၅ တွင် သူ့ကို ပြေးခုန်ပစ် အားကစား လောကထဲ ခြေစုံပစ်ဝင်ရန် အကြောင်းတခု ဖန်လာခဲ့ပြီး ယင်းအဖြစ်အပျက် ကပင် သူ့ကို အပြေး ချန်ပီယံဖြစ်အောင် တွန်းပို့ခဲ့သည်ဟု ဆိုသည်။

ထိုစဉ်ကတည်းက သူလိုက်နာ ကျင့်သုံးခဲ့သည့်“ဖိုးသုညမှ သိန်းသန်းကုဋေ ကပ်မယ်တဲ့။ ဟိုးတုန်းက စကားပုံလေး။ အဲဒါ ကို သဘောကျတယ်။ လူတွေက အစက သုညပဲ။ အဲဒီကနေမှ ၁ ဖြစ်။ အဲဒီနောက်ကနေ သုညလေးတွေ ဖြစ် သွား အောင် လုပ်ဖို့ပဲရှိတယ်”ဟု သူက စိတ်အားတက်ကြစွာ ပြောပြသည်။

မြန်မြန်ပြေး၊ ဝေးဝေးပစ်၊ မြင့်မြင့်ခုန် ဟု အဆိုရှိသော ပြေးခုန်ပစ် အားကစားနည်းတွင် အမျိုးသား ၂၃ မျိုး၊ အမျိုးသမီး ၂၃ မျိုး စုစုပေါင်း အမျိုးအစား ၄၆ မျိုး ရှိသည့်အနက် အ ရပ်အမောင်း ကောင်းသည့် သူ့ကို လက်ဦးနည်းပြဆရာက တာဝေး၊ တာလတ် အပြေးသမား အဖြစ် ရွေးချယ်ကစားရန် လမ်းညွှန်ခဲ့ပြီး သူကလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစား ခဲ့သည်။

တပည့်များကို ဒေါ်ခင်ခင်ထွေး လေ့ကျင့် သင်ကြားပေးနေစဉ် / အောင်ကျော်ထက် / ဧရာဝတီ

၁၉၈၅ ထိုင်းနိုင်ငံတွင် ကျင်းပသည့်ပွဲ၌ ရွှေတံဆိပ်တခုနှင့် ကြေးတံဆိပ်တခုရပြီး မြန်မာနိုင်ငံသို့ ပြန်လာချိန်၌ သူ့ကိုယ် သူ အထင်ကြီးစိတ် ဝင်ခဲ့ကာ လေ့ကျင့်ရေးများ မလုပ်တော့ဘဲ အေးဆေးနေလိုက်သည်။ ဝန်ကြီးဌာနပေါင်းစုံ ပြိုင်ပွဲ ကျင်းပချိန် ဝင်ရောက် ယှဉ်ပြိုင်သည့် အခါတွင်တော့ ကစားသမား အားလုံးကို သူ ရှုံးနိမ့်သွားခဲ့သည်။

ထိုအချိန်တွင် မိခင်ဖြစ်သူနှင့် မောင်နှမများက အားကစား ဆက်လုပ်ချင်လား၊ စာလုပ်ချင်လားဟူ၍ အတိအလင်း ရွေးချယ် စေခဲ့ပြီး အားကစားလုပ်မည်ဆိုလျှင် ထွန်းပေါက်အောင် လုပ်နိုင်ရမည်ဆိုသော ကတိကိုလည်း တောင်းခဲ့ ကြသည်။

ကျောင်းစာ မကျက်ချင်သူ၊ ပြေးနေရလျှင် ပျော်နေသူ အသက် ၁၈ နှစ်အရွယ် ခင်ခင်ထွေးက သူဝါသနာပါရာ အားကစား လောကထဲ ကို ခြေစုံပစ်ဝင်ရန် ခိုင်မာပြတ်သားစွာ သန္နိဋ္ဌာန်ချခဲ့သည်။ ထို့အတွက် သူ နောင်တ မရသလို လက်ရှိ ဖြစ်တည် နေသော ဘဝကိုလည်း ကျေနပ်သည်ဟု ဆိုသည်။

သူကိုယ်တိုင် ရွေးချယ်လျှောက်လှမ်းခဲ့သည့် လမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲတိုင်းကို အနိုင်ရလိုစိတ်ဖြင့် အ ကောင်းဆုံး ကြိုးစားယှဉ်ပြိုင်၍ ဆုတံဆိပ်များစွာ ရယူနိုင်ခဲ့သလို မထင်မှတ်ထားသည့် ရှုံးနိမ့်မှုများနှင့်လည်း ကြုံခဲ့ရ သည်။

၁၉၈၉ မလေးရှာနိုင်ငံတွင် ကျင်းပသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ၃ ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မီတာ ၁၅၀၀ နှင့် ၃၀၀၀ ပွဲစဉ်များတွင် ရွှေတံဆိပ်ရကာ အရှေ့တောင်အာရှစံချိန်ပါ ချိုးထားသည့် သူ့အတွက် မီတာ ၈၀၀ တွင် လည်း အနိုင်ရရှိရန် လိုအပ်သည်။

ထိုသို့ ခံယူထားချိန်တွင် ပြိုင်ဘက် ထိုင်းနိုင်ငံ အားကစားသမားက သူ့ဖိနပ်ကို မတော်တဆ တက်နင်းမိပြီး ဖိနပ် တဖက် တဝက်တပျက် ကျွတ်သွားသည့် ဖြစ်ရပ်ကြောင့် ဘာလုပ်ရမှန်းမသိအောင် သူ့အတွေးများ ယောက်ယက်ခတ် သွားခဲ့ သည်။

ထိုစဉ် လျှပ်တပြက် ဝင်ရောက်လာသော အတွေးတခု၏ စေ့ဆော်မှုဖြင့် စွန့်စားကြည့်မည်ဆိုကာ တဝက်တပျက် ကျွတ် နေ သည့် ဖိနပ်ကို ပြေးနေရင်းက အလုံးစုံ ကျွတ်ထွက်သွားအောင် ကန်ထုတ်ပစ်လိုက်သည်။ ကျန်နေသည့် ဖိနပ် တဖက် တည်းဖြင့် ဆက်ပြေးပြီး ပွဲစဉ်အပြီး၌ ပထမဆု ရယူခဲ့သည်။

ရရှိခဲ့သည့်ဆုတံဆိပ်ကို ကိုင်တွယ်ပြသရင်း“အရှိန်နဲ့ ပြေးရတဲ့အချိန်မှာ ဖိနပ်ပါမှသာ အဆင်ပြေတာ။ ဖိနပ် တဖက် တည်းနဲ့ ခဲရာခဲဆစ် ပြေးပြီးတော့ ပထမရအောင် ယူခဲ့ပေးတယ်”ဟု သူက ဂုဏ်ယူဝင့်ကြားစွာ ဆိုသည်။

အလားတူ အာရှနိုင်ငံပြိုင်ပွဲများတွင် အရှေ့တောင်အာရှဆိုလျှင် အလေးထားမှု သိပ်မရှိချိန် ၁၉၈၉ အိန္ဒိယနိုင်ငံ၌ ကျင်းပ သည့် အာရှပြေးခုန်ပစ်ပြိုင်ပွဲတွင် ပြိုင်ဘက်များဖြစ်သော တရုတ်၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယတို့ကို ကျော်တက် ကာ ပထမဆု တံဆိပ် ရယူနိုင်ခဲ့ခြင်းသည် အိပ်မက်လားဟုပင် သူ ထင်မှတ်ခဲ့သည်။

ဆုကြေညာပြီး ဆုတက်ယူသည့်အချိန်၊ မြန်မာနိုင်ငံအလံကို တင်လိုက်သည့်အချိန်ကျမှ အာရှအဆင့် ဆုတံဆိပ် အမှန် တကယ် ရရှိပါလားဆိုသည့် ပီတိဖြစ်မှုက မည်သည့်အရာနှင့်မျှ မလဲနိုင်ဟု သူက ဆိုသည်။

တပည့်များနှင့် အတူ လေ့ကျင့်ကွင်းတွင် တွေ့ရသော ဒေါ်ခင်ခင်ထွေး / အောင်ကျော်ထက် / ဧရာဝတီ

ဒေါ်ခင်ခင်ထွေးက“အရှေ့တောင်အာရှက သိပ်ပြဿနာမရှိဘူး။ အာရှပြိုင်ပွဲမှာ မြန်မာက အားကစားသမားတွေဆို အ ထင်ကိုသေးတာ။ အထင်သေးလို့လည်း ရွှေရခဲ့တာ။ ဒီလို အာရှမှာရသွားမှ မြန်မာဆို ငါတို့ ပေါ့လို့မရဘူး ဆိုတာမျိုး ဖြစ် လာတယ်။ အာရှမှာ ဒုတိယအကြိမ် ဝင်ပြိုင်တော့ အဲဒီပြိုင်ဘက်နဲ့ပဲ ရှုံးပေမယ့် ဒုတိယရခဲ့တယ်”ဟု ပြောပြသည်။

၁၉၉၅ ခုက ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲတွင်တော့ မီတာ ၈၀၀ ပြိုင်ပွဲဝင် ခင်ခင်ထွေးသည် တောက်လျှောက် ထိပ်ဆုံး က ပြေးနေရာ ပန်းဝင်ခါနီး ၁၅ မီတာခန့် အလိုရောက်မှ မှောက်ရက်လဲကျပြီး ရွှေတံဆိပ်နှင့် လွဲခဲ့ရသည်။ ထိုအရှုံးက သူ့ကို အတော်လေး ခံရခက်စေခဲ့သည်။

“ကိုယ်ကလွဲရင် ကိုယ့်ဒူးတောင် မယုံရဘူးဆိုတဲ့ အဖြစ်ပျက်မျိုး။ ထိပ်က ပြေးရင်းပြေးရင်းနဲ့ ကိုယ့်ဒူးပြုတ်ကျပြီး မှောက်ရက် လဲပြီးတော့ ရွှေတံဆိပ်နဲ့ လွဲခဲ့ရတယ်။ ရင်ထဲမှာ တော်တော်ခံစားရတယ်”ဟု သူက ဆိုသည်။

သူသည် အောင်မြင်မှုရရန် သူ့ကိုယ်သူ စိတ်ရောကိုယ်ပါ ဖိအားပေးခဲ့သလို အရှုံးနှင့် ရင်ဆိုင်ရချိန်တွင်လည်း ခံနိုင်ရည် ရှိရန် သူက ကြိုတင် ပြင်ဆင်ထားနိုင်ခဲ့သည်။ ဒေါ်မာမာမင်း၊ ဒေါ်ဂေါ့ဂျာ၊ အမေကြီး ဂျနီဖာ (ဂျနီဖာတင်လေး) တို့ သည် သူ့အတွက် အတုယူရသည့် စံပြပုဂ္ဂိုလ်များ ဖြစ်ပြီး ယင်းတို့ကဲ့သို့ ဖြစ်အောင် ကြိုးစားခဲ့သည်။

“ကိုယ့်နိုင်ငံအလံကို သူများနိုင်ငံမှာ တင်ပြီး အားလုံးက အလေးပြုရတာကို အရမ်းနှစ်သက်တယ်။ အဲဒီ စိတ်ဓာတ် ရှိတဲ့ အခါ ကျတော့ သူများထက် နှစ်ဆ ကြိုးစားတယ်”ဟု သူက လေးလေးနက်နက် ပြောပြသည်။

နည်းပြဆရာများက ခိုင်းသည့် လေ့ကျင့်မှုသာမက ကိုယ်တိုင် လေ့ကျင့်မှုများကိုလည်း ထပ်ဆောင်း လုပ်ဆောင်ပြီး တခြား သူများထက် နှစ်ဆပိုလေ့ကျင့်ခဲ့သည်။ ထိုကဲ့သို့ လေ့ကျင့်မှုများကြောင့် အောင်မြင်မှုများ ရရှိခဲ့သည်ဟု သူ ယုံကြည်သည်။

လက်ရှိ အချိန်တွင် အရှေ့တောင်အာရှအဆင့်၌ ရွှေတံဆိပ် ၁၀ ခု၊ အာရှအဆင့်၌ ၁ ခု၊ ဖိတ်ခေါ်ပြိုင်ပွဲများ၌ ၁၇ ခု စုစု ပေါင်း ရွှေတံဆိပ် ၂၈ ခု၊ ငွေတံဆိပ် ၇ ခု နှင့် ကြေးတံဆိပ် ၆ ခုတို့ကို ရယူထားနိုင်မှုက သူ့ယုံကြည်ချက်ကို ပိုမိုခိုင်မာ စေသည်။

အရှေ့တောင်အာရှတွင် အမေကြီးဂျနီဖာ (ဂျနီဖာတင်လေး) က ရွှေတံဆိပ် ၁၅ ခု ရယူပေးခဲ့ပြီး သူက ၁၀ ရယူခဲ့ သော် လည်း နိုင်ငံတကာပြိုင်ပွဲ များတွင် ဆုတံဆိပ် အများဆုံး ရယူပေးနိုင်ခဲ့သူ ဖြစ်သည်ဟု သူက ပြောပြသည်။

ဆီးဂိမ်း ၇ ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ၁၉၉၃ က စင်ကာပူတွင် ကျင်းပသည့် ပြိုင်ပွဲ၌ ခြေထောက်အတက်ဖြစ်၍ ယင်းတကြိမ်သာ ဆုတံဆိပ်နှင့် လွဲချော်ခဲ့ကြောင်း၊ အိုလံပစ်အားကစား ပြိုင်ပွဲကိုလည်း သုံးကြိမ်တိတိ (၁၉၈၈၊ ၁၉၉၂၊ ၁၉၉၆) ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးကြောင်း သူက ရှင်းပြသည်။

“ရွှေတံဆိပ်ရတဲ့ အချိန်ဆို လူကြီးတွေအားလုံးက ခင်ခင်ထွေး ခင်ခင်ထွေးပေါ့။ ဆုတံဆိပ်မရတော့ လှည့်တောင် မကြည့် ဘူး။ နိုင်ငံအတွက် ဘယ်လောက် လုပ်ပေးခဲ့ပါစေ။ မလုပ်ပေးနိုင်တဲ့ အချိန်ကျ ဘယ်သူမှ အသိအမှတ် မပြု ကြဘူး။ ဒါကို ကစားသမားတိုင်း ခံစားခဲ့ရတယ်”ဟု သူက ပွင့်လင်းစွာ ထုတ်ဖော် ပြောဆိုသည်။

ဒေါ်ခင်ခင်ထွေး ရရှိခဲ့သော ဆုဖလား တချို့ / အောင်ကျော်ထက် / ဧရာဝတီ

တခါတရံတော့ သမီးဖြစ်သူ၏ အောင်မြင်မှုများကို မြင်တွေ့မသွားနိုင်၊ ဂုဏ်ယူမသွားနိုင်သည့် လူ့လောကကြီးမှ စောစီး စွာ ထွက်ခွာသွားသော ဖခင်အတွက် အလွန်ဝမ်းနည်း ခံစားရသည်ဟုလည်း သူက ဖွင့်ဟပြောဆိုသည်။

၁၉၈၁ ဖခင်ဖြစ်သူ ဆုံးပါးသွားသည့် နှစ်က မှတ်မှတ်ရရ တရုတ်နိုင်ငံမှ အားကစားသမားများ လာပြိုင်မည်ဆို၍ လူရွေး ပွဲ လုပ်ရာ ယင်းပြိုင်ပွဲတွင် ဒေါ်ဂေါ့ဂျာကို အနိုင်ရရှိခဲ့သည်။ ထိုသတင်းက နေ့စဉ်ထုတ် သတင်းစာတွင် ပါလာခဲ့သည်။

အသည်းအသန် နာမကျန်းဖြစ်၍ စစ်ဆေးရုံတက်နေရသည့် တပ်ဝန်ထမ်းတဦးဖြစ်သူ သူ့ဖခင်သည် ယင်းသတင်းကို ဖတ် မိကာ ဆေးရုံတခုလုံးရှိ လူနာများကို သတင်းစာပြပြီး သမီးဖြစ်သူ မည်မျှတော်ကြောင်း ကြွားဝါခဲ့သည်ကို ယနေ့ အထိ သူ အမှတ်ရနေသည်။

“အမေ့ကို ခေါ်တယ်။ ငါ့သမီးကို သူလိုချင်တဲ့ အင်္ကျီ ဖိနပ် လိုအပ်တာတွေ အကုန်လုံး မင်းဆင်ပေးပါ။ ငါ့သမီးက ထူးချွန်တဲ့ သူတယောက် ဖြစ်မယ်ဆိုတာလေး အဖေက ပြောသွားတယ်။ အဖေ့အတွက်က သမီးဖြစ်သူနဲ့ပတ်သက်လို့ ဘာမှ မရလိုက်ဘူး။ အဖေ့ကို မလုပ်ကျွေးလိုက်ရဘူး။ စိတ်ထဲလည်း မကောင်းဘူး”ဟု ပြောရင်း ဝမ်းနည်းပြီး မျက်ရည် များ ဝဲလာသည်။

သို့သော် သူငယ်ချင်း မိတ်ဆွေများနှင့် တွေ့ဆုံလျှင်ဖြစ်စေ၊ သူ့တပည့်များနှင့် လေ့ကျင့်ခန်း ဆင်းနေချိန်ဖြစ်စေ ပျော်ပျော် ရွှင်ရွင် နေတတ်သည့် သူ့ကို အားလုံးက အဆင်ပြေ ချောမွေ့နေသည်ဟု ထင်မည်ဖြစ်သော်လည်း အမှန်က သူ ကြုံတွေ့ခဲ့ရသည့် လောကဓံလှိုင်းများကြား လဲကျလိုက် ပြန်ထလိုက်နှင့် သူ့ကိုယ်သူ ပိုမို သန်မာ စေခဲ့ခြင်းပင် ဖြစ် သည်။

“ငါ့မှာ လိုအပ်နေတဲ့ အင်အားတွေ အပြည့်ရှိတယ်။ ပြိုင်ပွဲတိုင်းကို နိုင်ကိုနိုင်ရမယ်။ လိုအပ်ချက်တွေ ဖြည့်ဆည်း သွား နိုင်ပြီ ဆိုရင် အောင်မြင်မှုက ထိပ်ဆုံးရောက်သွားမှာပဲ”ဟု သူ့ ခံယူချက်ကို ပြောပြသည်။

ထိုသို့ပြောရင်း သူ အသက် ၄၅ နှစ် အရွယ်တွင် ပြိုင်ပွဲတခုကဲ့သို့ တိုက်ပွဲဝင်ခဲ့ရသည့် အဖြစ်အပျက်ကို သတိရသွား သည်။ ရင်သားကင်ဆာ ဝေဒနာ ခံစားနေရချိန်တွင် အခြားသူများ ကဲ့သို့ပင် အဝီစိထိ ရောက်အောင် စိတ်ဓာတ်ကျခဲ့ပြီး ဆေးကုသမှု ခံယူချင်စိတ်လည်း ပျောက်ဆုံးခဲ့သည်။

သို့သော် သူငယ်ချင်းဖြစ်သူ၏ အားပေးမှုဖြင့် စိတ်ဓာတ်ခွန်အားများ ပြန်ရလာပြီး သူ့ရှိရင်းစွဲ သံမဏိစိတ်ဓာတ်ကို အ ကောင်းဆုံး အသုံးချခဲ့မှုကြောင့် ယနေ့အချိန်ထိ အသက်ရှင်ခွင့်ရနေခြင်း ဖြစ်သည်။ ထိုရောဂါ ခံစားနေရချိန်က သူ နည်းပြ လုပ်နေပြီ ဖြစ်သည်။

အောင်မြင်သည့် ကစားသမားဘဝဖြင့် ဖြတ်သန်းခဲ့သော်လည်း အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနက နည်းပြ အဖြစ် ပြန်လည်ခေါ်ယူခြင်းမရှိ၊ အသိအမှတ်ပြုခြင်း မရှိခဲ့သည့် အတွက် လယ်/ဆည် ၌ ရုံးအလုပ်ဝင်လုပ်ရင်း ယင်း ဌာန ၏ အားကစားအသင်း၌ အုပ်ချုပ်သူအဖြစ် ဝင်ရောက်လုပ်ကိုင်ကာ ဒိုင်း ၁၇ ဒိုင်း ရအောင် တာဝန်ယူပေးခဲ့သည်။

နည်းပြဘဝဖြင့် ၂၀၁၂ မှ ၂၀၁၈ သြဂုတ်က ကျင်းပခဲ့ပြီးသော ဆီးဂိမ်း အားကစားပြိုင်ပွဲထိ ရွှေတံဆိပ် ၈ ခု၊ ငွေတံဆိပ် ၇ ခု၊ ကြေးတံဆိပ် ၁၁ ခု ရအောင် သူ တာဝန်ကျေပွန်ခဲ့သည်။

အပြေးလေ့ကျင့်နေသော ဒေါ်ခင်ခင်ထွေး၏ တပည့်များ / အောင်ကျော်ထက် / ဧရာဝတီ

ယင်းကဲ့သို့ တာဝန် ကျေပွန်ရုံသာမက တပည့်များအပေါ်တွင်လည်း လေ့ကျင့်ရေး၊ ကစားသမား တယောက်တွင် ရှိရ မည့် ကစားသမား စိတ်ဓာတ်၊ စိတ်ပိုင်းဆိုင်ရာ ခွန်အားပေးမှုကအစ မိသားစုအရေး၊ လူမှုရေးကိစ္စအဆုံး တတ်နိုင်သမျှ ကူညီဖြေ ရှင်းပေး၊ အကြံပေးတတ်လေ့ ရှိသည်ဟု လယ်/ဆည်မှ သူ၏တပည့်များက ပြောပြသည်။

သူကတော့ ရရှိထားသည့် ဆုတံဆိပ်များထဲမှ ရွှေတံဆိပ် ၁၅ ခုကို နေပြည်တော် အားကစားပြတိုက်ကို လှူထားပြီး နောက် ထပ် ဆုတံဆိပ်များလည်းလှူရန် စဉ်းစားထားကြောင်း၊ ယခင်က ဆုတံဆိပ်များကို ခုန်မင်ခဲ့သော်လည်း အိမ်မှာ ထားရာ၌ မိသားစုတစုသာ ကြည့်ရမည်ဖြစ်ပြီး ပြတိုက်မှာဆိုလျှင် သူ့ကို အားကျအတုယူချင်သည့် ကစားသမား များ ပေါ်ထွက်လာနိုင်သည်ဟု မျှော်လင့်ပြီး လှူဒါန်းထားသည်။

တဖြည်းဖြည်း ဆုတ်ယုတ်လာသည့် မြန်မာ့ပြေးခုန်ပစ် အားကစားအတွက် အားမလိုအားမရ ဖြစ်မိပြီး အလွန် စိတ် မကောင်းဖြစ်ရကြောင်း၊ ပြန်လည်အောင်မြင်မှုရရန် ဘက်ပေါင်းစုံ ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေသည်ဟု ဆိုသည်။

ယခင်က အရှေ့တောင်အာရှသို့ သွားရောက်ယှဉ်ပြိုင်ပါက မြန်မာကရရှိသည့် ဆုတံဆိပ်ထက်ဝက်သည် ပြေးခုန်ပစ်က ယူပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုနောက်ဆုံး ဆီးဂိမ်းပြိုင်ပွဲတွင် ပြေးခုန်ပစ်က ကြေးတံဆိပ်တခုသာ ရရှိခြင်းကို ကြည့် လျှင် မြန်မာ့ ပြေးခုန်ပစ် အားကစား အဆင့်အတန်း ဆုတ်ယုတ်လာသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ကြောင်း သူက ရှင်းပြသည်။

“ပံ့ပိုးမှုလည်း လိုတယ်။ စည်းရုံးမှုကလည်း လိုတယ်။ ဆရာမတို့က နယ်ပတ်ပြီး ကစားသမားကောင်းကို လိုက်ရှာပြီး မွေး ထုတ်မှ ပြန်အောင်မြင်နိုင်မယ်လို့ မြင်တယ်။ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာမှ အောင်မြင်မယ်လို့ ထင်တယ်။ အာရှ ပြိုင်ပွဲတောင် မဝင်နိုင်ဘူးဆိုတော့ ဘယ်လောက်ရင်နာဖို့ကောင်းလဲ။ စိတ်ထဲလည်း မကောင်းဘူး”ဟု ဆိုသည်။

သူ့အနေဖြင့် နိုင်ငံခြားနည်းပြများထက် မြန်မာနည်းပြများကို အသုံးပြုစေချင်သည်၊ နိုင်ငံခြားနည်းပြများကို ခေါ်ယူမည် ဆို လျှင်လည်း ၎င်းတို့၏အရည်အချင်းနှင့် နောက်ကြောင်းများကို လိုက်သင့်ကြောင်း၊ နိုင်ငံခြားကို အားမကိုးစေချင် ကြောင်း သူက ပွင့်လင်းစွာ ပြောဆိုသည်။

“ဆရာမတို့မှာ အတွေ့အကြုံတွေ အများကြီးရှိတယ်။ ဒါတွေကြောင့် ကိုယ်တိုင်လည်း ရွှေရခဲ့တယ်။ ကစားသမားတွေ ကို လည်း ရအောင်လုပ်ပေးနိုင်ခဲ့တယ်။ ဒါကို လူကြီးတွေ မြင်စေချင်တယ်။ မြန်မာနည်းပြတွေကို ယုံကြည်စွာနဲ့ နည်းပြ လုပ်ခွင့် ပြုပါ။ မြန်မာမှာ ပညာရှင်တွေ အများကြီးရှိပါတယ်။ ပြန်အောင်မြင်အောင် လုပ်ပေးနိုင်ပါတယ်”ဟု သူက ဆို သည်။

‘ကြိုးစားရင် မဖြစ်နိုင်တာ မရှိ၊ မဖြစ်သေးတာဘဲ ရှိတယ်၊ ဖြစ်အောင်လုပ်ရင် ဖြစ်ကိုဖြစ်တယ်’ဟူသော ခံယူချက်ရှိ သည့် သူ့အတွက် လက်ရှိ ကစားသမားများကို ကြိုးစားစေချင်ကြောင်း၊ နည်းပြ၏ လမ်းညွှန်မှုဖြင့် နည်းစနစ်ကျကျ လေ့ကျင့်မှု မှန် မှန်လုပ်စေချင်ကြောင်း၊ ချန်ပီယံတယောက် ဖြစ်ချင်ပါက စည်းကမ်းသည်သာ အဓိက ဖြစ်ကြောင်း သူက ပြောပြသည်။

ကစားသမားဘဝတွင် နာမည်ပျက် မရှိခဲ့ဘူးသော သူ့အတွက် ယခုအချိန်ထိလည်း‘ခင်ခင်ထွေး’ဆိုသည့် နာမည် တလုံး ကို တည်မြဲအောင်နေသည်။ ထို့အတူ နည်းပြဘဝတွင်လည်း နာမည်ပျက်မရှိအောင် ကြိုးစားသည်။ စံချိန်တွေ ကျိုး အောင် ချိုးနိုင်ခဲ့ခြင်းက အများတကာထက် ထူးချင်၍ အရူးအမူး လေ့ကျင့်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

တချိန်က ဆီးဂိမ်းပြိုင်ပွဲများတွင် မီတာ ၄၀၀ ကို ၅၇ စက္ကန့်ဖြင့် အကောင်းဆုံး ပြေးနိုင်ခဲ့သော်လည်း ယခုဆိုလျှင် ၂ မိနစ် ၃၀ စက္ကန့်သာ ပြေးနိုင်တော့သည့် ရွှေတံဆိပ်ဆုများရှင် ဒေါ်ခင်ခင်ထွေးက အခါအခွင့်သင့်လျှင် သူ့ကဲ့သို့ ချန်ပီယံ များ မွေးထုတ် ပေးချင်သေးသည်။

သူက“ဆရာမလို လူမျိုးကို အပင်ပန်းခံပြီး မွေးထုတ်ပေးချင်တယ်။ ကစားသမား မွေးထုတ်လိုက်လို့ ခင်ခင်ထွေး တပည့် ဆို တော်ပြီ။ လုပ်ပေးချင်တယ်”ဟု စိတ်အားထက်သန်စွာ ပြောသည်။

လက်ရှိ ပြေးခုန်ပစ်အဖွဲ့ထဲတွင် ပြောင်းလဲမှု တစုံတရာ ဖြစ်သွားသည့်အခါ သူ့ကို နည်းပြလုပ်ရန် ကမ်းလှမ်းမည်ဆိုပါက သူ့ဘက်က လုပ်ပေးရန် အမြဲ အဆင်သင့် ရှိသည်ဟုလည်း ပြောဆိုပါသည်။ ။

The post ပြေးနေရလျှင် ပျော်နေ၍ အပြေးချန်ပီယံ ဖြစ်ခဲ့သူ appeared first on ဧရာဝတီ.

၅ နှစ်ကြာဆုလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့သည့် မြန်မာ့လက်ဝှေ့အဖွဲ့ချုပ်

$
0
0

မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် (Myanmar BoXing Federation) အနေဖြင့် မလေးရှာနိုင်ငံ၊ ပီနန်အပြည်ပြည်ဆိုင်ရာ အမျိုးသား အလွတ်တန်းနှင့် လူငယ်ဖိတ်ခေါ်လက်ဝှေ့ပြိုင်ပွဲတွင် ရွှေတခု၊ ငွေတခု၊ ကြေး နှစ်ခုရရှိခဲ့ပြီး ၅ နှစ် ကြာ ဆုတံဆိပ်များနှင့် ဝေးကွာနေမှုကို အဆုံးသတ်နိုင်ခဲ့သည်။

အလွတ်တန်း ၇၅ ကီလိုမစ်ဒယ်ဝိတ်တန်းတွင် ရဲမင်းထွန်းက ရွှေတံဆိပ်ရရှိခဲ့ပြီး ၅၆ ကီလိုတန်းမှ ပြည့်စုံနှင့်  ၆၄ ကီလိုတန်းမှ ကျော်မင်းဦးတို့မှ ကြေးတံဆိပ်များ ရရှိခဲ့ခြင်းဖြစ်ကာ လူငယ်ကစားသမား သီဟဇော်မှ ၆၄  ကီလိုတန်းတွင် ငွေတံဆိပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်စိုး က “ကြိုတင်ပြင်ဆင်မှုနဲ့ စနစ်တကျ နေထိုင်းစားသောက်မှုတွေက ထိရောက်ခဲ့ပါတယ်၊ ဆီးဂိမ်းမှာလည်း အောင်မြင်မှုရဖို့ အပြင်းအထန် ကြိုးစားရပါဦးမယ်” ဟု ပြောသည်။

ပြိုင်ပွဲတွင် ဟောင်ကောင်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တိုင်ပေ အစရှိသည့် နိုင်ငံများမှလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာ့လက်ဝှေ့ လက်ရွေးစင် ကစားသမား ၇ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

မြန်မာ့လက်ဝှေ့ အားကစားအနေဖြင့် ၂၀၁၃ ခုနှစ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ဆီးဂိမ်းပြိုင်းပွဲအပြီး နောက်ပိုင်း ဆီးဂိမ်ပြိုင်ပွဲနှစ်ပွဲတွင် မည်သည့်ဆုတံဆိပ်မှ ရယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

အဖွဲ့ချုပ်အနေဖြင့် ကစားသမား၏ အရည်အသွေးပိုင်း ပိုမိုတိုးတက်လာရေးအတွက် နိုင်ငံတကာပြိုင်ပွဲများအား စေလွှတ် ယှဉ်ပြိုင်ရန် ဆောင်ရွက်သွားမည့်အပြင် ဆီးဂိမ်းပြိုင်ပွဲနီးကပ်လာပါကလည်း တရုတ်၊ ကာဇက်စတန်၊ ဂျပန်၊ ကိုရီးယားစသည့် နိုင်ငံတခုခုတွင် ပူးတွဲလေ့ကျင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဦးကျော်ကျော်စိုး က ပြောသည်။

ပီနန်ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ဝှေ့ အဖွဲ့ချုပ် အနေဖြင့် ကုန်ကျစရိတ်ငွေ အမေရိကန်ဒေါ်လာ ၈၀၀၀ ခန့်ရှိခဲ့ပြီး နိုင်ငံတော် အစိုးရမှ အမေရိကန်ဒေါ်လာ ၂၈၀၀ ထောက်ပံ့ခဲ့ကြောင်းလည်း အသင်းထံမှ သိရသည်။

မြန်မာ့အားကစား အဆင့်အတန်း မြှင့်မားလာစေရေးအတွက် အခြေခံပညာ ကျောင်းများမှ စတင်ကာ အားကစားနည်းများကို ထည့်သွင်းရန် လိုအပ်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်း/ပြည်နယ်အဆင့်ဆင့် ပြိုင်ပွဲများကျင်းပပြုလုပ်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရအနေဖြင့်  ကြိုးပမ်းလုပ်ဆောင်ရန် လိုအပ်လျှက်ရှိကြောင်းလည်း ဦးကျော်ကျော်စိုးက သုံးသပ်ခဲ့သည်။

The post ၅ နှစ်ကြာဆုလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့သည့် မြန်မာ့လက်ဝှေ့အဖွဲ့ချုပ် appeared first on ဧရာဝတီ.

ပက်ကေးယိုက မေဝယ်သာကို မကျေပွဲနွှဲရန် စိန်ခေါ်

$
0
0

လွန်ခဲ့သော ၃ နှစ်နီးပါးက မန်နီပက်ကေးယိုနှင့် ဖလွိုဒ် မေဝယ်သာတို့ “ရာစုနှစ်၏ လက်ဝှေ့ပွဲ” ဟုခေါ်သည့် ပွဲပြီးနောက် ယခုအခါ အသက် ၄၀ ရှိ ပက်ကေးယိုက ၂၀၁၅ တွင် ရှုံးနိမ့်ခဲ့ရသော မကျေပွဲ ပြန်နွှဲရန် ဆန္ဒရှိနေသည်။

၎င်း၏ WBA ကမ္ဘာဝဲလ်တားဝိတ်ကို စနေနေ့က ဆက်ထိန်းထားခဲ့ပြီးနောက် ဖိလစ်ပိုင်လူမျိုးဖြစ်သူ ပက်ကေးယိုက ကမ္ဘာ့ချန်ပီယံ အသက် ၄၁ နှစ်ရှိ မေဝယ်သာကို မကျေပွဲနွှဲရန် စိန်ခေါ်လိုက်ခြင်းဖြစ်သည်။

ပက်ကေးယိုက အမေရိကန်လူမျိုး အက်ဒရင်းဘရွန်နာကို ဒိုင်များ တညီတညွတ်တည်း ပေးမှတ်ဖြင့် ထိုးသတ် အနိုင်ယူသွားပုံကို အနားယူနေပြီဖြစ်သည့် မေဝယ်သာက လာ့စ်ဗီးဂက်မြို့ရှိ ပွဲခင်းရှေ့ဆုံးခုံမှ ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပက်ကေးယိုက အမေရိကန်လူမျိုးကို ထိုးသတ်မည့် အလားအလာအကြောင်း ၎င်းအား အကြိမ်ကြိမ်မေးမြန်းခြင်း ခံခဲ့ရသည်။

“ကျနော်ပေးချင်တဲ့ သတင်းစကားကတော့ ကျနော်ဟာ ဖျတ်လတ်နေတုန်းပါပဲ။ တကယ်လို့ မေဝယ်သာက ကြိုးဝိုင်းထဲ ပြန်ဝင်ပြီး ကျနော့်ကို စိန်ခေါ်ချင်တယ်ဆိုရင် ကျနော်ဟာ ချန်ပီယံ တယောက်ပါဆိုတာ ပြချင်ပါတယ်။ အကယ်၍များ သူ ဆန္ဒရှိမယ်ဆိုရင် ကြိုးဝိုင်းထဲ ပြန်ဝင်ပြီး ကျနော်တို့ နောက်တခါ ထိုးကြပါစို့လား” ဟု ပက်ကေးယိုက ပြောသည်။

“တကယ်လို့များ သူက အနားယူထားရာကနေ ပြန်လာချင်တယ်ဆိုရင် ကျနော့်ကို စိန်ခေါ်ဖို့ ကြေညာနိုင်ပါတယ်။ ကျနော်ဟာ ချန်ပီယံတယောက်ပါ။ ပြိုင်ဘက် မရွေးပါဘူး။ ကျနော့်ကို စိန်ခေါ်တဲ့သူ၊ ကျနော့်ခါးပတ်ကို စိန်ခေါ်တဲ့သူကို ကျနော် စောင့်နေတုန်းပါပဲ”

ရာစုနှစ်ထိုးသတ်ပွဲ ဖြစ်လာနိုင်လား

“ရာစုနှစ်ထိုးသတ်ခြင်း” ဟု အမည်ပေးထားသည့် ၂၀၁၅ ခုနှစ်က မေဝယ်သာနှင့် ပက်ကေးယိုတို့ ပွဲကြည့်လက်မှတ် များအတွက် အမေရိကန်ပရိသတ်များကို ဒေါ်လာ ၃၅၀,၀၀၀ ဖြင့် ရောင်းချခဲ့ရပြီး ရုပ်သံလိုင်းမှ ကြည့်ရှုရန်အတွက် ဒေါ်လာ ၁၀၀ နီးပါး ပေး၍ ကြည့်ခဲ့ရသောကြောင့် အမြတ်အစွန်း အများဆုံး ဘောက်ဆင်ပွဲအဖြစ် သမိုင်းတွင်ခဲ့သည်။

မေဝယ်သာသည် နှစ်သစ်ကူးပွဲတော်အတွင်း ယှဉ်ပြိုင်ထိုးသတ်ပွဲတခု၌ ဂျပန်လူမျိုး ကစ်ဘောက်ဆာ တန်ရှင်နာစုကာဝါ့ကို စက္ကန့် ၁၄၀ အနိုင်ထိုးသတ်ပြီး မကြာသေးမီက ကြိုးဝိုင်းထဲပြန်ဝင်ခဲ့ရာ မေဝယ်သာအနေဖြင့် ပက်ကေးယိုကို ယှဉ်ပြိုင် ထိုးသတ်ရန် စိတ်မဝင်စားကြောင်း သတင်းထောက်များကို မေဝယ်သာ၏ ကြော်ငြာကိစ္စ ကိုင်တွယ်နေသူ လီယိုနာ့ဒ်အဲလာဘီက ပြောကြားခဲ့သည်။

ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက “ငွေရေးကြေးရေးအတွက် အမြဲတမ်းတော့ မဟုတ်ပါဘူး။ ဒီကိစ္စ ယုံချင်ယုံ၊ မယုံချင်နေပါ။ ဒီထက်ပိုပြီး ဒီလူ ဘာလုပ်ပေးရမှာတုန်း” ဟု ပြောကြားခဲ့သည်။

“သူ့မှာ စေ့ဆော်မှုနဲ့ စိတ်ဆန္ဒလည်း မရှိပါဘူး။ သူ့အနေနဲ့ အကောင်းဆုံးဘဝမှာ နေနိုင်တယ်။ ခရီးသွားနိုင်တယ်။ သူ့ စီးပွားရေး လုပ်ငန်းပေါင်းစုံ လည်ပတ်နိုင်တယ်။ ဒီလိုနေနိုင်ဖို့အတွက် သူ့သွေးနဲ့မျက်ရည်တွေကို နှစ်ပေါင်းများစွာ ရင်းနှီးခဲ့ရပါတယ်” ဟု ၎င်းက ဆိုသည်။

“အခုလာမယ့် ဖေဖော်ဝါရီ ၂၄ ဆိုရင် သူ့အသက် ၄၂ နှစ်ပြည့်ပြီ။ ဒီလောက်ဆို လုံလောက်ပါပြီ။ အခု ငွေကြေးနဲ့ ကောင်းတဲ့ အနေအထားလို့ ဆိုနိုင်ပေမယ့် ခင်ဗျားတို့အနေနဲ့ သူ့ဘေးနားမှာ စွဲစွဲမြဲမြဲနဲ့အချိန်၊ ငွေတွေ မဖြုန်းနိုင်ကြပါဘူး။ သူက ထူးထူးခြားခြားအလုပ်နဲ့ အသက်မွေးခဲ့ပြီးပါပြီ။ မှတ်တမ်းတွေအားလုံးလည်း ဖျက်ထားခဲ့ပြီးပြီ။ ဒီအတွက် သူ့မှာ အထောက်အထား ဘာမှမရှိတော့ပါဘူး” ဟု သူက ဆက်ပြောသည်။

50-0 ဖြင့် စံချိန်တင်ခဲ့သူ မေဝယ်သည် အနားယူထားရာမှ အကျိုးအမြတ်တဖန် ရလိုမှုဖြင့် နာစုကာဝါ့ကို ယှဉ်ပြိုင် ထိုးသတ်ရန်အတွက် ကြိုးဝိုင်းထဲသို့ ပြန်ဝင်ခဲ့သည်။ ၂၀၁၇ ခုနှစ်ကလည်း UFC လိုက်ဖ်ဝိတ်ချန်ပီယံ ကိုနာမက်ဂရီဂေါ်နှင့် ယှဉ်ပြိုင် ထိုးသတ်ခဲ့သေးရာ ဒေါ်လာသန်း ၃၀၀ ကျော်ရရှိခဲ့ကြောင်း သတင်းထွက်ခဲ့သည်။

နောက်ဆုံးအနေဖြင့် နာစုကာဝါ့ကို အနိုင်ယူပြီးနောက် မေဝယ်သာက အဆိုပါပွဲတွင် အများပြည်သူ ကြည့်ရှုအပန်းဖြေ နိုင်စေရန် ရည်ရွယ်ကြောင်း ပြောကြားရင်း ပြန်လည်အနားယူရန် ဆုံးဖြတ်ခဲ့သည်။

ကိုးကား ။ ။ CNN

The post ပက်ကေးယိုက မေဝယ်သာကို မကျေပွဲနွှဲရန် စိန်ခေါ် appeared first on ဧရာဝတီ.

အရှုံးကိုခြေဖျက်သွားမယ်ဆိုတဲ့ မြန်မာဖိုက်တာ ဖိုးသော်နှင့် အန်တိုနီယာ

$
0
0

ရန်ကုန်မြို့ ၊ သုဝဏ္ဏအားကစား ခန်းမတွင် မတ်လ ၈ ရက်နေ့၌ကျင်းပမည့် ONE Championship (One:Reign Of Valor) တွင် ပြီးခဲ့သည့် ပွဲစဉ်မှအရှုံးရလဒ်ကို ခြေဖျက်ကာ အကောင်းဆုံးယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဖိုးသော်နှင့် အန်တိုနီယာ တို့က  ပြောသည်။

ဖိုးသော်အနေဖြင့် ယခုပွဲစဉ်တွင် အင်ဒိုနီရှားနိုင်ငံသား “The Iceman” Yohan Mulia Lagowo နှင့်ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ပြီး အန်တိုနီယာသည် မလေးရှားနိုင်ငံသူ Audreylaura “ Ice Comet” Boniface နှင့်ယှဉ်ပြိုင် ထိုးသတ်ရမည်ဖြစ်သည်။

ဖိုးသော်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၆ ရက်နေ့က ထိုးသတ်ခဲ့သည့် မလေးရှားကစားသမား Keanu Subba အား ပထမအချီတွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး အန်တိုနီယာသည် ပြီးခဲ့သည့်ပွဲစဉ်တွင် ထိုင်းအမျိုးသမီးဖိုက်တာ Rika Ishige အား ရှုံးနိမ့်ထားခြင်းဖြစ်သည်။

ဖိုးသော်က “ပြီးခဲ့တဲ့ပွဲ အရှုံးရလဒ်က အရည်အသွေးကို မှတ်ကျောက်တိုက်ခံခဲ့ရတယ်လို့ မြင်ပါတယ်။ အတွေ့အကြုံ  ကောင်းတခု ရခဲ့တယ်။ ဒီတခါလည်း မှတ်ကျောက်တိုက်မယ်ဆိုရင် အရည်အသွေးပိုကောင်းလာတာ ကိုအားလုံးမြင် ရမှာပါ။ အကောင်းဆုံး ပုံစံမရသေးပေမယ့် အရင်ကထက် ပိုကောင်းလာတယ်ဆိုတာ သက်သေပြနိုင်မှာပါ” ဟုပြောသည်။

အင်ဒိုနီးရှားကိုယ်ခံပညာ သိုင်းပေါင်းစုံလောက၏ ရှေ့ဆောင်တဦးဖြစ်သူ Legowo သည် ONE Championship ၏ ကမ္ဘာ့အဆင့်ပြိုင်ပွဲများသို့ ဝင်မပြိုင်မီက ပြည်တွင်းပြိုင်ပွဲများတွင် ကျင်လည်ခဲ့ကာ အတွေ့အကြုံကောင်းများရှိထားသူ တဦးဖြစ်သည်။

အန်တိုနီယာက “ ရှုံးခဲ့တဲ့ပွဲအတွက်တော့ နောင်တရတာမျိုးတွေ မရှိပါဘူး၊ ဒါကကိုယ့်အတွက် ရှေ့ဆက်ဖို့ အင်အားတခုရ လိုက်သလိုပါပဲ။ ဒါကြောင့် လာမယ့်ပွဲမှာ အရင်နဲ့မတူတဲ့ ပုံစံမျိုးနဲ့ ပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊ အနိုင်/အရှုံးမ ပြောနိုင်ပေမယ့် အကောင်းဆုံး လေ့ကျင့်နေပါတယ်” ဟုပြောသည်။

တိုက်ကွမ်ဒိုတွင် ခါးပတ်နက်ရရှိထားသည့် Boniface သည် Kota Kinabalu ရှိ ဆေးရုံတခုတွင် အရေးပေါ်ကုသဆောင်၌ အချိန်ပြည့် လုပ်ကိုင်နေသည့် ဆရာဝန်တဦးဖြစ်ပြီး အန်တိုနီယာနှင့် ယှဉ်ပြိုင်ထိုးသတ်ရန်အတွက် ဝါရင့်နည်းပြဖြစ်သူ lias Mansor နှင့်လေ့ကျင့်ပြင်ဆင်လျှက်ရှိသည်။

လက်ရှိတွင် ဖိုးသော်အနေဖြင့် ထိုင်းနိုင်ငံရှိ TigerMuayThai MMA Club တွင် လေ့ကျင့်ပြင်ဆင်လျှက်ရှိပြီး အန်တိုနီယာသည် အင်ဒိုနီးရှားနိုင်ငံရှိ Bali MMA Club တွင် လေ့ကျင့်ပြင်ဆင် လျှက်ရှိနေကြသည်။

မြန်မာဖိုက်တာ နှစ်ဦးလုံးအနေဖြင့် လာမည့်ပွဲစဉ်တွင် ပြိုင်ဘက်များကို အနိုင်ယူကာ ပရိတ်သတ်များအား ပျော်ရွှင်မှုပေးနိုင်ဖို့ ယုံကြည်လျှက် ရှိနေကြပြီး လာမည့် မေလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် ရန်ကုန်သို့ပြန်လည်ရောက်ရှိကြမည်ဖြစ်ကြောင်း သိရသည်။

The post အရှုံးကိုခြေဖျက်သွားမယ်ဆိုတဲ့ မြန်မာဖိုက်တာ ဖိုးသော်နှင့် အန်တိုနီယာ appeared first on ဧရာဝတီ.

“အရင်ကထက် ပိုကောင်းလာတယ်ဆိုတာ သက်သေပြနိုင်မှာပါ” ဆိုတဲ့ ဖိုးသော်

$
0
0

ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ မတ်လ ၈ ရက်နေ့တွင်ကျင်းပမည့် သိုင်းပေါင်းစုံ MMA ပြိုင်ပွဲတွင် မြန်မာဖိုက်တာတွေလည်း ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ မြန်မာ ပရိတ်သတ်တွေ အားပေးမှုကို ရရှိထားပြီးဖြစ်တဲ့ ဖိုက်တာ ဖိုးသော် ကလည်း အင်ဒိုနီရှားနိုင်ငံသား “The Iceman” Yohan Mulia Lagowo နဲ့ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။

ဖိုးသော်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့က နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲမှာ မလေးရှား ဖိုက်တာ Keanu Subba ကို ပထမအချီမှာဘဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ဒီအရှုံးကနေ ပြန်လာနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ထွန်းထွန်း က ဖိုးသော်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။ ။ ပြိုင်ဘက်အကြောင်း ဘာတွေလေ့လာထားပြီးပြီလဲ။

ဖြေ ။ ။ လက်ရှိမှာ ပြိုင်ဘက်အကြောင်းကိုတော့ အကြမ်းဖျင်းလေ့လာထားပါတယ်၊ သူ့အရင်ပုံစံတွေကိုချည်းပဲ ကစားမယ် ဆိုပြီး တထစ်ကျ တွက်ထားလို့ မရတာကြောင့် အကြမ်းဖျင်းလေ့လာပြီး စင်ပေါ်မှာ သေသေချာချာ သတိထားပြီး  ယှဉ်ပြိုင် သွားမှာပါ။

မေး ။ ။ သူဟာ ပြိုင်ဘက်ကောင်းတယောက်လို့ ထင်ပါသလား။

ဖြေ ။ ။ သူက အတွေ့အကြုံ ပိုများတဲ့ အတွက် ပြိုင်ဘက်ကောင်းလို့တော့ပြောလို့ ရနိုင်ပါတယ်။

မေး ။ ။  ပြိုင်ပွဲအတွက်ရော ဘယ်လောက်အထိ လေ့ကျင့်ပြင်ဆင်ထားလဲ။

ဖြေ ။ ။ ပြိုင်ပွဲ အတွက်ကတော့ မွေထိုင်း၊ နပမ်း၊ ဂျူဂျစ်စု တို့ကို MMA ပုံစံ နဲ့ လေ့ကျင့်ပြင်ဆင်နေပါတယ်။

မေး ။ ။ ဒီပွဲကို အနိုင်ယူနိုင်မယ်လို့ရော ယူဆထားသလား။

ဖြေ ။ ။ ဒီပွဲကို နိုင်ဖို့ ရာခိုင်နှုန်းများပါတယ်။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်တယ်။ အဓိကကတော့ အသက်အရွယ်ကြောင့်ပါ။ ပြိုင်ဘက်က အသက် ၃၈ နှစ်ပါ။

မေး ။ ။ ဒီပွဲအတိုင်ခင်က ပွဲမှာ ရှုံးနိမ့်ထားတော့ ဘယ်လိုသင်ခန်းစာတွေရခဲ့လဲ။ အခုပွဲမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်မယ်ထင်လား။

ဖြေ ။ ။ ပြီးခဲ့တဲ့ပွဲ အရှုံး ရလဒ်က အရည်အသွေးကို မှတ်ကျောက်တိုက်ခံခဲ့ရတယ်လို့မြင်ပါတယ်။ အတွေ့အကြုံ ကောင်းတခု ရခဲ့တယ်။ ဒီတခါလည်း မှတ်ကျောက်တိုက်မယ်ဆိုရင် အရည်အသွေး ပိုကောင်းလာတာကို အားလုံးမြင်ရမှာပါ။ အကောင်းဆုံးပုံစံ မရသေးပေမယ့် အရင်ကထက် ပိုကောင်းလာတယ်ဆိုတာ သက်သေပြနိုင်မှာပါ။

မေး ။ ။ အခုရော ဘယ်မှာလေ့ကျင့်နေလဲ။ လေ့ကျင့်မှုအပိုင်းကို အားရမှုရော ရှိလား။

ဖြေ ။ ။ အခု TigerMuayThai MMA Club မှာ လေ့ကျင့်နေပါတယ်။ လေ့ကျင့်မှုကိုတော့ အားရမှုမရှိသေးပါဘူး။ ကာလရှည် Camp ဝင်ပြီး လေ့ကျင့်နိုင်အောင် ကြိုးစားနေပါတယ်။

မေး ။ ။ ဖိုက်တာတယောက်အနေနဲ့  MMA ပြိုင်ပွဲကို ဘယ်လိုမြင်လဲ။

ဖြေ ။ ။ MMA ပြိုင်ပွဲတွေက တစ်နှစ်ထက် တစ်နှစ် ပရိတ်သတ် စိတ်ဝင်စားမှု တိုးတက်လာပြီးတော့ ကစားသမားတွေ ရဲ့ ပါဝင် ယှဉ်ပြိုင်လိုမှုလည်း မြင့်တက်လာတယ်။ MMA Event ဆိုပေမယ့် MMA ပုံစံ အပြင် Stand Fight Only (Super Series) @ Muay Thai & Kick Boxing တို့ကိုပါ တွဲဆိုင်း တွဲပေးတဲ့ အတွက် လက်ဝှေ့ ကစားသမား တွေအတွက် အခွင့်အရေး ကောင်းတွေ ရှိနေပါတယ်။

The post “အရင်ကထက် ပိုကောင်းလာတယ်ဆိုတာ သက်သေပြနိုင်မှာပါ” ဆိုတဲ့ ဖိုးသော် appeared first on ဧရာဝတီ.

အရင်နဲ့ မတူတဲ့ပုံစံမျိုးနဲ့ ပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်

$
0
0

ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ မတ်လ ၈ ရက်နေ့တွင်ကျင်းပမည့် သိုင်းပေါင်းစုံ MMA ပြိုင်ပွဲတွင် မြန်မာဖိုက်တာတွေလည်း ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ အန်တိုနီယာ ကလည်း မလေးရှားနိုင်ငံသူ Audreylaura “ Ice Comet” Boniface နဲ့ ယှဉ်ပြိုင် ထိုးသတ်ရမှာ ဖြစ်ပါတယ်။

အန်တိုနီယာဟာ နောက်ဆုံးကစားခဲ့တဲ့ MMA ပွဲစဉ်မှာ ထိုင်းအမျိုးသမီးဖိုက်တာ Rika Ishige ကို ရှုံးနိမ့် ထားပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ဟာ အန်တိုနီယာ အတွက် အရေးပါတဲ့ ပွဲစဉ်တပွဲဖြစ်လာမှာ ဖြစ်သလို မြန်မာ ပရိသတ် ရှေ့မှောက်မှာ နိုင်ပွဲပြန်ယူပြနိုင်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ဒီတခေါက် မြန်မာ့ မြေပေါ်မှာ ထိုးသတ်မယ့် ပွဲမှာ အရှုံးကနေ နိုးထလာနိုင်မလား၊ ဒီပွဲအတွက် ဘာတွေ ပြင်ဆင်ထားလဲဆိုတာနဲ့ ပတ်သက်ပြီး အမျိုးသမီး ဖိုက်တာ အန်တိုနီယာကို ဧရာဝတီ သတင်းထောက် ထွန်းထွန်း က ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။ ။ ပြိုင်ဘက်အကြောင်း ဘာတွေလေ့လာထားပြီးပြီလဲ။

ဖြေ ။ ။ အဓိကကတော့ ပြိုင်ဘက်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို လေ့လာထားပါတယ်၊ သူကတော်တော်တော့  ကောင်းတယ်လို့ ပြောရပါမယ်၊ ဘက်စုံကစားတတ်တဲ့ ကစားသမားတယောက်ဖြစ်ပါတယ်။

မေး ။ ။ သူဟာ ပြိုင်ဘက်ကောင်းတယောက်လို့ ထင်လား။

ဖြေ ။ ။ သူလည်းပဲ လေ့ကျင့်ချိန်  တော်တော်လေးရထားတဲ့အတွက်လည်း လေ့ကျင့်ရည်ပြည့်နေပြီးသား ဖြစ်နေမှာပါ၊  အဲ့ဒါကြောင့်လည်း ဒီပွဲမှာ သူဟာ ကျမအတွက် ပြိုင်ဘက်ကောင်း တယောက်ဖြစ်နေမယ်လို့ ထင်ပါတယ်။

မေး ။ ။ ပွဲအတွက် ကိုယ်တိုင်ကရော ဘယ်လောက်အထိ လေ့ကျင့်ပြင်ဆင်ထားလဲ။ အနိုင်ရမယ်လို့ မျှော်လင့်ထားလား။

ဖြေ ။ ။ ဒီပွဲအတွက်က လေ့ကျင့်ဖို့ ကျမအနေနဲ့ အချိန် ၃ လကျော်ကျော်လောက်ယူပြီး လေ့ကျင့်ပြင်ဆင်နေပါတယ်၊ ဘယ်အရာမှ အတိအကျ မှန်းဆလို့မရနိုင်တဲ့အတွက် နိုင်မယ်၊ ရှုံးမယ်ဆိုတာကြီးကိုတော့ ကျမအတိအကျမပြောနိုင်ပါဘူး၊ ကံကလည်းရှိသေးတယ်လေ၊ ဒါပေမယ့် ဒီပွဲက အရင်ပွဲနဲ့မတူပဲ အကောင်းဆုံးဖြစ်လိမ့်မယ်လို့တော့ ယုံကြည်ထားပါတယ်။

မေး ။ ။  ဒီပွဲအတိုင်ခင်ပွဲမှာ ရှုံးနိမ့်ထားတော့ ဘယ်လိုသင်ခန်းစာရခဲ့လဲ။ အခုပွဲမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်မယ်ထင်လား။

ဖြေ ။ ။ အားကစားသမားဘဝမှာ နိုင်တာနဲ့ရှုံးတာ ၂ မျိုးပဲရှိပါတယ်၊ ရှုံးခဲ့တဲ့ပွဲအတွက်တော့ နောင်တရတာမျိုးတွေ မရှိပါဘူး၊ ဒါကကိုယ့်အတွက် ရှေ့ဆက်ဖို့ အင်အားတခု ရလိုက်သလိုပါပဲ။ ဒါကြောင့် လာမယ့်ပွဲမှာ အရင်နဲ့မတူတဲ့ပုံစံမျိုးနဲ့ ပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

မေး ။ ။ အခုရော ဘယ်မှာလေ့ကျင့်နေလဲ။ လေ့ကျင့်မှုအပိုင်းကို အားရမှုရော ရှိလား။

ဖြေ ။ ။  လက်ရှိ Bali MMA Camp မှာ လေ့ကျင့်မှုတွေ လုပ်နေပါတယ်၊ လေ့ကျင့်မှုတွေကတော့ အရင်ကထက် အများကြီး တိုးတက် လာတဲ့အတွက် ပျော်ပါတယ်။ ကိုယ့်ကိုကိုယ့် အားရကျေနပ်မှုကတော့ မရှိသေးပါဘူး၊ ဘာလို့လည်းဆိုတော့ ပညာတွေက သင်လို့ မကုန်နိုင်ဘူးလေ။ ကိုယ်က လူသစ်လည်းဖြစ်နေတော့ ပိုပြီးပိုပြီးကြိုးစားရဦးမှာပါ။

မေး ။ ။ MMA ပြိုင်ပွဲတွေအပေါ် ဘယ်လိုအမြင်လဲ။

ဖြေ ။ ။ အစပိုင်းမှာတော့ ကြိုးဝိုင်းရဲ့ပြင်ဆင်ထားတဲ့ စင်ကိုရှိန်တာမျိုးရှိတာပေါ့နော်။ ပရိတ်သတ်တွေကလည်း အုံ့အုံ့သဲသဲဆိုတော့ ဒါကကိုယ့်ရဲ့ အတွေ့အကြုံနည်းပြီး ရဲရဲဝံ့ဝံ့ မရင်ဆိုင်ရဲသေးတာပေါ့၊ ရှက်တာရယ်၊ ကြောက်တာရယ်၊ စိုးရိမ်စိတ်တွေရယ်ကြောင့်ပါ။ အခုကျတော့ ပွဲအတွေ့အကြုံတွေ ရှိလာတဲ့အခါ ဒီလိုစိတ်မျိုးတွေက မရှိတော့ပါဘူး။ ငါအကောင်းဆုံးလုပ်မယ်၊ အကောင်းဆုံး ဖြစ်ရမယ်ဆိုတာပဲ ကိုယ့်စိတ်ထဲကိုယ့်ခေါင်းထဲ ရောက်လာတယ်။

မေး ။ ။ ပရိတ်သတ်တွေအတွက် ဘာများပြောချင်လဲ။

ဖြေ ။ ။ အားပေးနေတဲ့ ပရိတ်သတ်အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်၊ လာမယ့် မတ်လ ၈ ရက်နေ့ပွဲကိုလည်း စောင့်မျှော် အားပေးကြပါဦးလို့ ဖိတ်ခေါ်ပါတယ်၊ ရန်ကုန်ကိုတော့ မတ်လ ၂ ရက်နေ့လောက်မှ ပြန်ရောက်ပါမယ်။

The post အရင်နဲ့ မတူတဲ့ပုံစံမျိုးနဲ့ ပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် appeared first on ဧရာဝတီ.

မြန်မာ့ အားကစားကို မြှင့်တင်ပေးရန် တပ်မတော် တိုက်တွန်း

$
0
0

မြန်မာ့ အားကစား ကဏ္ဍ ဖွံ့ဖြိုးစေရန် အတွက် အမျိုးသား အားကစား ဥပဒေ ပေါ်ထွက်ရေး မူဝါဒ ချမှတ် ဆောင်ရွက်ရန် အပါအဝင် နည်းလမ်း အမျိုးမျိုးနှင့် မြှင့်တင် ဆောင်ရွက်ပေးရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ပြော ဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်က ဒလ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေး တင်သွင်းသည့် မူးယစ် ဆေးဝါးနှင့် အခြား အာရုံများမှ ကင်းလွတ် သက်သာစေနိုင်သည့် အားကစား ကဏ္ဍကို စီမံကိန်းနှင့် ရန်ပုံငွေများ ချမှတ်၍ အားပေး ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များက ဆွေးနွေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး စိုင်းအိုက်လှက အားကစားသည် ကျန်းမာရေး၊ ဉာဏ်ရည် ဖွံ့ဖြိုးမှု ကို အထောက်အကူ ပြုပြီး ပြည်သူများ ကျန်းမာ သန်စွမ်းမှ ကုန်ထုတ်လုပ်မှု စွမ်းအား တိုးတက်မည် ဖြစ်သည့် အတွက် အားကစား ကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း လွှတ်တော်၌ တင်ပြသွားသည်။

ဒုဗိုလ်မှူးကြီး စိုင်းအိုက်လှ က “ကိုယ်လက် လှုပ်ရှားမှု နည်းခြင်းကြောင့် ဖြစ်လာသည့် ရောဂါများ အတွက် ကုန်ကျသည့် ကျန်းမာရေး ဆိုင်ရာ ဘတ်ဂျက် များစွာကိုလည်း ချွေတာနိုင်မည် ဖြစ်သဖြင့် နိုင်ငံတော် အဆင့်မှ တနိုင်ငံလုံး အားကစား ဖွံ့ဖြိုးရေး အတွက် မူဝါဒ တရပ် ချမှတ်ပြီး အဘက်ဘက်မှ ပြည့်စုံသော မြန်မာနိုင်ငံ အမျိုးသား အားကစား ဥပဒေ တရပ် ဖြစ်ပေါ်လာရေး အမြန် တွန်းအားပေး ဆောင်ရွက်သင့်ကြောင်း တင်ပြပါတယ်” ဟု ဆိုသည်။

အားကစား ကဏ္ဍ တိုးတက်ရန် ဆောင်ရွက်ရာတွင် အားကစား လုပ်ခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်စေသည် ဆိုသည့် အတွေးအခေါ်ကို ပြည်သူ တဦးချင်းစီက ခံယူမှသာ အောင်မြင်မည် ဖြစ်၍ ကျောင်းနေသည့် ကလေး အရွယ်တွင် အဆိုပါ အတွေးအခေါ်ကို ပေးနိုင်ရေး နည်းလမ်း ရှာဖွေရမည်ဟုလည်း ၎င်းက ပြောသည်။

ထို့အပြင် သီးခြား အားကစား တက္ကသိုလ် တခု ပေါ်ထွက်ရေး၊ အားကစားကဏ္ဍ အတွက် အာဟာရဓာတ်သည် အရေးပါ ၍ အားကစားသမားများ အတွက် အာဟာရ ပညာရှင်များ၊ အားကစား ဆေးပညာရှင်များ ဖြည့်ဆည်းရေး တို့ကိုလည်း ဆောင်ရွက်ပေးရန် ဒုဗိုလ်မှူးကြီး စိုင်းအိုက်လှက အကြံပြုခဲ့သည်။

အားကစား ကဏ္ဍ၌ ဘဏ္ဍာငွေ ရရှိ သုံးစွဲမှုမှာလည်း ၂၀၁၃-၁၄ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ကျင်းပခဲ့သည့် အချိန်မှ လွဲ၍ ငွေကျပ် ဘီလီယံ ၂၀ ခန့်သာ အသုံးပြုထားသည်ကို တွေ့ရပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ် တခုတည်းတွင်သာ ၄၂ ဘီလီယံ ကျော် သုံးထားကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနဟု ပေါင်းစပ် ဖွဲ့စည်းခဲ့ပြီး နောက် ဘဏ္ဍာငွေ တိုးမြှင့် ချထားပေးခဲ့သော်လည်း အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ဘတ်ဂျက်မှာ တိုးရခဲ့ခြင်း မရှိကြောင်းလည်း တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ကျော်ကျော် က ထောက်ပြ ပြောဆိုသည်။

ဗိုလ်မှူးကျော်ကျော် က “အားကစားနှင့် ကာယပညာ ဦးစီးဌာနရဲ့ အသုံးစရိတ်ဟာ ဝန်ကြီး ဌာန တခုလုံးရဲ့၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း အထိသာ ရှိကြောင်း တွေ့ရပါတယ်” ဟု ပြော သည်။

အားကစား အတွက် ဘတ်ဂျက် ၂၂ ဘီလီယံ ရချိန်တွင် ဝန်ကြီးဌာန၏ ပိုလျှံ အပ်ငွေ ၂၆၃ ဘီလီယံ ဖြစ်ပြီး အားကစား ကဏ္ဍ တခုလုံး၏ အသုံးစရိတ်ထက် အဆပေါင်း များစွာ ပိုလျှံနေကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနတွင် ဘဏ္ဍာငွေ ပိုမို ရရှိလာနိုင်သည်နှင့် အမျှ အားကစား ကဏ္ဍကို ဘဏ္ဍာငွေ အချိုးကျ ခွဲဝေပေးမည် ဆိုလျှင် ကျန်းမာ သန်စွမ်းပြီး နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်သည့် နိုင်ငံသားများ ပေါ်ထွက်လာမည် ဖြစ်ကြောင်း ဗိုလ်မှူး ကျော်ကျော်က တင်ပြခဲ့ သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန ဒု ဝန်ကြီး ဒေါက်တာ မြလေးစိန်က ဝန်ကြီးဌာန အနေနှင့်လည်း အားကစား ကဏ္ဍ မြှင့်တင်ရန် အကောင်အထည် ဖော်ဆောင်လျက် ရှိနေကြောင်း ပြန်လည် ဖြေကြားသွားသည်။

၎င်းက ဆက်လက်၍ “ကိုယ်စားလှယ်များ တင်ပြသွားတဲ့ မူဝါဒများနဲ့ အကောင်အထည် ဖော်နေပါတယ်။ အဲဒီလို အကောင် အထည် ဖော်တဲ့အခါ အဓိက vision ကတော့ ပြည်သူ တရပ်လုံး ကျန်းမာ ကြံ့ခိုင်ရေး၊ ကျန်းမာရေး အဆင့်အတန်း တိုး တက် ကောင်းမွန်လာစေရေး ပြည်သူလူထု စိတ်လက် အပန်းဖြေ ပျော်ရွှင်နိုင်ရေး၊ ပြည်တွင်း ပြည်ပ အားကစား ပြိုင်ပွဲများ တွင် အားကစား လှုပ်ရှားမှုများ ပြုလုပ် ဆောင်ရွက်နိုင်ရေး ဆိုပြီး ၃ ချက်နဲ့ ဆောင်ရွက်နေပါတယ်” ဟု ပြောဆိုသွားသည်။

ထို့ပြင် တပ်မတော်သား ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီး ဇော်မျိုးထက် ကလည်း အားကစား ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော် အဆင့် လက်တွေ့ကျသော စီမံချက်များ ချမှတ် လုပ်ဆောင်ရန်၊ နိုင်ငံသား အားလုံး အားကစား လုပ် ဆောင်ရေး ပညာပေး စည်းရုံးလှုံ့ဆော်ရန်၊ အားကစား နည်းစနစ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာနှင့် ပူးပေါင်း ကာ အားကစား ပညာအား အသက်မွေးဝမ်းကျောင်း ပညာရပ် တခု အဖြစ် ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးရန် အကြံပြု တိုက် တွန်းခဲ့သည်။

နိုင်ငံ အားကစား ဖွံ့ဖြိုးတိုးတက်ရေး အတွက် တပ်မတော်ကလည်း တဖက်တလမ်းမှ ဆောင်ရွက်နေပြီး နှစ်စဉ် တပ်မတော် အားကစား ပြိုင်ပွဲများကို ကျင်းပပေးနေကြောင်း၊ တပ်မတော် ကိုယ်ခံပညာနှင့် အားကစား သိပ္ပံကို ၁၉၉၀ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ပြီး အားကစား သမား ၁၃၀၆၆ ဦး၊ မြန်မာ့ လက်ရွေးစင် ၂၆၀ ဦးတို့ကို မွေးထုတ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

ဒု ဗိုလ်မှူးကြီး ဇော်မျိုးထက် က “ထူးချွန် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာရေး အတွက်လည်း ထူးချွန် အားကစား သမားများနှင့် နည်းပြများကို ထိုက်တန်စွာ ဂုဏ်ပြု ချီးမြှင့်ခြင်း၊ ဂုဏ်ထူးဆောင် လက်မှတ်များ ချီးမြှင့်ခြင်း နှင့် ရာထူး အဆင့် တိုးမြှင့် ပေးခြင်းများ ကိုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် တက်ရောက်ပြီး ချီးမြှင့် ဂုဏ်ပြုပေးလျက် ရှိပါတယ်” ဟု ပြောဆိုသည်။

ဒေါက်တာ စိန်မြအေး၏ နိုင်ငံတော်နှင့် မျိုးဆက်သစ် လူငယ်များအား ကျန်းမာ လန်းဆန်း ဖြောင့်မတ်သော မျိုးဆက်သစ် များ အဖြစ် ကြီးပြင်းလာရေး၊ လုပ်ငန်းခွင်ရောက် ပြည်သူများ ကိုယ်စိတ် ဖွံ့ဖြိုးရေး၊ သက်ကြီး နိုင်ငံသားများ ကျန်းမာ နုပျို ရေး၊ မူးယစ်ဆေးဝါးနှင့် မလိုလားအပ်သော အာရုံများ လွတ်ကင်းစေရေး အားကစား ကဏ္ဍကို အားပေး ဖော်ဆောင်ရန် အဆိုကို တပ်မတော်သား ကိုယ်စားလှယ်များ အပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးက ထောက်ခံ ဆွေးနွေးခဲ့ သည်။

ယင်း အဆိုကို အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန ကလည်း လက်ခံ သဘောတူကြောင်း ထောက်ခံခဲ့ပြီး အဆိုကို လွှတ်တော် က အတည်ပြုလိုက်သည်။

တပ်မတော်အနေဖြင့် ယခုကဲ့သို့ ဆွေးနွေးသော်လည်း ယခင် ၎င်းတို့ တပ်မတော် အစိုးရ လက်ထက်တွင် အားကစားကွင်းများနှင့်ပတ်သက်ပြီး စီမံ ဆောင်ရွက်ခဲ့ပုံမှာ လွဲမှားခဲ့ကြောင်း ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင် က ပြောသည်။

ဦးစိုးသန်းအောင် က “အရင်လုပ်ခဲ့တဲ့ ပုံစံနဲ့ အခုပြောတဲ့ ပုံစံက လွဲနေတာပေါ့။ ကျနော်တို့ ပျဉ်းမနား ဆိုရင်လည်း တပ်မတော်အစိုးရ လက်ထက်မှာ ပျဉ်းမနားမြို့သားများ အပိုင် အားကစားကွင်းကို နေပြည်တော် FC ကို ငှားလိုက်တာပဲဗျာ။ ကျနော် လွှတ်တော်မှာ မေးခွန်းမေးမြန်းပြီးမှ ပြန်ရလာတာ” ဟု ပြောသည်။

တပ်မတော်အစိုးရလက်ထက်တွင် ပျဉ်းမနားမြို့ပိုင်အားကစားကွင်းကို နေပြည်တော် FC ဘောလုံးကလပ်သို့ ငှားရမ်းလိုက်သည့်အတွက် ယခင်ကရှိခဲ့သော အပြေး ၊ သံလုံးပစ်၊ သံပြားပစ်၊ အမြင့်ခုန်၊ အလျားခုန် စသည့်ဖြင့် ကစားနည်းများစွာ ကစားနိုင်သည့် နေရာများ ပျက်စီးခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့အပြင် တပ်မတော်အနေဖြင့် အားကစားကဏ္ဍကို အမှန်တကယ် မြှင့်တင်ပေးသည် မပေးသည်ကိုလည်း ထူးချွန်သော အားကစားသမားများ ထွက်ပေါ်မှုနှင့် ပြိုင်ပွဲရလဒ်များကို ကြည့်ရှုလျှင် သိနိုင်မည်ဟု ၎င်းက ဆိုသည်။

The post မြန်မာ့ အားကစားကို မြှင့်တင်ပေးရန် တပ်မတော် တိုက်တွန်း appeared first on ဧရာဝတီ.


မန်ယူကို ဝယ်ဖို့ အစီအစဉ်မရှိဟု ဆော်ဒီမင်းသား ငြင်း

$
0
0

ပရီးမီးယားလိဂ်မှ မန်ချက်စတာယူနိုက်တက် အသင်းအား ဆော်ဒီအာရေဗီးယား အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် ဆယ်မန်က ဝယ်ယူမည်ဆိုပြီး ဗြိတိန်သတင်းစာများက ထင်ကြေးပေး ရေးသားနေမှုအပေါ် ဆော်ဒီ မီဒီယာဝန်ကြီးက ငြင်းဆိုကြောင်း ရုရှား RT သတင်းကဆိုသည်။

ယခုသီတင်းပတ်အကုန်ပိုင်းက ဆော်ဒီ အိမ်ရှေ့စံမင်းသားသည် ဒေသတွင်းရှိ ပရီးမီးယားလိဂ်ဘောလုံး အသင်းကြီး အတွက် စတာလင်ပေါင် ၃ဒသမ၈ ဘီလီယံ(အမေရိကန်ဒေါ်လာ ၄ဒသမ၉ ဘီလီယံ)ဖြင့် လေလံဆွဲ၍ လွှဲပြောင်းဝယ် ယူမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

အိုးထရက်ဖို့ဒ်အသင်းကို လတ်တလောတွင် အမေရိကန်မှ ဂလေဇာမိသားစုက ပိုင်ဆိုင်ထားပြီး ၂၀၀၅ ခုနှစ်၌ စတာလင် ပေါင် သန်း ၇၉၀ ဖြင့် လွှဲပြောင်းဝယ်ခဲ့ခြင်းဖြစ်သည်။

ဆော်ဒီတော်ဝင်မိသားစုသည် အလားတူပြိုင်ဘက်အသင်းဖြစ်သည့် မန်ချက်စတာစီးတီးအသင်းကို ဝယ်ယူရန်စိတ်အား ထက်သန်နေကြောင်းလည်း သတင်းများထွက်ပေါ်လာခဲ့သည်။ အဆိုပါအသင်းကို ပိုင်ဆိုင်သူမှာ အဘူဒါဘီတော်ဝင် မိသားစုမှ ရှိတ်မန်ဆာက ပိုင်ဆိုင်ထားသည်။

အဆိုပါသတင်းများကို ဆော်ဒီ မီဒီယာဝန်ကြီး တာကီအယ်လ်ရှာဘာနက်က အတိအလင်းငြင်းဆိုလိုက်ပြီး Twitter လူမှုကွန်ရက်တွင် ၎င်းတို့အနေဖြင့် ယူနိုက်တက်ဘောလုံးအသင်းနှင့် စပွန်ဆာပေးမည့်အလားအလာအပေါ် လုံး၀ ဆက်သွယ် ဆွေးနွေးခဲ့ခြင်းမရှိကြောင်း တုံ့ပြန်ရေးသားထားသည်။

မည်သည့်စပွန်ဆာအထောက်အပံ့ပေးရန် အကောင်အထည်ဖော်၊ သဘောတူထားခြင်းမျိုး မရှိကြောင်း ၎င်းက ဆက်လက်ရေးသားထားသည်။

မန်ချက်စတာ ယူနိုက်တက်သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနှင့်ဂုဏ်သတင်းအမွှေးဆုံး ကလပ် အသင်းများအဆင့်၌ ရပ်တည်နေပြီး အင်္ဂလန်ရှိ ထိပ်တန်း သီးသန့် ခေါင်းစဉ်အမျိုး ၂၀ တွင် ဦးဆောင်ပါဝင်လျက်ရှိသည်။

အဆိုပါကလပ်အသင်း၏ တန်ဖိုးမှာ Forbes စာစောင်၏ အဆိုအရ ဒေါ်လာ ၄ ဘီလီယံ တန်ဖိုးရှိ နေပြီး နယူးယောက် စတော့ အိတ်ချိန်းတွင် စာရင်းဝင်ထားသည်။

သို့သော် ဝတ်စုံ အနီရောင်ပိုင်ရှင် မန်ယူအသင်းသည် ဒီလွိုက်(Deloitte)ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းက ထုတ်ပြန် သော စာရင်းအရ ဘောလုံးလောက အချမ်းသာဆုံးစာရင်းတွင် တတိယနေရာ လျှောကျသွားခဲ့ပြီး စပိန်အသင်းကြီးများ ဖြစ်သော ရီးရဲမက်ဒရစ်နှင့် ဘာစီလိုနာတို့ နောက်သို့ ရောက်သွားခဲ့သည်။

ယူနိုက်တက်၏ပိုင်ရှင် ဂလေဇာမိသားစုကလည်း NFL ၏ Tampa Bay Buccaneers သို့ လုပ်ကိုင်ခွင့်ပေးထားသည်။

ယူနိုက်တက် ပိုင်ရှင် ဂလေဇာမိသားစု၏ ကြွယ်ဝချမ်းသာမှုကို ဆော်ဒီတော်ဝင်မိသားစုနှင့် နှိုင်းယှဉ်ကြည့်ပါက နည်းပါး သေးပြီး အာရပ်စော်ဘွားအချို့၏ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၁ ထရီလီယံကျော်သည်။

The post မန်ယူကို ဝယ်ဖို့ အစီအစဉ်မရှိဟု ဆော်ဒီမင်းသား ငြင်း appeared first on ဧရာဝတီ.

ပရိတ်သတ်အား Facebook ၌ ဆဲဆိုသည့် ယာယီဂိုးနည်ပြကို အရေးယူဖို့ပြင်ဆင်

$
0
0

လူမှုကွန်ရက် Facebook မှနေ၍ ပရိတ်သတ်အား ဝေဖန်ပြောဆိုလိုက်သည့် U-22 အမျိုးသား လက်ရွေးစင် အသင်း ယာယီ ဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင်ကို တာဝန်မှ ဖယ်ရှား၍ စည်းကမ်း ထိန်း သိမ်းရေး အရ အရေးယူမည်ဟု  မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)က ဖေဖော်ဝါရီ ၁၉ ရက်နေ့ တွင် ကြေညာခဲ့သည်။

ဦးဖြိုးကိုကိုလှိုင်သည် ၎င်း၏ Facebook တွင် “ဘောလုံး အသင်းတွေကို ဝေဖန် အပြစ်တင် နေတဲ့ ကောင်တွေ မင်းတို့ ဘောလုံးလောက တိုးတက်ဖို့ အတွက် မင်းတို့ ပိုက်ဆံတွေ ဘယ်လောက်တောင် ပံ့ပိုးထားလဲ ကိုယ်ဖြင့် စောက်ဆင့်ရှိ အောင် မလုပ်နိုင်လို့ ဘယ်အဆင့်မှ မရောက်ပဲ အခုလို လေကန် ပြောဆိုနေတာတော့ လူတိုင်းလုပ်နိုင်တယ် ပြီးတော့ အဲ့လို ဝေဖန်နေတဲ့ ကောင်တွေပဲ ကစားသမားတွေ နားကပ်ပြီး စောက်ရှက်မရှိတဲ့မျက်နှာတွေနဲ့ အကျီင်္တောင်း ဘာတောင်း နဲ့ Fuck ပဲ”ဟုဆိုကာ ရေးသားခဲ့ခြင်းဖြစ်သည်။

ထိုသို့ရေးသားမှုအပေါ် MFF က အရေးယူ ဆောင်ရွက်မည်ဖြစ်ပြီး မနက်ဖြန် ဖေဖေါ်ဝါရီ ၂၁ရက်နေ့ တွင် သတင်း ထုတ် ပြန်ပေးမည်ဟု အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ယနေ့ ညနေပိုင်းတွင်ပြောသည်။

ဦးဖြိုးကိုကိုလှိုင်သည် ဧရာဝတီ ယူနိုက်တက် အသင်း၏ ဂိုးနည်းပြ တဦးဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် AFF U22 Championship 2019 ပြိုင်ပွဲဝင် မြန်မာ့ လက်ရွေးစင်အသင်းအတွက် ယာယီဂိုးနည်းပြ တာဝန်ကို MFF ကခန့်အပ်က စေလွှတ်ခြင်း ခံရသူဖြစ်သည်။

ထို့အတွက်  ဂိုးနည်းပြနေရာ၌ လက်ရွေးစင် ကစားသမားဟောင်း ဦးအောင် ကျော်ကျော်ကို အစားထိုး ခန့်အပ်၍ ယနေ့ မနက်ပိုင်းက ပြိုင်ပွဲကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံသို့ စေလွတ်ခဲ့ကြောင်း MFF မီဒီယာတာဝန်ခံ ဦးဇော်မင်းထိုက်က ပြော သည်။

“မနေ့ကတော့ စည်းကမ်း ထိန်းသိမ်းရေးဘက်က အစည်းအဝေးထိုင်ပြီးပြီး၊ အရေးယူဖို့ ဘယ်လို ဆုံံးဖြတ်ချက်ချ သလဲ တော့  ကျနော်တို့ဆီ မရောက်သေးလို့ အတိအကျမပြောနိုင်သေးဘူး”ဟု ၎င်းက ဧရာဝတီသို့ပြောသည်။

ဝေဖန်သည့်ပရိတ်သတ်များအား လူမှုကွန်ယက်မှပြန်လည် ဝေဖန်တိုက်ခိုက်ခဲ့သည့် U-22 အမျိုးသား လက်ရွေးစင် အသင်း ယာယီဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင်းကို တာဝန်မှ ဖယ်ရှား၍ စည်းကမ်းထိန်း သိမ်း ရေးအရ အရေးယူမည်ဟု  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)က ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ကြေညာခဲ့သည်။

ဦးဖြိုးကိုကိုလှိုင်၏ ရေးသားမှုကို ပရိတ်သတ်က အပြင်းအထန် ဝေဖန်ရှုတ်ချ ခဲ့သဖြင့် ၎င်းကိုယ်တိုင် ရေးသားထားမှုအား ပြန်လည်ဖြုတ်ချ၍ “ အားလုံးကို တောင်းပန်ပါတယ် ကျနော်စိတ် ခဏလေးတို လိုက်တဲ့အချိန်မှာ တင်မိသွားလို့ပါ ဘာရည် ရွယ်ချက်မှ မရှိပါဘူး” ဟုဆိုကာ တောင်းပန်ကြောင်း ပြန်လည်ရေးသားခဲ့သည်ကိုတွေ့ရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)ကလည်း မြန်မာဘောလုံးပရိတ်သတ်များအား အနူးအညွတ် တောင်းပန်ကြောင်း ကြေညာခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်တွင် မဆင်မခြင်ရေးသားမှုအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် စိတ်မကောင်းဖြစ်ရကြောင်းလည်းဖော်ပြခဲ့သည်။

အားကစားသမားများ အပါအဝင် နည်းပြအဖွဲ့ဝင်များ အနေဖြင့် လူမှုကွန်ယက်ပေါ်တွင် စိတ်ခံစား ချက်များနှင့် ပတ်သက်၍  အဖွဲ့ချုပ်က ချမှတ်ထားသည့် စည်းမျဉ်းများအား လိုက်နာကြရန်နှင့် ယခုကဲ့သို့ဖြစ်စဉ်မျိုးကိုလည်း ကျန်လူများမှ နမူနာယူ ကာ ဆင်ခြင်ကြဖို့ အဖွဲ့ချုပ်တာဝန်ရှိသူ များကပြောသည်။

၂၀၁၉ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ် ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် U-22 အသင်းအနေဖြင့် အုပ်အဖွင့်ပွဲအဖြစ် အင်ဒိုနီရှား အသင်းနှင့်ပွဲစဉ်တွင် တဖက်တဂိုးစီဖြင့် သရေရလဒ်သာ ရယူထားနိုင်ခဲ့သည်။

The post ပရိတ်သတ်အား Facebook ၌ ဆဲဆိုသည့် ယာယီဂိုးနည်ပြကို အရေးယူဖို့ပြင်ဆင် appeared first on ဧရာဝတီ.

မြန်မာဘောလုံးအဖွဲ့ချုပ် ပထမဆုံးအကြိမ် ဘောလုံးစပွန်ဆာရရှိ

$
0
0

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၊ မြန်မာနေရှင်နယ်လိဂ်(MNL)နှင့် ဂျပန်အခြေစိုက် ဘောလုံး ထုတ်လုပ်သည့် Molten Corporation တို့အကြား အမေရိကန်ဒေါ်လာ ၂၈၀,၀၀၀ တန်ကြေးရှိ ဘောလုံးစပွန်ဆာအတွက် လက်မှတ်ရေးထိုးပွဲကို ယနေ့မွန်းလွဲပိုင်းက MFF ရုံးတွင်ပြုလုပ်ခဲ့သည်။

နှစ်နှစ် သက်တမ်းရှိ စပွန်ဆာ စာချုပ်အရ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကျင်းပသည့် ဘောလုံးပြိုင် ပွဲများတွင် Molten တံဆိပ်ဘောလုံးများအား အသုံး ပြုသွားမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အမှတ်တံဆိပ်ပါဝင်သည့်ဘောလုံးများထုတ်လုပ်ကာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချ သွားမည်ဖြစ်သည်။

MFF အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က “မြန်မာဘောလုံးအဖွဲ့ချုပ် အနေနဲ့ ရပ်တည်လာတာ ၇၆ နှစ်ခန့်ရှိပါပြီး၊ ပထမဆုံးအကြိမ်ရရှိတဲ့ ဘောလုံး စပွန်ဆာပါ၊တနှစ်ကို ဒေါ်လာ တသိန်းလေး သောင်း တန်ဖိုးရှိတဲ့ ဘောလုံးတွေရမှာပါ၊ အခုလိုလက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟုပြောသည်။

Molten တံဆိပ်ဘောလုံးကုမ္ပဏီအနေဖြင့် အာရှဘောလုံးအဖွဲ့ချုပ်(AFC)ကို တရားဝင် ပံ့ပိုးမှု ပေး ထားသည့်အပြင် ယူရိုပါလိဂ်ပွဲစဉ်များတွင်ပါ Molten အမှတ်တံဆိပ်များကို အသုံးပြုလျှက်ရှိကြောင်း သိရသည်။

နှစ်ဖက်ချုပ်ဆိုထားသည့် စာချုပ်ပါအချက်အလက်များအရ Molten အနေဖြင့် အာရှဘောလုံးအဖွဲ့ချုပ် တွင် စပွန်ဆာအဖြစ်ဆက်ရှိနေမည်ဆိုပါက မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် သက်တမ်းတိုးနိုင် မည့်အခွင့်အရေးလည်း ရရှိထားကြောင်း သိရသည်။

စာချုပ်အရ ထောက်ပံ့ပေးမည့် ဘောလုံးအရေအတွက်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က လိုအပ် သည့် ပမာဏထက် နည်းပါးသော်လည်း အကူ အညီများစွာ လိုအပ်ချိန်ဖြစ်သည့်အတွက် လက်ခံခဲ့ခြင်း ဖြစ်ကြောင်း၊ လာမည့်နှစ်တွင် အရေအတွက်ပိုမိုရရှိရေးအတွက် တောင်းဆိုမှု ဆက်လုပ်သွား မည်ဖြစ် ကြောင်း မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်ကပြောသည်။
ဦးစိုးမိုးကျော်က “ကျနော်တို့ လိုချင်တဲ့ အရေအတွက်နဲ့ ယှဉ်လိုက်ရင် တော်တော်နည်းပါတယ်၊ အကူအညီအများကြီးလိုနေတဲ့အချိန်မှာ နည်းနည်းပေးတဲ့ သူကိုလည်း လက်ခံရတဲ့အနေအထားရှိနေတဲ့အတွက် ၂၀၂၀ ကျရင်တော့ အရေအတွက်ကို တိုးမြှင့်ပေးဖို့ တောင်းဆိုသွားပါမယ်”ဟု ပြောသည်။

စပွန်ဆာနှင့် ပတ်သက်ပြီး Molten အနေဖြင့် အဖွဲ့ချုပ်နှင့် MNLတို့သာမက လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်များ၊ ကျောင်းများကိုပါ ပံ့ပိုးသွားရန်ရှိပြီး အနာဂတ် တွင် အပျော်တမ်းကလပ် များကိုပါ ပံ့ပိုးသွားရန် ရည်မှန်းချက်များ ထားရှိကြောင်း Molten ၏အထွေထွေမန်နေဂျာ မစ္စတာ ကန်တာရို ရှီမားဒါးက ပြောသည်။

Molten အနေဖြင့် ပြည်တွင်းဖြန့်ဖြူးရေးအတွက် Winner Sport လုပ်ငန်းနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး MFF အမှတ်တံဆိပ်ပါ ဘောလုံးများ အား ဈေးကွက်အတွင်း ဖြန့်ဖြူးမှုကို ၂၀၁၉ ခုနှစ် အောက်တိုဘာလနောက်ပိုင်းမှသာ ဖြန့်ဖြူးနိုင်မည့်အခြေအနေရှိပြီး အမြင့်ဆုံးအဆင့် ဘောလုံး တလုံးလျှင် ငွေကျပ် ၆ သောင်းခန့် ဈေးနှုန်း ရှိမည်ဖြစ်ကြောင်း Winner Sport မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမင်းချစ်ပိုင်ကပြောသည်။

The post မြန်မာဘောလုံးအဖွဲ့ချုပ် ပထမဆုံးအကြိမ် ဘောလုံးစပွန်ဆာရရှိ appeared first on ဧရာဝတီ.

ဆီမီးဖိုင်နယ်တက်ဖို့ မလေးရှားကို အနိုင်ကန်ရမယ့် မြန်မာယူ ၂၂ အသင်း

$
0
0

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ အာဆီယံ အသက် ၂၂ နှစ်အောက် ဘောလုံး ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာ ယူ ၂၂ အသင်းအနေနဲ့ ဆီမီးဖိုင်နယ်အဆင့် တက်လှမ်းဖို့ဆိုရင် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မလေးရှားနဲ့ပွဲစဉ်မှာ အနိုင်ကစားဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ ၂၀၁၉ အာဆီယံ ယူ ၂၂ ဘောလုံးပြိုင်ပွဲရဲ့ အုပ်စု (ခ) မှာ အိမ်ရှင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား အသင်းတို့နဲ့ အတူ တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ်။

အာဆီယံ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့ မပါဝင်ဘဲ မြန်မာနဲ့ ခြေရည်တူအသင်းတွေဖြစ်တဲ့ အင်ဒိုနီးရှား၊
မလေးရှားတို့ အပြင် ထိပ်တိုက်ဆုံတွေ့ချိန်တိုင်း အနိုင်ယူလေ့ရှိတဲ့ ကမ္ဘောဒီယားအသင်းတို့သာ ပါဝင်တဲ့ အုပ်စုဖြစ်လို့ မြန်မာအသင်း အနေနဲ့ အုပ်စုအဆင့်ကနေ ကျော်ဖြတ်ဖို့အခွင့်အရေး အများကြီး ရှိနေခဲ့ပါတယ်။

ဒါပေမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကန်တဲ့အဖွင့်ပွဲစဉ်မှာ မြန်မာအသင်းဟာ အင်ဒိုနီးရှားနဲ့ တဖက် တဂိုးစီ သရေကျခဲ့ပြီး ရမှတ်တမှတ်သာ ရယူနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး ဒုတိယမြောက်ပွဲစဉ်အဖြစ် အိမ်ရှင် ကမ္ဘောဒီးယားနဲ့ ယှဉ်ပြိုင်ကစားချိန်မှာတော့ ဒီပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ် ထားခဲ့တဲ့ ကမ္ဘောဒီးယားက မြန်မာအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။

အိမ်ရှင် ကမ္ဘောဒီးယား အသင်းအနေနဲ့ အဖွင့်ပွဲစဉ်မှာ မလေးရှားကို အနိုင်ယူခဲ့သလို ဒုတိယမြောက် ပွဲစဉ်မှာလည်း မြန်မာအသင်းကို ထပ်မံအနိုင်ယူကာ ထင်မှတ်မထားတဲ့ စွမ်းဆောင်ရည်တွေ ပြသပြီး ၂ ပွဲကန် ၂ ပွဲနိုင်ရလဒ်နဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။

မြန်မာယူ ၂၂ အသင်း အတွက်တော့ ဆီမီးဖိုင်နယ်တက်လှမ်းဖို့ မျှော်လင့်ချက်ငွေ့ငွေ့သာ ကျန်တဲ့အဆင့်အထိ ရောက်သွားခဲ့
ပါတယ်။

တဖက်မှာလည်း မလေးရှားနဲ့ အင်ဒိုပွဲစဉ်မှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ တဖက် ၂ ဂိုးစီသရေကျခဲ့လို့ အုပ်စုတွင်း ရပ်တည်မှုအရ ကမ္ဘောဒီးယားက ရမှတ် ၆ မှတ်နဲ့ ပထမ၊ ၂ ပွဲဆက် သရေကျထားတဲ့ အင်ဒိုက ရမှတ် ၂ မှတ်နဲ့ ဒုတိယ၊ မလေးရှားအသင်းက မြန်မာအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အရ အုပ်စု တတိယနေရာမှာ ရပ်တည်နေပြီး မြန်မာ ယူ ၂၂ အသင်းကတော့ အုပ်စုအောက်ဆုံးအဆင့်မှာ ရပ်တည်နေပါတယ်။

နိုင်ငံတစ်ခုရဲ့ ယူ ၂၂ အသင်းဆိုတာ နောင်တချိန်မှာ နိုင်ငံ့လက်ရွေးစင်အဖြစ်နဲ့ ပခုံးပြောင်း တာဝန်ထမ်းကြမယ့် လက်ရွေးစင် ဘောလုံးသမားလောင်းလျာတွေကို စုဖွဲ့ထားတဲ့အသင်းဖြစ်ပါတယ်။ မြန်မာ ယူ ၂၂ အသင်းမှာ ဆိုရင်လည်း လက်ရှိ မြန်မာ့ လက်ရွေးစင်အသင်းကြီးမှာ ပါဝင်ကစားနေတဲ့ တိုက်စစ်မှူး ထက်ဖြိုးဝေ၊ ကွင်းလယ်လူ မြတ်ကောင်းခန့်၊ လွင်မိုးအောင်နဲ့ နောက်တန်းဗဟို ခံစစ်ကစားသမား စိုးမိုးကျော်တို့ ပါဝင်ကစားနေတဲ့အသင်း ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပနေသည့်ပြိုင်ပွဲတွင် တွေ့ရသည့် မြန်မာ ယူ ၂၂ အသင်း (ဓာတ်ပုံ – AFF)

ဒါပေမယ့် လက်ရှိအနေအထားအရ မြန်မာအသင်းဟာ အသင်းရလာဒ်ပိုင်း ဆိုးဝါးနေတဲ့အပြင် တိုက်စစ်ကလည်း ၂ ပွဲကို ၁ ဂိုးပဲ သွင်းယူနိုင်ပါတယ်။ ဒါဟာ မြန်မာယူ ၂၂ အသင်းကို အချိန်ကာလ တခုအထိ ကိုင်တွယ်လေ့ကျင့်ပေးခဲ့တဲ့ နည်းပြချုပ် ဦးကြည်လွင်နဲ့ လမ်းခွဲခဲ့ခြင်းရဲ့ အကျိုးဆက်တွေလား ဆိုတာတော့ စဉ်းစားစရာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဟာ ၂၀၁၅ ခုနှစ် ဆီးဂိမ်းမှာ မြန်မာအသင်း ငွေတံဆိပ်ဆုရအောင် စွမ်းဆောင်ခဲ့တဲ့ ဦးကြည်လွင် ကို မြန်မာယူ ၂၂ အသင်း နည်းပြချုပ်အဖြစ် စာချုပ်နဲ့ခန့်အပ်ပြီး လေ့ကျင့်စေခဲ့ရာကနေ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ ကျင်းပခါနီး ၁ လလောက်အလိုမှာ ဦးကြည်လွင်နဲ့ ရုတ်တရက် လမ်းခွဲခဲ့ပြီး ဘူဂေးလ်ရီးယားလူမျိုး ဗာလီဇာ ပိုပေါ့ကို နည်းပြချုပ်အဖြစ် ပြောင်းလဲခန့်အပ်ကာ ပြိုင်ပွဲကို ယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။

နည်းပြသစ် ပိုပေါ့ ကိုင်တွယ်နေတဲ့ မြန်မာယူ ၂၂ အသင်းဟာ ဆီမီးဖိုင်နယ် တက်ဖို့ဆိုရင်တော့ နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ မလေးရှားနဲ့ပွဲမှာ အနိုင်ရလာဒ် ရယူနိုင်မှသာ နောက်တဆင့်တက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

အကယ်၍ တဖက်ပွဲစဉ်ဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားပွဲစဉ်မှာ အင်ဒိုနီးရှား နိုင်ခဲ့ရင်တော့ မြန်မာအသင်းနဲ့
မလေးရှားအသင်း ပွဲစဉ်မှာ ဘယ်လိုရလာဒ်ထွက်ပေါ်သည်ဖြစ်စေ အရေးမပါတော့ဘူး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်ဒိုအသင်းက ရမှတ် ၂ မှတ် ရရှိထားလို့ ကမ္ဘောဒီးယားကိုနိုင်ရင် ရမှတ် ၅ မှတ်နဲ့ နောက်တဆင့်တက်သွားပါပြီ။

ဒါကြောင့် အင်ဒိုနဲ့ ကမ္ဘောဒီးယားပွဲစဉ်မှာ သရေရလာဒ် သို့မဟုတ် ကမ္ဘောဒီယားအနိုင်ရခဲ့ပြီး မြန်မာ အသင်းကလည်း မလေးရှားကို နိုင်မှသာလျှင် နည်းပြသစ် ပိုပေါ့ရဲ့ မြန်မာအသင်း ဆီမီးဖိုင်နယ်ကို တက်ရောက်မှာ ဖြစ်ပါတယ်။

အုပ်စုတက်ရေး အဆုံးအဖြတ်ပွဲစဉ်ဖြစ်တဲ့ မြန်မာ ယူ ၂၂ အသင်းနဲ့ မလေးရှား ယူ ၂၂ အသင်း ပွဲစဉ်ကို ဒီကနေ့ မြန်မာစံတော်ချိန် ည ၆ နာရီ (ကမ္ဘောဒီးယား စံတော်ချိန် ၆ နာရီ ၃၀ မိနစ်) မှာ ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်း အသင်းပိုင် RSN ကွင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကမ္ဘောဒီးယားနဲ့ အင်ဒိုပွဲစဉ်ကိုလည်း နေရှင်နယ် အိုလံပစ်ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မြန်မာ ယူ ၂၂ အသင်းအနေနဲ့ လက်ရှိမှာ တိုက်စစ်နဲ့ ကွင်းလယ်က စုဖွဲ့မှုနဲ့ အချိတ်အဆက် အားနည်းနေပြီး နောက်တန်း ခံစစ်မှာလည်း လိုအပ်ချက်တွေရှိနေတဲ့အတွက် အဆိုပါ အားနည်းချက်တွေကို အချိန်မီ ပြင်ဆင်ပြီး မလေးရှားကို အနိုင်ယူကာ ဆီမီးဖိုင်နယ် တက်သွားမလား၊ အုပ်စုအဆင့်ကနေပဲ မြန်မာနိုင်ငံ လှည့်ပြန် လာရမလားဆိုတာ ဆက်လက် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

The post ဆီမီးဖိုင်နယ်တက်ဖို့ မလေးရှားကို အနိုင်ကန်ရမယ့် မြန်မာယူ ၂၂ အသင်း appeared first on ဧရာဝတီ.

အားကစားကွင်းထဲ တားမြစ်ပိတ်ပင်ထားတဲ့ ပစ္စည်းများ

$
0
0

ကမ္ဘာပေါ်မှာ ပရိသတ်ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံး အားကစားပွဲတွေ ကျင်းပရာ အားကစားကွင်းထဲကို ထူးထူးခြားခြား ပိတ်ပင်ထားတဲ့အရာတွေရှိပါတယ်။ တကမ္ဘာလုံးနီးပါး သတ်မှတ်ထားတဲ့ အန္တရာယ်ရှိပစ္စည်းတွေ မဟုတ်ဘဲ သူတို့အရပ်ဒေသပေါ်မူတည်ပြီး တခြားပွဲကြည့်ပရိသတ်တွေ အနှောင့်အယှက်မဖြစ်အောင် ကန့် သတ်ထားတာမျိုးပါ။

နောက်တွဲကားနဲ့ရောင်းချသော အကင်ဆိုင်များ

အားကစားပြိုင်ပွဲတွေမစားခင် ဗိုက်ဖြည့်ဖို့အကောင်းဆုံး အတွဲအစပ်ကတော့ ကိုလာနဲ့ဝက်အူချောင်းကင်ပါ။ အမေရိကန် Super Bowl ပွဲစဉ်တွေရှေ့ကားပါးကင်မှာ နောက်တွဲကားတွေနဲ့ ခုံချပြီး အကင်တွေလာရောင်းတာ မျိုးကို ပိတ်ပင်ထား ပါတယ်။ အပြင်လူအနေနဲ့ အအေးနဲ့အကင်ကို ကိုယ့်ကားထဲမှာပဲ စားသောက်တာလက်ခံပေမယ့် ကားပါကင်မှာ နောက်တွဲကားနဲ့ တနေရာစာမက နေရာယူပြီးရောင်းချတာမျိုးကိုတော့ ပိတ်ပင်ထားပါ တယ်။

အရက်

၂၀၁၄ ခုနှစ် ဘရာဇီးနိုင်ငံမှာ ကျင်းပသွားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရာ ဘောလုံးကွင်းတွေမှာ အရက်၊ ဘီယာ ရောင်းချခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၈ ခုနှစ် ရုရှားနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲမှာပါ ဒီအတိုင်း ဆက်ကျင့်သုံးပြီး အရက်ရောင်းချခွင့်ကို ပိတ်ပင်ခဲ့ပေမယ့် သတ်မှတ်ထားတဲ့ ပွဲကြည့်စင်တွေမှာ အရက်သောက် ခွင့်တွေရှိခဲ့ပါတယ်။

မြေပဲ

ဘေ့စ်ဘောကွင်းတွေမှာ မြေပဲနဲ့ ဓာတ်မတည့်သူတွေအတွက် မြေပဲကင်းမဲ့ဇုန်သတ်မှတ်ပေးထားပါတယ်။ ကန့်သတ် နေရာမှာ မြေပဲစားခွင့်မရှိသလို၊ ယူလာခွင့်လည်း မရှိပါဘူး။ အရေးပေါ် မြေပဲဓာတ်မတည့်တာဖြစ်ခဲ့ရင် ကုသနိုင်ဖို့ ဆေးအကူတွေပါ ထားရှိပေးထားပါတယ်။

ထီး

အခုနောက်ပိုင်း အားကစားပွဲတွေမှာ တခါသုံးမိုးကာတွေ ခေတ်စားလာတဲ့အကြောင်းရင်းက တချို့သော အား ကစားကွင်းတွေမှာ ထီးမဆောင်းရ ကန့်သတ်ထားလို့ပါ။ ကစားပွဲကြည့်နေရင်း မိုးရွာလို့ ထီးထုတ်ဆောင်းတဲ့အခါ တခြားပွဲကြည့်သူတွေ မြင်ကွင်းကို အနှောင့်အယှက်ဖြစ်စေသလို ရန်ဖြစ်တဲ့အခါ ထီးကိုတလွဲအသုံးပြုမှာဆိုးလို့ ပိတ်ပင်ထားတာပါ။

ပလတ်စတစ်ဘောလုံး

အားကစားကွင်းတော်တော်များများမှာ ပလတ်စတစ်ဘောလုံးတွေကို ပိတ်ပင်ထားပါတယ်။ တခြားပွဲကြည့်သူ တွေကို အနှောင့်အယှက်ဖြစ်စေသလို ကွင်းထဲထိ ပစ်ပေါက်ကြလို့ ကန့်သတ်လိုက်ရတာပါ။

ကလေးတွန်းလှည်

ကလေးတွေနဲ့တူတူ အားကစားပွဲသွားကြည့်မယ်ဆို ဖေဖေ၊ မေမေတို့ သတိထားရမှာက အားကစားကွင်းထဲကို ကလေးတွန်းလှည်းယူဆောင်ခွင့်မပေးထားပါဘူး။

လေဆာ

လေဆာပွိုင့်တာနဲ့ထိုးလိုက်ရင် မျက်စိထိခိုက်နိုင်လို့ အားကစားပွဲတွေမှာ ယူဆောင်ခွင့်ပိတ်ထားပါတယ်။ အထူး သဖြင့် အနီ၊ အပြာ၊ အဝါ၊ အစိမ်းနဲ့ ခရမ်းရောင် လေဆာတွေကို ကစားသမားတွေဆီ သွားထိုးမိရင် အန္တရာယ်ရှိ ပါတယ်။ ၂၀၁၂ ခုနှစ်က ရုရှားက ဘောလုံးပွဲတပွဲမှာ ဆယ်ကျော်သက်တဦး လေဆာနဲ့ ဂိုးဖမ်းသမားမျက်လုံးကို ထိုးလိုက်လို့ မျက်စိထိခိုက် သွားတာကြောင့် အဖမ်းခံခဲ့ရပါတယ်။

Ref: Reader’s Digest

The post အားကစားကွင်းထဲ တားမြစ်ပိတ်ပင်ထားတဲ့ ပစ္စည်းများ appeared first on ဧရာဝတီ.

Viewing all 511 articles
Browse latest View live