Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all 511 articles
Browse latest View live

ယူဂန်ဒါ နိုင်ငံတကာ ကြက်တောင် ပြိုင်ပွဲ၌ “သက်ထားသူဇာ” ရွှေတံဆိပ်ဆု ဆွတ်ခူး

$
0
0

အာဖရိကတိုက် ယူဂန်ဒါ နိုင်ငံတကာ ကြက်တောင်ဖိတ်ခေါ်ပြိုင်ပွဲ (Uganda International 2019) အမျိုးသမီး တဦးချင်း ပွဲစဉ်၌ မြန်မာ့ ကြက်တောင် ရွှေတံဆိပ် ဆုရှင် သက်ထားသူဇာက ဂျော်ဒန်နိုင်ငံ သူ ဒိုမိုအမ်ရိုကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူကာ ရွှေတံဆိပ်ဆု ထပ်မံဆွတ်ခူးနိုင်ခဲ့သည်။

မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး တွဲဖက်နည်းပြ ဦးမိုးကျော်သူက “အခု ဖိုင်နယ်ကတော့ ဂျော်ဒန် နဲ့ပါ၊ မနေ့ည ၈နာရီမှာ ကစားတယ်၊ သက်ထားသူဇာက ၂ပွဲလုံး ၂၁မှတ်ပေါ့၊ ပြိုင်ဘက်က တပွဲက ၁၄မှတ်၊ နောက်တပွဲက ၁၂ မှတ်နဲ့ အနိုင်ရခဲ့တာပါ၊ အခုရွှေတံဆိပ် ရပါတယ်”ဟု ဧရာဝတီသို့ အတည်ပြုပြောကြားသည်။

အဆိုပါ Uganda International 2019 ပြိုင်ပွဲကို ဖေဖါ်ဝါရီ ၂၁ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပခဲ့ပြီး သက်ထားသူဇာက အိမ်ရှင် ယူဂန်ဒါ ကစားသမား ဘရန်ဒါ မူဘာဂီ ကိုလည်း အမှတ်အသာစီးဖြင့် နှစ်ပွဲပြတ် အနိုင်ရခဲ့ပြီး၊ ကွာတားဖိုင်နယ်တွင် ဇမ်ဘီယာ ကစားသမား ဇမ်ဘီယာကစားသမား အိုဂါ ဆီရမ်မူ ပန်ဂီလာကို နှစ်ပွဲပြတ်နိုင်ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက် လာခဲ့သည်။

ထိုနောက် ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့်(၂၁၆)ရှိ အီရန်ကစားသမား ဆာမင်ကိုလည်း နှစ်ပွဲပြတ်နိုင် ကာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီး၊ နောက်ဆုံး ဖိုင်နယ်ပွဲစဉ်တွင် ဂျော်ဒန်နိုင်ငံသူ ဒိုမိုအမ်ရိုနှင့် ယှဉ်ပြိုင် ကစားခဲ့ရာ ၂နှစ်ပွဲ ပြတ် အနိုင်ယူကာ ရွှေတံဆိပ်ဆုရရှိခဲ့ခြင်းသည်။

သက်ထားသူဇာသည် ယူဂန်ဒါ နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲသာမက ကင်ညာနှင့် ပေါ်တူဂီတွင် ပြုလုပ်မည့် ပြိုင်ပွဲများ တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် ပြုလုပ်ထားသော်လည်း ပေါ်တူဂီနိုင်ငံမှ ပြည်ဝင်ခွင့် ဗီဇာမရ၍ ယခုအခါ ကင်ညာနိုင်ငံ သို့ သွားရောက်ကာ ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ကင်ညာနိုင်ငံတွင် ဖေဖော်ဝါရီ ၂၈ရက်နေ့မှ မတ်လ ၃ရက်နေ့အထိ ယှဉ်ပြိုင်ကစားမည် ဖြစ်ပြီး ပြိုင်ပွဲ ဝင် နိုင်ငံပေါင်း ၁၉နိုင်ငံပါဝင်မည်ဟု သိရသည်။

သက်ထားသူဇာသည် အသက် ၇နှစ်အရွယ်မှ စတင်ပြီး ကြက်တောင်ကစားလာသူဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကျင်းပသည့် Club ပေါင်းစုံပြိုင်ပွဲ၌ Woman Doubleတွင် တတိယဆုရရှိထားသူဖြစ် သည်။

နီပေါ အပြည်ပြည် ဆိုင်ရာ ကြက်တောင်ပြိုင်ပွဲ( Nepal International Series 2018)တွင် ဒုတိယဆု၊ အီရန် နိုင်ငံတကာ ကြက်တောင်ပြိုင်(Iran International challenge (2018) တွင်လည်း တတိယ ဆုရရှိထားသည်။

ထို့အပြင် အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းခဲ့သည့် Egypt International Series 2018 ပြိုင်ပွဲတွင် အမျိုးသမီး တစ်ဦးချင်းဖိုင်နယ်ပွဲစဉ်တွင် ချန်ပီယံရွှေတံဆိပ်ဆု ဆွတ်ခူးရရှိထားသူဖြစ် သည်။

The post ယူဂန်ဒါ နိုင်ငံတကာ ကြက်တောင် ပြိုင်ပွဲ၌ “သက်ထားသူဇာ” ရွှေတံဆိပ်ဆု ဆွတ်ခူး appeared first on ဧရာဝတီ.


ရေကူးအားကစား ဘာကြောင့် ခေါင်းမထောင်နိုင်သလဲ

$
0
0

မြန်မာ့ရေကူးအားကစား တကျော့ပြန် အောင်မြင်ရေးအတွက် အနာဂတ် ရည်မှန်းချက်များကို စိတ်ကူးပုံဖော်နေသည့် လက်ရွေးစင်ကစားသမားဟောင်း ဦးမောင်မောင်စိန် အတွက် အချို့ကိစ္စများတွင် မေးခွန်းထုတ်နေရသည့် အခြေအနေက ယနေ့အထိ ရင်ဆိုင်ရဆဲဖြစ်နေသည်။

ရေကူးအားကစား ပြန်လည်ဦးမော့လာရေးတွင် ခေတ်အဆက်ဆက်ဦးဆောင်ခဲ့သူများအပေါ် အားကိုးမျှော်လင့်ခဲ့သော်လည်း ၎င်းတို့၏ စီမံခန့်ခွဲမှုများအပေါ် နားမလည်နိုင်အောင် ဖြစ်မိကြောင်းလည်း သူကဆိုသည်။

“ကျနော့်သားသမီးဆို ဒီလောက်ညစ်ပတ်နေတဲ့ကန်မှာ ရောဂါအဖြစ်ခံပြီး ရေမကူးခိုင်းဘူး၊ ဂေါက်ပဲ သွာရိုက်းခိုင်းမယ်” ဟု လျစ်လျူရှုခံထားရသောကြောင့် ညစ်ပတ်ပျက်စီးနေပြီဖြစ်သည့် အမျိုးသားရေကူးကန်ကို လာရောက်စစ်ဆေးသော အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန ရာထူးတာဝန်ယူထားသူတဦး၏ ပြောစကားသည် တာဝန်ရှိသူများအပေါ် မျှော်လင့်အားထားမိခဲ့သည့် သူ့ကို အံ့သြမှင်သက်စေခဲ့သည်။

“သူတို့ကိုယ်တိုင်က ရေကူးအားကစား တိုးတက်ဖို့ကို လိုလားသလား၊ မလိုလားဘူးလား ဆိုတာတောင် မပြောတတ်တော့တဲ့ အနေအထားပါပဲ” လို့ ဦးမောင်မောင်စိန်က ဧရာဝတီသို့ ညည်းတွား ပြောဆိုသည်။

စံချိန်တင် မြန်မာ့ရေကူး ချန်ပီယံဖြစ်ခဲ့သူ ဦးမောင်မောင်စိန်သည် ရေကူးလက်ရွေးစင်အဖြစ် ၁၁ နှစ်ခန့်ဖြတ်သန်းပြီးနောက် ၁၉၈၉ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ ထွက်လာခဲ့ရသော်လည်း သူမြတ်နိုးသည့် ရေကူးအားကစား ဘာသာရပ်ဖြင့်ပင် ဂျပန်နိုင်ငံတွင် မာစတာဘွဲ့ကို ရယူခဲ့သူ ဖြစ်သည်။

သူသည် အမိနိုင်ငံအတွက် ပြန်လည်အကျိုးပြုနိုင်မည့် အခွင့်အရေးကို အမြဲတစေ မျှော်လင့်နေခဲ့သည်။

ယင်းမျှော်လင့်ချက်အတွက် နေပြည်တော်တွင် ၂၀၁၃ ခုနှစ်က လက်ခံကျင်းပခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲသည် သူ့အတွက် အခွင့်အရေးတရပ်ကို ဖန်တီးပေးခဲ့ပြီး ယင်းပြိုင်ပွဲကြီးတွင် ရေကူးနည်းပြချုပ်တာဝန်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လာနိုင်ခဲ့သည်။

ထိုအချိန်ကစပြီး ရေကူးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်သည့် ရေကူးကန်များ မရှိခြင်း၊ ပါရမီရှိသည့် လူငယ်ကစားသမားများကို မမွေးထုတ်နိုင်ခြင်း၊ ရေကူးမျိုးဆက်ပြတ်နေခြင်း၊ စီးပွားရေးသမားများ ဦးဆောင်သည့် ရေကူးအဖွဲ့ချုပ် စသည့် အခြေအနေများကို မျက်ဝါးထင်ထင် ရင်ဆိုင်ရတော့သည်။

၂၀၁၃ ခုနှစ် နေပြည်တော် အာဆီယံဂိမ်းတွင် ဦးမောင်မောင်စိန် ဦးစီးသော မြန်မာရေကူးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် လာအားပေးစဉ်/ ဦးမောင်မောင်စိန် ဖေ့ဘွတ်

သူ့အနေဖြင့် ပထမဆုံးရင်ဆိုင်ရသည်မှာ ရန်ကုန်မြို့ကြီးတွင် နိုင်ငံတကာ အဆင့်မီလေ့ကျင့်နိုင်မည့် ရေကူးကန်မှာ ဦးဝိစာရ လမ်းပေါ်ရှိ အမျိုးသားရေကူးကန်တခုတည်းသာ ရှိခြင်းပင်ဖြစ်သည်။

နှစ်ပေါင်း ၆၀ ခန့်သက်တမ်းရှိပြီဖြစ်သည့် အမျိုးသားရေကူးကန် ပတ်ဝန်းကျင်ရှိ အဆောက်အဦများမှာ ပြုပြင်ထိန်းသိမ်းမှု အားနည်းမှုကြောင့် ယိုယွင်းမှုများစွာရှိနေပြီး အဓိကအားဖြင့် ကန်အတွင်းမှ ရေများမှာ ညစ်ပတ်နေခြင်းဖြစ်သည်။

ယင်းပြသနာများကိုဖြေရှင်းရန် ခေတ်အဆက်ဆက် တာဝန်ယူခဲ့သည့် ရေကူးအားကစား အဖွဲ့ချုပ် တာဝန်ရှိသူတွေကို တင်ပြခဲ့သော်လည်း ယနေ့တိုင် ပျက်စီးယိုယွင်းမှုများ ရှိနေခြင်းကို စိတ်ပျက်မိကြောင်း ဖွင့်ဟသည်။

ကန်အတွင်းရေများနှင့် ပတ်သက်ပြီး လက်ရွေးစင်ကစားသမားများ၏ မိဘများကိုယ်တိုင် နမူနာယူကာ အမျိုးသားဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစစ်ဆေးရာတွင်လည်း ရေကူးရန် မသင့်ကြောင်း အဖြေရရှိခဲ့သည်ဟု လက်ရွေးစင်အားကစားသမား ကလေးတဦး၏ ဖခင်ဖြစ်သူ ဦးအောင်ပြည့်စုံကလည်း ပြောသည်။

“ရေကို ဓာတ်ခွဲထားတဲ့ အထောက်အထားတွေ အပြည့်အစုံံ ရှိတယ်၊ ကလိုရင်းခတ်တာတွေကြောင့် ယားယံတာ အန်တာကတော့ မကြာခဏ ဖြစ်တယ်”ဟု ဦးအောင်ပြည့်စုံကပြောသည်။

၎င်း၏သားဖြစ်သူကိုယ်တိုင် ရေကန်ဘောင် သံလက်ရမ်းတွင် ဓာတ်လိုက်ခံခဲ့ရဖူးသကဲ့သို့ ကန်သို့ အပန်းဖြေရေလာကူးသည့် အသက် ၂၀ ကျော်အရွယ် လူငယ်တဦး ရေနစ်ကာ သေဆုံးခဲ့ရသည့်ဖြစ်စဉ်ကိုလည်း ကြုံတွေ့ဖူးကြောင်းလည်း ပြောပြသည်။

ကန်ကို အသုံးချရာတွင်လည်း အဆင်မပြေမှုများ ရှိခဲ့ပြီး ပြီးခဲ့သည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် လက်ရွေးစင် ကလေးငယ်များအား လာရောက်လေ့ကျင့်ခွင့် မပြုခဲ့သည့်အတွက် တပ်မတော်ရေကန်တွင် အကူအညီတောင်းကာ လေ့ကျင့်ရမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေပေါ်တွင် ဆောက်လုပ်ထားသော အိုလံပစ်ဟိုတယ်/ ဧရာဝတီ

ဒုတိယ အခက်အခဲ အနေဖြင့် ရင်ဆိုင်ရသည့်ပြသနာသည် ရေကူးကစားသမား မျိုးဆက်ရှားပါးခြင်းဖြစ်ပြီး အဓိကအနေဖြင့် ပညာရေးစနစ်ကြောင့် ရေကူးအားကစားကို စွန့်လွတ်သွားသူများကြောင်း ဦးမောင်မောင်စိန်က ထောက်ပြသည်။

ဂျပန်နိုင်ငံံတွင် ၂၃ နှစ်ခန့်နေထိုင်ခဲ့ပြီး အခြေခံကျောင်းများတွင် ရေကူးသင်တန်းများပေးခဲ့သည့် သူအနေဖြင့် မြန်မာနိုင်ငံရှိ ကျောင်းများမှ ကလေးငယ်များ အားကစားလိုက်စားရန် အခက်အခဲများကြုံတွေ့နေရသည်ကို မြင်တွေ့နေရကြောင်းလည်း ၎င်းကပြောသည်။

“ ပညာရေးစနစ်ကြောင့် စာမေးပွဲအောင်ဖို့ပဲ လုပ်နေရတယ်၊ ရေဆက်ကူးနေတော့ရော ဘာဖြစ်လာမှာလဲပေါ့၊ လက်ရှိလေ့ကျင့်ထားတဲ့ ကလေးတွေလည်း နောက်ပိုင်း ဘယ်လိုဖြစ်မလဲ မပြောတတ်ဘူး” ဟု ဦးမောင်မောင်စိန်ကပြောသည်။

၎င်းအနေဖြင့် နည်းပြတာဝန် စယူခဲ့ချိန်မှစပြီး ရေကူးကစားသမား မျိုးဆက် ၃ ဆက်အနေဖြင့် ပျိုးထောင်ခဲ့ပေးနိုင်ခဲ့ပြီး လတ်တလော အဖွဲ့ချုပ်လက်အောက်တွင် လေ့ကျင့်နေသည့် သက်တမ်းအလိုက် ကစားသမား ၇၀ ဦးခန့် ရှိနေကြောင်း သိရသည်။

ထိုလက်ရွေးစင်ကစားသမားများသည်ပင် ကိုယ့်စရိတ်ကိုစားကာ လေ့ကျင့်နေကြရသကဲ့သို့ ယင်းသို့ လေ့ကျင့်ခန်းဆင်းရန် သက်ဆိုင်ရာကျောင်းများမှ ထောက်ခံချက်ရရှိရန် အခက်အခဲများလည်း ရှိနေသည်ကို တွေ့ရကြောင်း ကစားသ မားများ၏ မိဘများက ပြောသည်။

“ပညာရေးဝန်ကြီးဌာနနဲ့ အားကစားဝန်ကြီးဌာန ပေါင်းစပ်မှု အားနည်းတာပဲ၊ ကျနော့်ကလေး လက်ရွေးစင်ဖြစ်ပေမယ့် တခါတလေ လေ့ကျင့်ဖို့ ထောက်ခံချက်တောင်းရတာ ခက်ခဲတယ်၊ တကယ် အားကစား တိုးတက်ချင်ရင် ဒီထက်ပိုကောင်း အောင် လုပ်ပေးဖို့လိုတယ်၊ ခုက မိဘတွေကိုယ်တိုင် ကန်အထိ လိုက်ပို့ပေးနေတာတောင် အဆင်မပြေမှုတွေက ရှိနေတုန်းပဲ” ဟု ၈ နှစ်အောက် လက်ရွေးစင်ကစားသမားတဦး၏ ဖခင်ဖြစ်သူ ဦးအောင်ပြည့်စုံက ရှင်းပြသည်။

ပါရမီရှိပြီးထူးချွန်သည့် မျိုးဆက်သစ်များပေါ်ထွက်ရေး တိုင်းနှင့်ပြည်နယ်အလိုက် ကျောင်းပေါင်းစုံပြိုင်ပွဲမှအစ ပြည်တွင်း ပြိုင်ပွဲများ ကျင်းပနေရန် လိုအပ်သလို ယင်းသို့ကျင်းပနိုင်ရေးအတွက် အဖွဲ့ချုပ်နှင့် ဝန်ကြီးဌာနတို့အကြား ဟန်ချက်ညီ ပူးပေါင်း လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်း ဦးအောင်ပြည့်စုံက ပြောသည်။

တတိယအချက်အနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲသည် အား/ကာ ဦးစီးဌာန၏ စီမံခန့်ခွဲမှုနှင့် အဖွဲ့ချုပ်အတွင်း စီးပွားရေးသမားပါဝင်လာကာ ကိုယ်ကျိုးစီးပွားအတွက် ရှေ့တန်းတင် လုပ်ဆောင်မှုများဟု ဦးမောင်မောင်စိန်က ဆိုသည်။

အမျိုးသားရေကူးကန် ပတ်ဝန်းကျင်တွင် စားသောက်ဆိုင်ခန်းများ တိုးချဲ့လာခြင်းနှင့် ယင်းဆိုင်များတွင် အရက်ဘီယာများ ရောင်းချခြင်းကိုလည်း အထောက်အထားများနှင့် တွေ့ရှိထားကြောင်း ရေကူးအဖွဲ့ချုပ်မှ အဖွဲ့ဝင်ဟောင်း ဦးဉာဏ်ကျော်က ဆိုသည်။

ရေကူးနည်းပြဖြစ်သည့် ဦးမောင်မောင်စိန်က အမျိုးသမီးကလေးများပါ လေ့ကျင့်နေသည့် ရေကူးကန်ပတ်ဝန်းကျင် တွင် အရက်ဘီယာရောင်းချခြင်းများကို လက်မခံကြောင်းနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူများကလည်း ယင်းလုပ်ရပ်များကို လျစ်လျူမရှုသင့်ကြောင်း ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ကျင်းပခဲ့သည့် အဖွဲ့ချုပ်ရွေးကောက်ပွဲတွင်လည်း ပြင်ပစီးပွားရေးလုပ်ငန်းရှင်များအား မဲပေးခွင့်ပေးထားခြင်းနှင့် ရွေးကောက်ပွဲစည်းမျဉ်းတို့အား တရားမျှတမှုမရှိဟုဆိုကာ သပိတ်မှောက်ကန့်ကွက်မှုများလည်း ရှိနေသည်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ ဇန်နဝါရီ ၂၄ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် ရုံးအမိန့်စာအရ အသစ်ဖွဲ့စည်းလိုက်သည့် ရေကူးအဖွဲ့ချုပ်တွင် ဥက္ကဌအဖြစ် winner sport အားကစားပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီပိုင်ရှင် ဦးတောက်ထွန်းက ပါဝင်လျက်ရှိသည့်အပြင် ဆေးကုမ္ပဏီများ၊ ကုန်သည်များ၊ ပြင်ပရေကူးကန်ဖွင့်ထားသူများ စုစုပေါင်း ၁၀ ဦးခန့် ပါဝင်သည်ကို ဧရာဝတီက ကြည့်ရှုခဲ့ရသော မှတ်တမ်းများအရ သိရသည်။

အဖွဲ့ချုပ်အသစ်တွင် အဓိကရာထူးနေရာဖြစ်သည့် အတွင်းရေးမှူးနေရာ ရယူထားသူမှာလည်း ဝန်ကြီးဌာနပိုင်မြေပေါ်တွင် နှစ်ရှည်ငှားရန်လုပ်ကိုင်နေသည့် အိုလံပစ်ဟိုတယ်နှင့် ပတ်သက်သူ ဦးစန်းဝင်းဇော်ပင်ဖြစ်ကြောင်း လွှတ်တော်နှင့် ဝန်ကြီး ဌာနတာဝန်ရှိသူများထံ တင်ပြခဲ့သည့် အဖွဲ့ချုပ်ရွေးကောက်ပွဲ တွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏အခြေအနေနှင့် အားကစားအဖွဲ့ချုပ်အသီးသီး၏ ရုန်းကန်ရမှုများကြောင့် အဖွဲ့ချုပ်များတွင် စီးပွားရေးလုပ်ငန်း ရှင်များပါဝင်ရန် လိုအပ်ချက်တခု အဖြစ် ရှိနေသော်လည်း ပါဝင်သူများအနေဖြင့် အားကစားတိုးတက်ရေးကို လိုလားသူများသာ ဖြစ်စေလိုကြောင်း ဦးမောင်မောင်စိန်က ပြောသည်။

“ ရေကူးအားကစား တိုးတက်ရေးကို ရှေးရှုပြီး တကယ်လုပ်မယ့်သူတွေပဲဖြစ်စေချင်တယ်၊ ကိုယ်ကျိုးစီးပွားကိုပဲ ကြည့်မယ့် သူတွေတော့ မဖြစ်စေချင်ဘူး”ဟု ဦးမောင်မောင်စိန်က ပြောသည်။

ရေကူးအဖွဲ့ချုပ်ဥက္ကဌများအဖြစ် ဇေကမ္ဘ္ဘာဦးခင်ရွှေ၊ Asia World မှ ဦးထွန်းမြင့်နိုင်၊ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဌဟောင်း နှင့် ရေကူးလက်ရွေးစင်ဟောင်းဖြစ်သူ ဦးနန္ဒကျော်စွာနှင့် အိုလံပစ်ဟိုတယ် ဥက္ကဌ ဦးသောင်းထိုက်မင်းတို့က တာဝန်ယူ ဆောင်ရွက်ခဲ့ဖူးကြသည်။

တချိန်က မြန်မာ့ဂုဏ်ဆောင် အမျိုးသား ရေကူးကန်ကို အိုလံပစ်ဟိုတယ်က စီးမိုးနေပြီဖြစ်သည်/ ဧရာဝတီ

အိုလံပစ်ဟိုတယ်သည် ယခင်အားကစားဝန်ကြီးဌာနပိုင်မြေပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ယခု နောက်ပိုင်းတွင် ရေကူးကန် ပတ်ဝန်းကျင်သို့ပါ နေရာချဲ့ထွင်မှုများ ပြုလုပ်လာခဲ့ကြောင်း ယခင်ရေကူးအဖွဲ့ချုပ် အဖွဲ့ဝင်များက ပြောသည်။

“ရေကူးကန်ပတ်ဝန်းကျင်တွေမှာ နေရာချဲ့ထွင်လာတာတွေ တွေ့နေရတယ်၊ သွေးပူလေ့ကျင့်ခန်းလုပ်တဲ့ နေရာတွေ မရှိ တော့ဘူး၊ ကန်ဘောင်ပေါ်မှာပဲ လုပ်နေရတဲ့ အနေအထား ဖြစ်လာတယ်”ဟု ယခင်ရေကူးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဉာဏ်ကျော်က ပြောသည်။

အမျိုးသားရေကူးကန်ကြီး အခြေအနေအရပ်ရပ်နှင့်ပတ်သက်ပြီး အား/ကာဦးစီးဌာနနှင့် ဝန်ကြီးဌာနတို့ထံ ကစားသမားများ ၏မိဘများနှင့် အဖွဲ့ချုပ်တာဝန်ရှိသူအချို့က အကြိမ်ကြိမ်တင်ပြမှုများပြုလုပ်ခဲ့ကြသော်လည်း သိသာမြင်သာသည့် အ ပြောင်းအလဲများ ရှိမလာကြောင်း ၎င်းတို့က ဆိုကြသည်။

ယခင်အဖွဲ့ချုပ်တာဝန်ရှိသူများ၏ အဆိုအရ အမျိုးသားရေကူးကန်တွင် နှစ်စဉ်ဖွင့်လှစ်သည့် နွေရာသီရေကူးသင်တန်းများမှ တနှစ်လျှင် ကျပ်သိန်း ၃၀၀ အထက်ရရှိသော်လည်း ယင်းရငွေများအား မည်ကဲ့သို့ စီမံခန့်ခွဲသည်ကို သေချာစွာ မသိရှိ ကြောင်း ဆိုကြသည်။

“ထိုင်းမှာ လေ့ကျင့်ပေးနေတာတွေနဲ့တော့ အကုန်ကွာခြားပါတယ်၊ ကျနော်တို့နိုင်ငံရဲ့ ဘတ်ဂျက်အခြေအနေအရ တတ်နိုင်သလောက်လေး လုပ်ပေးတယ်လို့ပဲ ထင်မိပါတယ်၊ တကယ်တမ်းတော့ ကန်မှာဖြစ်နေတဲ့ ယိုယွင်းမှုတွေကို နေ့စဉ် လေ့ကျင့်ရတဲ့ ကစားသမားတွေက တိုက်ရိုက်ခံစားရတာပါ” ဟု ဖီဖာ၏ပံ့ပိုးမှုဖြင့် ထိုင်းနိုင်ငံတွင် တနှစ်ကြာ စခန်းသွင်း လေ့ကျင့်ခဲ့ဖူးသည့် လက်ရွေးစင် ကိုသီဟအောင်ကလည်း ပြောသည်။

လက်ရွေးစင်ကစားသမားတဦးအနေဖြင့် နေ့စဉ်လေ့ကျင့်ခန်းဆင်းရန် အခက်အခဲများစွာကြုံတွေ့ရသော်လည်း ပြိုင်ပွဲနီးမှသာ ထောက်ပံ့လေ့ကျင့်စေခြင်းမျိုးမဟုတ်ဘဲ အမှန်တကယ် ရေကူးအားကစားအပေါ် နားလည်ကျွမ်းကျင်သည့်သူများဖြင့် လေ့ကျင့်ချိန်မှန်မှန် ပြုလုပ်ပေးစေလိုကြောင်း ၎င်းကပြောသည်။

ရေကူးအားကစားအပေါ် မြတ်နိုးသည့် ဦးမောင်မောင်စိန်သည်ပင်လျှင် အလုပ်များအား ပစ်ထားပြီး ကိုယ့်စရိတ်ကိုယ်စား ကြိုးပမ်းဆောင်ရွက်နေသော်လည်း စိတ်ပျက်လှည့်ပြန်စေမည့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများနှင့် ပြဿနာများအား ဖွင့်ဟမပြောရန် ငွေကြေးဖြင့် စည်းရုံးခြင်းများကို ကြုံခဲ့ဖူးသည်ဟု သူက ဆိုသည်။

တချိန်က မြန်မာ့ရေကူးအားကစားလောကတွင် ဦးတင်မောင်နီ၊ မမိုးသူဇာစသည့် ကစားသမားကောင်းများစွာ ရှိခဲ့သလို အောင်မြင်မှု မှတ်တိုင်များကို စိုက်ထူနိုင်ခဲ့ကြသူများဖြစ်သော်လည်း စီမံခန့်ခွဲမှု အလွဲများကြောင့် ရေကူးကစားသမားမျိုး ဆက်ပြတ်ကာ အောင်မြင်မှုများနှင့် ဝေးကွာခဲ့ရသည်။

ယခုနှစ်အတွင်းမှာပင် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် ၃၀ မြောက် ဆီးဂိမ်းအားကစား ပြိုင်ပွဲကြီးကလည်း တရွေ့ရွေ့ နီးကပ်လာပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာအတွင်းက ထိုင်းဘုရင့်သမီးတော် ချူလာဟွန်းဖိတ်ခေါ်ရေကူးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ပြီး ရွှေ ၂၊ ငွေ ၁၃၊ ကြေး ၁၆ စုစုပေါင်းဆုတံဆိပ် ၃၁ ခုရယူနိုင်ခဲ့ခြင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုများရယူရန် ယုံကြည်မှု တိုးစေခဲ့သော်လည်း ထိုမှတ်တမ်းကောင်းအား ဆက်လက်ထိန်းသိမ်းရန် အား/ကာ၊ အဖွဲ့ချုပ်နှင့် ကစားသမားများအကြား ယုံကြည်မှုနှင့်ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်နေသေးသည်။

နည်းပြဖြစ်သူ ဦးမောင်မောင်စိန်ကဲ့သို့ပင် လက်ရွေးစင်ကစားသမားများစွာကလည်း ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကာ အောင် မြင်မှုဆုတံဆိပ်များ နိုင်ငံတော်အတွက် ရယူပေးနိုင်ရေး စိတ်လှုပ်ရှားလျက်ရှိသော်လည်း တဖက်တွင် အခက်အခဲဖိအားများကို ကြုံတွေ့နေရဆဲဖြစ်သည်။

“ ရွှေတံဆိပ် ဘယ်တော့ရမလဲ ဆိုတာပဲမေးတယ်၊ ရှိနေတဲ့ပြသနာတွေကို ဘယ်လိုဖြေရှင်းပေးရမလဲဆိုတာတော့ မရှိဘူး၊ ရေကူးအားကစားဆိုတာ ချက်ချင်း ထလုပ်လို့ ရတာမဟုတ်ဘူး၊ စတင်လေ့ကျင့်ချိန်ကနေ အိုလံပစ်ဝင်ပြိုင်နိုင်တဲ့အထိ အနည်းဆုံး ၅ နှစ်ကနေ ၁၀ နှစ်ကြား အချိန်ယူရတယ်၊ ကျနော်တို့ကို အချိန်ပေးဖို့လိုတယ်” ဟု ဦးမောင်မောင်စိန်က ပြောသည်။

ဆက်စပ်ဖတ်ရှုရန်နိုင်ငံကိုယ်စားပြုရေကူးသမားဖြစ်ရတဲ့ဒုက္ခ 

The post ရေကူးအားကစား ဘာကြောင့် ခေါင်းမထောင်နိုင်သလဲ appeared first on ဧရာဝတီ.

ပြိုင်ဘက်ကို ပထမ အချီတွင် အနိုင်ယူမည်ဟု ချင်း တိုင်းရင်းသား ကစားသမား ကြုံးဝါး

$
0
0

ONE Championship ပွဲဦး ထွက်တွင် ပြိုင်ဘက် ကမ္ဘောဒီးယား လက်ဝှေ့ ကစားသမား Rin Saroth အား ပထမ အချီတွင်ပင် အနိုင်ယူသွားရန် ယုံကြည်ချက် အပြည့် ရှိကြောင်း ချင်း တိုင်းရင်းသား တီရယ်လ်ထန်က ယနေ့ ပြောကြား လိုက်သည်။

တီရယ်လ်ထန်က“အနိုင်ယူဖို့ ယုံကြည်ချက် အပြည့် ရှိပါတယ်။ သူ (Rin Saroth) က ထိုးတာလည်း အရမ်း တော်ပါ တယ်။ ကျနော့် ဘက်ကတော့ သူ့ထက် ကောင်းအောင် ပိုကြိုးစားထားပါတယ်။ အမိမြေမှာ မြန်မာ ပရိသတ်တွေ အိမ်ပြန်တဲ့ အခါ ပျော်ရွှင်ရအောင် ကျနော် ကြိုးစားမှာပါ”ဟု ပြောသည်။

၎င်းတို့ နှစ်ဦးသည် မတ်လ ၈ ရက် ညတွင် ရန်ကုန်မြို့သုဝဏ္ဏ မိုးလုံ လေလုံ အားကစားကွင်း၌ ပြုလုပ်မည့် ONE Championship; Reign Of Valor ပြိုင်ပွဲကြီးတွင် ၆၈ ကီလိုတန်း ကတ်ချ် ဝိတ်တန်းတွင် ယှဉ်ပြိုင် ထိုးသတ်ကြမည် ဖြစ် သည်။

ပြိုင်ပွဲ၌ မြန်မာ ကစားသမားများ ဖြစ်သည့် ဖိုးသော်နှင့် အန်တိုနီယာ တို့လည်း ပါဝင် ယှဉ်ပြိုင် ထိုးသတ်ကြမည် ဖြစ်ပြီး အဓိက ပွဲစဉ် အဖြစ် ONE ဝယ်သာ ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ ဖြစ်သူ ဆွီဒင် နိုင်ငံသား Zabaztian Kadestam က စိန်ခေါ်သူ ကာဇက်စတန် နိုင်ငံသား Georgiy Kichigin နှင့် ချန်ပီယံ ခါးပတ် ကာကွယ်ပွဲ ယှဉ်ပြိုင် ထိုးသတ်ကြမည် ဖြစ်သည်။

ဖိုးသော်သည် အင်ဒိုနီးရှား ဝါရင့် ကိုယ်ခံ ပညာ ကစားသမား ဖြစ်သည့် legowo နှင့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး မြန်မာ ဘောင် ဆင် နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်သူ အန်တိုနီယာသည် တိုက်ကွမ်ဒိုတွင် ခါးပတ်နက် ရရှိထားသည့် မလေးရှား သူ Audreylaura Boniface နှင့် ယှဉ်ပြိုင် ထိုးသတ်ရမည် ဖြစ်သည်။

ဖိုးသော်က “အနိုင် အရှုံးထက် မြန်မာတွေ ကမ္ဘာမှာ ဂုဏ်ယူရအောင် ဘယ်လောက်အထိ ယှဉ်ပြိုင်သွားတယ် ဆိုတာ ပြချင်တယ်။ ယှဉ်ပြိုင်သမျှ ပွဲတိုင်း အားလုံးကို အနိုင်ယူမယ် ဆိုတဲ့ စိတ်နဲ့ ကစားသွားမယ်။ အားနည်းတဲ့ အပိုင်းတွေကို အများကြီး ပြင်ဆင်ပြီး လေ့ကျင့် ကြိုးစား ထားပါတယ်” ဟု ပြောသည်။

မြန်မာ ကစားသမား ဖြစ်သူ အန်တိုနီယာ ကလည်း ယခု ပွဲအတွက် အချိန်ယူ လေ့ကျင့် ပြင်ဆင်ထားပြီး ပြိုင်ဘက်အား အနိုင် ရရှိမည်ဟု ယုံကြည်ကြောင်းနှင့် အမြန်ဆုံး ပွဲသိမ်းနိုင်အောင်လည်း ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဆိုသည်။

တီရယ်လ်ထန်နှင့် ယှဉ်ပြိုင်မည့် ကမ္ဘောဒီးယား ခမာ လက်ဝှေ့ ကစားသမား Rin Saroth သည် ခမာ လက်ဝှေ့ ပွဲစဉ် မှတ်တမ်း (၁၁၀-၂၂) ရရှိထားပြီး KWC 3 ဖယ်သာ ဝိတ်ပြိုင်ပွဲကြီး၏ ချန်ပီယံ ပြိုင်ပွဲဝင်ဟောင်း တဦး ဖြစ်သလို ONE Championship တွင် ၂၀၁၅ ခုနှစ်ကတည်းက စတင် ယှဉ်ပြိုင်ခဲ့ပြီး ပွဲစဉ် တချို့ကို အနိုင်ရရှိထားသူဖြစ်သည်။

ONE Championship တွင် ပထမဆုံး ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ထိုးသတ်မည့် တီရယ်လ်ထန် အနေဖြင့် ကမ္ဘာ့ ချန်ပီယံ ခါးပတ် စိန်ခေါ်ပွဲကိုလည်း လာမည့်နှစ် အတွင်း ထိုးသတ် နိုင်ရန် ရည်ရွယ်ထားပြီး မြန်မာပြည်သူများ အတွက် ချန်ပီယံ ခါးပတ်ကို ရယူပေးနိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်းလည်း ပြောသည်။

ချင်းပြည်နယ် ဟားခါး မြို့နယ်အတွင်း မွေးဖွားခဲ့သူ တီရယ်လ်ထန်သည် အသက် ၁၀ နှစ် အရွယ်တွင် မလေးရှား နိုင်ငံသို့ မိသားစုနှင့် အတူ ထွက်လာခဲ့ရပြီးနောက် ၂၀၀၇ ခုနှစ်ခန့်တွင် အမေရိကန် နိုင်ငံသို့ ထပ်မံ ပြောင်းရွှေ့ခဲ့ကာ နယူးယောက် နှင့် မယ်ရီလန်း ပြည်နယ်တို့ တွင် နေထိုင်ခဲ့ဖူးသူ ဖြစ်သည်။

အမေရိကန်တွင် Freestyle နှင့် Greco-Roman နပန်း ပွဲစဉ်များတွင် ပွဲစဉ် ၅၀၀ ကျော် အနိုင်ယူ နိုင်ခဲ့ပြီး လေးထပ် ကွမ်း နပန်းချန်ပီယံ ဖြစ်ခဲ့သလို Brazilian ဂျူဂျစ်ဆု ပြိုင်ပွဲတွင်လည်း ပွဲ ၅၀ ခန့် အနိုင်ယူထားနိုင်သည့် တီရယ်လ်ထန် အနေ ဖြင့် ONE Championship တွင် ဝင်ရောက် ထိုးသတ်ရန် အတွက် ONE ၏ ဝိတ်တန်း နှစ်ခုတွင် ကမ္ဘာ့ ချန်ပီယံ ဘွဲ့ ရယူထားသူ အောင်လအန်ဆန်ထံတွင် အနီးကပ် လေ့ကျင့် သင်ကြားထားသူ ဖြစ်သည်။

မြန်မာနိုင်ငံသို့ ၁၅ နှစ်ခန့် အကြာမှ ပထမဆုံး ပြန်လာခဲ့သည့် တီရယ်လ်ထန် အနေဖြင့် ပြိုင်ပွဲပြီးပါကလည်း အဘွား ဖြစ် သူရှိရာ ချင်းပြည်နယ်သို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

The post ပြိုင်ဘက်ကို ပထမ အချီတွင် အနိုင်ယူမည်ဟု ချင်း တိုင်းရင်းသား ကစားသမား ကြုံးဝါး appeared first on ဧရာဝတီ.

မြန်မာကိုယ်စားပြု ဖိုက်တာ ၃ ဦး အောင်ပွဲဆင်နိုင်မလား

$
0
0

အာရှတလွှား ကိုယ်ခံပညာဘက်စုံသုံး တိုက်ခိုက်ရေး အားကစားပြိုင်ပွဲများ စီစဉ်ကျင်းပနေသည့် ဝမ်းချန်ပီယံရှစ်အဖွဲ့က မြန်မာပြည်ဖွား ကိုယ်ခံပညာဘက်စုံသုံး MMA ကစားသမားသစ်တယောက်ကို စတင်ပွဲထုတ်လာခဲ့ပြီဖြစ်သည်။

သူ့နာမည်က တီရယ်လ်ထန် Tial Thang ဖြစ်သည်။ တီရယ်လ်ထန်က ချင်းပြည်နယ် ဟားခါးမြို့တွင် မွေးဖွားခဲ့သည့် ချင်းလူမျိုးတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံရှိ ကိုယ်ခံပညာ ဘက်စုံသုံး MMA ပြိုင်ပွဲများနှင့် ဘရာဇီးကိုယ်ခံပညာ ဂျူဂျစ်ဆုပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နေသူဖြစ်သည်။

ဝမ်းချန်ပီယံရှစ်အဖွဲ့၏ ကမ္ဘာ့လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ်ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင် မြန်မာပြည်သားတို့၏ အချစ်တော် အောင်လအန်ဆန်း၏ အနီးကပ် လေ့ကျင့်သင်ကြားပေးမှုဖြင့် MMA လောကတွင် ပြိုင်ပွဲများ ယှဉ်ပြိုင်ထိုးသတ်နေသူ တီရယ်လ်ထန်တယောက် သူ၏မွေးရပ်မြေ မြန်မာပြည်တွင် မတ်လ ၈ ရက်နေ့တွင် ကျင်းပမည့် Region of Vlar ပြိုင်ပွဲတွင် ကမ္ဘောဒီးယားဖိုက်တာနှင့် ထိုးသတ်မည်ဖြစ်သည်။

တီရယ်လ်ထန်ကို ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဦးသော့ခ်ကျဲမ်နှင့် ဒေါ်မန်စီးတို့မှ ၁၉၉၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ တီရယ်လ်ထန်မှာ အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ် နပန်းပြိုင်ပွဲတွင် ချန်ပီယံဆု ၂ ကြိမ်၊ ဘရာဇီး ဂျူဂျစ်ဆုပညာတွင်လည်း ခါးပတ်ပြာ အဆင့် ရရှိထားသူဖြစ်ပြီး ချင်းရိုးရာနပန်းပြိုင်ပွဲတွင် ချန်ပီယံဆု ၄ ကြိမ်ရထားသူ ဖြစ်သည်။

တီရယ်လ်ထန်အတွက်တော့ ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံတွင် ထိုးသတ်မည့် Reign of Valor
ပြိုင်ပွဲက ဝမ်းချန်ပီယံရှစ်တွင် ပထမဆုံး ထိုးသတ်သည့်ပွဲစဉ်ဖြစ်သလို မွေးရပ်မြေဖြစ်သည့် မြန်မာနိုင်ငံတွင်လည်း ပထမဆုံး ထိုးသတ်မည့်ပွဲစဉ် ဖြစ်သည်။

သူနှင့်ယှဉ်ပြိုင်ထိုးသတ်မည့်သူက ကမ္ဘောဒီးယားနိုင်ငံသားဖိုက်တာ ရင်ဆာရို့ Rin Saroth ဖြစ်သည်။ MMA လောကသို့ ၂၀၁၃ ခုနှစ်က စတင်ဝင်ရောက်ကာ ပြိုင်ပွဲများထိုးသတ်ခဲ့သည့် ရင်ဆာရို့အနေဖြင့် ၆ နှစ်တာ ကာလအတွင်း ၉ ပွဲထိုးသတ်ထားပြီး ၃ ပွဲနိုင် ၆ ပွဲရှုံးရလဒ် ပိုင်ဆိုင်ထားသူဖြစ်သည်။ MMA ပြိုင်ပွဲရလဒ်များအရ မွေ့ထိုင်းဖိုက်တာ ရင်ဆာရို့က နိုင်ပွဲထက် ရှုံးပွဲ ပိုများနေသည့် သာမာန်ဖိုက်တာတစ်ဦးသာဖြစ်ကြောင်း ပြသ နေသည်။

လက်သီး၊ ဒူး၊ တံတောင်၊ ခြေကန်ချက်များကို အများဆုံးအသုံးပြုတိုက်ခိုက်သည့် ရင်ဆာရို့ကို ချင်းဖိုက်တာ တီရယ်လ်ထန်က ပထမအချီအတွင်း အနိုင်ရအောင်ထိုးသတ်သွားမည်ဟု ဧရာဝတီကို ပြောပြသည်။

“ဝမ်းချန်ပီယံရှစ်မှာလာပြီးတော့ ကျနော့်မွေးရပ်မြေမှာထိုးမယ်ဆိုတော့ ကျနော်အရမ်းကို ပျော်မိတယ်။ Training (လေ့ကျင့်မှု) လည်း ကောင်းကောင်းလုပ်ထားပါတယ်။ သူ့ကို ပထမအချီမှာတင် နိုင်အောင် ထိုးဖို့ရည်မှန်းထားတယ်။ နိုင်မယ်လို့လည်း အရမ်းကို ယုံကြည်မှုရှိပါတယ်”ဟု ပြောသည်။

ကမ္ဘောဒီးယားဖိုက်တာ ရင်ဆာရို့နှင့် ထိုးသတ်ရန်အတွက် ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက နေ့စဉ် လေ့ကျင့်ပြင်ဆင်ခဲ့ပြီး ဝမ်းချန်ပီယံရှစ်၏ နှစ်ထပ်ကွမ်းချန်ပီယံ အောင်လအန်ဆန်းကလည်း တိုက်ခိုက်ရေးနည်းစနစ်များ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း တီရယ်လ်ထန်က ပြောပြသည်။

“သူက ကျနော့်ကို သင်ပေးတာက မကြောက်ရဘူး။ ထိုးတဲ့အချိန်မှာ နာအောင်ထိုးဖို့ သင်ပေးတယ်။ ဒီပွဲကိုလည်း သူလာအားပေးမယ်ဆိုတဲ့အတွက် အရမ်းအားရှိပါတယ်”ဟု တီရယ်လ်ထန်က ဧရာဝတီကို ပြောသည်။

အမေရိကန်နိုင်ငံတွင် MMA ပြိုင်ပွဲများ ထိုးသတ်စဉ်အချိန်ကတည်းက အောင်လအန်ဆန်းက တီရယ်လ်ထန်၏ ကြိုးဝိုင်းအကူလူအဖြစ် လိုက်ပါဆောင်ရွက်ကာ ပြိုင်ဘက်ကို တိုက်ခိုက်လှဲဖြိုသည့် တိုက်ခိုက်ရေး နည်းဗျူဟာများ အကြံပေးပြောဆိုပြီး မြန်မာပြည်ကိုယ်စားပြု MMA ဖိုက်တာကောင်းတဦး ပေါ်ထွက်လာအောင် ကြိုးပမ်းခဲ့သည်။ တနည်းအားဖြင့် ကချင်အစ်ကိုကြီး အောင်လက ချင်းညီလေး တီရယ်လ်ထန်ကို ကမ္ဘာ့အဆင့်တက်လှမ်းနိုင်မည့် MMA ကြိုးဝိုင်းထဲသို့ လက်တွဲခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ချင်းဖိုက်တာ တီရယ်လ်ထန်၏အိပ်မက်ကတော့ အောင်လအန်ဆန်းကဲ့သို့ပင် မြန်မာ့ဂုဏ်ဆောင် MMA အားကစားသမားတစ်ဦးအဖြစ် ကမ္ဘာ့ချန်ပီယံရွှေခါးပတ် ဆွတ်ခူးနိုင်ရေး ဖြစ်သည်။

မတ်လ ၈ ရက် ဝမ်းချန်ပီယံရှစ် ပွဲစဉ်များ စာရင်း

“ကျနော် ၂ နှစ်အတွင်းက ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကျနော်တို့ မြန်မာပြည်အတွက် ရယူသွားဖို့ အစီအစဉ် ရှိပါတယ်”ဟု သူ၏အနာဂါတ်အစီအစဉ်ကို တီရယ်လ်ထန်က ပြောပြသည်။

မတ်လ ၈ ရက်နေ့တွင် သုဝဏ္ဏမိုးလုံလေလုံအားကစားရုံတွင် ကျင်းပမည့် Reign of Valor ပြိုင်ပွဲတွင် မြန်မာတို့၏ အချစ်တော် အောင်လအန်ဆန်း၏ ပွဲစဉ် မပါဝင်သော်လည်း ချင်းဖိုက်တာ တီရယ်လ်ထန်နှင့် ကမ္ဘောဒီယားဖိုက်တာ ရင်ဆာရို့၊ အောင်လအန်ဆန်းပြီးလျှင် မြန်မာနိုင်ငံတွင် အလားအလာအရှိဆုံးဖြစ်သည့် ဖိုက်တာ ဖိုးသော်နှင့် အင်ဒိုနီးရှားဖိုက်တာ ရိုဟန်မူလီယာ လီဂိုဝို၊ ကယန်းသူလေး ဘိုဇီနာ အန်တိုနီယာနှင့် မလေးရှား အမျိုးသမီးဖိုက်တာ ဘိုနီဖေ့စ်တို့၏ ပွဲစဉ်များက ပရိတ်သတ်များကို ဆွဲဆောင်နေပြီ ဖြစ်သည်။

မြန်မာ့ဂုဏ်ဆောင်ဖိုက်တာတစ်ဦးဖြစ်သည့် ဖိုးသော်အနေဖြင့် MMA ကစားသမားဘဝအစ ပြိုင်ပွဲ ၆ ပွဲဆက်အနိုင်ရရှိခဲ့သော်လည်း ၇ ပွဲမြောက်ဖြစ်သည့် Pursuit of Greatness ပြိုင်ပွဲတွင် မလေးရှားဖိုက်တာ ကီယာနူး ဆပ်ဘာ၏ ချုပ်ကွက်အတွင်း သက်ဆင်းသွားခဲ့သည့်အတွက် ပွဲချိန်ပထမအချီမှာပင် MMA ကစားသမားဘ၀ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ရသည်။

သူ၏ MMA ကစားသမားဘ၀ ၈ ပွဲမြောက်တွင် ဖိုးသော် ရင်ဆိုင်ရမည့်သူက MMA ပြိုင်ပွဲအတွေ့အကြုံ များပြားသည့် အင်ဒိုနီးရှားဖိုက်တာ ရိုဟန်မူလီယာ လီဂိုဝို ဖြစ်သည်။ အသက် ၃၈ နှစ်အရွယ်ရှိသည့် လီဂိုဝိုက ၂၀၀၂ ခုနှစ်ကတည်းက MMA လောကကို ဝင်ရောက်ခဲ့သူဖြစ်ပြီး ၁၇ နှစ်တာကာလအတွင်း MMA ပြိုင်ပွဲ ၁၅ ပွဲ ထိုးသတ်ခဲ့ရာ ၈ ပွဲနိုင် ၇ ပွဲ ရှုံးနိမ့်မှတ်တမ်း ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ဝမ်းချန်ပီယံရှစ်အဖွဲ့နှင့် ၂၀၁၅ ခုနှစ်တွင် စာချုပ်ချုပ်ဆိုကာ ထိုးသတ်ခဲ့သူဖြစ်ပြီး နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်ထားသည့်ဖိုက်တာဖြစ်သည်။

အင်ဒိုနီးရှားဖိုက်တာကို ထိုးသတ်ယှဉ်ပြိုင်ဖို့အတွက် ထိုင်းနိုင်ငံရှိ တိုက်ဂါးမွေ့ထိုင်းကလပ်သို့ သွားရောက် လေ့ကျင့်ခဲ့ပြီး နပန်းနှင့် ပြိုင်ဘက်ကို ချုပ်ကိုင်သည့် Griping ပညာရပ်များကို ဂျပန်ဖိုက်တာ ရှီမီဇူထံမှ လေ့လာသင်ယူကာ ပြင်ဆင်ထားခဲ့သည်ဟု ဖိုးသော်က ပြောသည်။

“လာမယ့်ပွဲမှာတော့ ကျနော့်အနေနဲ့ ၂ ချီလောက်အတွင်း ကစားပွဲပြတ်အောင် ကြိုးစားမယ်။ အထူးသဖြင့် ကျနော်က Stand Fight (လက်သီး၊ ဒူး၊ တံတောင်၊ ခြေကန်ချက်များဖြင့် တိုက်ခိုက်ခြင်း) အားသန်တဲ့အတွက် သူ့ကို Stand Fight ကစားပြီး အနိုင်ယူမယ်။ ကျန်တဲ့မမျှော်လင့်ထားတဲ့အခြေအနေ ရောက်သွားရင်တော့ အဲ့အပေါ်မှာ အခြေအနေကြည့်ပြီး ကစားသွားမယ်။ ပွဲဆိုတာက နတ်ကြီးတော့ ကိုယ်ထင်သလို ဖြစ်မလာခဲ့ရင် ရုန်းထွက်နိုင်အောင် ပြင်ဆင်ထားပါတယ်”ဟု ဖိုးသော်က ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောဆိုသည်။

မြန်မာ့ဂုဏ်ဆောင် ဖိုက်တာတစ်ဦးဖြစ်သည့် ဖိုးသော်အနေဖြင့် MMA ကြိုးဝိုင်းအတွင်း၌ ပြည်ပမှ နိုင်ငံခြားသား ဖိုက်တာများနှင့် တတိယ အကြိမ်မြောက် ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပြီး အင်ဒိုနီးရှားဖိုက်တာ လီဂိုဝိုကို အလဲထိုးကာ မြန်မာနိုင်ငံအတွက် နိုင်ပွဲပြန်လည် ရယူမလား၊ ကိုယ့်မြေကိုယ့်ပရိတ်သတ်ရှေ့မှောက်မှာပဲ ရှုံးပွဲထပ်မံကြုံတွေ့သွားမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေသည်။

မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသားဖိုက်တာ နှစ်ဦး၏ပွဲစဉ်နှင့်အတူ ကယန်းတိုင်းရင်းသူ အန်တိုနီယာနှင့် မလေးရှားနိုင်ငံသူ ဖိုက်တာ ဘိုနီဖေ့စ် ရာဖယ်တို့ပွဲစဉ်ကလည်း စိတ်ဝင်စားဖို့ကောင်းသည်။ မြန်မာနိုင်ငံ၏ တဦးတည်းသော MMA အမျိုးသမီးဖိုက်တာ ဘိုဇီနာ အန်တိုနီယာအနေဖြင့် MMA ကစားသမားဘ၀ ပွဲဦးထွက်တွင် ပြည်တွင်းဖိုက်တာ ရွှေစင်ကို အလဲထိုးဖြင့် အမြန်ဆုံးပွဲသိမ်းကာ ပထမဆုံးနိုင်ပွဲ ရယူခဲံသည်။

ဒုတိယမြောက်ပွဲစဉ်အဖြစ် ထိုင်းနိုင်ငံသူ ရီကာ အရှီဂီနှင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်းက ထိုင်းနိုင်ငံတွင် ထိုးသတ်ခဲ့ချိန်၌ ပထမအချီမှာပင် အရှီဂီ၏ လက်သီးချက်နှင့် တံတောင်ရိုက်ချက်ကြောင့် အန်တိုနီယာတယောက် ရှုံးပွဲကြုံတွေ့ခဲ့သည်။ ယခုတော့ သူမ၏ MMA ကစားသမားဘ၀ တတိယမြောက် ပွဲစဉ်ကို ကိုယ့်မြေကိုယ့်ရေ ကိုယ့်ပရိတ်သတ်ရှေ့တွင် မလေးရှားနိုင်ငံသူ ဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသတ် တော့မည် ဖြစ်သည်။

အန်တိုနီယာနှင့် ရင်ဆိုင်ထိုးသတ်မည့် မလေးရှားနိုင်ငံသူ ဖိုက်တာ ဘိုနီဖေ့စ်ရာဖယ်က MMA ကစားသမားဘ၀ ၃ ပွဲယှဉ်ပြိုင်ရာမှာ ၃ ပွဲစလုံး ရှုံးနိမ့်ထားသူ ဖြစ်သည်။ ဘိုနီဖေ့စ်၏ MMA ကစားသမားဘ၀ ပထမဆုံးပွဲတွင် ပြိုင်ဘက်၏ လက်သီးချက်ကြောင့် ဒုတိယအချီတွင် ရှုံးနိမ့်ခဲ့ပြီး ဝမ်းချန်ပီယံရှစ်နှင့် စာချုပ်ချုပ်ဆိုထိုးသတ်သည့် နောက်ဆုံးပွဲစဉ် ၂ ပွဲတွင်လည်း ပြိုင်ဘက်၏လက်သီးချက်ကြောင့် ပထမအချီမှာပင် ရှုံးပွဲကြုံတွေ့ခဲ့သူ ဖြစ်သည်။

“ပရိတ်သတ်တွေက ကျမကို အမြန်ဆုံး ပွဲသိမ်းစေချင်ကြတယ်။ ကျမကတည်း ပြိုင်ဘက်ကို အမြန်ဆုံး ပွဲသိမ်းနိုင်အောင် ကြိုးစားသွားပါ့မယ်”လို့ ဘိုဇီနာ အန်တိုနီယာက ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ကြမည့် ဖိုက်တာ ၃ ဦးတို့၏တွဲဆိုင်းများပါဝင်နေသည့် Reign of Valor ပြိုင်ပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံအားကစားခန်းမ၌ မတ်လ ၈ ရက်နေ့ ညနေ ၆ နာရီမှစတင်၍ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။ မြန်မာဖိုက်တာများဖြစ်သည့် ဖိုးသော်၊ တီရယ်လ်ထန်နှင့် အန်တိုနီယာတို့အနေဖြင့် မိမိတို့ ပရိတ်သတ်များရှေ့မှောက်တွင် ပြိုင်ဘက်များကို အနိုင်ယူကာ အောင်မြင်မှုမှတ်တမ်းသစ်များ ရေးထိုးနိုင်မလား ဆိုတာ ဆက်လက်စောင့်ကြည့်သွားရမည်ဖြစ်သည်။

The post မြန်မာကိုယ်စားပြု ဖိုက်တာ ၃ ဦး အောင်ပွဲဆင်နိုင်မလား appeared first on ဧရာဝတီ.

ကလပ်အသင်းနှင့် ဆိုသော်လည်း ရရှိ ဆုတံဆိပ် နိုင်ငံကိုယ်စားပြု ဟု သွန်းမိုးမေ ပြော

$
0
0

မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်ထံမှ ထောက်ခံချက်မရခဲ့၍ ကလပ်အသင်း အနေဖြင့်သာ သွားရောက် ယှဉ် ပြိုင်ခဲ့ရ သော်လည်း ရရှိခဲ့သည့် ဆုတံဆိပ်မှာ နိုင်ငံတော်ကိုယ်စားပြုပင်ဖြစ်ကြောင်း ရေကူးလက်ရွေး စင် မသွန်းမိုးမေက ပြောသည်။

ရေကူးလက်ရွေးစင် မသွန်းမိုးမေသည် အကြိမ် ၅၀ မြောက် စင်ကာပူ တံခွန်စိုက် နိုင်ငံတကာ သက်တမ်းအလိုက် ရေကူး ပြိုင်ပွဲတွင် Aqua King Swimming Club ကို ကိုယ်စားပြုကာ အသက် ၁၂နှစ်အောက် မီတာ ၄၀၀ အလွတ်ကူး ပြိုင်ပွဲတွင်  ၅း၀၀း၈၀ စက္ကန့်ဖြင့် တတိယ ဆု ရရှိခဲ့ခြင်းဖြစ်သည်။

ထိုင်းမှာပြိုင်ဖူးပေမယ့် စင်္ကာပူမှာက ပိုအဆင့်မြှင့်တော့ ပိုခက်ပါတယ်။ ကိုယ့်ထက်သာတဲ့သူတွေနဲ့ ကူးရတာဆိုတော့ အ တွေ့အကြုံလည်း အများကြီးရပါတယ်၊ ပြိုင်ပွဲသွားဖို့ နိုင်ငံတော်ကတော့ ဘာမှ တော့ ကူညီထောက်ပံ့တာ မျိုးမရှိပါဘူး ကိုယ့် စရိတ်နဲ့ ကိုယ် သွားရပေမယ့် ဆုကတော့ နိုင်ငံတော်ကိုယ်စားပြုပါပဲဟု ၎င်းက ပြောသည်။

မသွန်းမိုးမေသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် ထိုင်းဘုရင့် သမီးတော် ချူလာဟွန် ဖိတ်ခေါ် ရေကူးပြိုင်ပွဲတွင်လည်း တဦးတည်းအနေဖြင့် ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၃ ခုနှင့် ကြေးတံဆိပ် ၄ ခုတို့ကို ရယူနိုင်ခဲ့သူလည်းဖြစ်သည်။

ယခုစင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် ပြိုင်ပွဲကို ရုရှား၊ ဂျပန်၊ ဟန်ဂေရီ၊ အိန္ဒိယ၊သြစတေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဗီယက် နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ဖိလစ်ပိုင်နှင့် စင်္ကာပူနိုင်ငံတို့ရှိမှ ရေကူးကစားသမား ၇၉၇ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ၅ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြည်တွင်း ရေကူးပြိုင်ပွဲများအနေဖြင့် တနှစ် တကြိမ်ပြုလုပ်ရန်ပင် မသေချာသည့်အခြေအနေတွင် ရေကူးလက်ရွေးစင် ကစားသမား၏ စံချိန်အရည်အသွေး သိရှိရန်နှင့် နိုင်ငံတကာ အတွေ့အကြုံများ ရရှိရန် ပြိုင်ပွဲသို့သွား ရောက်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်ကြောင်း ရေကူးနည်းပြဖြစ်သူ ဦးမောင်မောင်စိန်က ပြောသည်။

လျစ်လျူရှုထားတဲ့ အမျိုးသားရေကူးကန် ပျောက်ကွယ်သွားတော့မလား

လျစ်လျူရှုထားတဲ့ အမျိုးသားရေကူးကန် ပျောက်ကွယ်သွားတော့မလား (ရုပ်/သံ)ဧရာဝတီ ၊ ဖေဖော်ဝါရီ ၂၅ ၊ ၂၀၁၉ရိုက်ကူး /တည်းဖြတ်- ဧရာဝတီ

Posted by The Irrawaddy – Burmese Edition on Sunday, February 24, 2019

ဒီပြိုင်ပွဲမှာ ဆီးဂိမ်က လူတွေပါ ပါလာတော့ ဆီးဂိမ်းသက်တမ်း အလိုက် ပြိုင်ပွဲလို့ပဲ ယူဆတယ်။ နောက်ပြီး ဒီပြိုင်ပွဲက ရမှတ်တွေကို သတ်မှတ်ပြီး ကမ္ဘ့ာရေကူး အဖွဲ့ချုပ်က အဆင့် သတ်မှတ်ပေး တာတွေရှိတယ်။ အဲ့ဒါမှလည်း ကိုယ့်ကလေး တွေရဲ့ စံချိန် အဆင့်အတန်းကို သိရမှာပါ၊ ကစားပွဲထဲမှာ ကလေးတွေရခဲ့တဲ့ အတွေ့အကြုံကတော့ တန်းဖိုးမဖြတ်နိုင် အောင်ပါပဲဟု ပြောသည်။

လက်ရွေးစင် ရေကူးကစားသမားများ၏ အရည်အသွေး တိုးတက်လာရေးအတွက် နိုင်ငံတကာ သက်တမ်း အလိုက် ပြိုင်ပွဲ များသို့ စေလွှတ် ယှဉ်ပြိုင် နိုင်ရေးအတွက် ရေကူးအဖွဲ့ချုပ် အနေဖြင့် ဆောင်ရွက်စေလိုကြောင်းနှင့် ကစားသမားများ၏ အခက်အခဲများကို ပစ်မထားဖို့ မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Aqua King Swimming Club(ရေဘုရင် ရေကူးအသင်း)မှာ ၁၉၇၈ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ သည့် အသင်းဖြစ်ပြီး ရေကူး အားကစား တိုးတက်ရေးနှင့် မျိုးဆက်သစ် ကစားသမားများ ပျိုးထောင် မွေးထုတ်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် အသင်းပြန်လည်စုဖွဲ့ကာ ဆောင်ရွက်လျှက် ရှိသည်။

မြန်မာနိုင်င ံရေကူး အဖွဲ့ချုပ်အတွင်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိနေပြီး ကန့်ကွက်မှုများနှင့် လွှတ်တော်ရှိ ကျန်းမာရေးနှင့် အားကစားမြှင့်တင်ရေး ကော်မတီတို့ထံ တင်ပြတိုင်ကြားမှုများလည်း ရှိထားကြောင်း တိုင်ကြားထားသူများကပြောသည်။

ဆက်စပ်ဖတ်ရှု့ရန်ရေကူးအားကစား ဘာကြောင့် ခေါင်းမထောင်နိုင်သလဲ

The post ကလပ်အသင်းနှင့် ဆိုသော်လည်း ရရှိ ဆုတံဆိပ် နိုင်ငံကိုယ်စားပြု ဟု သွန်းမိုးမေ ပြော appeared first on ဧရာဝတီ.

မြန်မာ့ လက်ဝှေ့ ချန်ပီယံဆု အပါအဝင် ချန်ပီယံ ခါးပတ် ၃ ခု ဒေ့ဗ်လက်ဒပ် စွန့်လွှတ်

$
0
0

မြန်မာ့ရိုးရာ လက်ဝှေ့ ကမ္ဘာ့ ချန်ပီယံဆု အပါအဝင် လက်ဝှေ့ ချန်ပီယံ ခါးပတ် ၃ ခုကို စွန့်လွှတ်လိုက် ကြောင်း ကနေဒါ နိုင်ငံသား ဒေ့ဗ် လက်ဒပ် က ယမန်နေ့တွင် ရန်ကုန်မြို့၊ ကရဝိတ် ဟိုတယ် သတင်း စာ ရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။

World Lethwei Championship (WLC) နှင့် စာချုပ် ချုပ်ဆိုခဲ့သည့် အတွက် ၎င်း ရရှိထားသည့် မြန်မာ့ ရိုးရာလက်ဝှေ့ ကမ္ဘာ့ ချန်ပီယံ (MWLC)၊ နိုင်ငံတကာ လက်ဝှေ့ အဖွဲ့ချုပ် (ဂျပန်)ILFJ ချန်ပီယံ နှင့် Air KBZ အောင်လံ ချန်ပီယံဘွဲ့ ၃ ခုကို စွန့်လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း ချန်ပီယံဟောင်း ဒေ့ဗ် က ပြောသည်။

ဒေ့ဗ်လက်ဒပ်က “၂၀၁၉ မတ် ၉ ရက်မှာ WLC နဲ့ ကျနော် စာချုပ်ချုပ်ခဲ့တယ်။ အရည်အသွေးမြင့်၊ စိတ်လှုပ်ရှားစရာ ပွဲစဉ် တွေ သူတို့ တင်ဆက်တာနဲ့ Canal + ၊ UFC Fight Pass တို့နဲ့ ပူးပေါင်းပြီး လက်ဝှေ့ကို ကမ္ဘာက သိအောင် ကြိုးစားနေ တာတွေ ကျနော် သဘောကျတယ်။ ဒီတော့ ကျနော်က လက်ဝှေ့ရဲ့ တခြား ချန်ပီယံဘွဲ့တွေကို ကာကွယ်နိုင်တော့မှာ မဟုတ်ဘူး။ အဲဒီဘွဲ့တွေ ဖြုတ်လိုက်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပါတယ်။ MWLC ချန်ပီယံ၊ ILFJ ချန်ပီယံနဲ့ Air KBZ အောင်လံ ချန်ပီယံနေရာတွေက အခုဆိုရင် လစ်လပ်သွားပြီ ဖြစ်တယ်” ဟု ပြောဆိုသွားသည်။

မြန်မာမှုကို ချစ်မြတ်နိုးသည့် အတွက် မြန်မာ အမည် ဒေဝ အဖြစ် ခံယူထားသူ ကနေဒါ နိုင်ငံသား ဒေ့ဗ်လက်ဒပ်မှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ကျင်းပခဲ့သည့် Air KBZ အောင်လံ ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ လက်ဝှေ့ အလွတ်တန်း ချန်ပီယံ ထွန်းထွန်း မင်းကို အနိုင်ရကာ Air KBZ အောင်လံ ခါးပတ်ကို ရရှိခဲ့ သလို မြန်မာ့ ရိုးရာ လက်ဝှေ့ အလွတ်တန်း ချန်ပီယံဆု ရယူနိုင်ခဲ့ သည့် ပထမဆုံးသော နိုင်ငံခြားသား ဖိုက်တာ အဖြစ် မှတ်တမ်း ဝင်ခဲ့သည်။

ဒေ့ဗ်လက်ဒပ်မှာ ၂၀၁၇ ခုနှစ် ဇွန်လတွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည့် Lethwei in Japan – 4 ; FRONTIER ပြိုင် ပွဲတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ထိုင်းနိုင်ငံသား မွေ့ထိုင်း လက်ဝှေ့ ဖိုက်တာကို ထိုးသတ်ခဲ့ရာ ဒုတိယ အချီမှာပင် အလဲ ထိုး၍ အနိုင်ရရှိခဲ့သည့် အတွက် ၎င်း၏ တတိယမြောက် ချန်ပီယံ ခါးပတ် ဖြစ်သည့် ILFJ ချန်ပီယံဘွဲ့ကို ရရှိခဲ့သည်။

မြန်မာရိုးရာ လက်ဝှေ့ ချန်ပီယံဘွဲ့ကို မြန်မာနိုင်ငံသားများသာ ရရှိစေလို သဖြင့် ဒေ့ဗ်ကို WLC က စာချုပ်ချုပ် ဆိုကာ ၎င်း ရရှိထားသည့် မြန်မာ့ရိုးရာ လက်ဝှေ့ အလွတ်တန်း ချန်ပီယံဘွဲ့ကို စွန့်လွှတ်စေခဲ့ခြင်း ဖြစ်ကြောင်း WLC ဥက္ကဋ္ဌ ဦးဇေသီ ဟက ပြောသည်။

ဦးဇေသီဟက “ကျနော်တို့ရဲ့ခံယူချက်ကတော့ မြန်မာပြည် ချန်ပီယံသည် မြန်မာနိုင်ငံသား ဖြစ်ရမယ် ဆိုတဲ့ ခံယူချက် အပြည့် ရှိပါတယ်။ အဲဒါကြောင့် ၂၀၁၆ နှစ်ကုန်ပိုင်း ကစပြီးတော့ အမျိုးမျိုးပြောင်းလဲ ဖို့၊ ပြုပြင်ဖို့ ကြိုးစားပါတယ်။ မရတဲ့ အဆုံးမှာ နောက်ဆုံး နည်းဖြစ်တဲ့ ဒီနည်းက အောင်မြင်သွား တယ်လို့ ပြောလို့ရပါတယ်” ဟု ပြောဆိုသည်။

၎င်းက ဆက်လက်၍ “ဒေ့ဗ်ကို စာချုပ်ချုပ်တယ်။ ချုပ်ပြီးတော့ မြန်မာပြည် အလွတ်တန်း ချန်ပီယံ ဆိုတဲ့ အနေအထားကို စွန့်လွှတ်လိုက် ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံသားချင်း ပြန်ပြိုင်မယ့် လမ်းကြောင်းပေါ်ကို ပြန်တင်ပေးလိုက်တဲ့ အနေ အထားမျိုးပါ။ ဒေ့ဗ်ကိုယ်တိုင်က လိုလိုလားလား လက်ခံပြီးတော့ ဒီပွဲကို စီစဉ်လိုက်တာပါ” ဟု ရှင်းပြ ပြောဆိုသွားသည်။

ဒေ့ဗ် အနေဖြင့် ၂၀၁၆ ခုနှစ်တွင် မြန်မာ့ရိုးရာ လက်ဝှေ့ အလွတ်တန်း ချန်ပီယံ ဖြစ်ပြီးနောက်၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် အတွင်း ဆိုင်းရပ် (ဝါရှင်တန်) နှင့် ချန်ပီယံဟောင်း ထွန်းထွန်းမင်း တို့ ပွဲစဉ် အပါအဝင် ချန်ပီယံခါးပတ် ကာကွယ်ပွဲ ၇ ပွဲ ထိုးသတ်ကာ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့သူ ဖြစ်သည်။

ချန်ပီယံဟောင်း ဒေ့ဗ်က “ကျနော်က လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ အဖြစ်နဲ့ ရှုံးပွဲ မရှိထားတော့ WLC က ကျနော့် အတွက် စီစဉ်ပေးမယ့် ဘယ်လို စိန်ခေါ်မှုမျိုး မဆို အမြဲ လက်ခံသွားမှာပါ။ ကျနော့်ကို စိန်ခေါ် ချင်တဲ့သူ ရှိရင် WLC နဲ့ ဆွေးနွေးလို့ ရပါတယ်။ ကျနော် ကြိုးစားသမျှတွေကို အားပေးတဲ့ ပရိတ်သတ် အားလုံးကို ကျေးဇူးတင်ပါတယ်။ ချန်ပီယံ အဖြစ်နဲ့ နွေးနွေး ထွေးထွေး ကြိုဆိုပေးတဲ့ မြန်မာနိုင်ငံကို ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

WLC အဖွဲ့ အနေနှင့် မြန်မာ့ရိုးရာ လက်ဝှေ့ ချန်ပီယံဟောင်း ဒေ့ဗ်ကို စာချုပ် ချုပ်ဆိုပြီးနောက် ပွဲဦးထွက် အနေဖြင့် UFC ဖိုက်တာဟောင်း တဦးနှင့် မြန်မာ့ရိုးရာ လက်ဝှေ့ စည်းကမ်းများ အတိုင်း ထိုးသတ်ရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရ သည်။

မြန်မာမှုကို ချစ်မြတ်နိုး သဖြင့် မြန်မာ့ ရိုးရာ အတိုင်း ရန်ကုန်မြို့တွင် မင်္ဂလာဆောင်ပြီး ဇနီးဖြစ်သူနှင့် အခြေချ နေထိုင် လျက် ရှိသည့် ဒေ့ဗ်မှာ မြန်မာ့ရိုးရာ လက်ဝှေ့ အလွတ်တန်း ချန်ပီယံ ဖြစ်ပြီးနောက်၂ နှစ်ကျော် ကာလ အတွင်း ကနေဒါ၊ ဆိုက်ပရပ်စ်၊ ဒူဘိုင်း၊ တူရကီ၊ အီတလီ၊ စပိန်၊ အင်္ဂလန်၊ ပေါ်တူဂီ၊ ချက်၊ ဆလိုဗက်ကီးယား၊ နော်ဝေ၊ ဒိန်းမတ်နှင့် အိုက် စလန် နိုင်ငံများတွင် မြန်မာ့ရိုးရာ လက်ဝှေ့ ပညာ သင်ကြားမှုများ ဆောင်ရွက်ခဲ့သူ တဦးလည်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

ဒေဝရဲ့ချန်ပီယံခါးပတ် ထွန်းထွန်းမင်း လုယူနိုင်မလား

The post မြန်မာ့ လက်ဝှေ့ ချန်ပီယံဆု အပါအဝင် ချန်ပီယံ ခါးပတ် ၃ ခု ဒေ့ဗ်လက်ဒပ် စွန့်လွှတ် appeared first on ဧရာဝတီ.

အမျိုးသမီးတွေ လက်ဝှေ့ထိုးသင့်တဲ့ အကြောင်းအရင်း ၅ ချက်

$
0
0

ယနေ့ခေတ်မှာ အမျိုးသမီးတွေ အနေနဲ့ အပြင်သွားလာရင်း ကြုံတွေ့ရမယ့် အန္တရာယ်တွေကို ရင်ဆိုင်နိုင်ဖို့ ကိုယ်ခံပညာကို သင်ယူထားဖို့ လိုအပ်လာပါပြီ။ ၂၀၁၂ ခုနှစ် မတိုင်ခင်အထိ အိုလံပစ်ပွဲတွေမှာ အမျိုးသမီးတွေအတွက် လက်ဝှေ့ပြိုင်ပွဲတွေ ပြုလုပ်ပေးခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ အမျိုးသမီးတွေဟာ လက်ဝှေ့ထိုးခြင်းကို စိတ်ဝင်စားလာကြပါတယ်။

လက်ဝှေ့ထိုးခြင်းဟာ အမျိုးသမီး မဆန်တဲ့ အလုပ်လို့ ပြောနေကြတဲ့ သူတွေလည်း ရှိနေသေးတာကို တွေ့ရပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ အမျိူးသမီးတွေ အနေနဲ့ ဘာကြောင့် လက်ဝှေ့ထိုးသင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

(၁) ယုံကြည်မှု ရှိစေခြင်း

လက်ဝှေ့ထိုးခြင်းဟာ သင့်ကိုယ်သင် ယုံကြည်မှုတွေ ဖြစ်ပွားအောင် ပြုလုပ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လက်ဝှေ့ထိုးခြင်းဟာ ကိုယ်အလေးချိန်ကို လျော့ကျစေတဲ့ ကိုယ်ခံပညာတခု ဖြစ်နေလို့ပါပဲ။

(၂) စိတ်သက်သာရာ ရခြင်း

စိတ်ဖိစီးမှုတွေ များလာတဲ့အခါ လက်ဝှေ့ထိုးခြင်းက သင့်ကို စိတ်သက်သာရာ ရစေပါတယ်။ ဒေါသဖြစ်နေတာတွေ အားလုံးကို သဲအိတ်ပေါ် ပုံချလိုက်လို့ ရတာကြောင့် စိတ်ခံစားချက်တွေ ပြောင်းသွားနိုင်ပါ လက်ဝှေ့ထိုးခြင်းက သင့်ခန္ဓာကိုယ်ထဲက ပျော်ရွှင်တဲ့ ဟော်မုန်းတွေ ထွက်လာအောင် ကူညီပေးပါတယ်။

(၃) ကိုယ်ခံပညာ တတ်မြောက်စေခြင်း

ယနေ့ခေတ်မှာ အမျိုးသမီးတိုင်း ကိုယ်ခံပညာကို တတ်မြောက်ထားဖို့ လိုအပ်လာပါပြီ။ ကိုယ်ခံပညာ တတ်မြောက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ လက်ဝှေ့ထိုးတာပဲ ဖြစ်ပါတယ်။ လက်ဝှေ့ထိုးတဲ့ အားကစားခန်းမတွေမှာ ကျား၊ မ မခွဲဘဲ အမှန်တကယ် ပင်ပင်ပန်းပန်း သင်ကြားရတာကြောင့် တန်းတူ အခွင့်အရေး ရရှိသလို ခံစားမှုမျိုးကိုလည်း ရရှိစေမှာပါ။

(၄) ပေါင်းသင်း ဆက်ဆံရေး

လက်ဝှေ့သင်တဲ့ အားကစားခန်းမတွေမှာ အများနည်းတူ လေ့ကျင့်ခန်းတွေ ပြုလုပ်ရတာကြောင့် ပေါင်းသင်း ဆက်ဆံရေးလည်း ကောင်းမွန်လာနိုင်ပါတယ်။ အများနဲ့အတူ သင်ကြားခြင်းကြောင့် လက်ဝှေ့ထိုးခြင်းနဲ့ သက်ဆိုင်တဲ့ ဗဟုသုတတွေကို အချင်းချင်း မျှဝေနိုင်ပါသေးတယ်။

Shot of a young woman sparring with a boxing partner at the gym

(၅) စိတ်ပူစရာ မရှိခြင်း

ရုပ်ရှင်တွေမှာ ပါဝင်တဲ့ ပုံစံလိုမျိုး လက်ဝှေ့ပညာဟာ ကြောက်စရာ မကောင်းပါဘူး။ လေ့ကျင့်ရေး ပြုလုပ်ချိန်တွေမှာ ကျွမ်းကျင်တဲ့ လေ့ကျင့်သူတွေက သင့်ခန္ဓာကိုယ်နဲ့ အဆင်ပြေမယ့် လေ့ကျင့်ခန်းကိုပဲ လုပ်ခိုင်းမှာဖြစ်လို့ စိတ်ပူစရာ မရှိပါဘူး။ ဒါ့အပြင် လက်ဝှေ့ထိုးတဲ့ လက်အိတ်နဲ့ သဲအိတ်တွေဟာလည်း အခြား အားကစား ပစ္စည်းတွေလောက် ဈေးမကြီးတဲ့အတွက် အိမ်မှာလည်း လေ့ကျင့်လို့ အဆင်ပြေပါတယ်။

Ref; sophiechekruga

The post အမျိုးသမီးတွေ လက်ဝှေ့ထိုးသင့်တဲ့ အကြောင်းအရင်း ၅ ချက် appeared first on ဧရာဝတီ.

ချန်ပီယံဘွဲ့အတွက် ဂျပန်မြေတွင် အစွမ်းပြရမည့် အောင်လအန်ဆန်း

$
0
0

အာရှတလွှား တိုက်ခိုက်ရေးအားကစားပွဲများ စီစဉ်ကျင်းပနေသည့် ဝမ်းချန်ပီယံရှစ်အဖွဲ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် “A New Era” အမည်ရှိ ပြိုင်ပွဲကို မတ်လ ၃၁ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ခဲ့သည်။

ဂျပန်နိုင်ငံတွင် ပထဆုံး ကျင်းပမည့်အဆိုပါပြိုင်ပွဲတွင် မြန်မာတို့၏ အချစ်တော် MMA နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လအန်ဆန်း အနေဖြင့် ၎င်း၏ ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို တတိယအကြိမ်မြောက် ကာကွယ်ထိုးသတ်ရတော့မည် ဖြစ်သည်။

မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်းအနေဖြင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်လက ရန်ကုန်မြို့တွင်ကျင်းပသည့် “Light Of A Nation” ပြိုင်ပွဲတွင် ရှုံးပွဲမရှိသော MMA မစ်ဒယ်ဝိတ်ချန်ပီယံ ဗစ်တာလီ ဘစ်ဒက်ရှ်ကို အနိုင်ယူပြီး ပထမဆုံးသော မြန်မာနိုင်ငံသား ကမ္ဘာ့ မစ်ဒယ်ဝိတ်ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ၎င်း၏ချန်ပီယံဆုကို လုယူရန် စိန်ခေါ် လာခဲ့သည့် ဂျပန်ဖိုက်တာ ဟာဆဲဂါဝါနှင့် လက်ဘနွန်ဖိုက်တာ မိုဟာမက် ခရာကီတို့ကို အလဲထိုးဖြင့်အနိုင်ယူကာ မစ်ဒယ်ဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့သည်။

သို့သော် အောင်လအန်ဆန်း ယခင်ထိုးသတ်ခဲ့သည့် ချန်ပီယံခါးပတ်ကာကွယ်ပွဲများက ၎င်းမွေးဖွားရာ မြန်မာ့မြေ၊မြန်မာ ပရိတ်သတ်များ ရှေ့မှောက်တွင် ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး ဒီတကြိမ် ထိုးသတ်ရမည့်ပွဲက ဂျပန်ဖိုက်တာ ဟာဆဲဂါဝါကို ဂျပန်နိုင်ငံတွင် ထိုးသတ်ရမည့် ပွဲစဉ်ဖြစ်သည်။

အောင်လအန်ဆန်းအတွက်တော့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်း ပြည်ပနိုင်ငံတခုတွင် ပထမဆုံးထိုးသတ်မည့်ပွဲစဉ်ဖြစ်ပြီး ဟာဆဲဂါဝါဆိုသူက အောင်လ၏ မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို တကြိမ်လုယူရန် ကြိုးစားခဲ့ဖူးသူ ဖြစ်နေသည့်အတွက် အောင်လနှင့် ဟာဆဲဂါဝါတို့၏ ဒုတိယအကြိမ် တွေ့ဆုံမှုက စိတ်ဝင်စားဖို့ ကောင်းနေသည်။

ဖိုက်တာ ဟာဆဲဂါဝါ အကြောင်း မိတ်ဆက်ပေးရလျှင် သူက ဂျပန်နိုင်ငံရှိ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ – MMA လောက၏ မစ်ဒယ်ဝိတ်တန်းတွင် နံပါတ်ဝမ်း ဖိုက်တာတဦးဖြစ်ပြီး ၂၀၁၀ ခုနှစ်ကစတင်၍ ခက်ခဲ ကြမ်းတမ်းသည့် MMA လောကထဲကို ဝင်ရောက်ခဲ့သူ ဖြစ်သည်။ ဟာဆဲဂါဝါ၏ MMA ဖိုက်တာဘ၀ ၈ နှစ်တာကာလအတွင်း ဂျပန်နိုင်ငံ၏ သိုင်းပေါင်းစုံ ကိုယ်ခံပညာ ပြိုင်ပွဲများ ဖြစ်သည့် Deep နှင့် Rizin ပွဲများတွင် ၁၈ ပွဲထိုးသတ်ခဲ့ရာ ၁၆ ပွဲ အနိုင်ရရှိထားသူ ဖြစ်သည်။

အနိုင်ရခဲ့သည့် ၁၆ ပွဲတွင် အလဲထိုးဖြင့် ၆ ပွဲ၊ ပိုင်နိုင်သည့်ချုပ်နှောင်မှုဖြင့် ပြိုင်ဘက်မှ အရှုံးပေးစေခဲ့သည့်ပွဲ ၄ ပွဲနှင့် ဒိုင်အဖွဲ့ အဆုံးအဖြတ်ဖြင့် ၆ ပွဲ အနိုင်ရရှိထားသူ ဖြစ်သည်။

ပြိုင်ဘက်ကို ခြေကန်ချက်၊ လက်သီးချက်များဖြင့် တိုက်ခိုက်လေ့ရှိပြီး အထိုးခံ၊ အနာခံ၍ ပြိုင်ဘက်ကို ချုပ်နှောင်ကာ အနိုင်ယူတတ်သည့် အသက် ၃၂ နှစ်အရွယ်ရှိ ဟာဆဲဂါဝါအနေဖြင့် ၂၀၁၈ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ဝမ်းချန်ပီယံရှစ်အဖွဲ့နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။

ထို့နောက် ချန်ပီယံဖြစ်ရန် ရည်မှန်းချက်ကြီးမားသည့် ဟာဆဲဂါဝါက ဝမ်းချန်ပီယံရှစ်တွင် ပထမဆုံး ယှဉ်ပြိုင် တိုက်ခိုက်ရန် ရွေးချယ်ခဲ့သူက မြန်မာပရိတ်သတ် အချစ်တော် MMA ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆန်း ဖြစ်သည်။

မြန်မာ့မြေပေါ်တွင် ပြိုင်ဘက်တိုင်းကို အနိုင်ယူပြီး ရှုံးပွဲမရှိ စံချိန်ရယူထားသူ ချန်ပီယံ အောင်လအန်ဆန်းကို ထိုးသတ်ရန် စွန့်စားမှုများစွာဖြင့် ရွေးချယ်ခဲ့သူ ဟာဆဲဂါဝါမှာ ၂၀၁၈ ခုနှစ် ဇွန်လတွင် ရန်ကုန်မြို့၌ ကျင်းပသည့် “ONE ; SPIRIT OF A WARRIOR” ပြိုင်ပွဲတွင် အောင်လအန်ဆန်းနှင့် ရင်ဆိုင်ထိုးသတ်ခဲ့သည်။

ကြိုးဝိုင်းအတွင်း၌ အောင်လနှင့် ဟာဆဲဂါဝါတို့ အပြန်အလှန် ထိုးသတ်မှုများဖြင့် ပြိုင်ပွဲက ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းခဲ့ပြီး ပြိုင်ပွဲ၏ ၅ ချီမြောက် ၃ မိနစ်နှင့် ၁၃ စက္ကန့်တွင် ချန်ပီယံအောင်လ၏ လက်သီးချက်ဖြင့် ဟာဆဲဂါဝါတယောက် ရှုံးနိမ့်ခဲ့ပြီး ဒဏ်ရာ ဒဏ်ချက်များစွာဖြင့် အရှုံးကို ရင်ဝယ်ပိုက်၍ ဂျပန်မြေသို့ ပြန်သွားခဲ့ရသည်။

အောင်လနှင့် ဟာဆဲဂါဝါတို့ ထိုးသတ်သည့်ပွဲစဉ်က ဝမ်းချန်ပီယံရှစ်၏ သမိုင်းတလျှောက် အကောင်းဆုံးနှင့် အကြမ်းတမ်းဆုံး ပွဲစဉ်များထဲတွင် ပါဝင်ခဲ့သလို ၂၀၁၇ ဇွန်လနောက်ပိုင်း ထိုးသတ်ခဲ့သည့် ချန်ပီယံ အောင်လ၏ ပြိုင်ဘက် ၄ ဦးတွင် ဟာဆဲဂါဝါမှာ ၅ ချီ အထိ အချိန်အကြာဆုံး ထိုးသတ်ခဲ့ရသည့်ဖိုက်တာအဖြစ် မှတ်တမ်း ဝင်ခဲ့သည်က ဟာဆဲဂါဝါအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်ခဲ့သည်။အောင်လကို ရှုံးနိမ့်ခဲ့သော်လည်း ဟာဆဲဂါဝါတယောက် ၎င်း၏ချန်ပီယံဖြစ်ရေး အိပ်မက်ကို မစွန့်လွှတ်ခဲ့ပဲ ကြိုးစား လေ့ကျင့်ခဲ့ပြီး တခြားမည်သည့်ပွဲစဉ်ကိုမျှ ထိုးသတ်ခြင်း မရှိဘဲ အောင်လနှင့် ဒုတိယအကြိမ်မြောက် ထိုးသတ်ခွင့်ရရန် စောင့်ဆိုင်းနေခဲ့သည်။

ထို့နောက် ဂျပန်နိုင်ငံတွင် ပထမဆုံးကျင်းပမည့် “A New Era” ပြိုင်ပွဲ ပေါ်ပေါက် လာချိန်မှာတော့ ဂျပန်ဖိုက်တာ ဟာဆဲဂါဝါအတွက် ၎င်းမွေးဖွားရာ ဂျပန်မြေ၊ ဂျပန်ပရိတ်သတ်ရှေ့တွင်ချန်ပီယံ အောင်လအန်ဆန်းကို ရှုံးကြွေးပြန်ဆပ်ရန် အခွင့်အရေး ပေါ်ပေါက်လာခဲ့သည်။

အောင်လအန်ဆန်းအတွက်တော့ ဖိုက်တာ ဟာဆဲဂါဝါက ၎င်း၏ကစားသမားဘ၀ သက်တမ်းတလျှောက် ပထမဆုံး ထိုးသတ်သော ဂျပန်ဖိုက်တာဖြစ်သည်။ ဟာဆဲဂါဝါမှာ ဂျူဒို ခါးပတ်နက်ပညာရှင် တဦးဖြစ်ပြီး ၎င်း၏ထူးခြားသည့် အရည်အချင်းမှာ ခံနိုင်ရည်နှင့် သက်လုံမြင့်မားခြင်းဖြစ်သည်။ ပထမအကြိမ် မြန်မာ့မြေပေါ်၌ ဆုံတွေ့ခဲ့စဉ်က အောင်လအနေဖြင့် ၅ ချီမြောက်အထိ အပြန်အလှန် ထိုးသတ်ခဲ့ရပြီး ဒဏ်ရာများစွာ ရနေသည့်တိုင် အောင်လကို ခုခံထိုးသတ်ခဲ့သည့် ဟာဆဲဂါဝါ၏ ခံနိုင်ရည်စွမ်းအားက ချီးကျူးဖွယ်ရာဖြစ်သည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ကြိုးဝိုင်းအတွင်း၌ မတ်လ ၃၁ ရက်နေ့တွင် ထိုးသတ်မည့် “A New Era” ပွဲစဉ်တွင် ချန်ပီယံ အောင်လအနေဖြင့် ဟာဆဲဂါဝါကို ပထမပွဲကဲ့သို့ လူချင်းခွာ၍ လက်သီးချင်း ယှဉ်ထိုးမလား၊ လူချင်းပူး၍ ၎င်း၏ မြန်မာ့စပါးအုံးမြွေဟု လူသိများထင်ရှားသည့် ချုပ်ကွက်ဖြင့် ချုပ်၍ကစားမလားဆိုသည်က စိတ်ဝင်စားဖို့ ကောင်းသည်။

ပြိုင်ဘက်ကို ချုပ်ကိုင်သည့်ပညာ ကျွမ်းကျင်နေသည့် ဟာဆဲဂါဝါကို ချုပ်ဖို့မကြိုစားဘဲ လူချင်းခွာ၍ လက်သီးချင်း ယှဉ်ထိုးကာ ဖြိုလှဲမည့်နည်းကို အောင်လအနေဖြင့် အသုံးပြုသွားမည်ဟု ခန့်မှန်းရသည်။ ထိုနည်းအတိုင်း တိုက်ခိုက်ခဲ့လျှင်တော့ ရန်ကုန်မြို့မှာ ၂၀၁၈ ဇွန်လက ထိုးသတ်ခဲ့သည့်ပွဲကဲ့သို့ လက်သီးချက်၊ ခြေကန်ချက်များဖြင့် ကြိုးဝိုင်းထဲတွင် သူတပြန်၊ ကိုယ်တပြန် အကြိတ်အနယ် ထိုးသတ်မှုကို ပရိတ်သတ်များ ရှုစားရမည်ဖြစ်သည်။

ဟာဆဲဂါဝါကတော့ ပထမပွဲစဉ်က ရှုံးနိမ့်ခဲ့သည့် ရှုံးကြွေးကို ပြန်ဆပ်ကာ အောင်လကို အနိုင်ယူသွားမည်ဟု ဝမ်းချန်ပီယံရှစ်နှင့် အင်တာဗျူးတွင် ပြောဆိုသည်။

“ကျနော်သူ့ကို နိုင်အောင်ထိုးမှာပါ။ ပထမပွဲစဉ်တုန်းက ရှုံးထားတဲ့ ရှုံးကြွေးကို ပြန်ဆပ်ချင်ပါတယ်။ ပထမ အချီမှာတင် ဒီပြိုင်ပွဲကို အဆုံးသတ်ဖို့အတွက် ကျနော် အဆင်သင့်ဖြစ်နေပါပြီ”ဟု ဟာဆဲဂါဝါက ပြောသည်။

အောင်လအနေဖြင့် ဟာဆဲဂါဝါနှင့် ထိုးသတ်ဖို့အတွက် UFC ဖိုက်တာ Derek Brunson နှင့် Jonas စသည့် မစ်ဒယ်ဝိတ် ဖိုက်တာများနှင့် ပူးတွဲလေ့ကျင့်ခဲ့ပြီး ချန်ပီယံခါးပတ်ကာကွယ်ဖို့ အကောင်းဆုံးပြင်ဆင်ထားကြောင်း ၎င်း၏လူမှုကွန်ရက်မှတဆင့် ပြောဆိုသည်။

“ပရိသတ်တွေကို အကောင်းဆုံးပွဲတစ်ခု တင်ဆက်ခွင့်ရမယ့်အတွက် အရမ်းပဲ ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံက ဘော်ဒါတွေ လာမယ့်တနင်္ဂနွေမှာ အကောင်းဆုံးပွဲတစ်ခုကို ခင်ဗျားတို့ မြင်ရတော့မယ်”ဟု သူ၏လူမှုကွန်ရက်မှ တဆင့် အောင်လအန်ဆန်းက ပြောသည်။

One Championship အဖွဲ့၏ နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လအန်ဆန်းအနေဖြင့် ဟာဆဲဂါဝါကို အနိုင်ရခဲ့ပါက နှစ်ထပ်ကွမ်း ချန်ပီယံအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက မစ်ဒယ်ဝိတ် ချန်ပီယံဘွဲ့ စွန့်လွှတ်ရမည် ဖြစ်ကာ လိုက်ဟဲဗီးဝိတ်ချန်ပီယံအဖြစ်သာ ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်။

အောင်လအန်ဆန်းနှင့် ဟာဆဲဂါဝါတို့၏ ကစားသမားဘ၀ ထိုးသတ်မှုမှတ်တမ်းများကို နှိုင်းယှဉ်ကြည့်လျှင် မြန်မာတို့၏အချစ်တော် အောင်လက ဂျပန်ဖိုက်တာထက် များစွာသာလွန်နေသည်။ အောင်လအန်ဆန်းမှာ ၂၀၀၅ ခုနှစ်ကစတင်ကာ MMA လောကသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး ကစားသမားဘဝသက်တမ်းတလျှေက် ၃၄ ပွဲထိုး၊ ၂၄ ပွဲနိုင်၊ ၁၀ ပွဲရှုံးရလာဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ် ဇွန်လက ကျင်းပသည့် Light of a Nation ပြိုင်ပွဲတွင် ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှ်ကို ဒိုင်အဖွဲ့၏ဆုံးဖြတ်ချက်ဖြင့် အနိုင်ရခဲ့ပြီး မြန်မာပြည်ကိုယ်စားပြု ပထမဆုံးသော ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံဖြစ်လာခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် Quest For Gold ပြိုင်ပွဲတွင် ၎င်းထိုးသတ်နေသည့် မစ်ဒယ်ဝိတ်ထက် တဆင့်မြင့်သည့် လိုက်ဟဲဗီးဝိတ်ကစားသမား မာချာဒိုကို အနိုင်ယူကာ ဝမ်းချန်ပီယံရှစ်၏ ပထမဆုံးသော မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် နှစ်ထပ်ကွမ်းချန်ပီယံ အောင်လအန်ဆန်းအဖြစ် မှတ်တမ်းသစ် ရေးထိုးထားခဲ့သူ ဖြစ်သည်။

၂၀၁၇ ဇန်နဝါရီလက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ထိုးသတ်သည့် ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှ်ကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်နောက်ပိုင်း အောင်လအန်ဆန်း ထိုးသတ်သည့်ပွဲတိုင်း ရှုံးပွဲမရှိခဲ့ပဲ

၅ ပွဲထိုး ၅ ပွဲနိုင်ဖြင့် ချန်ပီယံခါးပတ် ၂ ခုကို ရယူထားသူဖြစ်သည်။ ဟာဆဲဂါဝါအနေဖြင့် ဝမ်းချန်ပီယံရှစ်တွင် ထိုးသတ်သည့် ပထမဆုံးပွဲစဉ်မှာပင် ချန်ပီယံအောင်လကို စိန်ခေါ်၍ ၎င်း၏ကစားသမား ဘဝအတွက် အခက်ခဲဆုံးပွဲစဉ်ကို ရွေးချယ်ခဲ့သည်။ ယခုလည်း ရှုံးကြွေးဆပ်၍ ချန်ပီယံ ဖြစ်ရန် ရည်မှန်းချက်ကြီးစွာဖြင့် အောင်လကို ထပ်မံစိန်ခေါ်ကာ MMA ကစားသမားဘ၀ အခက်ခဲဆုံးပွဲစဉ်ကို ထပ်မံရွေးချယ် ခဲ့ပြန်သည်။

သူ့အနေဖြင့် ချန်ပီယံ အောင်လနှင့် ဒုတိယအကြိမ်မြောက် ထိုးသတ်ခွင့်ရသည့်ပွဲတွင် အောင်လကို ဖြိုလှဲနိုင်ကြောင်း သက်သေပြဖို့ လိုအပ်နေပြီး ဒီတကြိမ်ထပ်မံရှုံးနိမ့်လျှင်တော့ မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံကို ထပ်မံစိန်ခေါ်ဖို့ အလှမ်းဝေးသွားမည် ဖြစ်သည်။

အောင်လအန်ဆန်းဟူသည်က ၁ နှစ်ခွဲကျော်ကာလအတွင်း ဝမ်းချန်ပီယံရှစ်၏ လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုကို ရယူကာ မြန်မာနိုင်ငံ၏ဂုဏ်ဆောင် အားကစားသမားဘဝကို အချိန်တိုအတွင်း ရယူနိုင်ခဲ့သူဖြစ်ပြီး ရာနှုန်းပြည့်နိုင်ပွဲဖြင့် ခရီးဆက်နေသည့် ချန်ပီယံဖြစ်သည်။

သို့သော် ၂၀၁၆ ခုနှစ် နောက်ပိုင်း ထိုးသတ်သည့် နိုင်ပွဲ ၈ ပွဲအနက် ၇ ပွဲမှာ အောင်လ၏ မွေးရပ်မြေဖြစ်သည့် မြန်မာနိုင်ငံတွင် ထိုးသတ်ပြီး အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည် ပြင်ပတွင် ပထမဆုံးထိုးသတ်မည့် ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ် ကာကွယ်ပွဲတွင် ဟာဆဲဂါဝါကို အနိုင်ယူကာ ပြည်တွင်း၊ ပြည်ပ နေရာမရွေး အနိုင်ယူသည့် “မြန်မာနိုင်ငံ၏ နယ်မရှောင်သည့် ကြယ်ပြောင်ဖိုက်တာ” ဖြစ်ကြောင်း သက်သေပြဖို့ လိုအပ်နေသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ရိုဂိုကု ဂိုကူဂီကန် အားကစားခန်းမတွင် မတ်လ ၃၁ ရက်နေ့ ညနေပိုင်း (မြန်မာစံတော်ချိန် ညနေ ၄ နာရီ) အချိန်တွင် ဝမ်းချန်ပီယံရှစ်၏ ကမ္ဘာ့မစ်ဒယ်ဝိတ် အောင်လအန်ဆန်းနှင့် စိန်ခေါ်သူ ဂျပန်ဖိုက်တာ ဟာဆဲဂါဝါတို့ အကြိတ်အနယ် ထိုးသတ် ကြတော့မည် ဖြစ်သည်။

ဟာဆဲဂါဝါက သူ၏အိပ်မက်အတိုင်း အောင်လကို ရှုံးကြွေးဆပ်ကာ မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို သိမ်းပိုက်သွားမလား၊ မြန်မာတို့၏အချစ်တော် အောင်လအန်ဆန်းကပဲ ဟာဆဲဂါဝါကို ထပ်မံအနိုင်ယူကာ မစ်ဒယ်ဝိတ် ချန်ပီယံဘွဲ့ကို ၃ ကြိမ်မြောက် ဆက်လက်ကာကွယ်သွားနိုင်မလား စောင့်ကြည့်ရမည်ဖြစ်သည်။

The post ချန်ပီယံဘွဲ့အတွက် ဂျပန်မြေတွင် အစွမ်းပြရမည့် အောင်လအန်ဆန်း appeared first on ဧရာဝတီ.


မြန်မာတို့၏ ဖိုက်တာ အောင်လအန်ဆန်း

$
0
0

မြန်မာတို့၏ အချစ်တော် အောင်လအန်ဆန်းမှာ၂၀၁၇ ခုနှစ် ဝမ်း ချန်ပီယံရှစ်၏ ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံ ဗစ်တာလီ ဘစ်ဒက်ရှ်ကို အနိုင်ရပြီး ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံ အသစ် ဖြစ်လာချိန်တွင် MMA လောကသား တချို့က “အောင်လရဲ့ မွေးရပ်မြေမှာ ထိုးလို့ ဘစ်ဒက်ရှ် ကို နိုင်ပြီး ချန်ပီယံ ဖြစ်တာ”ဟူ၍ ဝေဖန်ခဲ့ကြသည်။

လက်ရှိ အချိန်မှာတော့ ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံဘွဲနှင့် မထိုက်တန် သကဲ့သို့ ပြောဆိုခဲ့ကြသည့် ဝေဖန်မှုများ မှားယွင်း ကြောင်း အောင်လအန်ဆန်းက သက်သေပြခဲ့ပြီ ဖြစ်သည်။

၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်က ဂျပန်နိုင်ငံ တိုကျို မြို့တွင် ကျင်းပသည့် A New Era ပြိုင်ပွဲတွင် ဂျပန်နိုင်ငံ၏ မစ်ဒယ် ဝိတ်တန်း MMA လောကတွင် နံပါတ်ဝမ်း ဖြစ်သည့် ဂျပန်ဖိုက်တာ ဟာဆီဂါဝါ ကို အိမ်ရှင် ဂျပန် ပရိတ်သတ်များ ရှေ့ မှောက်၌ အလဲထိုးဖြင့် အနိုင်ယူကာ စစ်မှန်သည့် ကမ္ဘာ့ မစ်ဒယ် ဝိတ် ချန်ပီယံ ဖြစ်ကြောင်း ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့သား အောင်လအန်ဆန်းက သက်သေ ပြခဲ့သည်။

ဝမ်း ချန်ပီယံရှစ်၏ နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လအန်ဆန်းနှင့် ဂျပန် ဖိုက်တာ ဟာဆီဂါဝါတို့ ဒုတိယ အကြိမ်မြောက် မကျေပွဲ အဖြစ် ဂျပန်နိုင်ငံမှာ ထိုးသတ်မည် ဆိုတော့ အောင်လကို သည်းသည်း လှုပ် အားပေးကြသည့် မြန်မာ ပရိသတ် တွေ ရင်ခုန်ကြသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လက ရန်ကုန်မြို့မှာ အောင်လနှင့် ဟာဆီဂါဝါတို့ ထိုးသတ်စဉ်က ပွဲကစားချိန် ၅ ချီ အထိ သူတပြန် ကိုယ်တပြန် ထိုးနှက်ခဲ့ကြပြီး မျက်နှာတွင် အညိုအမည်း ဒဏ်ရာဒဏ်ချက် များစွာဖြင့် နှစ်ယောက်စလုံး အထိနာ ခဲ့ကြသည်။

နောက်ဆုံး အချီကျမှ အောင်လ၏ ညာဖြောင့် လက်သီးချက်ဖြင့် ဟာဆီဂါဝါ တယောက် ကြမ်းပြင်ပေါ် လဲကျပြီး ရှုံးနိမ့် သွားခဲ့သည်။

မြန်မာ့မြေပေါ်မှာတောင် အောင်လကို အကြိတ်အနယ် ထိုးသတ်ခဲ့ရသည့် ဂျပန် ဖိုက်တာနှင့် ဂျပန်မြေ မှာ မစ်ဒယ်ဝိတ် ချန်ပီယံ ခါးပတ် ကာကွယ်ပွဲ ထပ်မံ ထိုးသတ်ရမည် ဆိုတော့ သူတို့ ချစ်သော အောင်လအန်ဆန်း အတွက် မြန်မာ ပရိတ် သတ်တွေ စိတ်ပူခဲ့ကြသည်။

အောင်လ အတွက် ၂၀၁၇ ခုနှစ် ဇွန်လတွင် မစ်ဒယ်ဝိတ် ချန်ပီယံ ဖြစ်ပြီးသည့် နောက်ပိုင်း ပြည်ပ၌ ပထမဆုံး ထိုးမည့် ပွဲစဉ် ဖြစ်သလို ပြိုင်ဘက် ဟာဆီဂါဝါ ကလည်း အောင်လနှင့် တကြိမ် ထိုးသတ် ထားဖူးသူ၊ အောင်လကို ဒဏ်ရာ ဒဏ် ချက် များစွာ ရအောင် ထိုးနှက်ခဲ့သူ ဖြစ်နေသည့် အချက်များက အောင်လ ပရိတ်သတ်တွေ ရင်ပူစေခဲ့သည်။

ဟာဆီဂါဝါ ကလည်း ၈ လကျော် အချိန်ယူ လေ့ကျင့်ခဲ့ပြီး အမေရိကန် နိုင်ငံသို့ သွားရောက်၍ MMA ဖိုက်တာများနှင့်ပါ ပူးတွဲ လေ့ကျင့်မှုများ လုပ်ဆောင်ကာ အောင်လ အန်ဆန်း၏ မစ်ဒယ်ဝိတ် ချန်ပီယံ ခါးပတ်ကို ဂျပန်နိုင်ငံ အတွက် လုယူနိုင် ရန် ပြင်ဆင်ထားခဲ့သည်။

တကယ်တမ်း A New Era ပြိုင်ပွဲ ကြိုးဝိုင်းထဲတွင် ဖိုက်တာ နှစ်ဦး ဆုံတွေ့ကြချိန်မှာတော့ ဟာဆီဂါဝါ တယောက်ရန်ကုန်မြို့သုဝဏ္ဏ အားကစားရုံထဲတွင် ထိုးသတ်ခဲ့သည့် အောင်လအန်ဆန်းနှင့် လားလားမှ မတူသည့် အောင်လ အန် ဆန်း အစစ်အမှန်ကို မြင်တွေ့သွားခဲ့သည်။

ရန်ကုန်မြို့တွင် ၂၀၁၈ ခုနှစ် ဇွန်လက ထိုးသတ်ခဲ့သည့် ပွဲစဉ်တွင် အောင်လက ပွဲကို ထိန်း ကစား သည်။ မျက်နှာကို အကာ အကွယ် မလုပ်၊ ခန္ဓာကိုယ်ကို အရှောင်အတိမ်း၊ အတက် အဆင်း မလုပ်ဘဲ ဟာဆီဂါဝါနှင့် သူတချက် ကိုယ်တချက် အပြန် အလှန် ထိုးနှက်ခဲ့ကြသည်။

ဒီတခေါက် ဂျပန်ပွဲစဉ်မှာတော့ ထိုသို့ မဟုတ်တော့။ အောင်လက သတိကြီးစွာဖြင့် ဟာဆီဂါဝါကို ချဉ်းကပ်ပြီး ဘယ်ထောက် လက်သီး၊ ညာဖြောင့် လက်သီးများဖြင့် လိုက်ထိုးသည်။ အခွင့်ရသည်နှင့် ဟာဆီဂါဝါ၏ ပေါင်၊ ခါးနှင့် ဦးခေါင်း ဆီကို လှမ်းကန်သည်။

အောင်လ၏ ခြေကန်ချက်တွေက ကြိုးဝိုင်း အတွင်းမှာ တဖြောင်းဖြောင်း မည်နေသည်။ အောင်လကို ပထမ အချီမှာပင် ဖြိုလှဲသွားမည် ဟု ပြောဆိုထားသည့် ဟာဆီဂါဝါကတော့ ကြိုးဝိုင်းထဲမှာ ပတ်ပြေး နေတာ တွေ့ရသည်။

ဟာဆီဂါဝါ အနေဖြင့် အောင်လကို ထိုးနှက် တိုက်ခိုက်ဖို့ထက် အောင်လ၏ တိုက်ခိုက်မှုမှ လွတ်အောင် သတိထားပြီး ရှောင်တိမ်း ပြေးလွှားနေရသည်။

ဂျပန်ဖိုက်တာ ဟာဆီဂါဝါ နှင့် ထိုးသတ်နေသည့် အောင်လအန်ဆန်း(One Championship Facebook)

အလစ် အငိုက်မှာ တိုက်ခိုက်သည့် ဟာဆီဂါဝါ၏ လက်သီးချက်နှင့် ခြေကန်ချက် တို့ကိုလည်း အောင်လအန်ဆန်းက စနစ်တကျ ရှောင်တိမ်း ကာကွယ်နေသည့် အတွက် ဟာဆီဂါဝါ၏ တိုက်ခိုက်မှုတို့က အချည်းအနှီး ဖြစ်နေခဲ့သည်။

အောင်လ ကတော့ တိုက်စစ် ဖွင့် ဆော့သည်။ ကြိုးဝိုင်းထဲတွင် ပတ်ပြေးနေသည့် ဟာဆီဂါဝါ နောက်ကို လိုက်ထိုး၊လိုက်ကန်ရင်း ပွဲသိမ်း တိုက်ကွက်ဆင်ဖို့ အချိန်အခါကို စောင့်ကစားနေခဲ့သည်။

မြင်သာသည့် ဥပမာ ပေးရလျှင် အောင်လ အန်ဆန်း ဟူသည့် မုဆိုးကြီးက ဝမ်းချန်ပီယံရှစ် ကြိုးဝိုင်း အတွင်းမှာ ဟာဆီဂါဝါကို သားကောင် ဖမ်းသလို အမိအရ ဖမ်းဖို့ ကြိုးစားနေသည့် ပုံသဏ္ဌာန် မြင်တွေ့ရသည်။

ပထမ အချီ ၃ မိနစ်နှင့် ၄၆ စက္ကန့်တွင် အောင်လ၏ ညာဖြောင့် လက်သီးချက်က ဟာဆီဂါဝါ၏ မျက်နှာကို တည့်တည့် ထိမှန်ပြီး ဖင်ထိုင် လဲကျခဲ့သော်လည်း ဟာဆီဂါဝါ တယောက် အမြန်ဆုံး ပြန်ထနိုင်ခဲ့သည့် အတွက် အောင်လအန်ဆန်း
ပွဲသိမ်းဖို့ အခွင့်မသာခဲ့။

လူချင်းခွာ၍ လက်သီးချင်း ယှဉ်ထိုးသည့် အနေအထား အလုပ် မဖြစ်မှန်း သဘောပေါက်သွားသည့် ဟာဆီဂါဝါမှာ ၄ မိနစ် ၁၅ စက္ကန့်တွင် အောင်လကို လူချင်းလုံး၍ ချုပ်ကိုင်ဖို့ ကြိုးစားခဲ့သည်။

သို့သော် ဂျူဂျစ်ဆု ပညာ ကျွမ်းကျင်သည့် အောင်လ က ဟာဆီဂါဝါ၏ ချုပ်နှောင်မှုကို ဖြည်ထုတ်ကာ ရုန်းထွက်နိုင်ခဲ့သည်။

ပထမအချီ ထိုးသတ်ပြီးချိန်တွင် ထင်ရှားသည့် အချက်ကတော့ ဟာဆီဂါဝါနှင့် ဒုတိယ အကြိမ် ထိုးသတ်ဖို့ အတွက်ဘယ်သန် ဖိုက်တာ လေ့ကျင့်ဘက်များနှင့် လေ့ကျင့်မှု များစွာ ပြုလုပ်ခဲ့သည့် အောင်လအန်ဆန်း၏ ကစားပွဲ ဗျူဟာ -Game Plan ရေးဆွဲ လုပ်ဆောင်မှု မှန်ကန်ခဲ့ခြင်း ဖြစ်သည်။

ယင်းအကျိုးဆက် အရ ဟာဆီဂါဝါ၏ လက်သီးချက်၊ ခြေကန်ချက်နှင့် ချုပ်နှောင်မှုများကို အောင်လ အန်ဆန်း စနစ်တကျ ကာကွယ်နိုင်ခဲ့ သလို အသာစီး အနေအထားဖြင့် တိုက်ခိုက်နိုင်ခဲ့သည်။

ဒုတိယ အချီမှာတော့ ဟာဆီဂါဝါက ဘယ်ညာ လက်သီးတွဲလုံးများဖြင့် ပြန်လည် ထိုးနှက်ခဲ့သည့် အတွက် ပွဲကကြည့်ကောင်းခဲ့သည်။ အထူးသဖြင့် ဟာဆီဂါဝါက ညာထောက် လက်သီးကို အယောင်ပြ၍ သူအားသန်သည့် ဘယ်ဝိုက် လက်သီးဖြင့် အောင်လကို ဖြိုလှဲဖို့ ကြိုးစားသည်။

သို့သော် အောင်လက အကွက်ကျကျ ရှောင်တိမ်း နေသည့်အတွက် ထိရောက်ခြင်း မရှိခဲ့ပေ။ ဟာဆီဂါဝါ၏ ထိုးနှက်ချက် များကို အတက်အဆင်း မှန်မှန်ဖြင့် ရှောင်တိမ်းရင်း ဘယ်ညာ လက်သီးတွဲလုံးများ၊ ခြေကန်ချက်များဖြင့် ထိန်းကစားရင်း ပွဲသိမ်း ထိုးနှက်ဖို့ အောင်လ အကွက်ရှာနေခဲ့သည်။

ဒုတိယချီ ၃ မိနစ်နှင့် ၅၀ စက္ကန့်တွင် ဟာဆီဂါဝါက အောင်လကို ထပ်မံ ချုပ်နှောင်ခဲ့သော်လည်း အောင်လ ရုန်းထွက်နိုင်ခဲ့သည်။ ဒုတိယ အချီ ပွဲချိန် ၄ မိနစ်နှင့် ၃၄ စက္ကန့်မှာတော့ အောင်လ စောင့်ဆိုင်းနေသည့် အချိန်အခါ ရောက်လာခဲ့ သည်။

ဟာဆီဂါဝါ မောပန်းစ ပြုလာ၍ အာရုံ စူးစိုက်မှု အနည်းငယ် လျော့သွားသည့် အနေအထားတွင် အောင်လက လျှင်မြန် ပြင်းထန်သည့် ပါဝါ လက်သီးချက် ပစ်သွင်းခဲ့ရာ ဟာဆီဂါဝါ၏ မျက်နှာတည့် တည့်ကို ထိမှန်ခဲ့သည်။

ပါဝါလက်သီးချက်ကြောင့် ပက်လက်လန် လဲကျသွားသည့် ဟာဆီဂါဝါ တယောက် ကုန်းထရန် ကြိုးပမ်းနေသည့် အခြေ အနေတွင် အပေါ်စီးမှ ချုပ်ကိုင်၍ တရစပ် ထိုးနှက်ကာ ပွဲသိမ်း တိုက်ကွက် ဖြင့် ပြိုင်ပွဲကို အောင်လအန်ဆန်း အဆုံးသတ် ခဲ့ပြီး ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို ၃ ကြိမ် မြောက် ကာကွယ်သွားနိုင်ခဲ့သည်။

A New Era ပြိုင်ပွဲကျင်းပသည့် တိုကျိုမြို့ရှိ အားကစားခန်းမ အတွင်း၌ ပွဲစကတည်းက အောင်လ အန်ဆန်းကိုအားပေး ကြွေးကြော်သံများ ညံနေခဲ့ပြီး ဟာဆီဂါဝါကို ပွဲသိမ်းလိုက်ချိန်မှာတော့ ဂျပန် ရောက် မြန်မာနိုင်ငံသားတို့၏“အောင်လ” “အောင်လ”ဟူသည့် ကြွေးကြော်သံများက ခန်းမ တခုလုံး ဖုံးလွှမ်းသွားလေသည်။

“မြန်မာ ပရိတ်သတ်များ အထူးပဲ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းဖို့ အတွက် ကျနော် အမြဲတမ်း ဆုတောင်း နေပါတယ်။ ကျနော်တို့ အတူတကွ လုပ်ဆောင်မယ် ဆိုရင် ဘယ်အရာမဆို ကျနော်တို့ လုပ်နိုင်ပါတယ်။ အားလုံးကို ကျေးဇူး အများကြီး တင်ပါတယ်။ အားလုံးကို ချစ်တယ်လို့ ပြောချင်ပါတယ်”ဟု မြန်မာ့ ဂုဏ်ဆောင် ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံ အောင်လအန်ဆန်းက ပွဲအပြီး အင်တာဗျူးတွင် ပြောသွားသည်။

စိန်ခေါ်သူ ဟာဆီဂါဝါ အတွက်တော့ ဝမ်း ချန်ပီယံရှစ်နှင့် ၂၀၁၈ ခုနှစ်တွင် စာချုပ်ချုပ် ဆိုကာ အောင်လအန်ဆန်း၏မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လုယူရန် နှစ်ကြိမ်တိုင် ကြိုးစားခဲ့ပြီး နောက် လက်ရှိ အချိန်တွင် သူ၏ မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်ရေး အိပ်မက်မှာ မဖြစ်နိုင်သေးကြောင်း ထင်ရှားသွားခဲ့သည်။

အောင်လ အတွက်တော့ ယမန်နေ့ နိုင်ပွဲက သူ၏ MMA ကစားသမား ဘဝ တလျှောက်၂၅ ပွဲမြောက် နိုင်ပွဲဖြစ်ပြီး ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံ ဖြစ်ခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်လ နောက်ပိုင်း ထိုးသတ်ခဲ့သည့် ပွဲစဉ် ၆ ပွဲ ဆက်တိုက် အနိုင်ရရှိသည့် မှတ်တမ်းသစ်ကို ရေးထိုးနိုင်ခဲ့သည်။

ထို့ပြင် ပြည်တွင်း၊ ပြည်ပ နေရာမရွေး အနိုင်ယူနိုင်စွမ်း ရှိသည့် “နယ်မရှောင်သည့် မြန်မာနိုင်ငံ၏ ကြယ်ပြောင် ဖိုက်တာ” ဖြစ်ကြောင်း ဂျပန်နိုင်ငံတွင် သက်သေ ပြနိုင်ခဲ့သည့် ပွဲစဉ်လည်း ဖြစ်ခဲ့သည်။

တိုကျိုမြို့တွင် A New Era ပြိုင်ပွဲတွင် အောင်လအန်ဆန်းက ဂျပန်ဖိုက်တာ ဟာဆီဂါဝါကို အလဲထိုး အနိုင်ယူကာ ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို ကာကွယ်ပြီးချိန်တွင် ဝမ်းချန်ပီယံရှစ်၏ ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံ ဘရန်ဒန် ဗီရာက ကြိုး ဝိုင်း အတွင်းသို့ ဝင်ရောက်ကာ အောင်လအန်ဆန်း ရရှိထားသည့် လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ် အတွက် ထိုးသတ်လို ကြောင်း စိန်ခေါ်ခဲ့သည်။

နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လ အဖို့တော့ မိမိ ပိုင်ဆိုင်ထားသည့် ချန်ပီယံဘွဲ့ကို စိန်ခေါ်သူရှိလာလျှင် ကာကွယ်ထိုးသတ်ရမည့် တာဝန်ရှိသည့် အလျှောက် ဟဲဗီး ဝိတ်ဖိုက်တာ ဘရန်ဒန် ဗီရာနှင့် လာမည့် အောက်တိုဘာလတွင်ဂျပန်နိုင်ငံ၌ ထိုးသတ်သွားရန် လက်ခံခဲ့သည်။

ဟဲဗီးဝိတ် ချန်ပီယံ ဘရန်ဒန် ဗီရာက “မစ္စတာ အောင်လရဲ့ဒီကနေ့ ည နိုင်ပွဲ အတွက် ဂုဏ်ပြုပါတယ်။ လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ်နဲ့ ပတ်သတ်ပြီး လာမယ့် အောက်တိုဘာမှာ ဒီဂျပန် နိုင်ငံမှာပဲ ထိုးသတ်ဖို့ ခင်ဗျားကို ကျနော် စိန်ခေါ်ချင်ပါ တယ်”ဟု ကြိုးဝိုင်း အတွင်း ပြောဆိုသည်။

ချန်ပီယံ အောင်လအန်ဆန်းနှင့် ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန် ဗီရာ(One Championship Facebook)

အောင်လအန်ဆန်းမှာ ၂၀၁၇ ခုနှစ် ဇွန်လတွင် ကမ္ဘာ့ မစ်ဒယ်ဝိတ်ချန်ပီယံ ဗစ်တာလီ ဘစ်ဒက်ရှ်ကို အနိုင်ရခဲ့သည့်အတွက် မြန်မာ နိုင်ငံ ကိုယ်စားပြု ပထမဆုံးသော MMA ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံ ဖြစ်လာခဲ့သည်။

ထို့နောက် မစ်ဒယ်ဝိတ်ထက် တဆင့်မြင့်သည့် လိုက်ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ် အတွက် ဘရာဇီး ဖိုက်တာ မာချာဒိုနှင့် ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် ထိုးသတ်ခဲ့ရာ ပထမ အချီမှာပင် အနိုင်ရရှိသည့် အတွက် အောင်လအန်ဆန်းမှာ ဝမ်းချန်ပီယံရှစ်၏ လိုက် ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ် ခါးပတ် နှစ်ခုကို ပိုင်ဆိုင်သည့် နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်လာခဲ့သည်။

ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံ ခါးပတ်နှင့် ပတ်သက်၍ စိန်ခေါ်သူ ဂျပန် ဖိုက်တာ ဟာဆီဂါဝါနှင့် လက်ဘနွန်ဖိုက်တာ ကရာကီ တို့ကို ၂၀၁၈ ခုနှစ် အတွင်း အောင်လအန်ဆန်းက အလဲထိုး အနိုင်ယူခဲ့ သလို “A New Era” ပြိုင်ပွဲတွင် မကျေပွဲ အဖြစ် ပြန်လည် စိန်ခေါ်ခဲ့သူ ဟာဆီဂါဝါကို အလဲထိုးဖြင့် ထပ်မံ အနိုင်ယူကာ ကမ္ဘာ့မစ်ဒယ် ဝိတ်ချန်ပီယံဘွဲ့ကို ၃ ကြိမ် ကာကွယ်နိုင်ခဲ့သည်။

အောင်လအန်ဆန်း အနေဖြင့် ကမ္ဘာ့လိုက် ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်နှင့် ပတ်သက်ပြီး ချန်ပီယံ ဖြစ်ခဲ့သည့် နောက်ပိုင်း ကာကွယ် ထိုးသတ်မှု မရှိခဲ့ဘဲ ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန် ဗီရာနှင့်ပွဲမှာ ပထမဆုံးသော လိုက်ဟဲဗီးဝိတ် ချန်ပီယံဘွဲ့ ကာကွယ်ပွဲ ဖြစ်လာမည် ဖြစ်သည်။

အသက် ၄၁ နှစ် အရွယ် ရှိပြီဖြစ်သည့် ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန် ဗီရာမှာ ဖိလစ်ပိုင် နိုင်ငံ ကိုယ်စား ပြု ထိုးသတ်နေသည့် MMA ကစားသမား ဖြစ်ပြီး အောင်လအန်ဆန်း ကဲ့သို့ပင် ဖိလစ်ပိုင်နိုင်ငံ၏ တိုက်ခိုက်ရေး အားကစား လောကတွင် နာမည် ကျော်ကြား ထင်ရှားသူ ဖြစ်သည်။

၂၀၀၂ ခုနှစ် ကစတင်၍ MMA တိုက်ခိုက်ရေး အားကစား လောကသို့ ဝင်ရောက်လာခဲ့သူ ဘရန်ဒန် ဗီရာမှာ အစောပိုင်း တွင် ကိုယ်ခံပညာ ဘက်စုံသုံး တိုက်ခိုက်ရေး အားကစား အဖွဲ့ ဖြစ်သည့် WEC နှင့် ကမ္ဘာကျော် တိုက်ခိုက်ရေး အား ကစားပွဲများ စီစဉ် ကျင်းပနေသည့် UFC တို့တွင် ဝင်ရောက် ထိုးသတ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် စင်္ကာပူ နိုင်ငံ အခြေစိုက် ဝမ်းချန်ပီယံရှစ် အဖွဲ့နှင့် လက်မှတ်ထိုးကာ အာရှ ဒေသရှိ တိုက်ခိုက်ရေး အားကစား လောကသို့ ဝင်ရောက်ခဲ့သူ ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပသည့် ONE ; Sprit of Champions ပြိုင်ပွဲတွင် ပြိုင်ဘက်ကို အလဲထိုးအနိုင်ယူပြီးနောက် ဖိလစ်ပိုင် နိုင်ငံကိုယ်စားပြု ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ ဖြစ်လာခဲ့သည်။

ဘရာဇီး ဂျူဂျစ်ဆု ခါးပတ်နက် အဆင့် ရှိသည့် ဘရန်ဒန်ဗီရာမှာ MMA ကစားသမား ဘဝတလျှောက် ၂၃ ပွဲထိုး၊ ၁၆ ပွဲနိုင်၊ ၇ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

လျှင်မြန်သည့် လက်သီးချက်၊ ခြေကန်ချက်များဖြင့် ပြိုင်ဘက်များကို ဖြိုလှဲတတ်သည့် ဘရန်ဒန်ဗီရာ မှာ ၂၀၁၄ ခုနှစ်က စတင်၍ ဝမ်းချန်ပီယံရှစ် အဖွဲ့နှင့် စာချုပ်ချုပ်ဆို ထိုးသတ်ခဲ့သည့် ပွဲစဉ် ၄ ပွဲစလုံး အလဲထိုးဖြင့် အနိုင်ယူထားသည့် ရှုံးပွဲ မရှိသော ဟဲဗီးဝိတ် ချန်ပီယံလည်း ဖြစ်သည

ဟဲဗီးဝိတ် ချန်ပီယံ၏ စိန်ခေါ်မှုကို အောင်လအန်ဆန်းက တွေဝေခြင်း မရှိဘဲ ချက်ခြင်းပင် လက်ခံခဲ့ပြီး One Championship အဖွဲ့၏ အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ချက်တရီ၏ သဘော ထားကို မေးမြန်းခဲ့ရာ မစ္စတာ ချက်တရီက ပွဲစီစဉ် ပေးမည် ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့သည့် အတွက် အောင်လအန်ဆန်း အနေဖြင့်လိုက်ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ် ကာကွယ်ရန် အတွက် ဘရန်ဒန် ဗီရာနှင့် ထိုးသတ်ရတော့မည် ဖြစ်သည်။

မြန်မာပြည်သူများ ကတော့ မည်သူနှင့် ထိုးသည်ဖြစ်စေ နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမား အဖြစ် ကြိုးစား ဆောင်ရွက် နေသည့် နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လအန်ဆန်းကို ချစ်ခြင်း မေတ္တာများစွာ ဖြင့် အခိုင်အမာ အားပေးနေကြမည်မှာ အသေအချာပင် ဖြစ်သည်။

The post မြန်မာတို့၏ ဖိုက်တာ အောင်လအန်ဆန်း appeared first on ဧရာဝတီ.

မန္တလေးတွင် လူငယ် ဘောလုံး ပြိုင်ပွဲ U-14 ကျင်းပမည်

$
0
0

လူငယ် ဘောလုံး အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ M-SYM Cup U-14 ဘောလုံး ပြိုင်ပွဲကို မေလ ၄ ရက်နေ့မှ စတင်၍ မန္တလေးမြို့ မဟာအောင်မြေ ဘောလုံးကွင်း၌ ကျင်းပ သွားမည်ဟု သိရသည်။

အဆိုပါ ပြိုင်ပွဲကို မြန်မာ့ ဘောလုံး အားကစား ဖွံ့ဖြိုးရေး၊ လူငယ် ဘောလုံး သမားကောင်းများ ထွက်ပေါ်လာစေရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်ပြီး ပြိုင်ပွဲတွင် လူငယ် ဘောလုံး အသင်း ၈ သင်း ပါဝင် ယှဉ်ပြိုင်မည် ဖြစ်သည်ဟု ဆိုသည်။

ပြိုင်ပွဲကို မြန်မာ့ လက်ရွေးစင် ဘောလုံး အားကစားသမားဟောင်းများ အဖွဲ့က ဦးဆောင်ပြီး လျှာရင်းမြက် စားသောက်ကုန် လုပ်ငန်းနှင့် Min Pharmacy တို့မှ ကူညီ ပံ့ပိုးပေးထားကာ မေလ ၄ ရက်က စတင်ကာ စနေ၊ တနင်္ဂနွေ ၂ ရက်တွင် တရက် လျှင်၂ ပွဲနှုန်းဖြင့် တပတ် ၄ ပွဲ ကျင်းပ ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ လက်ရွေးစင် ဘောလုံး အားကစား သမားဟောင်း ဦးခင်မောင်လေးက ပြောသည်။

“ပြိုင်ပွဲက U-14 ပါ၊ သေချာ စစ်မယ်။ အသက်ကို သေချာ မှန်ကန်အောင် လုပ်မယ်။ တိတိကျကျ လုပ်ဆောင်သွားမယ်။ အဓိက မြန်မာ့ ဘောလုံးလောက အတွက် လူတော်တွေ ပေါ်ထွက်လာစေဖို့ပါ။ အရင်ကတည်းက မန္တလေးမှာ လူငယ် ကလပ် အသင်းလေးတွေ ရှိပြီးသား ဖြစ်တယ်။ အဲဒီလိုပဲ အမရပူရ၊ မတ္တရာ၊ မြစ်ငယ်ဘက်မှာ ရှိတယ်။ အဲဒီအသင်းလေး တွေက ဝါသနာအရ ဝင်ရောက် ယှဉ်ပြိုင်ကြမှာပါ”ဟု ပြောသည်။

မြန်မာ့ လက်ရွေးစင် ဘောလုံး အားကစားသမားဟောင်းများ အဖွဲ့သည် လက်ရွေးစင်ဟောင်းများဖြင့် စုပေါင်း ဖွဲ့စည်းထား ပြီး လူငယ် ဘောလုံးသမားကောင်းများ ထွက်ပေါ်လာစေရန် အခြေခံသင်တန်းများ အခမဲ့ ဖွင့်လှစ်ပေးနေသလို ပြိုင်ပွဲများ ကျင်းပ ပေးနေသည်မှာ ၅ နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

ဦးခင်မောင်လေးက“နှစ်စဉ် ပြိုင်ပွဲလေးများကို A1 ဖလားပြိုင်ပွဲ အမည်နဲ့ ပြုလုပ်ပေးခဲ့ပါတယ်။ နှစ်စဉ် ဘောလုံး အခြေခံ အခမဲ့ သင်ပေးရာမှ သက်တမ်း အလိုက် လက်ရွေးစင် ကလေးများနဲ့ ဘောလုံး အကယ်ဒမီကို ရောက်တဲ့သူတွေအထိ မွေးထုတ်ပေး နေနိုင်ပြီ ဖြစ်ပါတယ်”ဟု ဆက်လက် ပြောသည်။

ယခု ပြိုင်ပွဲများကို အမှတ်ပေး စနစ်ဖြင့် ယှဉ်ပြိုင်ကစားကြရမည် ဖြစ်ကာ ပွဲစဉ်ပေါင်း ၂၈ ပွဲရှိပြီး ဝင်ကြေး အခမဲ့ဖြင့် ဝင် ရောက် ကြည့်ရှုနိုင်မည် ဖြစ်သည်။

“လက်ရှိ မြန်မာ့ လက်ရွေးစင် အသင်း ဘာကြောင့် မအောင်မြင်သလဲ ဆိုရင် အောက်ခြေက မခိုင်လို့ ဖြစ်တယ်။ အောက် ခြေ မှာ အခြေခံ ဘောလုံး ကစားတာတွေ အလွန် နည်းနေပါသေးတယ်။ ကလေးတွေ ကစားတာများမှ ပါရမီရှင် တွေ ပေါ်ထွက် လာမှာ။ ပါရမီရှင် ဘောလုံးသမားတွေ များလာအောင်ပေါ့။ ဒါကြောင့် အခုလို ဘောလုံးပြိုင်ပွဲ ကျင်းပရခြင်း ဖြစ်ပါတယ်”ဟု ဦးခင်မောင်လေးက ဆက်လက် ပြောသည်။

ပြိုင်ပွဲတွင် ပထမဆုငွေ ကျပ် ၇ သိန်း ၊ ဒုတိယဆု ငွေကျပ် ၅ သိန်း ၊ တတိယဆု ငွေကျပ် ၃ သိန်း ချီးမြှင့်သွားမည့် အပြင် အကောင်းဆုံး ဘောလုံး သမားဆု ၊ ဂိုးသွင်း အများဆုံးဆု ၊ အသန့်ရှင်းဆုံး အသင်းဆုများ ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။

The post မန္တလေးတွင် လူငယ် ဘောလုံး ပြိုင်ပွဲ U-14 ကျင်းပမည် appeared first on ဧရာဝတီ.

၁၃ နှစ်ကြာ ဝေးကွာနေသည့် အာရှ ဘိလိယက်ချန်ပီယံဆု နေသွေးဦးရရှိ

$
0
0

အန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာရှ ဘိလိယက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကိုနေသွေးဦး က ထိုင်နိုင်ငံမှ ကမ္ဘာ့ချန်ပီယံဟောင်း တဦးဖြစ်သူ Praprut Chaithanasakun အား ၆-၂ ဖြင့်အနိုင်ရရှိကာ ချန်ပီယံဆုအား ရှိခဲ့သည်။

အာရှဘိလိယက်ချိန်ပီယံဆုအား ၂၀၀၆ ခုနှစ် ဦးအောင်ဆန်းဦးက ရရှိခဲ့ပြီးနောက် ၁၃ နှစ်အကြာတွင် ကိုနေသွေးဦးက ထပ်မံရယူနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခင်မောင်ဦး က “ဒီပြိုင်ပွဲမှာ အင်္ဂလန်မပါတာကလွဲရင် ကမ္ဘာ့ချိန်ပီယံတွေ ပြိုင်တဲ့ပွဲပါ၊ ပြိုင်ပွဲတလျှောက် ရှုံးပွဲမရှိဘဲ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ရခဲ့တာပါ” ဟု ပြောသည်။

ပြိုင်ပွဲသို့ အန္ဒိယ၊ တရုတ်၊ ဟောင်ကောင်၊စင်္ကာပူ၊ မြန်မာ၊ ဆီရီးယား၊ အီရန်၊ ထိုင်း၊ နီပေါနှင့် ကာတာ တို့မှ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဘိလိယက်နှင့်စနူကာ ကစားနည်းများတွင် မြန်မာနိုင်ငံမှ ကိုနေသွေးဦး အပါအဝင် ကစားသမား ၅ ဦးဝင်ပြိုင်ခဲ့သည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ ဘိလိယက်နှင့် စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ကိုနေသွေးဦးသည် အန္ဒိယနိုင်ငံမှ ကမ္ဘာ့ချန်ပီယံ Pankaj Advani အား ရှုံးနိမ့်ကာ ဒုတိယဆုဖြင့် ကျေနပ်ခဲ့ရသည်။

ယခုပြိုင်ပွဲတွင် Pankaj Advani သည် မြန်မာနိုင်ငံမှ လက်ရွေးစင်ကစားသမား ကိုချစ်ကိုကိုနှင့်အတူ ပူးတွဲတတိယဆုသာ ရရှိခဲ့သည်။

အာရှ ဘိလိယက်နှင့်စနူကာပြိုင်ပွဲအား ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ရာ၌ ဘိလိယက်ကစားနည်းတွင် ဆုတံဆိပ်ရရှိခြင်းမရှိသော်လည်း စနူကာကစားနည်းတွင် ကိုအောင်ဖြိုးက ချိန်ပီယံဖြစ်ခဲ့ကြောင်း သိရသည်။

ဆီးဂိမ်းပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိရေးအတွင် ကြိုးပမ်းပြင်ဆင်နေသည့် မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်အနေဖြင့် လာမည့် စက်တင်လာလတွင်လည်း ကမ္ဘာ့ ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို မန္တလေးမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကာ ကျင်းပမည်ဖြစ်ကြောင်းလည်း သိရသည်။

The post ၁၃ နှစ်ကြာ ဝေးကွာနေသည့် အာရှ ဘိလိယက်ချန်ပီယံဆု နေသွေးဦးရရှိ appeared first on ဧရာဝတီ.

နိုင်ငံတကာ စစ်တုရင်ဖိတ်ခေါ် ပြိုင်ပွဲ နေပြည်တော်တွင် ကျင်းပမည်

$
0
0

နိုင်ငံတကာ စစ်တုရင်ဖိတ်ခေါ်ပြိုင်ပွဲ (Soe International Open 2019) ကို မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်နှင့် စိုးလျှပ်စစ် ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ သုခစိုးဟိုတယ်တွင် မေလ ၉ ရက် မှ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

ယခုပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခြင်းဖြင့် မြန်မာစစ်တုရင ်ကစားသမားများ နိုင်ငံတကာအဆင့် ပွဲကစားသည့် အတွေ့အကြုံရရှိပြီး လက်ရည်အဆင့်အတန်း တိုးတက်လာစေရန်နှင့် အခြေအနေပေးပါက ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် အသိအမှတ်ပြု အင်တာနေရှင်နယ် မာစတာ၊ ဂရင်းမာစတာစသည့် ဆုများရရှိနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင် က ပြောသည်။

စိုးလျှပ်စစ် ဖောင်ဒေးရှင်း အနေဖြင့် ၂၀၁၇ ခုနှစ်ကလည်း ယခုကဲ့သို့ နိုင်ငံတကာ စစ်တုရင် ဖိတ်ခေါ်ပြိုင်ပွဲကို ကျင်းပပေးခဲ့ပြီး နိုင်ငံကိုယ်စားပြုမှ နိုင်ငံဂုဏ်ဆောင် ကစားသမားများ ပေါ်ထွက်လာရေး အတွက် ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းမှ အတွင်းရေးမှူး ဦးအောင်မြင့်ထွန်းက ပြောသည်။

ယခုပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဥဇဘက်ကစ္စတန်၊ ဆာဘီးယား၊  အင်ဒိုနီးရှား၊ မလေးရှား၊ ပိုလန်၊ သြစတေးလျတို့မှ ကစားသမားများက စာရင်းပေးထားပြီး ဂရင်းမာစတာနှင့် အင်တာနေရှင်နယ် မာစတာ ၁၄ ဦးခန့် အနည်းဆုံး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းကစားသမားအနေဖြင့်  ထိပ်သီးကစားသမားများဖြစ်သော ဝင်းဇော်ထွန်း၊ နေဦးကျော်ထွန်း၊ မျိုးနိုင် တို့အပါအဝင် အင်တာနေရှင်နယ် မာစတာကစားသမား ၅ ဦး၊ ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်မာစတာ အဆင့် ကစားသမားများနှင့် ပြည်နယ်နှင့်တိုင်းများမှ ပဒုတအဆင့် ကစားသမားများ စသည့်ဖြင့် စုစုပေါင်း ကစားသမား ၁၀၀ ခန့် ပါဝင်ကစားမည်ဖြစ်သည်။

ယခုပြိုင်ပွဲသည် ယခင်ကျင်းပခဲ့သည့် ပြိုင်ပွဲများထက် နိုင်ငံံတကာ စိတ်ဝင်စားမှုပိုရပြီး ပြည်ပမှ လက်ရည်မြင့် ကစားသမားများ ပိုမိုလာရောက်ကစားခြင်းနှင့် ပြည်တွင်းကစားသမားများ ပိုမိုပါဝင် ယှဉ်ပြိုင်မည်ဖြစ်၍ အားရကျေနပ်စရာဖြစ်သည်ဟု စစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ပြောသည်။

စစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင် က “ဒီပွဲက ပိုကျပ်၊ ပိုပြင်းထန်ပါမယ်။ မြန်မာကစားသမားတွေ အနေနဲ့  အဆင့် ၁ ကနေ ၅ အတွင်း ဝင်တယ်ဆိုရင် တော်တော်ကြီးမားတဲ့ အောင်မြင်မှုဖြစ်နေပါပြီ။ ဒါပေမယ့် ဆုလည်း ရနိုင်ပါတယ်။ နောက်တခုက မြန်မာကစားသမားတွေ အနေနဲ့ အဖိုးတန်တဲ့ အခွင့်အရေးက ဆုကြေးတင် မဟုတ်ပါဘူး။ လက်ရည် အဆင့်မြင့်ဖို့ ဂရင်းမာစတာ အင်တာနေရှင်နယ်မာစတာစွမ်းဆောင်ရည်ရဖို့ အခွင့်အရေး တရပ်ပါ”ဟု ပြောသည်။

ပြိုင်ပွဲဝင်မည့် မြန်မာကစားသမားများအနေဖြင့်လည်း လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်းလည်း သိရသည်။

မြန်မာ့လက်ရွေးစင်၊ အင်တာနေရှင်နယ်မာစတာ ကိုနေဦးကျော်ထွန်း က “ပြင်ဆင်မှုအနေနဲ့ လောလောဆယ် စာရင်းပေးထားတဲ့ ဂရင်းမာစတာ၊ အင်တာနေရှင်နယ် မာစတာတို့ရဲ့ ကစားပွဲတွေကို ချက်ဒေတာဘေ့စ်ကနေ ကြည့်ပြီး အားနည်းချက် အားသာချက်တွေကို လေ့လာပြီး ယှဉ်ြ့ပိုင်ဖို့ ပြင်ဆင်နေပါတယ်။ နောက် ကျနော် အရင်ကစားခဲ့တဲ့ အင်တာနေရှင်နယ် ကစားပွဲမှာ ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေရဲ့ အားသာချက် အားနည်းချက်တွေကို ကွန်ပျူတာရဲ့ အကူအညီနဲ့ ပြန်လေ့လာပြီး ကစားသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ပြိုင်ပွဲသို့ နိုင်ငံတကာမှ အဆင့်မြင့်ကစားသမားလာရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားခဲ့ပြီး လာရောက် ကစားကြေးအဖြစ် ပေးနိုင်ခြင်းမရှိသော်လည်း ခရီးစရိတ်နှင့် တည်းခိုနေထိုင် စားသောက် စားရိတ်များကို ပံ့ပိုးပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

နိုင်ငံတကာအဆင့်နှင့် လျော်ညီစွာ ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲဆုကြေးငွေအဖြစ် စုစုပေါင်း  ဒေါ်လာ ၁၅၀၀၀၊ ပြိုင်ပွဲကျင်းပစရိတ် ကျပ်သိန်း ၁၀၀ ခန့်ကို စိုးလျှပ်စစ်က ကူညီပံ့ပိုးပေးခြင်းဖြစ်သည်။

ဆုအနေဖြင့် ပထမဆု ဒေါ်လာ ၃ ထောင် ဒုတိယ ဒေါ်လာ ၁၆၀၀၊ တတိယ ဒေါ်လာ ၁၄၀၀ တို့အပြင် အကောင်းဆုံး မြန်မာကစားသမားဆုများ၊ စီနီယာကစားသမားဆုများ၊ လူငယ်ကစားသမားဆုများ ချီးမြင့်မည်ဖြစ်သည်။

ယခုကဲ့သို့ စစ်တုရင် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၁၁ ခုနှစ်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ကျင်းပခဲ့ဖူးသည်။

မြန်မာနိုင်ငံသည် စစ်တုရင်အားကစားတွင် အာဆီယံအဆင့်ဆိုပါက ထိုင်းနိုင်ငံထက် သာသည့် အခြေအနေတွင်ရှိသော်လည်း  စစ်တုရင်ထိပ်သီး ကစားသမားများရှိသည့်  ဗီယက်နမ် ၊ ဖိလစ်ပိုင်နှင့်  အင်ဒိုရှားနိုင်ငံများနောက်တွင် ရပ်တည်နေကြောင်း၊ အာရှအဆင့် ကမ္ဘာ့အဆင့်သို့ ထိုးဖောက်နိုင်ရန်အတွက် အလှမ်းဝေးသည့် အနေအထားတွင် ရှိနေကာ အချိန်ယူ ကြိုးပမ်းရမည့် အနေအထားဖြစ်ကြောင်း စစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

The post နိုင်ငံတကာ စစ်တုရင်ဖိတ်ခေါ် ပြိုင်ပွဲ နေပြည်တော်တွင် ကျင်းပမည် appeared first on ဧရာဝတီ.

ဘိလိယက်မှာ ကျနော်တို့ကို ဘယ်နိုင်ငံကမှ အထင်မသေးပါဘူး

$
0
0

အိန္ဒိယနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာရှ ဘိလိယက်နှင့် စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကိုနေသွေးဦးမှာ ထိုင်းလက်ရွေးစင် ပရာယွတ်ကို ၆ ပွဲ- ၂ ပွဲဖြင့် အနိုင်ရခဲ့ပြီး ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည်။ ထိုဆုသည် ၂၀၀၆ ခုနှစ်တွင် ဦးအောင်ဆန်းဦး ရယူနိုင်ခဲ့ပြီးနောက် ၁၃ နှစ်အကြာမှသာ ပြန်လည် ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ကိုနေသွေးဦးသည် ပြီးခဲ့သည့်နှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ကမ္ဘာ့ဘိလိယက်နှင့် စနူကာချန်ပီယံရှစ် ပြိုင်ပွဲတွင်လည်း ဒုတိယဆု ရရှိခဲ့သူဖြစ်သည်။ ကမ္ဘာ့ချန်ပီယံရှစ်နှင့် ဆီးဂိမ်း ပြိုင်ပွဲကြီး များလည်း မကြာမီ ရောက်ရှိလာတော့မည့် အချိန်တွင် ကစားသမားများ၏ ပြင်ဆင်မှုများ၊ လက်ရွေးစင် မျိုးဆက်သစ်များအပေါ် အမြင်များ၊ မြန်မာ့ဘိလိယက်နှင့် စနူကာ ကစားသမား၏ အဆင့်အတန်များ အပေါ် ၎င်း၏ အမြင် သုံးသပ်ချက်များအား ဧရာဝတီ အကြီးတန်း သတင်းထောက် ထွန်းထွန်းက တွေ့ဆုံးမေးမြန်းခဲ့ သည်။

မေး။     ။ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ပြိုင်ပွဲမှာ ဘယ်လို ကစားသမားတွေနဲ့ ပြိုင်ခဲ့ရတာလဲ။

ဖြေ။     ။ ဒီပြိုင်ပွဲက တော်တော်မြင့်တဲ့ အဆင့်အတန်းပါ၊ အာရှ ဘိလိယက်နဲ့ စနူကာပြိုင်ပွဲဆိုပေမယ့် အာရှချိန်ပီယံတွေ၊ ကမ္ဘာ့ ချန်ပီယံ ဖြစ်ဖူးသူတွေ ပြိုင်တဲ့ပွဲပါ။ အာရှပွဲမို့လို့ အင်္ဂလန်ကစားသမားတွေ မပါတာကလွဲရင် ကမ္ဘာ့အဆင့်မှာ အနိုင်ရခဲ့တဲ့ အာရှ ထိပ်သီးတွေ ပြိုင်တဲ့ ပွဲကြီးပါပဲ။ ဖိုင်နယ်မှာ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရာယွတ် ဆိုရင်လည်း ကမ္ဘာ့ချန်ပီယံ ဖြစ်ဖူးတဲ့သူပါပဲ၊ ဒီပြိုင်ပွဲက နှစ်စဉ်ကျင်းပတဲ့ ပြိုင်ပွဲဖြစ်သလို မနှစ်ကတော့ ကျနော်တို့နိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပခဲ့တာပါ။ မနှစ်ကတော့ ကျနော်တို့ ဘိလိယက်က ဘာဆုမှ မရခဲ့ပါဘူး။ စနူကာမှာတော့ ကျနော်တို့နိုင်ငံက ချန်ပီယံဖြစ်ခဲ့ပါတယ်။

မေး။     ။ ဖိုင်နယ်ပွဲမှာ ထိုင်းနိုင်ငံသားဖြစ်တဲ့ ပရာယွတ်နဲ့ ပြိုင်ရတော့ ဖိအားခံစားရတာမျိုး ရှိခဲ့လား။

ဖြေ။     ။ အာရှမှာ ချန်ပီယံဖြစ်ဖူးတဲ့ သူတွေနဲ့ အုပ်စုအဆင့်မှာ ကတည်းက တွေ့ခဲ့ရပေမယ့် ကျော်ဖြတ် နိုင်ခဲ့ပါတယ်၊ ဖိအားတွေ ရှိခဲ့ပါတယ်၊ အဲဒီလိုခံစားရတာကို ပြိုင်ပွဲထဲအထိ ရောက်မလာအောင်တော့ ပြင်ဆင် ခဲ့ရပါတယ်။ ပရာယွတ်ဆိုတာက ကျနော် စနူကာ ကစားနည်းနဲ့ လက်ရွေးစင် စဖြစ်တဲ့ ၂၀၀၃ ခုနှစ် လောက်ကတည်းက သူ့နာမည်ကို ကြုံတွေ့ခဲ့ရတာပါ၊ အဲဒီအချိန်ကတည်းက သူတို့က အာရှပွဲတွေ၊ ကမ္ဘာ့ပွဲတွေမှာ ကြီးစိုးထားတဲ့သူတွေပါ။ အဆိုးဆုံးက ကျနော်တို့နဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ယှဉ်ပြိုင်ရရင် ရှုံးနေတဲ့ ရလဒ်ကို လက်မခံနိုင်တဲ့ အနေအထားတခုမှာ ထိုင်းနဲ့တွေ့တဲ့ အခါကျတော့ စိတ်လှုပ်ရှားမိပါတယ်။ ဒါပေမယ့် အုပ်စုပွဲမှာကတည်းက နိုင်ထားတဲ့အတွက် ဘယ်လို ယှဉ်ပြိုင်ရမလဲဆိုတဲ့ အနေအထားကိုပဲ စဉ်းစား ခဲ့ပါတယ်။ ဒီပွဲမှာ အများကြီး စိတ်လှုပ်ရှားခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ကျနော်က ၆ – ၂ နဲ့ နိုင်ခဲ့ပါတယ်။ ကိုယ့်အတွက်လည်း အားရမိသလို၊ ကျန်တဲ့သူတွေအတွက်လည်း အားဖြစ်စေမှာပါ။ ဆုတံဆိပ်တွေ ရယူနိုင်ခဲ့တဲ့အတွက် ပိုပြီးကြိုးစားချင်စိတ် ဖြစ်မိသလို နောက်ပြိုင်ပွဲတွေ အတွက်လည်း အားဖြစ်စေပါတယ်။

မေး။     ။ ဒီနှစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ဘယ်နှစ်ဦး ဝင်ပြိုင်ခဲ့တာလဲ။

ဖြေ။     ။ ဒီနှစ် အိန္ဒိယက အိမ်ရှင်အဖြစ် ကျင်းပတဲ့ပွဲကို ဘိလိယက် ကစားနည်းမှာ ကျနော်အပါအဝင် ၃ ဦး၊ စနူကာ ကစားနည်းမှာ ၂ ဦး သွားပြိုင်ခဲ့တာ၊ ဘိလိယက်မှာတော့ ကျနော်က ချန်ပီယံဖြစ်ခဲ့ပြီး ချစ်ကိုကိုကတော့ ကမ္ဘာ့ ချန်ပီယံဆုတွေ အကြိမ်ကြိမ်ရထားတဲ့ အိန္ဒိယ ကစားသမား ပန်ဂျပ် အက်ဘာနီနဲ့ ပူးတွဲတတိယဆု ရရှိခဲ့ပါတယ်။ ဒီလိုအာရှပွဲကို ကျနော်တို့ဆီမှာ မနှစ်က အိမ်ရှင်အဖြစ် ကျင်းပတော့ အိန္ဒိယ ကစားသမား တွေကပဲ ဆုတွေ သိမ်းပိုက်သွားတာပါ။ အခု အိန္ဒိယမှာ ကျင်းပတဲ့အခါကျတော့ ဘိလိယက်မှာ ကျနော် အပါအဝင် ၃ ဦးယှဉ်ပြိုင်တာမှာ ကျနော်က ပထမရပြီး ချစ်ကိုကိုက တတိယရတယ်။ သူတို့ဆီကတော့ ၈ ဦး ဝင်ပြိုင်တာမှာ ကမ္ဘာ့ချန်ပီယံ ၂၁ ကြိမ် ဖြစ်ဖူးတဲ့ ပန်ဂျပ် အက်ဘာနီတဦးပဲ တတိယရခဲ့တာပါ။ ကျနော်တို့ နိုင်ငံမှာတုန်းက သူတို့ပဲ ဆုတွေ သိမ်းပိုက်ခဲ့သလို၊ ကျနော်တို့လည်း ပြန်ပြီး သူတို့ဆီက ဆုရယူနိုင်ခဲ့လို့ ပျော်ရွှင် ကျေနပ်မိပါတယ်။

မေး။     ။ ပြိုင်ပွဲအတွက် ဘယ်လို ပြင်ဆင်ခဲ့သလဲ။ အခက်အခဲတွေ ရှိခဲ့လား။

ဖြေ။     ။ အဖွဲ့ချုပ်ကို စတင် တည်ထောင်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ကနေ ယနေ့အထိ ခေတ်အဆက်ဆက်မှာ အဖွဲ့ချုပ်အနေနဲ့ ကြိုးပမ်းခဲ့ပါတယ်။ လက်ရည် တိုးတက်လာဖို့ နိုင်ငံတကာက နည်းပြတွေကို ခေါ်ယူပြီးတော့ သူ့တို့ရဲ့ လေ့ကျင့်ပုံ၊ ကစားကွက်တွေကို အတုယူပြီး လေ့ကျင့် သင်ကြားရတယ်။ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ ပြိုင်ပွဲမှာဆိုရင် အင်္ဂလန်နိုင်ငံက ဘိလိယက်မှာ အကောင်းဆုံးလို့ ပြောလို့ရတဲ့ မစ္စတာ မိုက်ရာဇယ်ကို ခေါ်ပြီးတော့ အနီးကပ် လေ့ကျင့် သင်ကြားရပါတယ်။ ဒါပေမယ့် နည်းပြတွေက ဘယ်လိုပဲ လေ့ကျင့်ပေးပေး ကိုယ်တိုင်ကလည်း ကြိုးစားဖို့ လိုပါတယ်၊ သူတို့ရဲ့ လေ့ကျင့် သင်ကြားပေးမှုအောက်မှာ ကိုယ်က ကြိုးပမ်း အားထုတ်ခဲ့လို့ ဒီအခြေအနေအထိ ရောက်ခဲ့ကြတာပါ။ နောက်ပြီး ပြည်တွင်းမှာ ကစားသမားတွေကို မွေးထုတ် ပေးနေတဲ့ နည်းပြကြီးတွေလည်း ရှိပါတယ်။ ကျနော့်အတွက်ကတော့ ဆရာဦး ကျောက်ခဲရဲ့ လေ့ကျင့် သင်ကြားပေးမှု တွေက ပွဲတပွဲရဲ့ အဆုံးအဖြတ် ရောက်လာချိန်တွေမှာ အများကြီး အထောက်အကူ ပြုခဲ့ပါတယ်။

၂၀၁၉ ခုနှစ် အာရှ ဘီလီယက် ချန်ပီယံ မြန်မာ့ လက်ရွေးစင်  ကိုနေသွေးဦး (ဓာတ်ပုံ – ကျန်ကျောင်း၊ ဧရာဝတီ)

မေး။     ။ ကိုနေသွေးဦးအနေနဲ့ ၃ နှစ် ဆက်တိုက် အာရှနဲ့ ကမ္ဘာ့အဆင့်ပွဲတွေမှာ ဆုတွေရယူနိုင်သလို တခြား ကစားသမားတွေလည်း ဒီဘက်နှစ်မှာ ဆုတွေရယူနိုင်ခဲ့တော့ ဘိလိယက်နဲ့စနူကာ ကစားနည်းက ပိုတိုးတက် လာတယ်လို့ ပြောလို့ရနိုင်မလား။

ဖြေ။     ။ ဒီနှစ်ပိုင်းတွေမှာ လက်ရည်တွေ တိုးတက်လာတယ် ဆိုတာက အရင်နှစ်တွေကတည်းက ကြိုးပမ်း လေ့ကျင့်မှုတွေရဲ့ အသီးအပွင့်တွေ ခံစားရတဲ့သဘောပါ။ ဒီနှစ်ပိုင်းမှာ အများကြီး တိုးတက်လာတယ်လို့ ပြောလို့ရပေမယ့် ဒီလိုဖြစ်လာအောင်လည်း ဟိုးအရင်ကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့ရတာပါ။ ကမ္ဘာ့အဆင့် နည်းပြတွေကို ခေါ်ပြီး လေ့ကျင့်ရတယ်၊ စနူကာတို့ 9 Ball ၊8 Ball တို့လို ကစားနည်းတွေမှာလည်း ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ လက်ရွေးစင် မျိုးဆက်သစ်တွေရှိနေပါပြီ။ ကျနော့်အနေနဲ့ ၂၀၁၇ ခုနှစ်မှာ အာရှ တတိယဆုရခဲ့တယ်၊ ၂၀၁၈ ခုနှစ် အိမ်ရှင်လုပ်ခဲ့တဲ့ ကမ္ဘာ့ပွဲမှာ ဒုတိယဆုရခဲ့တယ်၊ ၂၀၁၉ ခုနှစ် အာရှ ချန်ပီယံရှစ်မှာတော့ ချန်ပီယံဖြစ်ခဲ့တယ်။ သုံးနှစ်ဆက်တိုက် လက်ရည်အဆင့်အတန်း တိုးတက် လာတယ်လို့ ပြောရမှာပေါ့။ ကိုယ့်ကိုယ်ကိုယ်လည်း အားရ ကျေနပ်မိပါတယ်။ ဒီလိုဖြစ်အောင်လည်း အဖွဲ့ချုပ်က လေ့ကျင့်မှုကို စီစဉ်ပေးသလို၊ ကမ္ဘာ့အဆင့် နည်းပြတွေ ခေါ်ယူပေးတာ၊ ကိုယ်တိုင်ကလည်း ကြိုးပမ်း အားထုတ်ခဲ့တာ တွေကြောင့် အောင်မြင်မှုတွေ ရရှိတယ်လို့ ယုံကြည်ပါတယ်။

မေး။     ။ လာမယ့် စက်တင်ဘာမှာ ကမ္ဘာ့ချန်ပီယံရှစ်ပွဲကို မန္တလေးမှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပဦးမယ်လို့ သိရတယ်၊ ဒီပွဲရော ဘာတွေပြင်ဆင်ထားပြီလဲ။

ဖြေ။     ။ အဖွဲ့ချုပ်ဘက်ကတော့ ပြိုင်ပွဲတွေ ယှဉ်ပြိုင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်၊ ပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေ ကတော့ နားရက်တောင် မရှိဘူးလို့ ပြောရမှာပါ။ တနင်္ဂနွေနားရင်တောင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေက မကြိုက်ပါဘူး။ ဒီကစားနည်းက အမြဲထိတွေ့နေမှ လက်ရည် အဆင့်အတန်း တိုးတက်လာတဲ့ အနေအထား တခုမှာ သူတို့ကလည်း အမြဲတမ်း လေ့ကျင့်ပေးနေပါတယ်။ အဲဒီလို လေ့ကျင့်ပေးလို့လည်း လက်ရည် တိုးတက်လာပြီး ဆုတွေ ရယူနိုင်ခဲ့ကြတာပါ။ လာမယ့် ကမ္ဘာ့ပွဲမှာလည်း ဆုတွေရအောင် ကြိုးစားကြမှာပါ။

မေး။     ။ ဘိလိယက်နဲ့ စနူကာဟာ ကမ္ဘာ့အဆင့်ပွဲနိုင်တဲ့ အနေအထား ရှိနေပြီလား။

ဖြေ။     ။ ကျနော် လက်ရွေးစင် စဖြစ်တော့ ၂၀၀၃ ဆီးဂိမ်းမှာ စနူကာ ကစားနည်းနဲ့ စပြီးယှဉ်ပြိုင်ရတယ်၊ ဘိလိယက်မှာက စီနီယာ ကစားသမားတွေ ရှိနေတယ်။ အဲဒီကတည်းက ကြည့်ရင် ကျနော်တို့ စနူကာ အဆင့်အတန်းက တော်တော်နိမ့်ပါတယ်။ စနူကာ လက်ရွေးစင်အဖြစ် ယှဉ်ပြိုင်တာ တကြိမ်မကပါဘူး။ အဲဒီတုန်းက စနူကာ ကစားနည်းနဲ့ဆိုရင် နိုင်ငံတကာပွဲ သွားမပြိုင်တော့ဘူး လို့တောင် စဉ်းစားမိတဲ့ အထိ ဖြစ်ခဲ့ဖူးပါတယ်။ မျက်နှာငယ်ရတယ်၊ ကိုယ့်ကို မလေးမစား ကစားတာကို ခံရတယ်။ ဘိလိယက် မှာကျတော့ ဆုတံဆိပ်ကြီးတွေ မရခဲ့ပေမယ့် ကိုကျော်ဦးတို့၊ ကိုအောင်ဆန်းဦးတို့ ခေတ်မှာကတည်းက အင်အားကြီး နိုင်ငံတခုအဖြစ် အရှေ့တောင်အာရှမှာ အောင်မြင်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာလည်း ကိုအောင်ဆန်းဦးက အာရှချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဆုရဖို့လုံးပမ်းခဲ့ရပြီး ၁၃ နှစ်အကြာ အခုမှ ချန်ပီယံ နောက်တကြိမ် ဖြစ်ခဲ့တာပါ။ အခုနောက်ပိုင်း ကျနော်တို့ ဘိလိယက်နဲ့စနူကာမှာ တောက်လျှောက် တိုးတက်ခဲ့ပါတယ်၊ ဖိတ်ခေါ် ပြိုင်ပွဲတွေ၊ ဆီးဂိမ်းတွေ၊ အာရှပွဲတွေမှာ ဆုတွေရယူနိုင်တယ်၊ စနူကာမှာ ကမ္ဘာ့အဆင့်ကို မမီသေးပေမယ့် အာရှနဲ့ အရှေ့တောင် အာရှမှာ တန်းတူရည်တူ ယှဉ်ပြိုင်နိုင်တဲ့ အနေအထားဖြစ်နေပြီ။

အရင်က မသိခဲ့တဲ့ 9 Ball၊ 8 Ball ကစားနည်းတွေမှာ အားတီဆိုတဲ့ ကစားသမားက ကမ္ဘာ့အဆင့်ပွဲတွေကို ပါဝင် ယှဉ်ပြိုင်နိုင်နေပါပြီ။ နောက်ပြီး အမျိုးသမီး လက်ရွေးစင် ကစားသမားတွေကိုလည်း နိုင်ငံတကာပွဲတွေ စေလွှတ် ယှဉ်ပြိုင်နိုင်တဲ့အထိ ရှိပါတယ်။ ဘိလိယက်မှာလည်း ဘယ်နိုင်ငံကမှ အထင်မသေးခဲ့ပါဘူး၊ ကမ္ဘာ့အဆင့်ထိ ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်တဲ့ အဆင့်ရှိပါတယ်။ ဒီအဆင့်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကစားသမားအားလုံး ကြိုးစားအားထုတ်ရမှာပါ။ မျိုးဆက်သစ်ကစား သမားတွေလည်း လက်ရွေးစင် လမ်းကြောင်းပေါ်ကို လာကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

၂၀၁၉ ခုနှစ် အာရှ ဘီလီယက် ချန်ပီယံ မြန်မာ့ လက်ရွေးစင်  ကိုနေသွေးဦး (ဓာတ်ပုံ – ကျန်ကျောင်း၊ ဧရာဝတီ)

မေး     ။ လက်ရှိ မြန်မာ ဘိလိယက်နဲ့စနူကာ လက်ရွေးစင် ကစားသမားတွေရဲ့ အခြေအနေကိုရော ဘယ်လိုမြင်မိလဲ။

ဖြေ။     ။ ကျနော်တို့ရဲ့ ဘိလိယက်မှာ ဆုမရခဲ့တဲ့၊ ပြီးခဲ့တဲ့နှစ်ကအထိ နောက်က လိုက်ကစားရတဲ့ အနေ အထားပါ။ အရင်ကတော့ ကမ္ဘာ့အဆင့်ကို အိန္ဒိယနိုင်ငံက လွှမ်းမိုးထားတာပါ။ အခုဆိုရင် ကျနော်တို့က သူတို့ကို အသိပေးလိုက်သလိုပါပဲ။ ကျနော်တို့ဆီကို ကမ္ဘာ့ပြိုင်ပွဲ လာပြိုင်တဲ့အခါမှာ သူတို့ လျှော့တွက်ပြီး လာမှာ မဟုတ်ပါဘူး။ ကျနော်တို့ကလည်း အကောင်းဆုံး ကြိုးစားပြင်ဆင်ထားမှာပါ။ ကျနော် ကိုယ်တိုင်လည်း ဆုတံဆိပ် ရအောင် ကြိုးစားမှာဖြစ်သလို၊ ကျန်တဲ့ ကစားသမားတွေကလည်း ဆုတံဆိပ်ရယူနိုင်တဲ့ အနေအထား တွေပါပဲ။ ကျနော်တို့ရဲ့ လက်ရှိအနေအထားက အကောင်းဆုံးမှာ ရှိနေပါတယ်။

မေး။     ။ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတော့မယ့် ဆီးဂိမ်းပြိုင်ပွဲမှာရော အောင်မြင်မှုတွေ ရရှိနိုင်မလား။

ဖြေ။     ။ ကျနော်တို့ အဖွဲ့ချုပ်ရဲ့ အဓိကပစ်မှတ်ကတော့ ဆီးဂိမ်းပြိုင်ပွဲပါ။ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွေမှာ အောင်မြင်မှုရဖို့ပေါ့။ ကျနော်တို့ အိမ်ရှင်လုပ်တုန်းကတော့ နှစ်ယောက်တွဲတွေ၊ အသင်းလိုက် ပြိုင်ပွဲတွေ ထည့်ခဲ့တယ်။ တကယ်ကျတော့ ဘိလိယက် ကစားနည်းက စနူကာလောက် နိုင်ငံတကာမှာ မဖွံ့ဖြိုးဘူး။ လာမယ့် ဖိလစ်ပိုင်ဆီးဂိမ်းမှာလည်း အရင်လို ပွဲစဉ်နှစ်ခု၊ ဆုတံဆိပ်နှစ်ခု မပေးတော့ဘဲ တခုတည်း ရှိပါတော့မယ်။ သူတို့အားသာတဲ့ စနူကာ ကစားနည်းမှာတော့ ဆုတံဆိပ်တွေ များပါတယ်။

အဲဒီတော့ ဘိလိယက်မှာ ဆုတံဆိပ်ရရှိဖို့ကတော့ ခက်ပါတယ်၊ ရရင်လည်း တခုတည်း ရမှာပါ။ ဒါပေမယ့် ကြိုးစားပြီးတော့ ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ ယိုးဒယားနဲ့ပွဲမှာ စိတ်လှုပ်ရှားရတယ် ဆိုတာက သူတို့က အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ကြီးစိုးထားတဲ့သူတွေပါ။ သူတို့ကိုနိုင်ရင် ဆီးဂိမ်းမှာလည်း ခွန်အား တက်စေပါတယ်။ အဲဒီအတွက်ပါ ဖိအားတွေ ဖြစ်ခဲ့တာပါ။ နှစ်ကြိမ်တွေ့တာမှာ နှစ်ကြိမ်းစလုံး နိုင်ခဲ့တဲ့အတွက် ပျော်ပါတယ်။

ကျနော်တို့အတွက်လည်း ဆီးဂိမ်းမှာ အောင်မြင်မှုရဖို့အတွက် ကြိုးစားနေတာပါ။ အဖက်ဖက်က ကြိုးစား ပြင်ဆင်လာတဲ့အတွက် ကျနော်တို့အခုပြိုင်ပွဲမှာ ဘယ်သူ ဆုရမလဲမသိပေမယ့် ဘိလိယက်နဲ့ စနူကာအဖွဲ့က ဆုတံဆိပ် ရယူပေးမယ်ဆိုတာ ပြောနိုင်ပါတယ်။

မေး ။     ။ ပြိုင်ပွဲတွေ သွားရောက်ယှဉ်ပြိုင်ဖို့ အခက်အခဲ ကြုံရတာမျိုးတွေရှိလား၊ ဝန်ကြီးဌာနကကော ဘယ်လို ပံ့ပိုးတာရှိသလဲ။

ဖြေ။     ။ ကျနော်တို့အဖွဲ့ချုပ်နဲ့ ဝန်ကြီးဌာနပိုင်းကတော့ ဟန်ချက်ညီညီ သွားနေပါတယ်။ ငွေကြေးအရ ပေးတာ မပေးတာတွေ ကျနော်တို့ သိပ်ပြီး အာရုံထဲမှာမရှိပါဘူး။ ကိုယ်ကစားရမယ့် ပွဲတွေအပေါ်မှာပဲ အာရုံစိုက်ပြီး အနိုင်ရဖို့ပဲ စဉ်းစားပါတယ်၊ အဖွဲ့ချုပ်ရဲ့ လိုအပ်တာတွေကို ဝန်ကြီးဌာနဘက်က ထောက်ပံ့ပေး နေတယ်လို့ပဲ ကြားရတာပေါ့။ အတိအကျ အကုန်လုံးတော့ မသိပါဘူး။ နိုင်ငံတကာ ပြိုင်ပွဲတွေကို လွှတ်ပြီး ယှဉ်ပြိုင်နိုင်တဲ့ အနေအထားက အခုချိန်မှာ အများဆုံးပါပဲ။ အမျိုးသမီး ကစားသမားတွေလည်း နိုင်ငံတကာ ပွဲတွေကို လွှတ်ပါတယ်။ ဒီလိုအတွေ့အကြုံတွေကနေပဲ တကယ့်ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေ ရရှိစေတယ်လို့ မြင်ပါတယ်။

မေး။     ။ မျိုးဆက်သစ် ကစားသမားတွေနဲ့ ပတ်သက်လို့ရော ဘာများ ပြောချင်ပါသေးလဲ။

ဖြေ။     ။ ကျနော်တို့ ဘိလိယက်ဘက် မှာတော့ မျိုးဆက်သစ်ဆိုလို့ ချစ်ကိုကို တယောက်ရှိတယ်။ စနူကာ ကစားနည်းက မျိုးဆက်သစ် ပေါ်လာဖို့ များပေမယ့် ဘိလိယက်မှာကျတော့ ကစားနည်းအရရော၊ စိတ်ဝင်းစားမှုနည်းတဲ့အပိုင်းမှာရော လက်ရွေးစင်ဖြစ်ဖို့လည်း ခက်တယ်၊ မျိုးဆက်သစ်ပေါ်ဖို့လည်း ခက်တယ်။

ဒီကရှိတဲ့ လက်ရွေးစင် ကစားသမားတွေ ကြိုးစားနေကြသလိုပဲ အပြင်မှာရှိတဲ့ မျိုးဆက်သစ် လူငယ် အားကစားသမား တွေကလည်း ကြိုးစားကြ စေချင်ပါတယ်။ အပြင်မှာကြီးပဲ ကစားမနေကြပဲ လက်ရွေးစင် လမ်းကြောင်းပေါ်ကို ရောက်ဖို့ လာခဲ့ကြ စေချင်ပါတယ်။ အဖွဲ့ချုပ်ဘက်ကလည်း အကူအညီတွေ ပေးနေသလို၊ လက်ရွေးစင် ဖြစ်ချင်တဲ့ သူတွေအတွက်လည်း လာရောက်လေ့ကျင့်လို့ ရပါတယ်။ မျိုးဆက်သစ်တွေ ရှိမှလည်း နောင်လာမယ့် ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နိုင်ပြီးတော့ အထောက်အကူတွေ ဖြစ်စေမှာပါ။

တခြားနိုင်ငံတွေမှာတော့ မျိုးဆက်သစ်တွေ အများကြီးရှိပါတယ်။ ကျနော်တို့အနေနဲ့လည်း အကောင်းဆုံး ကြိုးစားနေကြသလို မျိုးဆက်သစ်တွေကိုလည်း ကြိုဆိုနေပါတယ်။

The post ဘိလိယက်မှာ ကျနော်တို့ကို ဘယ်နိုင်ငံကမှ အထင်မသေးပါဘူး appeared first on ဧရာဝတီ.

ဘောလုံး ပြန်ကန်ဖို့အတွက် ဘန်ကောက်မှာ ဒူးခေါင်း ခွဲစိတ်မှု ပြုလုပ်နေတဲ့ ကျော်မင်းဦး

$
0
0

မြန်မာ့လက်ရွေးစင် ဘောလုံးသမားတဦးဖြစ်တဲ့ ကျော်မင်းဦးကတော့ ဒူးခေါင်းဒဏ်ရာကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မှာ ခွဲစိတ်ကုသမှု ခံယူနေရပြီး ဘောလုံးပြန်ကန်ဖို့အတွက် ခွဲစိတ်ပြီး အရှိန်ယူရဦးမယ်လို့ ပြောပါတယ်။

“ခွဲစိတ်လိုက်ရင်တော့ ဆရာဝန်ကပြောတာ ၁၀၀ ရာခိုင်နှုန်း အာမခံတယ်။ ခွဲစိတ်မှု မလုပ်ခင် Gym ကစားဖို့ပါပဲ။ ခွဲစိတ်ပြီးရင် ကြွက်သားတွေက သေးသွားမှာဆိုတော့ ထိန်းထားဖို့အတွက်တော့ လိုအပ်တယ်။ ကျနော် ဘောလုံးကန်ဖို့ အတွက် ခွဲစိတ်ပြီးရင် အရှိန်ယူရဦးမယ်။ အဲဒီအတွက် စောင့်ဆိုင်းပြီးတော့ အားပေးပါဦးလို့ ပြောချင်ပါတယ်”လို့ ကျော်မင်းဦးကပြောပါတယ်။

အဆိုပါဒဏ်ရာကြောင့် အချိန်ကာလတခုအကြာ ဘောလုံးလောကမှ အနားယူကာ မွေးရပ်မြေကို ပြန်သွားခဲ့ပြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရဲ့ ထောက်ပံ့မှုနှင့် သူ့ရဲ့ဘောလုံးကန်ချင်တဲ့ တွန်းအားကြောင့် ပြန်လည်ကစားဖို့အတွက် ဖြစ်လာတာလို့ ဆိုပါတယ်။

“တွန်းအားပေးတယ်ရယ်လို့ ကန်ဖူးတဲ့သူတိုင် းသိတယ်။ ဥက္ကဋ္ဌကလည်း ကျနော့်အပေါ်မှာ ဒုတိယအဖေလိုပဲ။ သူကျနော့်အပေါ်မှာ အများကြီးကောင်းခဲ့တယ်။ ဥက္ကဋ္ဌနဲ့တွေ့တဲ့အခါ မလွန်ဆန်နိုင်ဘူး။ ကျနော်ကလည်း ကစားချင်စိတ်ရှိတယ်” လို့ ကျော်မင်းဦးကပြောပါတယ်။

ခွဲစိတ်မှုပြုလုပ်တဲ့ အခြေအနေကတော့ အောင်မြင်မှု ရာခိုင်နှုန်းများပြီး မေလ ၁၂ ရက်နေ့ကလည်း နောက်တကြိမ်ခွဲစိတ်ရန်အတွက် ဘန်ကောက်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဘောလုံးသမားတယောက်အနေနဲ့ အောင်မြင်မှုတခုရရှိခဲ့တဲ့ ကျော်မင်းဦးကိုတော့ လတ်တလောမှာ မိန်းကလေးပရိသတ်အများစုက ဝန်းရံနေကြပြီး ရုပ်ရည်ချောမောမှုကြောင့် အနုပညာအလုပ်များလုပ်ရန် ကမ်းလှမ်းခဲ့ပါက လုပ်ဖို့ရှိ၊ မရှိကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

“ကျနော့်အတွက် ဘောလုံးက နံပါတ် ၁ပါပဲ။ ဘောလုံးက အားတဲ့ရက်တွေ ကျရင်တော့ လုပ်ဖြစ်မယ်ဆိုတာ သရုပ်ဆောင်ရယ်လို့တော့ မဟုတ်ပါဘူး။ သရုပ်ဆောင်လုပ်တာ တော်တော်ကြီးကို ခက်ခဲပါတယ်။ အဲဒီလောက်ထိတော့ မဟုတ်ပါဘူး။ အနုပညာအလုပ်က ကျနော်မလုပ်ချင်ဘူး”လို့ ကျော်မင်းဦးကပြောပါတယ်။

ကျော်မင်းဦးကတော့ သူ့ကိုချစ်ခင်ကြတဲ့ ပရိသတ်များနဲ့ တွေ့ဆုံစကားပြောကြတဲ့ We Love Group ရှိပြီး ခွဲစိတ်မှုတွေနဲ့ မအားလပ်သေးတာကြောင့် အပြင်မှာတွေ့ဆုံမှုမပြုလုပ်ရသေးဘူးလို့ ဆိုပါတယ်။

The post ဘောလုံး ပြန်ကန်ဖို့အတွက် ဘန်ကောက်မှာ ဒူးခေါင်း ခွဲစိတ်မှု ပြုလုပ်နေတဲ့ ကျော်မင်းဦး appeared first on ဧရာဝတီ.

ပရီးမီးယားလိဂ်မှ ခရစ္စတယ် ပဲလေ့စ် ကို လွှဲယူရန် သက်ဆင် ညှိနှိုင်းနေ

$
0
0

အင်္ဂလိပ်ပရီးမီးယားလိဂ်ကလပ်မှ ခရစ္စတယ် ပဲလေ့စ် အသင်းကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက လွှဲပြောင်းရယူရန် ညှိနှိုင်းနေကြောင်း Bangkok Post သတင်းကဆိုသည်။

ထိုင်းလိဂ်မှ Chiangrai United ဥက္ကဋ္ဌဟောင်း မီတီတီယာ ပိုင်ရက်က ONE 31 ချန်နယ်သို့ ပြောကြားရာတွင် “အခု လတ်တလောကတော့ ဈေးနှုန်းရယ်၊ စီမံခန့်ခွဲမှုရယ်၊ တခြားအသေးစိတ်ကိစ္စတွေ ညှိနေတုန်းပါ။ မကြာခင် ခိုင်ခိုင်မာမာ အတိအကျသိရပါတယ်။ စလင်ပေါင်သန်း ၁၅၀ ဝန်းကျင်နဲ့ သဘောတူထားပါတယ်” ဟု ရှင်းပြသည်။

အကယ်၍ ယင်းအသင်းကို လွှဲပြောင်းယူဖြစ်ခဲ့လျှင် မီတီက လန်ဒန်ကလပ်တွင် အမှုဆောင်တဦးဖြစ်လာမည်ဟု အစောပိုင်းသတင်းများက ဆိုသည်။

“ ကျနော် တာဝန်ယူပေးရမယ့်သဘောပါ” ဟု ရုပ်သံချန်နယ်သို့ မီတီ၏ပြောကြားချက်ကို ကိုးကားလျက် goal.com က သတင်းဖော်ပြသည်။

“သိသိသာသာ စိန်ခေါ်မှုရှိတဲ့အခန်းကဏ္ဍဆိုပေမယ့်လည်း Chiangrai United ကို စီမံခန့်ခွဲရတုန်းကတည်းက ကျနော် ကျွမ်းကျင်ပြီးသားအလုပ်ဖြစ်ပါတယ်။ သူတို့ဟာ နောက်ထပ် အဆင့်အတန်းမှာ ရှိနေပါပြီ။ ဒါပေမယ့် ကမ္ဘာ့အဆင့်မီ ဘောလုံးကလပ်အသင်း ပိုင်ဆိုင်ရဖို့ ကျနော့်အတွက်ရော၊ ထိုင်းပြည်သူတွေအတွက်ရော ကျေနပ်စရာဖြစ်နေတုန်းပါ”ဟု Chiangrai United ဥက္ကဋ္ဌဟောင်း မီတီတီယာ ပိုင်ရက် က ဆိုသည်။

၂၀၀၆ ခုနှစ်တွင် အာဏာသိမ်းခံရသော အစိုးရအဖွဲ့ခေါင်းဆောင် သက်ဆင်သည် ၂၀၀၇ ခုနှစ်ကလည်း ယခု ချန်ပီယံဖြစ်ခဲ့သည့် မန်ချက်စတာစီတီးအသင်းကို ဝယ်ယူခဲ့ပေမယ့် ၂၀၀၈ ခုနှစ်တွင် ရှိတ်မန်ဆွာထံသို့ ပြန်လည်ရောင်းချခဲ့သည်။

ရှိတ်မန်ဆွာ၏လက်ဝယ်ရှိ မန်ချက်စတာ စီးတီးအသင်းသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဘရိုက်တန်ကို ၄ဂိုး ၁ဂိုးဖြင့် နိုင်ကာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့သည်။ ဤသည်မှာ နှစ် နှစ်ဆက်တိုက် ချန်ပီယံရရှိခြင်းဖြစ်သည်။

မန်ချက်စတာစီးတီးကို လွှဲပြောင်းမယူမီက သက်ဆင်သည် ဖူလ်ဟမ်နှင့်လီဗာပူးအသင်းတို့ကို ဝယ်ရန် ကြိုးစားခဲ့သေး သည်ဟု ဆိုသည်။

ယခုလည်း ပဲလေ့စ်အသင်း လက်ဝယ်ရောက်ရှိပါက အလားတူ အောင်မြင်မှုအခြေခံများ ရလိမ့်မည်ဟု သက်ဆင်က မျှော်လင့်ထားကြောင့် goal.com က သတင်းရေးသားသည်။

The post ပရီးမီးယားလိဂ်မှ ခရစ္စတယ် ပဲလေ့စ် ကို လွှဲယူရန် သက်ဆင် ညှိနှိုင်းနေ appeared first on ဧရာဝတီ.


ရခိုင်ယူနိုက်တက် အသင်းအား ဆဲဆိုမှု မြဝတီရုပ်/သံမှ တောင်းပန်

$
0
0

ရခိုင် ယူနိုက်တက် အသင်းအား တိုက်ရိုက် ထုတ်လွှင့်စဉ် အစီအစဉ် ကြေညာသူမှ ဆဲဆိုခဲ့မှု အပေါ် မြဝတီ ရုပ်မြင်သံကြား မှ အနူးအညွတ် တောင်းပန်ကြောင်းနှင့် အရေးယူသွားမည် ဖြစ်ကြောင်း ယနေ့ ညနေပိုင်းတွင် သတင်း ထုတ်ပြန်ထား သည်။

မေလ ၂၅ ရက်က ယှဉ်ပြိုင် ကစားခဲ့သည့် ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်၌ ရှမ်းယူနိုက်တက် အသင်း နှင့် ရခိုင် ယူနိုက်တက် အသင်းတို့၏ ပွဲစဉ် ၁၀ မိနစ် ၃၅ စက္ကန့်တွင် ရှမ်းယူနိုက်တက် အသင်းက အဖွင့်ဂိုး သွင်းယူပြီးနောက် အစီအစဉ် ကြေညာသူ တဦးက ဆဲဆိုခဲ့ခြင်း ဖြစ်သည်။

ရခိုင်ယူနိုက်တက် အသင်း အထွေထွေ မန်နေဂျာ ကိုထွန်းထွန်းဝင်း က “ ဒီနေ့ ကျနော်တို့ကို မြဝတီက တာဝန်ရှိသူတွေ ရော တွေ့ဆုံ ဆွေးနွေးကြပါတယ်။ အရေးယူဖို့ အတွက် အဆင့်ဆင့် စာတင်ထားပြီးလို့လည်း သူတို့က ပြောပါတယ်။ ဘယ်လို အရေးယူမလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဆဲဆိုမှုနှင့် ပတ်သက်ပြီး အစီအစဉ် ကြေညာသူ Win Htike ဆိုသူ က “ကျနော့် အနေဖြင့် Slow Motion ပြနေတုန်း အခြား အသံဝင်သွားတာ ဖြစ်ပြီး Live လွှင့်သည့် အခန်းထဲမှ ကျနော့် အနားတွင် ရှိသော မိုက်ခလုတ်ကို အဲဒီအချိန်၌ အပြင် အသံများ မဝင်အောင် မိုက် ခဏ ပိတ်ဖို့ မေ့သွားသော ကျနော့် တဦးတည်းမှာပင် လုံးဝ တာဝန် ရှိပါကြောင်း အားလုံးကို အနူးအညွတ် တောင်းပန်ပါကြောင်း” ကို သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ဘောလုံး လောက အတွင်းမှ မည်သို့သော လူမျိုးရေး/အသားအရောင် ခွဲခြားမှုကို မဆို အမြစ်ဖြတ် တိုက်ထုတ်ရမည့် အရာ အဖြစ် မြန်မာနေရှင်နယ်လိဂ် (MNL) မှ ရှုမြင်ပြီး ယင်းဖြစ်ရပ်ကိုလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း MNL က ထုတ် ဖော် ကြေညာခဲ့သည်။

ဆီမီးဖိုင်နယ် ပထမ အကျော့ အဖြစ် ယှဉ်ပြိုင် ကစားခဲ့သည့် ယင်းပွဲစဉ်တွင် ရှမ်းယူနိုက်တက် အသင်းက ရခိုင်ယူနိုက် တက် အသင်းအား ၄ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

You may also like these stories:

ပရီးမီးယားလိဂ်မှ ခရစ္စတယ် ပဲလေ့စ် ကို လွှဲယူရန် သက်ဆင် ညှိနှိုင်းနေ

မြန်မာတို့၏ ဖိုက်တာ အောင်လအန်ဆန်း

ဘိလိယက်မှာ ကျနော်တို့ကို ဘယ်နိုင်ငံကမှ အထင်မသေးပါဘူး

The post ရခိုင်ယူနိုက်တက် အသင်းအား ဆဲဆိုမှု မြဝတီရုပ်/သံမှ တောင်းပန် appeared first on ဧရာဝတီ.

ကျွမ်းဘားအားကစား မျိုးဆက်သစ်များအား လေ့ကျင့်သင်ကြားပေးရန် အခက်အခဲရှိ

$
0
0

မန္တလေးတိုင်းဒေသကြီး ကျွမ်းဘားဆပ်ကော်မတီမှ ကြီးမှူး၍ ကျွမ်းဘားအားကစားနည်းများကို မျိုးဆက်သစ် ကလေးငယ် များအား လေ့ကျင့်သင်ကြားပေးရာတွင် သင်ထောက်ကူပစ္စည်းများ၊ လေ့ကျင့်သင်ကြားပေးချိန်နှင့် နည်းပြအခက်အခဲများ ရှိနေကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး ကျွမ်းဘားဆပ်ကော်မတီ ဒုဥက္ကဋ္ဌ ဦးမျိုးသန့် က “အခက်အခဲတွေကတော့ သင်ထောက်ကူ ပစ္စည်းနဲ့ နေရာအခက် အခဲရှိတယ်၊ ပစ္စည်းကလည်း နိုင်ငံတကာအဆင့်ကို မီအောင်လုပ်မယ်ဆိုရင် ဗမာဖြစ်နဲ့ ကစားနေလို့ မရဘူး၊ လက်ရှိ မန်းတိုင်းမှာတော့ ပစ္စည်းအခက်အခဲ တော်တော်ရှိတဲ့အတွက် ပစ္စည်းတွေက ဗမာဖြစ်တွေနဲ့ပဲ သုံးနေရတယ်” ဟု ပြောသည်။

ကျွမ်းဘားအားကစားနည်းသည် အားကစားနည်းများ အားလုံး၏ အခြေခံဖြစ်ပြီး အခြားနိုင်ငံများ၌ စာသင်ကျောင်းများတွင် မဖြစ်မနေသင်ကြားရသည့် အားကစားနည်း တရပ်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် သိရှိသူ အလွန်နည်းပါကြောင်း သိရသည်။

အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး)မှ ပဏာမလက်ရွေးစင် ကိုသာအောင်ထက် က “ကျနော်တို့ကျွမ်းဘားက လိုအပ်ချက်တွေကတော့ အများကြီးပါပဲ၊ အခြားအားကစားနည်းတွေမှာ ကစားသမားတွေက ဘ၀ ရပ်တည်နိုင်အောင် ထောက်ပံ့မှုတွေ အများအပြားရှိတယ်၊ ကျွမ်ဘားက ထောက်ပံ့မှု တော်တော်လေး အားနည်းနေပါ သေးတယ်၊ အဖွဲ့ချုပ်ဆိုပြီးရှိပေမယ့်လည်း ဘတ်ဂျတ်ပြည့်ပြည့် ၀၀ ရှိတဲ့အဖွဲ့အစည်းမဟုတ်တော့ ထောက်ပံ့မှုက လိုအပ်သလို မပေးနိုင်သေးဘူး” ဟု ပြောသည်။

လက်ရှိအခြေအနေအရ ကျွမ်းဘားအားကစားနည်းသည် မဖြစ်မနေ ထားရှိပေးနေရသည့် အားကစားနည်း တရပ်လိုသာ ဖြစ်နေပြီး မြန်မာနိုင်ငံ ကျွမ်းဘားအားကစားအဖွဲ့ချုပ်ဟု ရှိသော်လည်း အားကစားသမား အလွန်နည်းပါး နေသေးကြောင်း သိရသည်။

ဦးမျိုးသန့် က “အခြားအခက် အခဲကတော့ နိုင်ငံတော် အထောက်အပံ့လည်း မရှိဘူး၊ ကျွမ်းဘား အားကစားနည်းဟာ အခြား နိုင်ငံများမှာ ရှိနေတာကြောင့် မဖြစ်မနေထားနေရတဲ့ သဘောဖြစ်နေတယ်၊ ကျွမ်းဘားအားကစားနည်းအတွက် နည်းပြရယ်လို့ အစိုးရက ကူညီပေးထားတာမျိုးမရှိဘူး” ဟု ဆက်လက်ပြောသည်။

ယခုအခါ ကျွမ်းဘား အားကစားနည်းအတွက် မန္တလေးတိုင်း၌ နည်းပြသီးသန့်မရှိသေးဘဲ ယခင် လက်ရွေးစင်ဟောင်းများနှင့် လက်ရှိလက်ရွေးစင်များက ကိုယ်ပိုင်အချိန်များအတွင်းမှ နေ၍ မျိုးဆက်သစ်များ ထွက်ပေါ်လာစေရန် သင်တန်းများ ပေးနေ ရကြောင်း သိရသည်။

“လူငယ်အခြေပြုဆိုတော့ ဘယ်လိုလူမျိုးဖြစ်ဖြစ် လက်ခံပေးတယ်၊ အဲဒီအထဲကမှ လူကောင်းတွေကို မွေးထုတ် ပေးရတယ်၊ လက်ရွေးစင်ဖြစ်မယ့်ကလေးတွေကို မွေးထုတ်ပေးရတယ်၊ လေ့ကျင့်ကစားချိန်ကလည်း ၁ နာရီခွဲ လောက်ပဲ ရတယ်၊ တနေ့ကို လေ့ကျင့်ကစားချိန်က ၃ နာရီလောက်ကစားမှ အဆင်ပြေမယ့် အခြေအနေမျိုးမှာ မန်းတိုင်းကနေပြီးတော့ ကစားချိန် ၁ နာရီခွဲ လောက်အချိန်လေးနဲ့ လက်ရွေးစင်ဖြစ်အောင် လေ့ကျင့် သင်ကြားပေးနေရတယ်” ဟု ဦးမျိုးသန့်က ဆက်လက်ပြောသည်။

ထို့အပြင် နိုင်ငံတွင်း ပြိုင်ပွဲများ၌လည်း ကျွမ်းဘားအားကစားနည်း ထည့်သွင်းယှဉ်ပြိုင်မှုအလွန်အားနည်းနေပြီး တနှစ်လျှင် ၂ ပွဲခန့်သာရှိကြောင်း၊ နိုင်ငံတကာပြိုင်ပွဲများတွင် ကျွမ်းဘားအားကစားနည်း ပါဝင်နေခြင်းကြောင့် မဖြစ်မနေထားနေရှိနေရ သည့် အခြေအနေမျိုးတွင် ရှိနေသေးကြောင်း သိရသည်။

အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး)မှ ကျွမ်းဘားနည်းပြ ကိုစည်သူဟိန်းက “ကျွမ်းဘား အားကစားနည်းက အဓိကအခြေခံကောင်းဖို့ လိုပါတယ်၊ ကျွမ်းဘားအားကစားနည်းကို နိုင်ငံတကာနဲ့ ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် အခြေခံ အားကစားနည်း ကျွမ်းဘားကို စိတ်ဝင်စားကြဖို့ လိုပါတယ်၊ သူများနိုင်ငံတွေမှာ ဆိုရင် ၅ နှစ်အရွယ် လောက်ကတည်းက ကျွမ်းဘားကို ကစားကြတယ်၊ အဲဒီလောက်ကနေ စခဲ့တာ ပရော်ဖက်ရှင်နယ် ဖြစ်တဲ့အထိကို ကစားနေ ကြပြီ၊ ကျနော်တို့နိုင်ငံမှာက အခုမှ ပြန်ပြီး အစပျိုးနေရဆဲဆိုတော့ နိုင်ငံတကာမှာ ရှေ့ရောက်ဖို့ အတော်ကြိုးစား ကြရဦးမှာပါ” ဟု ပြောသည်။

ကျွမ်းဘား အားကစားနည်းကို နိုင်ငံတကာအဆင့်မီ အားကစားနည်း တရပ်ဖြစ်လာစေရန်နှင့် ကျွမ်းဘား အားကစားနည်း တိုးတက်လာစေရန်အတွက် အားကစားနှင့် ကျန်းမားရေး ဝန်ကြီးဌာနမှ ထိထိရောက်ရောက် ပံ့ပိုးပေးမှုများနှင့် အတူ ပြင်ပတွင် ရောက်ရှိနေသည့် အမှန်တကယ်တတ်ကျွမ်းသည့် နည်းပြဆရာများ၊ ပညာရှင်များကို ခေါ်ယူနေရာပေးရန် လိုအပ်သည်ဟု သိရသည်။

ဦးမျိုးသန့် က “ကျွမ်းဘား အားကစားနည်း တိုးတက်ဖို့ဆိုရင် ဝန်ကြီးဌာနကနေ ထိထိရောက်ရောက် ပံ့ပိုးပြီးတော့ အပြင်မှာ ရောက်နေတဲ့ တကယ်တတ်ကျွမ်းတဲ့ နည်းပြဆရာတွေ ပညာရှင်တွေ ကိုခေါ်ယူနေရာပေးဖို့လည်း လိုအပ်ပါတယ်၊ အဲဒီလိုသာ လုပ်မယ်ဆို ရင် နိုင်ငံတကာ အဆင့်မီ အားကစားနည်း တရပ်ဖြစ်လာ မယ်လို့မြင်ပါတယ်” ဟု ဆက်လက်ပြောသည်။

You may also like these stories:

ဘိလိယက်မှာ ကျနော်တို့ကို ဘယ်နိုင်ငံကမှ အထင်မသေးပါဘူး

အမျိုးသမီးတွေ လက်ဝှေ့ထိုးသင့်တဲ့ အကြောင်းအရင်း ၅ ချက်

မြန်မာ့ အားကစားကို မြှင့်တင်ပေးရန် တပ်မတော် တိုက်တွန်း

The post ကျွမ်းဘားအားကစား မျိုးဆက်သစ်များအား လေ့ကျင့်သင်ကြားပေးရန် အခက်အခဲရှိ appeared first on ဧရာဝတီ.

ချန်ပီယံလိဂ်ဆုဖလား ဘယ်အသင်း သိမ်းပိုက်မလဲ

$
0
0

ဘောလုံးချစ် ပရိတ်သတ်များ စောင့်မျှော်နေကြတဲ့ ကမ္ဘာပေါ်ရှိလူကြိုက်အများဆုံး ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကိုတော့ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ ဇွန်လ ၂ ရက် နံနက် မြန်မာစံတော်ချိန် ၁ နာရီ ၃၀ မိနစ်မှာယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။

ဥရောပရဲ့အဆင့်အမြင့်ဆုံး ပြိုင်ပွဲတခုလည်းဖြစ်တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကြမယ့် အသင်းတွေကတော့ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ လီဗာပူးအသင်းနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ ဖြစ်ပါတယ်။

လက်ရှိ ၂၀၁၈ – ၁၉ ဘောလုံးရာသီမှာ ဥရောပရဲ့အဆင့်အမြင့်ဆုံး ပြိုင်ပွဲများဖြစ်တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လီဗာပူးနဲ့ စပါး၊ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ချယ်ဆီးနဲ့ အာဆင်နယ်စတဲ့ အင်္ဂလန်ကလပ် ၄ သင်းစလုံး တက်ရောက်ခဲ့ကြတဲ့ မှတ်တမ်းကတော့ ဒီနှစ်ဘောလုံးရာသီအတွက် ထူးခြားချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

မေလ ၃၀ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာတော့ ချယ်ဆီးက အာဆင်နယ်ကို ၄ ဂိုး ၁ ဂိုးဆိုတဲ့ ပြတ်သားတဲ့ ရလဒ်နဲ့အနိုင်ယူပြီး အသင်းအတွက် ဒုတိယမြောက် ယူရိုပါလိဂ်ဆုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲသို့ ဖြတ်သန်းရာလမ်း

ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ လီဗာပူးအသင်းဟာ အီတလီထိပ်သီး နာပိုလီ၊ ပြင်သစ်ထိပ်သီး PSG အသင်းနဲ့ ဆားဘီးယားကလပ် ဇက်ဗီးဒါး အသင်းတို့ တအုပ်စုတည်းကျခဲ့ပြီး လီဗာပူးအသင်းက ၃ ပွဲနိုင်၊ ၃ ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့ပြီး နာပိုလီအသင်းထက် ဂိုးကွာခြားချက်အသာ အုပ်စုဒုတိယအဖြစ်နဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

၁၆ သင်းအဆင့်မှာတော့ ဂျာမနီထိပ်သီးအသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကို ပထမအကျော့ အိမ်ကွင်းမှာ ဂိုးမရှိသရေကျခဲ့ပြီး ဒုတိယအကျော့ ဘိုင်ယန်ကွင်းမှာ ၃ ဂိုး ၁ ဂိုးဆိုတဲ့ရလဒ်နဲ့ အံ့သြဖွယ်ရာအနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။ ကွာတားအဆင့်မှာ ပေါ်တူဂီထိပ်တန်းကလပ် ပေါ်တိုအသင်းကို အိမ်ကွင်းအဝေးကွင်း နှစ်ကျော့စလုံး ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ခဲ့ပါတယ်။

ဆီမီးအဆင့်မှာတော့ ကမ္ဘာ့ထိပ်သီး စပိန်ကလပ် ဘာစီလိုနာအသင်းကို ပထမအကျော့ ဘာစီလိုနာအိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ဗိုလ်လုပွဲတက်ဖို့ ဖြစ်နိုင်ချေ နည်းပါးနေတဲ့ အနေအထားကနေ လီဗာပူး အိမ်ကွင်း အန်ဖီးမှာကန်တဲ့ ဒုတိယအကျော့မှာ ဘာစီလိုနာကို ၄ ဂိုး ပြန်သွင်းပြီး တကမ္ဘာလုံးကို အံ့သြမှင်သက် စေတဲ့ရလဒ်နဲ့ အနိုင်ယူကာ ဗိုလ်လုပွဲတက်ရောက်လာခဲ့တာ ဖြစ်ပါယတ်။

တော့တင်ဟမ်ဟော့စပါး အသင်းကတော့ ချန်ပီယံလိဂ် အုပ်စု B မှာ ကမ္ဘာ့ထိပ်သီး ဘာစီလိုနာ၊ အီတလီ ကလပ် အင်တာမီလန်နဲ့ ဟော်လန်ကလပ် PSV တို့နဲ့ တအုပ်စုတည်းကျခဲ့ပြီး ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၈ မှတ်နဲ့ အင်တာမီလန် အသင်းထက် ဂိုးကွာခြားချက်အသာနဲ့ အုပ်စု ဒုတိယနေရာကနေ ၁၆ သင်း အဆင့်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

၁၆ သင်း ရှုံးထွက်အဆင့်မှာတော့ ဂျာမနီထိပ်တန်းကလပ် ဒေါ့မွန်အသင်းကို နှစ်ကျော့စလုံး အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ခဲ့သလို ကွာတားအဆင့်မှာ အင်္ဂလန်ထိပ်သီး မန်စီးတီးကို နှစ်ကျော့ပေါင်း ၄ ဂိုး ၄ ဂိုးဆိုတဲ့ရလဒ်နဲ့ အဝေးဂိုးစည်းမျဉ်းအရ အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။

မန်စီးတီးအိမ်ကွင်း အီသီဟတ်မှာ ဒုတိယအကျော့ ပွဲစဉ်မှာ အမှတ်ရစရာ အဖြစ်အပျက်ကတော့ နှစ်ကျော့ပေါင်း ၄ ဂိုးစီသရေကျနေချိန် ပွဲချိန်နောက်ဆုံးမိနစ်မှာ မန်စီးတီးအသင်းအတွက် တိုက်စစ်မှူး စတားလင်းက စပါးဘက်ကို ဂိုးသွင်းယူခဲ့လို့ မန်စီးတီးအသင်းသားတွေ၊ နည်းပြတွေနဲ့ ပရိတ်သတ်သောင်းနဲ့ချီ အောင်ပွဲခံနေချိန် ဒိုင်အဖွဲ့က စတားလင်းသွင်းဂိုးကို VAR စနစ်နဲ့ ပြန်ကြည့်ရာမှာ လူကျွံဘောဖြစ်နေတဲ့အတွက် သွင်းဂိုးကို ပယ်ဖျက်ခဲ့လို့ စပါးအသင်း ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့် ရရှိခဲ့တဲ့အဖြစ်အပျက်ကတော့ မန်စီးတီးနဲ့ စပါးအသင်းပရိတ်သတ်တွေအတွက် တသက်မမေ့နိုင်စရာအခြေအနေ ဖြစ်ခဲ့ပါတယ်။

စပါးအသင်းဟာ ဆီမီးဖိုင်နယ်မှာ ဒီနှစ်ချန်ပီယံလိဂ်ရဲ့ Giant Killer လို့ နာမည်ကြီးတဲ့ အေဂျက်အသင်းနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဟော်လန်ကလပ် အေဂျက်အသင်းဟာ Giant Killer လို့ နာမည်တွင်ရလောက်အောင်ကို ၁၆ သင်းရှုံးထွက်အဆင့်မှာ ချန်ပီယံလိဂ်ရဲ့ ၃ နှစ်ဆက်ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကို သူ့အိမ်ကွင်းမှာ အနိုင်ယူဖြုတ်ချခဲ့သလို စီရော်နယ်ဒိုဦးဆောင်တဲ့ အီတလီကလပ် ဂျူဗင်တပ်အသင်းကိုလည်း သူ့အိမ်ကွင်းမှာ အနိုင်ကန်ပြီး ဆီမီးဖိုင်နယ် တက်ရောက်လာတဲ့အသင်းဖြစ်ပါတယ်။ ဒါကြောင့် ဘောလုံးပရိတ်သတ်အများစု
ကလည်း Giant Killer အေဂျက်အသင်းက စပါးကို ထပ်ဖြုတ်ချပြီး ဖိုင်နယ်တက်မယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။

ဆီမီးဖိုင်နယ်မှာ တကယ်တမ်း ဆုံတွေ့ချိန်မှာလည်း အေဂျက်ဟာ စပါးအသင်းအိမ်ကွင်းမှာ ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ယူခဲ့သလို ဒုတိယအကျော့ အေဂျက်အိမ်ကွင်းမှာ ယှဉ်ပြိုင်ချိန်မှာလည်း ပထမပိုင်းပွဲကစားချိန်အတွင်းမှာ ၂ ဂိုးပြတ်သွင်းယူခဲ့တဲ့အတွက် ကမ္ဘာတလွှားက ပရိတ်သတ်အများစုက အေဂျက်အသင်း ဖိုင်နယ်တက်ပြီလို့ အပိုင်တွက်ခဲ့ကြပါတယ်။

ဒါပေမယ့် စပါးအသင်းရဲ့ တောင်ပံတိုက်စစ်မှူး လူးကပ် မိုရာ – Lucas Moura က အေဂျက်နဲ့ကန်တဲ့ ဒုတိယပိုင်းပွဲ ကစားချိန်မှာ ခြေစွမ်းပြပြီး တစ်ဦးတည်း သုံးဂိုးဆက်တိုက် ဟက်ထရစ် သွင်းယူခဲ့တဲ့အတွက် ပွဲပြီးချိန်မှာ စပါးအသင်း ဗိုလ်လုပွဲတက်ရောက်သွားခဲ့ပါတယ်။ ဒီလို ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာ အဖြစ်အပျက်ကလည်း ကမ္ဘာ့ဘောလုံးလောက ပရိတ်သတ်များကို ဖျော်ဖြေမှုအပြည့် ပေးနိုင်ခဲ့ပါတယ်။

ဂျာဂင် ကလော့နဲ့ ပိုချက်တီနို အားပြိုင်မှု

လီဗာပူးအသင်း မန်နေဂျာ ဂျာဂင်ကလော့ဟာ အသင်းကို ၂၀၁၇ – ၁၈ ဘောလုံးရာသီနဲ့ ၂၀၁၈ – ၁၉ ဘောလုံး ရာသီ နှစ်နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပို့ဆောင်ပေးခဲ့တဲ့နည်းပြဖြစ်သလို စပါးအသင်းနည်းပြ ပိုချက်တီနိုကလည်း ငွေမသုံး၊ လူမဝယ်ဘဲ စပါးအသင်းကို ကလပ်သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲတက်ရောက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြဖြစ်ပါတယ်။

ဂျာဂင် ကလော့ဟာ ယခင်က ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဒေါ့မွန်အသင်းနဲ့တကြိမ်၊ လီဗာပူးအသင်းနဲ့ တကြိမ်၊
စုစုပေါင်း ၂ ကြိမ်တက်ရောက်ခဲ့ပါတယ်။ ဂျာမန်ကလပ် ဒေါ့မွန်အသင်းကိုကိုင်တွယ်စဉ် ၂၀၁၃ ခုနှစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရောက်ခဲ့ပေမယ့် ပြိုင်ဘက် ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ပြီး ဆုဖလားနဲ့ လွဲခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူးအသင်းနဲ့အတူ ၂၀၁၈ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ထပ်မံတက်ရောက်ခဲ့ပေမယ့် ရီးရဲလ် မက်ဒရစ်ကို ရှုံးနိမ့်ပြီး ဆုဖလားနဲ့ ထပ်မံလွဲချော်ခဲ့ပါတယ်။ ဖိုင်နယ်ပွဲတွေ တက်ရောက်ပြီး ဆုဖလားတွေနဲ့ လွဲချော်နေတဲ့ ဂျာဂင်ကလော့အနေနဲ့ ဒီတကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ကျိန်စာဆိုးကနေ လွတ်မြောက်ဖို့ အစွမ်းကုန်ကြိုးပမ်းလာမယ့်အခြေအနေ ရှိနေပါတယ်။

မထင်မရှား ဆောက်သင်တန်အသင်း နည်းပြဘဝကနေ နှစ်အနည်းငယ်အတွင်း ဥရောပနည်းပြလောကမှာ နာမည်ကြီးလာတဲ့ အာဂျင်တီးနားလူမျိုး ပိုချက်တီနိုရဲ့ စပါးအသင်းဟာလည်း စည်းလုံးမှု၊ ကြိုးစား အားထုတ်မှုနဲ့ ကံတရားရဲ့ဖေးမမှုတွေကြောင့် အသင်းရဲ့မှတ်တမ်းတလျှောက်မှာပါ ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့တာဖြစ်လို့ စပါးအသင်းရဲ့ခြေစွမ်းနဲ့ ကံတရားကလည်း လျှော့တွက်လို့မရတဲ့အနေအထားမှာ
ရှိနေပါတယ်။

နှစ်သင်းထိပ်တိုက် တွေ့ဆုံမှု

အင်္ဂလန်ပြိုင်ဘက်ဖြစ်တဲ့ ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုတွေအရတော့ လီဗာပူးအသင်းက သမိုင်းကြောင်း တလျှောက်မှာ ၈၂ ကြိမ်အနိုင်ရထားပြီး ၄၂ ကြိမ် သရေရလဒ်ထွက်ပေါ်ခဲ့ကာ စပါးအသင်းက ၄၈ ကြိမ် အနိုင်ရထားပါတယ်။ ဒီအချက်အလက်အရ ထိပ်တိုက်တွေ့ဆုံမှုမှာ လီဗာပူးအသင်းက အသာရ ထားပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဒဏ်ရာကြောင့် နားနေတဲ့ လီဗာပူးအသင်းတိုက်စစ်မှူး ဖာမီနို ဗိုလ်လုပွဲမှာ ပါဝင်လာဖွယ်ရှိပေမယ့် အသင်းရဲ့အဓိကတိုက်စစ်ကစားသမား မိုဟာမက်ဆာလက်ကတော့ဒဏ်ရာမသက်သာသေးတဲ့အတွက် ဒီနေ့ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေပါတယ်။

ယမန်နှစ် ၂၀၁၈ ခုနှစ်က ဗိုလ်လုပွဲမှာ ဆာလက် ဒဏ်ရာရကာ ကွင်းထဲက ထွက်ခွာပြီးတဲ့နောက် လီဗာပူးအသင်း ရှုံးနိမ့်ခဲ့တဲ့မှတ်တမ်းရှိခဲ့ပြီး ဒီနှစ် ဗိုလ်လုပွဲမှာလည်း ဆာလက်မပါဝင်နိုင်လို့ တိုက်စစ်ပိုင်း အားနည်းမှာကို စိုးရိမ်နေကြတဲ့ လီဗာပူးအသင်း ပရိတ်သတ်များ ရှိနေသလို တိုက်စစ်မှာ ဆာလက်နဲ့ ဖာမီနိုမပါဘဲ ဘာစီလိုနာကို ၄ ဂိုးပြတ်နိုင်ထားလို့ စပါးအသင်းကို ဖြိုလှဲဖို့အတွက် ဆာလက်မပါလည်း လီဗာပူး တိုက်စစ်ကို စိုးရိမ်စရာမရှိဘူးလို့ ယူဆထားတဲ့လီဗာပူးပရိတ်သတ်များလည်း ရှိနေပါတယ်။

စပါးအသင်းရဲ့အားထားရတဲ့ တိုက်စစ်မှူးလည်းဖြစ် အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဟာရီကိန်းကတော့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဒဏ်ရာကြောင့်လွဲချော်ခဲ့ပေမယ့် ဒီကနေ့ ဗိုလ်လုပွဲစဉ်မှာတော့ ပါဝင်လာဖို့ရှိတဲ့ အတွက် စပါးအသင်းရဲ့စိတ်ဓာတ်ပိုင်းလည်း ပိုမိုမြင့်တက်လာဖို့ ရှိနေပါတယ်။

ဒီအသင်း၂ သင်းရဲ့အားပြိုင်မှုအရတော့ ၂ သင်းစလုံးဟာ အသင်းလိုက်ကစားအားကို အဓိကထား ကစားနေတဲ့ အသင်းတွေဖြစ်တဲ့အပြင် နေရာစုံက ဂိုးသွင်းနိုင်တဲ့အတွက် အပြန်အလှန် တိုက်စစ်ဆင်မှုတွေနဲ့ ပွဲစဉ်က မြိုင်ဆိုင်နိုင်ပြီး တိုက်စစ်ပိုင်းအရဆိုရင်တော့ ဟယ်ရီကိန်းပါဝင်လာမယ့် စပါးစ်အသင်းရဲ့တိုက်စစ်က ပိုမိုထက်မြက်လာနိုင်တဲ့ အနေအထားတွေ ရှိနေပါတယ်။

ကွင်းလယ်ပိုင်းမှာတော့ လီဗာပူးဘက်မှာ ဘာစီလိုနာနဲ့ ပထမအကျော့ပွဲစဉ်မှာ ဒဏ်ရရခဲ့တဲ့ နာဘီကီတာ ပါဝင်လာရင် အားကောင်းဖို့ရှိနေပြီး စပါးအသင်းကတော့ ရှိပြီးသားစုဖွဲ့မှု အဲရစ်ဆင်၊ ဒယ်လီ အလီနဲ့ အဲရစ်ဒိုင်ယာ၊ ဝမ်ယာမာတို့ကို အခြေခံပြီးအားပြိုင်လာဖို့ ရှိနေပါတယ်။

ဂိုးသမားချင်းယှဉ်ရင်တော့ လီဗာပူးဂိုးသမား အယ်လီဆင်ဟာ ပရီးမီယားလိဂ်မှာ ဂိုးမပေးရတဲ့ပွဲ ၂၀ ပွဲအထိရှိနေပြီး စပါးဂိုးသမား ဟူဂိုလောရစ်ကတော့ စပါးအသင်းကို ဦးဆောင်နိုင်တဲ့ ဝါရင့်ဂိုးသမားတစ်ဦး ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် နှိုင်းယှဉ်မှုအရ အယ်လီဆင်က ပေးဂိုးမရှိပဲ လောရစ်ကတော့ ၂ ဂိုး ခွင့်ပြုပေးထားရပါတယ်။

ကမ္ဘာ့ဘောလုံးလောကမှာ ဂုဏ်သိက္ခာကြီးမားတဲ့ ပြိုင်ပွဲဖြစ်တာကြောင့် လီဗာပူးနဲ့စပါးတို့ တသင်းရဲ့ အမှားကိုတစ်သင်း စောင့်ကြည့်ရင်း လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်နဲ့ ကစားကြနိုင်တာမို့ အကြိတ်အနယ်ရှိမယ့်ပွဲစဉ်တပွဲလည်း ဖြစ်လာဖို့ ရှိနေပါတယ်။ ဂိုးသွင်းသေချာတဲ့ စပါးအသင်းရဲ့ ဟယ်ရီကိန်းနဲ့ ဆွန်ယောင်မင်းတို့ တိုက်စစ်ကို လီဗာပူးနောက်တန်းနဲ့ ဂိုးသမားထိန်းချုပ်နိုင်မယ်ဆိုရင် လီဗာပူးတို့အသာစီးရလာနိုင်သလို အမှားအယွင်း ကျူးလွန်မိရင်တော့ စပါးအသင်း အသာရသွားနိုင်ပါတယ်။

အားကစားကလောင်ရှင် ဆရာချစ်ဝင်းမောင်ကတော့ စုဖွဲ့မှုနှင့် ခြေစွမ်းပိုင်း ပိုမိုကောင်းမွန်နေတဲ့ လီဗာပူးအသင်း အနိုင်ရဖို့များနေပြီး စပါးအသင်း တိုက်စစ်ကိုလည်း လျှော့တွက်လို့မရကြောင်း သုံးသပ်ပြောဆိုပါတယ်။

“နှစ်သင်းယှဉ်ကြည့်ရင် လီဗာပူးက ပိုကောင်းပါတယ်။ ဒီနေ့ပွဲမှာ လီဗာပူးက ဗိုလ်စွဲနိုင်ချေ ၇၀ ရာခိုင်နှုန်းရှိပြီး စပါးကတော့ ၃၀ ရာခိုင်နှုန်းလောက်ပဲရှိမယ်လို့ ခန့်မှန်းပါတယ်။ စပါးအသင်းမှာကလည်း ဟယ်ရီကိန်းတို့ ဆွန်ယောင်မင်းတို့ကလည်း အန္တရာယ်ရှိ ကစားသမားတွေဖြစ်တဲ့အတွက် အားလုံးလိုလိုက လီဗာပူးရမယ် ခန့်မှန်းကြပေမယ့် စပါးအသင်းကလည်း မထင်မှတ်တာတွေ လုပ်ပြသွားနိုင်ပါတယ်”လို့ ပြောပါတယ်။

ခန့်မှန်းရလဒ်အနေနဲ့ လီဗာပူးက စပါးအသင်းကို ပွဲချိန် မိနစ် ၉၀ အတွင်း ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ အနိုင်ရသွား နိုင်ကြောင်းနှင့် အချိန်ပို ဆက်ကန်ရလျှင်တော့ နှစ်သင်းစလုံး အနိုင်ရဖို့ အခွင့်အရေး တန်းတူရှိသွားမှာ ဖြစ်ကြောင်း အားကစားကလောင်ရှင် ချစ်ဝင်းမောင်က ခန့်မှန်းပါတယ်။

ကမ္ဘာကျော်ဘောလုံးသမားတွေဖြစ်တဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က လီဗာပူးနိုင်မယ်လို့ ခန့်မှန်းထားပြီး ဘရာဇီးတိုက်စစ်မှူးဟောင်း ရိုနယ်ဒိုကလည်း လီဗာပူးအသင်း ၃ ဂိုး ၁ ဂိုးနဲ့ နိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။

အီတလီအသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်း ဒယ်ပီယာရိုက နှစ်သင်းစလုံး ၄ ဂိုးစီသရေကျပြီး ပယ်နယ်တီနဲ့ လီဗာပူးအသင်းနိုင်မယ် ခန့်မှန်းခဲ့သလို လီဗာပူးအသင်းရဲ့ဂန္တဝင်ကစားသမား စတင်ဗင် ဂျရတ်ကလည်း လီဗာပူးအသင်းသာ အနိုင်ရဗိုလ်စွဲသွားမယ်လို့ ခန့်မှန်းထားကာ ကမ္ဘာကျော် ဘရာဇီးဘောလုံး သမားဟောင်း ရောဘတ်တိုကားလို့စ်ကလည်း ၃ ဂိုး ၂ ဂိုးနဲ့ လီဗာပူးအသင်း နိုင်မယ်လို့ခန့်မှန်းထားကြောင်း ကမ္ဘာ့မီဒီယာတွေ ဖော်ပြချက်အရ သိရပါတယ်။

၂၀၁၈ – ၁၉ ဘောလုံးရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးအနေနဲ့ ယမန်နှစ်က လွဲချော်ခဲ့တဲ့ဆုဖလားကို သိမ်းပိုက်ပြီး အသင်းအတွက် ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားအဖြစ် မှတ်တမ်းရေးထိုးသွားမလား၊ စပါးအသင်းကပဲ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်သွားမလားဆိုတာ စောင့်ကြည့်သွားရမှာ
ဖြစ်ပါတယ်။

The post ချန်ပီယံလိဂ်ဆုဖလား ဘယ်အသင်း သိမ်းပိုက်မလဲ appeared first on ဧရာဝတီ.

ရေကူး အဖွဲ့ ပြဿနာ သတင်းစာ ရှင်းလင်းပွဲ တံခါးပိတ် ပြုလုပ်

$
0
0

စီမံခန့်ခွဲမှု တရားမျှတခြင်း မရှိဟု ဆိုကာ ဝေဖန်ခံနေရသည့် အမျိုးသား ရေကူးကန်နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ ပြုလုပ်ရာတွင် အားကစားနှင့် ကာယ ပညာဦးစီးဌာန (အား/ကာ)က မီဒီယာ တချို့နှင့်သာ တံခါးပိတ် ပြုလုပ်ခဲ့သည်။

ရေကူး မျိုးဆက်သစ် ကစားသမားများအား ရေကူးကန်တွင် လေ့ကျင့်ခွင့် မပေးခြင်း၊ ပဏာမ ကစားသမားများ ထုတ်ပယ် ခံရခြင်းများနှင့် ပတ်သက်၍ ကစားသမားများ၏ မိဘများနှင့် ရေကူး အဖွဲ့ချုပ် တာဝန်ရှိသူများ ယနေ့ တွေ့ဆုံ ဆွေးနွေးရန် မူလက စီစဉ်ခဲ့သော်လည်း အဖွဲ့ချုပ်ဘက်က ပြန်လည် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

ဆီးဂိမ်း ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ကြိုတင် လေ့ကျင့်နေသည့် ရေကူး ကစားသမားထဲမှ ရွှေဆု ရဖူးသူများ အပါအဝင် ပဏာမ လက် ရွေးစင် ၉ ဦးနှင့် မျိုးဆက်သစ် ၂၉ ဦးတို့အား မြန်မာနိုင်ငံ ရေးကူးအဖွဲ့ချုပ်(MSF) က ဇွန်လ ၁၁ ရက်တွင် ထုတ် ပယ်ခဲ့ပြီးနောက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်ဟု ထုတ်ပယ်ခံရသူများ ဘက်က ပြောသည်။

ထုတ်ပယ် ခံရသူများထဲမှ မောင်အံ့ခေါင်ထွဋ်၊ မသွန်းမိုးမေ၊ မဘုန်းသက်ရှင်၊ မောင်ကောင်းပြည့်ကျော် စသည်တို့မှာ ယခုနှစ်အတွင်း ကျင်းပခဲ့သည့် စင်ကာပူ တံခွန်စိုက် သက်တမ်း အလိုက် ရေကူးပြိုင်ပွဲနှင့် BISP ဖူးခက် ဖိတ်ခေါ် ရေကူး ပြိုင်ပွဲ တို့တွင် ရွှေတံဆိပ် ရယူနိုင်ခဲ့သူများ ဖြစ်သည်။

မသွန်းမိုးမေ၏ မိခင်ဖြစ်သူ မသင်းယု က“အဖွဲ့ချုပ်ဘက်က ပွင့်လင်းမြင်သာမှု မရှိဘူး။ သတင်းစာ ရှင်းလင်းပွဲ ဆိုရင် လာ တဲ့ မီဒီယာအကုန်လုံး သိရှိခွင့် ပေးရမယ်။ ကျမတို့နဲ့လည်း တွေ့ဆုံဖို့ ၇ ရက်နေ့ ကတည်းက အကြောင်းကြား ပေမယ့် ဘာမှ မပြော ဘဲ ဒီမနက်မှ ဖျက်တယ် ဆိုပြီး လုပ်တယ်။ အဖွဲ့ချုပ်ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပြည်သူ တွေ သိရှိအောင် ဆန္ဒ ထုတ်ဖော်ဖို့ ရှိပါတယ်”ဟု ပြောသည်။

ပဏာမ လက်ရွေးစင် ကစားသမားများနှင့် မျိုးဆက်သစ် ကစားသမား အများစု အနေဖြင့် ၎င်းတို့နှင့် ကာလရှည် လက်တွဲ လေ့ကျင့်ခဲ့သည့် ရေကူးနည်းပြ ဖြစ်သူ ဦးမောင်မောင်စိန်နှင့် ဦးအောင်မျိုးဦး တို့အား အဖွဲ့ချုပ်သစ်တွင် ရေကူးနည်းပြ အဖြစ် ထည့်သွင်းကာ တွဲဖက် လေ့ကျင့်ပေးရန်လည်း တောင်းဆိုလျက် ရှိကြသည်။

မူလ ရွေးချယ်ထားသည့် ကစားသမား တချို့၏ မိဘများနှင့် ကစားသမားများက အဖွဲ့ချုပ်၏ စီမံမှုအတိုင်း ပါဝင် လေ့ကျင့်ခြင်း မရှိဘဲ ဆူပူနှောင့်ယှက်လျက် ရှိသည့် အတွက် ရေကူး ကစားသမား အဖြစ်မှ ရပ်စဲလိုက်ကြောင်းနှင့် အဖွဲ့ချုပ် စီမံမှုအတိုင်း လိုက်နာ လေ့ကျင့်လိုကြောင်း ပြန်လည် တင်ပြပါက အား/ကာ ဦးစီးဌာနထံ တင်ပြပေးမည် ဖြစ်ကြောင်း MSF က ဇွန်လ ၁၂ ရက်တွင် ကြေညာခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ ရေကူး အဖွဲ့ချုပ်ကို မတ်လ ၁၈ ရက်က အတည်ပြု ဖွဲ့စည်းခဲ့ပြီး နာယက အဖြစ် အိုလံပစ် ဟိုတယ် ပိုင်ရှင် ဦးသောင်းထိုက်မင်း၊ ဥက္ကဌ အဖြစ် ဦးတောက်ထွန်း၊ အတွင်းရေးမှူး ဦးဆန်းဝင်းဇော် တို့ အပါအဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ရေကူး အဖွဲ့ချုပ်သစ် ဖွဲ့စည်းရာတွင် ကန့်ကွက်သူများ ရှိခဲ့သည့် အပြင် မဲပေးခွင့် အတွက် မဖြစ်နိုင်သော တောင်းဆိုမှု များ၊ အဖွဲ့ချုပ်တွင် ပါဝင်ခွင့် ရရေး ခြိမ်းခြောက် တောင်းဆိုမှုများလည်း ကြုံတွေ့ခဲ့ရကြောင်း အား/ကာ ဦးစီးဌာန ဘက် က ပြောဆိုခဲ့သည်။

အဖွဲ့ချုပ်သစ် ဖွဲ့စည်းခြင်း နှင့် ကစားသမားများ အပေါ် တရားမျှတမှု မရှိဟု ဆိုကာ ဇွန်လ ၁၅ ရက်နှင့် ၁၆ ရက်တွင် ဦးဝိစာရလမ်းရှိ အမျိုးသား ရေကူးကန် ရှေ့တွင် ဆန္ဒထုတ်ဖော်သွားမည့် အပြင် ဇွန်လ ၁၇ ရက်တွင်လည်း ရန်ကုန် မြို့တော် ခန်းမ ရှေ့တွင် ဆန္ဒ ထုတ်ဖော် တောင်းဆိုမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ပဏာမ လက်ရွေးစင် အဖြစ်မှ ထုတ်ပယ် ခံလိုက်ရသည့် ကစားသမားနှင့် ၎င်းတို့၏ မိဘများက ပြောဆိုသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် အဖွဲ့ချုပ် ပြန်လည် ရွေးကောက် ဖွဲ့စည်းပေးရေး၊ အားကစား သမားများ လွတ်လပ်စွာ ရေကူးခွင့်ရရေး၊ အာဏာ ခုတုံးလုပ်နေသည့် တာဝန်ရှိသူများအား အလိုမရှိကြောင်းနှင့် မတရားမှု ပြဿနာများအား ဒေါ်အောင် ဆန်းစုကြည်နှင့် သမ္မတတို့မှ ဖြေရှင်းပေးရန်တို့ကို တောင်းဆိုသွားမည် ဖြစ်ကြောင်း ထုတ်ပယ်ခံရသည့် ကစားသမား တဦး ၏ မိခင်ဖြစ်သူက ပြောသည်။

လက်ရှိတွင် ဆီးဂိမ်း ပြိုင်ပွဲ အတွက် စခန်းသွင်း လေ့ကျင့်မှုအား တရုတ် လူမျိုး ရေကူးနည်းပြ Mr. Cui Bingxin အား ခေါ်ယူကာ လေ့ကျင့်စေလျက် ရှိပြီး မျိုးဆက်သစ် ကစားသမားများအား ဒေါ်မိုးသူအောင်၊ ဦးရဲမြင့်ဟိန်း၊ ဒေါ်ပိုမီမင်းစိုး တို့ဖြင့် လေ့ကျင့်ပေးလျက် ရှိကြောင်း MSF က သိရသည်။

You may also like these stories:

ကလပ်အသင်းနှင့် ဆိုသော်လည်း ရရှိ ဆုတံဆိပ် နိုင်ငံကိုယ်စားပြု ဟု သွန်းမိုးမေ ပြော

ရေကူးအားကစား ဘာကြောင့် ခေါင်းမထောင်နိုင်သလဲ

The post ရေကူး အဖွဲ့ ပြဿနာ သတင်းစာ ရှင်းလင်းပွဲ တံခါးပိတ် ပြုလုပ် appeared first on ဧရာဝတီ.

ဆီးဂိမ်း၌ ပြေးခုန်ပစ် ကစားသမားများ ရွှေတံဆိပ်ရပါက တိုက်ခန်းနှင့် ကား ဆုချမည်

$
0
0

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် လာမည့် နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ကျင်းပမည့် အကြိမ် ၃၀ မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၌ ရွှေတံဆိပ်ရယူနိုင်သူ ပြေးခုန်ပစ်အားကစားသမားများကို တိုက်ခန်း တခန်းနှင့် ကားတစီး စီ ဆုချသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေတံဆိပ်ရရှိသူများသည် နိုင်ငံတော်က ပေးအပ်သည့် ဆုကြေးငွေအပြင် မြန်မာပြေးခုန်ပစ် အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက တိုက်ခန်းတခန်းနှင့် ဒုဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ကားတစီး ထပ်မံပေးအပ် မည်ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ရွှေတံဆိပ်ရသူများအတွက် သိန်း ၃၀၀၊ ငွေတံဆိပ် အတွက် သိန်း ၂၀၀နှင့် ကြေးတံဆိပ်အတွက် သိန်း ၁၀၀ကျပ်စီ ချီးမြှင့်မည်ဖြစ်သည်။

“ဒီပွဲက အရေးကြီးတဲ့ပွဲဖြစ်နေတော့ ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌက အားကစားသမားတွေ ဘဝအာမခံချက်ရှိဖို့ အတွက် သီးသန့် ပေးတာဖြစ်တယ်” ဟု မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးကျော်ထူး အောင်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ အရှေ့တောင်အာရှဆီးဂိမ်းသည် ၂ နှစ်တကြိမ်ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံက အားကစားသမား များ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ်မှ ကြေးတံဆိပ် တဆုသာ ရရှိခဲ့သည်။
လက်ရှိတွင် ပြေးခုန်ပစ်အဖွဲ့အနေဖြင့် ဆီးဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် လူရွေးပွဲပြုလုပ်နေပြီး ခန့်မှန်းခြေအားဖြင့် အားကစားသမား ၁၅ ဦးမှ ၂၀ ဦးအထိ သွားရောက်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ရွှေတံဆိပ်ဆုရ အားကစားသမားများအား ဆုထပ်မံချီးမြှင့်မှုနှင့် ပတ်သက်ပြီး “ဥက္ကဋ္ဌက တကယ် အပိုင်ပေးမှာပါ။ ကားဆိုလည်း စီးဖို့ ပေးမှာ။ ကစားသမားတွေရဲ့ဘဝပြောင်းလဲ သွားအောင်ပေးမှာပါ။ ကားပေးမယ် တိုက်ခန်းပေးမယ် ဆိုတော့ အသက်တောင် ပြန်ငယ်ချင်လာတယ်” ဟု မြန်မာ ပြေးခုန်ပစ်အဖွဲ့ချုပ်၊ တွဲဘက် အထွေထွေအတွင်းရေးမှူး (၁) ဒေါ်ခင်ခင်ထွေးက ပြောသည်။

ဧရာဝတီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမျိုးလှိုင်ဝင်းကလည်း အားကစားတွင် အမြင့်ဆုံးဖြစ်သည့် ရွှေတံဆိပ်ဆုကို ပေးခြင်းဖြစ်သည့်အတွက် ပို၍ ကြိုးစားချင်စိတ်ကို ဖြစ်စေကြောင်း၊ ယခင်က တိုင်းပြည်ကိုယ်စားပြုသည့် စိတ်ဓာတ်ဖြင့် ကစားခဲ့ရာမှ ယခုကဲ့သို့ဆုချီးမြှင့်လိုက်ခြင်းသည် ကစားသမားများ၏ ဘဝနေထိုင်မှုအဆင်ပြေနိုင် မည်ဖြစ်ကြောင်း သုံးသပ်သည်။

အမျိုးသမီးလက်ရွေးစင်ဘောလုံးသမားဟောင်း ဒေါ်အေးအေးမော်က “ ဒီလိုချီးမြှင့်တဲ့အပေါ် ကျေးဇူးလည်း တင်တယ်။ အားရဝမ်းသာနဲ့ ဂုဏ်လည်းယူတယ်။ နောင်လာနောက်သားတွေအတွက်လည်း အာမခံချက် ရှိသွားတယ်။ ဒီလိုပေးတော့ နောက်လိုက်တွေလည်း ဘယ်လို ကြိုးစားသင့်တယ်ဆိုတာ သိသွားမယ်” ဟု ပြောသည်။

စင်ကာပူနိုင်ငံတွင် မတ်လ ၂၈ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့သည့် ၈ဝ ကြိမ်မြောက် စင်ကာပူ အလွတ်တန်း ဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲ (81st Singapore Open Track & Field Championships 2019) ပြိုင်ပွဲတွင် မြန်မာ ပြေးခုန်ပစ် အားကစားသမားများက ရွှေ ၆ ခု၊ ငွေ ၁ ခုနှင့် ကြေး ၂ ခု ရရှိခဲ့ကြောင်း သိရသည်။

You may also like these stories:

ပြေးခုန်ပစ်မှာ သူ့တပည့် ကိုယ့်တပည့် ခွဲခြားတာတွေ ရှိတယ်

ပြေးနေရလျှင် ပျော်နေ၍ အပြေးချန်ပီယံ ဖြစ်ခဲ့သူ

The post ဆီးဂိမ်း၌ ပြေးခုန်ပစ် ကစားသမားများ ရွှေတံဆိပ်ရပါက တိုက်ခန်းနှင့် ကား ဆုချမည် appeared first on ဧရာဝတီ.

Viewing all 511 articles
Browse latest View live