Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all 511 articles
Browse latest View live

၂၀၁၇ ခုနှစ် အတွက် ဝင်ငွေအကောင်းဆုံး အားကစားသမား ၁၀ ဦး

$
0
0

အားကစားနည်းစုံကနေ အခုနှစ်အတွက် ဝင်ငွေအများဆုံး ရရှိနေတဲ့ အားကစားသမားတွေ အကြောင်းကို ပြောပြချင်ပါတယ်။ အများစုကတော့ လူကြိုက်များ အားကစားနည်းတွေ ဖြစ်တဲ့ ဘတ်စတ်ဘောနဲ့ ဘောလုံးတွေက ကစားသမားတွေ ဖြစ်ပါတယ်။

(၁၀) နာမည်ကျော် ပြိုင်ကားမောင်း အားကစားသမား Lewis Hamilton။ ။ သိရသလောက်တော့ သူက လစာဝင်ငွေ ဒေါ်လာ ၄၆ သန်းလောက် ရနေပြီး အပိုဆုကြေး ဒေါ်လာ ဒေါ်လာ ၃၈ သန်းလောက် ရပါသေးတယ်။ Formula One ကားမောင်းပြိုင်ပွဲဝင် နာမည်ကျော် ပြိုင်ကားမောင်း အားကစားသမား ဖြစ်ပြီး လက်ရှိမှာ Mercedes AMG Petronas ကို မောင်းနှင်သူပါ။ သမိုင်းကြောင်း တလျှောက် အကောင်းဆုံး ကားမောင်းသမားတွေထဲက တဦး ဖြစ်ပါတယ်။ ရှေ့ပိုင်းမှာ McLaren နဲ့ အတူ ၂၀၀၈ ခုနှစ်က ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး ၂၀၁၄ နဲ့ ၂၀၁၅ မှာတော့ Mercedes နဲ့ အတူ နိုင်ပွဲတွေ ပြန်ရထားတာ တွေ့ရပါတယ်။

(၉) အမေရိကန် ဘတ်စကက်ဘော အားကစားသမား James Harden ။ ။ စာရင်းတွေ အရတော့ အခုနှစ်ထဲက ဝင်ငွေ ဒေါ်လာ ၄၆ ဒသမ ၆ သန်း ရရှိမှာ ဖြစ်ပြီး အပိုဆုကြေး ၂၆ ဒသမ ၆ သန်းလည်း ရပါလိမ့်မယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက NBA သမိုင်းတလျှောက် တန်ဖိုး အမြင့်ဆုံး သဘောတူ စာချုပ် ချုပ်ဆိုမှုနဲ့ အတူ လစာ အများအပြား ရရှိလာတာပါ။ Houston Rockets အသင်းအတွက် ကစားနေသူပါ။ ဒီအသင်းက သူ့ကို တနှစ်လစာ ၅၇ သန်းနဲ့ ခေါ်ခဲ့တယ် လို့ သိရပြီး ၄ နှစ် စာချုပ်နဲ့ ဒေါ်လာ ၂၂၈ သန်းခန့် တန်ဖိုးရှိစာချုပ်နဲ့ ခေါ်ယူထားတာပါ။

(၈) အမေရိကန် ဘတ်စကက်ဘော အားကစားသမား Stephen Curry ။ ။ ဘတ်စကတ်ဘောကစားခြင်း တခုတည်း ကနေ ဝင်ငွေ ၄၇ ဒသမ ၃ သန်းလောက် ရနေပါတယ်။ အသားတင် ပိုင်ဆိုင်မှု သန်း ၆၀ လောက် ချမ်းသာပါတယ်။ Warriors မှာ ကစားနေသူပါ။ Cleveland Cavs အသင်းကို ၂၀၁၂ ခုနှစ် ဇွန်လ အတွင်းက အနိုင်ရယူလိုက်တာနဲ့ အတူ Curry လည်း နာမည်ကြီး လာပါတယ်။ သူ့ရဲ့ ညီ Seth ကလည်း ကြေးစား ဘောလုံးသမားပါပဲ။ ဘတ်စကတ်ဘော ကစားသမား တွေထဲမှာ ပထမဆုံး တနှစ်အတွင်း အသားတင် သန်း ၄၀ ရရှိသူ အဖြစ် မှတ်တမ်းဝင်ထားပါတယ်။

(၇) ဂေါက်သီး အားကစားသမား Rory Mcllroy ။ ။ ဂေါက်သီးသမား Rory အတွက်ကတော့ တနှစ်ကို ဒေါ်လာ သန်း ၅၀ ဝင်ငွေက အားကျစရာပါ။ အိုင်ယာလန်မြောက်ပိုင်းသား ဖြစ်ပြီး လက်ရှိမှာ သန်း ၁၁၀ လောက်ထိ ချမ်းသာနေသူပါ။ ရှေ့ပိုင်းမှာ အပျော်တမ်းအဆင့် ကစားသမား ဖြစ်ခဲ့ပေမယ့် ၂၀၀၇ ခုနှစ်မှာ ကြေးစားအဆင့် ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် လူမှု ဆက်ဆံရေးပိုင်းမှာ နည်းနည်း အားနည်းတယ် လို့ ဆိုရမှာ ဖြစ်နေပြီး သူက လူမှု ကွန်ရက်တွေမှာ ဂယက်ထစရာ အကြောင်းတွေ ရေးတတ် ပြောတတ်တာတွေ တွေ့ရပါတယ်။

(၆) အမေရိကန် ဘောလုံးသမား Andrew Luck ။ ။ အမေရိကန် ဘောလုံးကစားသမား Lick ကတော့ အသားတင် ပိုင်ဆိုင်မှု သန်း ၄၀ ရှိနေပြီး တနှစ် လစာ ၂၄ သန်းလောက် ရပါတယ်။ ကျောင်းမှာကတည်းက ကစားလာသူ ဖြစ်ပြီး သူ ကျောင်းတက်ခဲ့တဲ့ စတန်းဖို့ တက္ကသိုလ်အသင်းမှာ အကောင်းဆုံး နောက်ခံ ကစားသမား ၁၀ ဦး စာရင်းဝင် ဖြစ်ပါတယ်။ အကွာအဝေး အများဆုံးကနေ ဖြတ်တင်ဘောလုံး ပေးနိုင်မှု အကောင်းဆုံး ကစားသမား စံချိန်တင်ထားပါတယ်။ ပြီးခဲ့တဲ့နှစ် အတွင်းကလည်း ဝင်ငွေစုံ ၁၂၃ သန်း ရခဲ့ပြီး အဆိုပါ ပမာဏထဲမှာ အပိုဆုကြေး ၃၂ သန်း လောက်ပဲရှိခဲ့တာပါ။ NFL ရဲ့ လစာ အမြင့်ဆုံး ကစားသမား တဦးလည်း ဖြစ်ပါတယ်။

(၅) ဘတ်စကက်ဘော အားကစားသမား Kevin Durant ။ ။ ဘတ်စကတ်ဘော ကစားရာ ကနေ အခုနှစ်ထဲမှာ ဝင်ငွေ ၆၀ ဒသမ ၆ သန်းရထားပါတယ်။ အသားတင် ပိုင်ဆိုင်မှု သန်း ၁၅၀ လောက် ရှိသလို အကောင်းဆုံး စာရင်းဝင် ကစားသမား တဦး ဖြစ်ပါတယ်။ ကျောင်းသားဘ၀ ကစားရာကနေ နောက်ပိုင်း ကြေးစားလောကထဲ ရောက်လာပြီး ၂၀၀၇ ခုနှစ်မှာ NBA ရဲ့ ရောကီ လို့ တင်စား ခေါ်ဝေါ်ခံရလောက်အောင် နာမည်ကြီးလာပါတယ်။ ၂၀၁၅ တနှစ်တည်းမှာတင် ဝင်ငွေ ၈၈ သန်းလောက် ရခဲ့သူပါ။ လက်ရှိမှာ Golden State Warriors အတွက် ကစားနေပြီး ဒေါ်လာ ၅၄ သန်းနဲ့ ၂ နှစ် စာချုပ် ချုပ်ဆို ကစားနေသူပါ။

(၄) Tennis အားကစား သမား Roger Federer ။ ။ ဒီနှစ်ထဲမှာ ဝင်ငွေ ၆၂ သန်းလောက် ရထားပါတယ်။ ဆွစ်မှာ မွေးတဲ့ ကစားသမား ဖြစ်ပြီး သန်း ၄၅၀ လောက် ချမ်းသာနေသူပါ။ အသက် ၁၃ နှစ်မှာ ကတည်းက ဆွစ်ဇာလန်နိုင်ငံ တင်းနစ်လေ့ကျင့်ရေး ကနေ ခေါ်ယူ လေ့ကျင့်ပေးထားသူပါ။ ဝယ်ဘယ်ဒန်ဆုဖလားကို ၈ ကြိမ်အထိ ရထားပြီး လက်ရှိမှာ အများဆုံး ရရှိထားသူ ဖြစ်နေပါတယ်။ အရင်နှစ်က ဝင်ငွေ ၆၅ သန်းလောက် ရှိခဲ့တယ် လို့ သိရပါတယ်။

(၃) ဘောလုံးသမား Lionel Messi ။ ။ လက်ရှိ ဘောလုံးလောကမှာ အကောင်းဆုံး ကစားသမားလို့ သတ်မှတ်ရမယ့် သူပါ။ တနှစ်ကို သန်း ၈၀ လောက် ရနေပါတယ်။ အသားတင် ပိုင်ဆိုင်မှု သန်း ၃၄၀ လောက် ရှိပါတယ်။ တိုက်စစ်မှူး အဖြစ်ရော တောင်ပံကစားသမား အဖြစ်ပါ အာဂျင်တီးနား အသင်း အတွက်ရော ဘာစီလိုနာ အတွက်ပါ ကစားပေး နေသူပါ။ ဘာစီလိုနာမှာ အသက်အငယ်ဆုံး ပွဲထွက်ခွင့် အများဆုံးရ ကစားသမား ဖြစ်ပြီး အသက် ၁၆ နှစ် ဝန်းကျင် ကတည်းက ကစားနေခဲ့တာပါ။ Marca သတင်းစာကနေ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား အဖြစ် သတ်မှတ်ဖော်ပြ ခံထားရသူပါ။

(၂) ဘတ်စကက်ဘောလ် ကစားသမား LeBron James ။ ။ အမေရိကန် ကြေးစား ဘတ်စကတ်ဘော ကစားသမား ဖြစ်ပြီး အသားတင် ပိုင်ဆိုင်မှု သန်း ၄၀၀ လောက် ရှိသူပါ။ တနှစ်ကို လစာ တခုတည်းမှာတင် ဒေါ်လာ ၂၅ သန်းလောက် ရနေပါတယ်။ ဝင်ငွေ အကောင်းဆုံး အားကစားသမား ၁၀၀ မှာ NBA က ကစားသမား ၃၂ ဦးထိအောင် ပါဝင်နေပြီး James လည်း တဦး အပါအဝင် ဖြစ်ပါတယ်။ ဝင်ငွေ အရ ဆိုရင်တော့ James က ၃၂ ဦးထဲမှာ အဆင့် ၁၇ ပဲ ရှိပါတယ်။ ဘတ်စကက်ဘော ကစားသမား အားလုံးကို ပေးချေနေရတဲ့ ဝင်ငွေက ၂၄ ဘီလီယံလောက်ထိ ရှိလာပြီး ဒီနှုန်းကြောင်း ကစားသမားတွေရဲ့ ဝင်ငွေက ၃၄ ရာခိုင်နှုန်းလောက်ထိ တိုးတက်လာတာလည်း ဖြစ်ပါတယ်။

(၁) ဘောလုံသမား Cristiano Ronaldo ။ ။ Facebook, Twitter နဲ့ Instagram မှာတင် Follower ပေါင်း ၂၇၇ သန်းလောက်ထိ ရှိတဲ့ နာမည်ကျော် ဘောလုံးသမား ဒိုလေးပါ။ အသားတင် ပိုင်ဆိုင်မှု သန်း ၄၀၀ လောက် ရှိပါတယ်။ အခြေခံလစာ သန်း ၄၀ လောက်နဲ့ အခြား ဝင်ငွေ သန်း ၄၀ လောက် နှစ်စဉ် ရနေပါတယ်။ မန်ယူကနေ ၂၀၀၉ ခုနှစ် ကတည်းက ထွက်လာပြီး ရီးရဲမက်ဒရစ်ကို ဒေါ်လာ သန်း ၁၅၀ ပြောင်းရွှေ့ကြေးနဲ့ ရောက်လာပြီး နောက်ပိုင်း ဝင်ငွေ ပိုမို ကောင်းမွန်လာသလို နာမည်ပိုကြီးလာခဲ့တာပါ။

Ref: www.wonderslist.com

The post ၂၀၁၇ ခုနှစ် အတွက် ဝင်ငွေအကောင်းဆုံး အားကစားသမား ၁၀ ဦး appeared first on ဧရာဝတီ.


အမြင့်ပျံခရီး နှင်နေဆဲ ဂိုးသွင်းဘုရင် “နေမာ”

$
0
0

သူဟာ ဘရာဇီး ကြယ်ပွင့်လေး ဖြစ်ပြီး ဘောလုံး ခေတ်ကောင်းချိန်မှာ တောက်ပလာတဲ့ လူငယ် ဘောလုံးသမားက အချိန်တို အတွင်းမှာ ကမ္ဘာ့ အချမ်းသာဆုံး ဘောလုံးသမား စာရင်းမှာတောင် ပါဝင်နိုင်လောက်အောင် လူသိလည်းများ သလို ချမ်းသာ နေသူပါ။ နာမည်အပြည့်အစုံက Neymar da Silva Santos Junior ဖြစ်ပတယ်။ အများစုကတော့ နေမာလို့ပဲ ခေါ်ပါတယ်။ အရင်နှစ် ဘောလုံးရာသီထိ စပိန်ကလပ် နာမည်ကြီး ဘာစီလိုနာမှာ ကစားခဲ့ပေမယ့် အခုနှစ် အပြောင်းအရွှေ့ ရာသီမှာတော့ ပြင်သစ်ရဲ့ သြဇာအကြီးဆုံး ကလပ် အသင်း PSG ကိုရောက်ရှိသွားပြီ ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ မွေးခဲ့တဲ့ နေမာက အခုဆိုအသက် ၂၅ နှစ် ရှိပါပြီ၊ ဘရာဇီးမှာ မွေးပါတယ်၊ အရပ် ၅ ပေ ၉ လက်မ ရှိပါတယ်။ တိုက်စစ်မှူး အဖြစ် ကစားပါတယ်၊ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားတယ်၊ လူငယ် ကစားသမား ဘဝကို အသက် ၇ နှစ် အရွယ်လောက် ကတည်းက စတင် ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး ၁၉၉၉ ကနေ စတင်ပြီး Portugusa Santista မှာ စတင် ဖြတ်သန်းကစားခဲ့တာ တွေ့ရပါတယ်။ အဲဒီမှာ ၄ နှစ် ကြာပြီး ဘရာဇီးကို ပြန်ရောက်တယ်၊ ၂၀၀၃ ကနေ ၂၀၀၉ ခုနှစ်ထိ ဆန်းတို့မှာ ကစားတယ်၊ လူငယ်ကစားသမား ဘဝကို ၁၀ နှစ်ကြာ ဖြတ်သန်းပြီး ၂၀၀၉ ခုနှစ်မှာတော့ ဆန်းတို့အသင်းက လူငယ် အသင်းကနေ နေမာကို ဆန်ုးတို့ အသင်းကြီးမှာပါ ပါဝင် ကစားခွင့် ပေးလာခဲ့ပါတယ်။

အဆိုပါ ဘရာဇီးကလပ် ဆန်းတို့မှာ ကတည်းက နေမာရဲ့ ခြေစွမ်းပြမှုက အခြားကလပ် အသင်းတွေကို ဖြတ်သန်း ကစားစရာ မလိုတော့ဘဲ စပိန် နာမည်ကြီးကလပ် ဘာစီလိုနာကို ၂၀၁၃ ခုနှစ်မှာ ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာမှာတော့ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား မက်ဆီ ရှိနေတယ်၊ တိုက်စစ်မှူးကောင်းတဲ့ ဆွာရက်ဇ်တို့ ရှိနေတာက နေမာအတွက် အသင်း မပျော်မှုများ ဖြစ်လာလေသလား မေးခွန်းထုတ်စရာ ဖြစ်ပြီး အခုတော့ ပြင်သစ် အခြေစိုက် PSG ကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းသွားတာ ဖြစ်ပါတယ်။

နိုင်ငံအသင်း အတွက် ကစားပေးမှု အပိုင်းမှာတော့ နေမာက မွေးရပ် ဘရာဇီးအတွက် ကိုယ်စားပြု ကစားပေးတာ တွေ့ရပြီး ၂၀၀၉ ခုနှစ်က စလို့ ဘရာဇီး U17 အသင်းမှာ ပါဝင်ခဲ့တယ်၊ ၂၀၁၁ ခုနှစ်မှာ U20 အတွက် ကစားပေးတယ်၊ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် အတွင်း U23 အတွက် ကစားပေးတယ်၊ ဒါ့အပြင် ၂၀၁၀ ကတည်းကနေ စတင်ပြီး အဆင်သင့်သလို ဘရာဇီးအသင်း အတွက်လည်း ရွေးချယ် ကစားပေးခဲ့တာ တွေ့ရပါတယ်။

ကလပ်အသင်း များများစားစားမှာ မကစားဖူးပေမယ့် နေမာက ဆန်းတို့မှာ ကစားနေချိန် ၄ နှစ် အတွင်းပွဲပေါင်း ၁၀၃ ပွဲ ကစားပေးခဲ့ပြီး ၅၄ ဂိုး သွင်းတယ်၊ ဘာစီလိုနာ ရောက်တော့ ၄ နှစ် အတွင်းမှာပဲ ၁၂၃ ပွဲ ပါဝင် ကစားခဲ့ပြီး ၆၈ ဂိုးထိအောင် သွင်းယူ ပေးခဲ့တာ တွေ့ရပါတယ်။ ဘရာဇီးအသင်းနဲ့ ဆိုရင်တော့ U17 အတွက် ၃ ပွဲ ကစားတယ်၊ ၁ ဂိုးသွင်းတယ်၊ U20 အတွက် ဆိုရင် ၇ ပွဲပဲ ကစားပေးခဲ့ ပေမယ့် ၉ ဂိုးထိအောင် သွင်းပေးခဲ့တယ်၊ U23 အတွက် ၁၄ ပွဲမှာ ၈ ဂိုးထိအောင် သွင်းတယ်၊ ဘရာဇီးလက်ရွေးစင် အသင်းအတွက်ကိုတော့ အခုချိန်ထိ ၇၇ ပွဲ ပါဝင်ကစားပေးထားပြီး ၅၂ ဂိုး သွင်းယူ ပေးထားတာ ဖြစ်ပါတယ်။

အောင်မြင်မှု ရရှိတာကို ကြည့်မယ် ဆိုရင် ကလပ်အသင်းတွေနဲ့ ဆိုရင် ဆန်းတို့ အသင်းနဲ့ အတူ Campeonato Paulista ကို ၂၀၁၀၊ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ၃ နှစ်ဆက် ရယူဖူးတယ်၊ Copa do Brasil ကို ၂၀၁၀ ခုနှစ်မှာ ရဖူးတယ်၊ Copa Lobertadores ကို ၂၀၁၁ ခုနှစ်မှာ ရယူခဲ့တယ်၊ Recopa Sudamericana ကို ၂၀၁၂ ခုနှစ်မှာ ရယူခဲ့တာ တွေ့ရပါတယ်။ ဘာစီလိုနာနဲ့ ဆိုရင်တော့ La Liga ဆုဖလားကို ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ၂ နှစ်ဆက် ရယူနိုင်ခဲ့တယ်၊ Copa del Rey ကို ၂၀၁၅၊ ၂၀၁၆ နဲ့ ၂၀၁၇ တွေမှာ ၃ နှစ်ဆက် ရယူနိုင်ခဲ့တယ်၊ Supercopa de Espana ကို ၂၀၁၃ ခုနှစ်က ရခဲ့တယ်၊ ဥရောပရဲ့ အမြင့်ဆုံး ဆုဖလား UEFA  ချန်ပီယံလိဂ်ကို ၂၀၁၅ ခုနှစ်က ရယူခဲ့တယ်၊ FIFA Club World Cup ကို ၂၀၁၅ ခုနှစ်က ရခဲ့တာ တွေ့ရပါတယ်။

နိုင်ငံတကာ ပွဲစဉ်တွေမှာ ဘရာဇီးအသင်းနဲ့ အတူတူဆိုရင်တော့ South American Youth Championship ကို ၂၀၁၁ ခုနှစ်က ရယူနိုင်ခဲ့တယ်၊ ၂၀၁၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့ FIFA Confederations Cup ကိုရခဲ့တယ်၊ ၂၀၁၆ ခုနှစ် အိုလစ်ပစ် အတွင်း ကလည်း အသင်းနဲ့ အတူရွှေ့တံဆိပ် ရယူနိုင်ခဲ့တာ တွေ့ရပါတယ်။

တဦးချင်းဆုတံဆိပ် ရရှိမှု အပိုင်းမှာတော့ World Soccerကနေပေးအပ်တဲ့ Young Player of the Yearကို ၂၀၁၁ ခုနှစ်က ရဖူးတယ်၊ Campeonato Brasileiro Series A ရဲ့ အကောင်းဆုံး ကစားသမားဆုကို ၂၀၁၁ ခုနှစ်က ရဖူးတယ်၊ Campeonato Brasileiro Series A ရဲ့ ၁ နှစ်တာ အကောင်းဆုံးအသင်း ဖော်ပြချက်မှာလည်း ၂၀၁၀၊ ၂၀၁၁ နဲ့ ၂၀၁၂ တွေမှာ ၃ နှစ်ဆက် ပါဝင်ဖော်ပြခံခဲ့ရတယ်။

Brazilian Silver Ball ကို ၂၀၁၀ နဲ့ ၂၀၁၁ တွေမှာ ရခဲ့တယ်။ Brazilian Golden Ball ကို ၂၀၁၁ ခုနှစ်မှာ ရခဲ့တယ်၊ Bola de Ouro ကို ၂၀၁၂ ခုနှစ်မှာ ရဖူးတယ်၊ FIFA Club World Cup မှာ Bronze Ball ကို ၂၀၁၁ ခုနှစ်က ရရှိခဲ့တယ်၊ South American Footballer of the Year ဆုကို ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ရဖူးတယ်၊ FIFA ကနေ ပေးအပ်တဲ့ Puskas Award ကိုလည်း ၂၀၁၁ ခုနှစ်က ရခဲ့တယ်၊ Copa Libertadores MPV ကို ၂၀၁၁ ခုနှစ်က ရခဲ့တယ်၊ FIFA Confederations Cup ရဲ့ Golden Ball ကို ၂၀၁၃ ခုနှစ်မှာ ရခဲ့တယ်၊ FIFA Confederations Cup ရဲ့ Bronze Shoe ဆုကို ၂၀၁၃ ခုနှစ်က ရခဲ့သေးတယ်၊ FIFA World Cup ရဲ့ Bronze Boot ဆုကို ၂၀၁၄ ခုနှစ်က ရခဲ့သလို အဆိုပါ ပြိုင်ပွဲရဲ့ Dream Team မှာလည်း အသင်းဝင် အဖြစ် ထည့်သွင်း ဖော်ပြခြင်း ခံခဲ့ရပါတယ်။ Samba Gold ကိုလည်း ၂၀၁၄ နဲ့ ၂၀၁၅ မှာ ၂ နှစ်ဆက် ရပါသေးတယ်။

၂၀၁၄-၁၅ ခုနှစ် ဘောလုံးရာသီ UEFA ချန်ပီယံလိဂ်မှာ Team of the Season စာရင်းမှာလည်း ပါဖူးပြီး ၂၀၁၅ ခုနှစ် အတွက် FIFA FIFPro World XI စာရင်းမှာလည်း ပါခဲ့တယ်၊ ၂၀၁၀ ခုနှစ် ဘောလုံးရာသီ Copa do Brasil ရဲ့ ဂိုးသွင်း ဘုရင်ဆုလည်း ရဖူးတယ်၊ ၂၀၁၁ ခုနှစ် South American Youth Championship ရဲ့ ဂိုးသွင်းဘုရင်လည်း ဖြစ်ခဲ့တယ်၊ ၂၀၁၂ ခုနှစ် ဘောလုံးရာသီ Campeonato Paulista ရဲ့ ဂိုးသွင်းဘုရင်လည်း ဖြစ်ခဲ့တယ်၊ ၂၀၁၂ ခုနှစ်ရဲ့ Copa Libertadores မှာလည်း ဂိုးသွင်းဘုရင် ဖြစ်ဖူးတယ်၊ ၂၀၁၄-၁၅ ခုနှစ် ဘောလုံးရာသီရဲ့ UEFA ချန်ပီယံလိဂ်မှာလည်း စီရော်နယ်ဒို၊ မက်ဆီတို့နဲ့ အတူဂိုးသွင်းဘုရင် ဖြစ်ဖူးတာ တွေ့ရပါတယ်။ ။

Ref: www.en.m.wikipedia.org 

The post အမြင့်ပျံခရီး နှင်နေဆဲ ဂိုးသွင်းဘုရင် “နေမာ” appeared first on ဧရာဝတီ.

အီတလီရဲ့ အကြီးဆုံး အမှတ်ပေးဖလားပြိုင်ပွဲ စီးရီးအေ

$
0
0

အင်္ဂလန် ပရီးမီးယားလိဂ်ပြီးရင် စပိန် လာလီဂါတွေ ပြင်သစ်လီဂူးတွေ ဂျာမန် ဘွန်ဒက်လီဂါတွေ လူသိ မများခင် ကတည်းက အီတလီ စီးရီးအေ (Serie A) ပြည်တွင်း အမှတ်ပေး ဘောလုံးပြိုင်ပွဲ တွေကို လူကြိုက်များခဲ့ကြတာပါ။ ဂျူဗင်တပ်စ်၊ အေစီမီလန်နဲ့ အင်တာမီလန် အသင်း တွေကတော့ လူတိုင်း သိတဲ့ အသင်းကြီးတွေ ဖြစ်ခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ အီတလီပွဲတွေဟာ ဂိုးသွင်းနည်းမှုကြောင့် လူစိတ်ဝင်စားမှု နည်းသွားခဲ့တာ လည်း တွေ့ရပါတယ်။ စီးရီးအေ ပွဲ အများစုက သွင်းဂိုးတွေ နည်းလာပါတယ်။ နည်းစနစ်ပိုင်း အားပြိုင်မှု များပြီး ခံစစ် ဦးစားပေး ကစားလာကြလို့ လူစိတ်ဝင်စားမှု နည်းလာတာပါ။ ဒါပေမယ့် ဥရောပရဲ့ အကြီးဆုံး အမှတ်ပေးပြိုင်ပွဲ အဖြစ် ရပ်တည်နေ သေးတဲ့ စီးရီးအေ ပြိုင်ပွဲတွေက တခြား ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒက်လီဂါတွေနဲ့ အတူ မကြာခင် ပြန်လည် စတင်တော့မှာ ဖြစ်လို့ အခု စီးရီးအေ အကြောင်း ပြောပြပါ့မယ်။

ပြိုင်ပွဲကို TIM က စပွန်ဆာပေးထားလိ့ု Serie A TIM လို့လည်း ခေါ်ပါတယ်။ အရင်က အင်္ဂလန် ပရီးမီးယားလိဂ်ကို ဘာကလေ ဘဏ်က စပွန်ဆာပေးထားလိ့ု ဘာကလေ ပရီးမီးယားလိဂ် လို့ ခေါ်သလိုမျိုး ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ အမှတ် အများဆုံးနဲ့ အနိုင်ရတဲ့ အသင်းကိုတော့ Coppa Campioni d’ Italia ဖလား ပေးအပ်မှာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဘောလုံးသမိုင်းနှင့် စာရင်းအင်း အဖွဲ့ချုပ် (IFFHS) ရဲ့ သတ်မှတ်ချက်အရ ဆိုရင် စီးရီးအေဆိုတာ ကမ္ဘာမှာ ဒုတိယမြောက် သြဇာအကြီးဆုံး ပြည်တွင်း အမှတ်ပေးပြိုင်ပွဲ ဖြစ်သလို ဥရောပ ပြိုင်ပွဲတွေ ဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တွေရဲ့ ဗိုလ်လုပွဲတွေကိုလည်း အများဆုံး တက်ရောက်ထားနိုင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ အီတလီ ကလပ်အသင်း တွေဟာ ဥရောပအဆင့် ဗိုလ်လုပွဲတွေကို ၂၇ ကြိမ်တိုင်အောင် ဗိုလ်လုပွဲ ရောက်ရှိထားပြီး ၁၂ ကြိမ်ထိအောင် အနိုင်ရ ဗိုလ်စွဲထားတာ တွေ့ရပါတယ်။

ဥရောပ အဆင့် သတ်မှတ်ချက်မှာ အရင်က စပိန်လာလီဂါနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပြီးရင် လူကြိုက် အများဆုံး ဖြစ်ပေမယ့် နောက်ပိုင်း ဆယ်စုနှစ် အတွင်း ဂျာမနီ ဘွန်ဒက်လီဂါရဲ့ ကျော်တက်ခြင်း ခံထားရလို့ အခုချိန်မှာ အဆင့် ၄ ဆင့်မြောက် အအောင်မြင်ဆုံး၊ လူကြိုက် အများဆုံး အမှတ်ပေးပြိုင်ပွဲ အဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။

စပိန် လာလီဂါ၊ အင်္ဂလန် ပရီးမီးယားလိဂ်၊ ဂျာမန် ဘွန်ဒက်လီဂါ၊ အီတလီ စီးရီးအေ ပြီးရင်တော့ ပြင်သစ် အမှတ်ပေး ဖလားပြိုင်ပွဲ လိဂ်က အဆင့် ၅ အဖြစ် အစဉ်လိုက် ရပ်တည်နေတာပါ။ ဒီအစဉ်ဟာ နောက်ဆုံး ၅ နှစ် အတွင်း ဥရောပ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် အောင်မြင်မှုတွေ အရလည်း ရလဒ်တွေအတိုင်း စဉ်ထားတာ ဖြစ်ပါတယ်။

စီးရီးအေကို ၁၈၉၈ ခုနှစ်ကတည်းက စတင် တည်ထောင်ယှဉ်ပြိုင်နေတာ ဖြစ်ပြီး ဥရောပ ဘောလုံး အဖွ့ဲချုပ် UEFA ရဲ့ လက်အောက်ခံ အဖြစ် ရပ်တည်ဖွဲ့စည်း ကစားနေတာ ဖြစ်ပါတယ်။ အသင်း ၂၀ ပါဝင် ယှဉ်ပြိုင်ကစားတယ်၊ တကယ်လို့ စီးရီးအေ ကနေ တန်းဆင်းရမယ် ဆိုရင် စီးရီးဘီ ကို ရောက်မယ်၊ ဥရောပ ဝင်ခွင့်ရ အသင်းတွေက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တွေကို ပါဝင် ကစားခွင့် ရမယ်၊ လက်ရှိ နောက်ဆုံး ချန်ပီယံ ဆုကိုတော့ ဂျူဗင်တပ်စ်က ၃၃ ကြိမ်မြောက် အဖြစ် ရယူထားနိုင်တာ တွေ့ရပြီး သူကပဲ အခု အမှတ်ပေး ဆုဖလားကို အကြိမ် အများဆုံး ရယူထားနိုင်တဲ့ အအောင်မြင်ဆုံး အသင်း အဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ် ၂၀၁၆-၁၇ ဘောလုံး ရာသီမှာ ဂျူဗင်တပ်စ်က ချန်ပီယံ ဖြစ်တယ်၊ တန်းဆင်းရတဲ့ အသင်း ၃ သင်း ရှိပြီး အမ်ပိုလီရယ်၊ ပါလာမိုနဲ့ ပက်ကာရာတွေက စီးရီးဘီ ကို ဆင်းကစားရမယ်၊ ချန်ပီယံလိဂ် ဝင်ခွင့် အနေနဲ့ ဂျူဗင်ရယ်၊ ရိုးမားနဲ့ နာပိုလီတွေ ဝင်ခွင့်ရတယ်၊ ယူရိုပါလိဂ် ကိုတော့ အတ္တလန်တာ၊ လာဇီယိုနဲ့ အေစီမီလန် အသင်းတွေ ဝင်ခွင့်ရမယ်၊ ပွဲပေါင်း ၃၈၀ ကစားခဲ့ပြီး တပွဲပျမ်းမျှ ၂ ဒသမ ၉၆ ဂိုး သွင်းခဲ့ပြီး တရာသီလုံး သွင်းဂိုး ၁၁၂၃ ထိအောင် ရှိခဲ့ပါတယ်။ ဒီဇီကိုက တဦးတည်း ၂၉ ဂိုးသွင်းပြီး ဂိုးသွင်း ဘုရင် ဖြစ်ခဲ့ပါတယ်။ တပွဲပျမ်းမျှ ပရိတ်သတ် ၂၂၀၄၇ ဦး ရှိခဲ့ပြီး တရာသီလုံး ပရိတ်သတ် ၈ ဒသမ ၁ သန်းကျော် ရှိခဲ့ပါတယ်။

အခုနှစ် စီးရီးအေကိုတော့ ၂၀၁၇-၁၈ ဘောလုံး ရာသီ အဖြစ် သတ်မှတ်ပြီး စီးရီးအေ စတင် တည်ထောင်ချိန်ကနေ ၁၁၉ ကြိမ်မြောက် အဖြစ် ကစားမှာ ဖြစ်ပါတယ်။ လာမယ့် သြဂုတ်လ ၁၉ ရက်နေ့ကနေ ၂၀၁၈ ခုနှစ် မေလ ၂၀ ရက်နေ့ထိ ပွဲပေါင်း ၃၈၀ ကစားသွားမှာ ဖြစ်ပါတယ်။ အခုနှစ် တန်းတက် အသင်းတွေ အဖြစ် SPAL ရယ်၊ တိုရီနိုနဲ့ နာမည်ကြီး အူဒီးနီတို့ ပြန်လည် ကစားလာမှာ ဖြစ်ပါတယ်။

အခုနှစ် အသင်းတွေမှာ နည်းပြ အပြောင်းအလဲ အဖြစ်နဲ့ ၄ သင်းပဲ ပြုလုပ်ထားပြီး ကျန် အသင်းတွေကတော့ အရင်နှစ် နည်းပြတွေ အတိုင်း ဆက်လက် ကစားသွားဖို့ ရှိနေတာပါ။ နည်းပြ အပြောင်းအလဲ လုပ်ထားတဲ့ အသင်းတွေကတော့ အင်တာနယ်စီယိုနေက နည်းပြသစ် Luciano Spalletti ကို ဇွန်လ ၉ ရက်နေ့က ခေါ်ယူခဲ့တယ်၊ ရိုးမား အသင်းက နည်းပြသစ် Eusebio Di Francesco ကို ဇွန်လ ၁၃ ရက်နေ့က ခေါ်ယူခဲ့တယ်၊ ဖီအိုရင်တီးနားအသင်းက နည်းပြသစ် Stefano Pioli ကို ဇွန်လ ၆ ရက်နေ့က အသစ် ခေါ်ယူခဲ့သလို ဆက်ဆူအိုလို အသင်းက နည်းပြသစ် Cristian Bucchi ကို ဇွန်လ ၂၀ ရက်နေ့က ခေါ်ယူထားတာပဲ ဖြစ်ပါတယ်။ ။

Ref: www.en.m.wikipedia.org

The post အီတလီရဲ့ အကြီးဆုံး အမှတ်ပေးဖလားပြိုင်ပွဲ စီးရီးအေ appeared first on ဧရာဝတီ.

ကမ္ဘာ့အချမ်းသာဆုံး တင်းနစ် ကစားသမားများ

$
0
0

အားကစား ဝါသနာရှင်များကို ကမ္ဘာမှာ အချမ်းသာဆုံး တင်းနစ် ကစားသမားတွေ နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တင်းနစ် အားကစားက ဘောလုံးကစားနည်းလို ပရိသတ် မများပေမယ့် ရရှိတဲ့ ဆုကြေးတွေ အရ တင်းနစ် ကစားသမားတွေ ရဲ့ ကြွယ်ဝ မှုကလည်း မနည်းကြပါဘူး။

(၁၀) Li Na – တရုတ် တင်းနစ်မယ် လီနာဟာ ဒေါ်လာ သန်း ၄၀ လောက် ချမ်းသာပါတယ်။ တရုတ်နိုင်ငံ၊ ဟူဘဲ ဒေသမှာ မွေးဖွားခဲ့ပြီး ကလေး ဘဝကတည်းက တင်းနစ် ကစားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ရဲ့ ဝင်ငွေ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ လက်ရည်ကျလာပြီး ကမ္ဘာ့ အဆင့် ၁၀မှာ ရပ်တည် နေပါတယ်။ ဆုကြေးနဲ့ အခြား ဝင်ငွေ အရပ်ရပ်က တနှစ်ကို ဒေါ်လာ ၁၈ သန်းလောက် ရှိနေပါတယ်။

(၉) Anna Kournikova – လှပပြီး ဆွဲဆောင်မှု ကောင်းတဲ့ ရုရှ- အမေရိကန်ကပြား တင်းနစ်မယ်ကတော့ ကစားသမား ဘဝကနေ အနားယူသွားပြီ ဖြစ်ပါတယ်။ သန်း ၅၀ လောက် ချမ်းသာပါတယ်။ ကမ္ဘာ့နံပါတ် ၉ အချမ်းသာဆုံး တင်းနစ်ကစားသမားပါ။ အဲဒီလောက် ဝင်ငွေကောင်းပေမယ့် WTAလို နာမည်ကြီး တဦးချင်း ပြိုင်ပွဲမှာ တခါမှ အနိုင်မရဖူးပါဘူး။ တွဲဖက်တွေ ဖြစ်တဲ့ နာမည်ကျော် Martina Hingis နဲ့ တွဲဖက်ပြီး Grand Slim ဆုကိုတော့ ၁၉၉၉ ခုနှစ်နဲ့ ၂၀၀၂ တွေက ရခဲ့ဖူးပါတယ်။ Spice Girls of Tennsi လို့ တင်စားခြင်း ခံရသူပါ။

(၈) Novak Djokovic – ဆားဘီးယား နိုင်ငံသား ဖြစ်ပြီး သန်း ၆၀ လောက်ထိ ချမ်းသာပါတယ်။ သန်း ၅၀ လောက်က သူရခဲ့တဲ့ ဆုကြေးတွေပါ။ ၁၉၈၇ ခုနှစ် မေ ၂၂ ရက်က ယူဂိုဆလားဗီးယားမှာ မွေးပါတယ်။ နောက်ဆုံး Grand Slam ၁၂ ပွဲ မှာ ဗိုလ်လုပွဲ ၉ ကြိမ် တက်ရောက်ခဲ့ပြီး ၅ပွဲ အနိုင်ရထားပါတယ်။ ၂၀၁၁ ခုနှစ်က ဆုကြေးငွေ ၁၂ ဒသမ ၆ သန်းရပြီး အမြင့်ဆုံး ဆုကြေးရသူ အဖြစ် မှတ်တမ်းဝင်ထားသလို ၂၀၁၂ခုနှစ်မှာလည်း ၁၂ ဒသမ ၈ သန်း လောက် ဆုကြေးရခဲ့တာ တွေ့ရပါတယ်။

(၇) Venus Williams – အသားတင် ပိုင်ဆိုင်မှု သန်း ၆၀ လောက် ရှိမယ်လို့ ယူဆရပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာ မွေးပါတယ်။ ကမ္ဘာ့ အကောင်းဆုံး တင်းနစ် ကစားသမား အဖြစ် ၃ ကြိမ် ဖြစ်ဖူးပါတယ်။ အဆိုပါ အဆင့် ၁ နေရာကို ပထမဆုံး ရပ်တည်နိုင်ခဲ့တဲ့ အာဖရိက-အမေရိကန် နွယ်ဖွား အဖြစ်လည်း မှတ်တမ်း ဝင်ထားပါတယ်။ အိုလံပစ်မှာလည်း ရေ့ွှတံဆိပ် ၂ ခု ရဖူးပါတယ်။ အစ်မ ဖြစ်သူ ဆရီနာ ပြီးရင် ဝင်ငွေအကောင်း ဆုံး တင်းနစ်မယ် ဖြစ်ပါတယ်။

(၆) Rafael Nadal – စပိန်ကစားသမာရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ သန်း ၈၀ လောက် ရှိပါတယ်။ ၁၉၈၆ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် သြဂုတ်လ အထိ ဆုကြေး ဒေါ်လာ ၅၆ သန်းလောက် ရထားပြီး အဲဒီအချိန်က ကမ္ဘာ့အကောင်းဆုံး တင်းနစ်ကစားသမား အဖြစ် သတ်မှတ်ခံထားရပါတယ်။ ၂၀၁၂ ခုနှစ်က ဒူးဒဏ်ရာကြောင့် ၇ လလောက် အနားယူခဲ့ရပြီး ၂၀၁၃ အတွင်းမှာ ပြန်ကစားခဲ့ပါတယ်။ တနှစ် အတွင်း ဆုကြေး ဒေါ်လာ ၆ ဒသမ ၈ သန်း ပြန်ရခဲ့ပါတယ်။ နာဒယ်ကို Nike, Babolat, KIA နဲ့ Bacardi တွေက စပွန်ဆာ ပေးထား တာလည်း တွေ့ရပါတယ်။

(၅) Maria Sharapova – ရုရှသူ ရှာရာပိုဗာကိုတော့ လူတိုင်း သိပါတယ်။ ဆွဲဆောင်မှု ရှိတယ်၊ လှပတယ်၊ကြွယ်ဝမှု က ဒေါ်လာ သန်း ၉၀ ပါ။ ၁၉၈၇ ခုနှစ် ဧပြီ ၁၉ ရက်က မွေးဖွားခဲ့ပါတယ်။ Grand Slam ရဲ့ တဦးချင်း ပြိုင်ပွဲမှာ ၃ ကြိမ် ဗိုလ်စွဲထားပါတယ်။ လစာ အမြင့်ဆုံး အမျိုးသမီး ကစားသမား တဦးပါ။ Nike နဲ့ Head တွေက စပွန်ဆာ ပေးထားတာ တွေ့ရပါတယ်။ သူ့ရဲ့ နာမည် Sharapova အမှတ်တံဆိပ်နဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေတာ တွေ့ရပြီး အရင်နှစ်က Sugarpova အမည်နဲ့ သကြားလုံးသစ်ကို မိတ်ဆက်ခဲ့ပါသေးတယ်။

(၄) Serena Williams – ဒေါ်လာ သန်း ၁၀၀ လောက် ချမ်းသာတဲ့ လက်ရှိ ကမ္ဘာ့ချန်ပီယံပါ။ သူ့ညီမ ဗီးနပ်နဲ့ အတူတူ တွဲဖက် ကစားတာ တွေ့ရပါတယ်။ ကမ္ဘာ့ အကောင်းဆုံး ကစားသမား အဖြစ် ၆ ကြိမ် သတ်မှတ် ခံရဖူး ပါတယ်။ ၂၀၁၁ ခုနှစ်က စပြီး ပြိုင်ပွဲကြီးတွေမှာ ၁၅ ကြိမ် အနိုင်ရထားပါတယ်၊ သူ့ရဲ့ ပိုင်ဆိုင်မှု ၄၇ ရာခိုင်နှုန်းက အနိုင်ဆုကြေးတွေကနေ ရထားတာ ဖြစ်ပြီး Nike, Wilson, Gatorade နဲ့ OPI တွေကနေ စပွန်ဆာနဲ့ အကျိုးတူ သဘောတူညီမှုတွေ ရထားတာပါ။ HSN, Sleep Sheets နဲ့ Mission၊ Miami Dolphins တို့နဲ့လည်း ပူးပေါင်း ထားသူ ဖြစ်ပါတယ်။

(၃) Pete Sampras – သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား တဦးပါ။ Grand Slam ပြိုင်ပွဲမှာ ၁၄ ကြိမ် အနိုင်ရထားပါတယ်။ ၆ နှစ်ဆက်တိုက် ကမ္ဘာ့ အကောင်းဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ခုချိန်ထိ သူ့စံချိန်ကို လိုက်မီသူ မရှိသေးပါဘူး။ ၂၀၀၂ ခုနှစ် US Open မှာ နာမည်ကျော် Andre Agassi ကို အနိုင်ရယူ ပြီးကတည်းက ကစားသမားဘ၀ ကနေ အနားယူသွားတာ ဖြစ်ပေမယ့် ဒေါ်လာ သန်း ၁၅၀ လောက် ထိအောင် ချမ်းသာနေသူ ဖြစ်ပါတယ်။

(၂) Andre Agassi – ယခင် ကမ္ဘာ့ နံပါတ် ၁ ကစားသမား အဖြစ် ရပ်တည်ခဲ့ ဖူးသူ အမေရိကန် တင်းနစ် ကစားသမား ဖြစ်ပြီး အခုတော့ အနားယူထားသူပါ။ ဒေါ်လာ ၁၇၅ သန်းလောက်ထိ ချမ်းသာပါတယ်။ Career Golden Slam ကို ရရှိဖူးသူ အမျိုးသား တင်းနစ် ကစားသမား ၂ ယောက်ထဲက တယောက်ပါ။ Andre Agassi Charitable Foundation ကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။

(၁) Roger Federer – ဆွစ်နိုင်ငံသား နာမည်ကျော် တင်းနစ်ကစားသမားကတော့ ဆုကြေးချည်းပဲ ဒေါ်လာ ၇၇ ဒသမ ၇ သန်းလောက် ရထားသလို စုစုပေါင်း ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၁၈၀ လောက် ရှိပါတယ်။ ဒီဇင်ဘာလ က ကျင်းပခဲ့တဲ့ တောင်အမေရိက ခရီးစဉ် ပြိုင်ပွဲမှာတင် ၆ ပွဲဆက် ရှုံးပွဲမရှိ အနိုင်ရယူလိုက်နိုင်မှုက ဒေါ်လာ ၁၄ သန်းလောက် ဝင်ငွေ တိုးခဲ့ပါတယ်။ Nike, Rolex, Wilson, Moet & Chandon နဲ့ Dredir Suisse တွေနဲ့ အကျိုးတူ ပူးပေါင်းထားသူပါ။

Ref: www.wonderlist.com

The post ကမ္ဘာ့အချမ်းသာဆုံး တင်းနစ် ကစားသမားများ appeared first on ဧရာဝတီ.

ဆီးဂိမ်း အဖွင့်ပွဲစဉ် မြန်မာနှင့် စင်ကာပူ ကစားမည်

$
0
0

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကြီးမှူး ကျင်းပမည့် ၂၉ ကြိမ်မြောက် ၂၀၁၇ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မြန်မာ့ လက်ရွေးစင် ယူ – ၂၂ အသင်းနှင့် စင်ကာပူ ယူ ၂၂ လက်ရွေးစင်အသင်းတို့ ဘောလုံး ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါပွဲစဉ်ကို ယနေ့ သြဂုတ်လ ၁၄ ရက်နေ့မွန်းလွဲပိုင်း မြန်မာ စံတော်ချိန် ၂ နာရီ ၃၀ တွင် ကစားမည်ဖြစ်ပြီး အများ ပြည်သူများ ကြည့်ရှုအားပေးနိုင်စေရန်အတွက် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံအတွင်းတွင်လည်း LED ဖြင့် ပြသ ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုး က “စင်ကာပူကလည်း အကောင်းဆုံး ပြင်ဆင်လာမှာဘဲလေ။ ကျနော်တို့ မြန်မာအသင်း အတွက်တော့ အနိုင်ရရှိဖို့ လိုပါတယ်။ ပွဲဦးထွက်လည်းဖြစ်တယ်။ သေရေးရှင်ရေးသမျှ အရေးကြီးတော့ အနိုင်ပဲ မှန်းတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာဘောလုံး အသင်းအနေဖြင့် မလေးရှားနိုင်ငံရှိ မြန်မာပရိသတ်များအတွက် မြန်မာ – စင်ကာပူ ပွဲစဉ် လက်မှတ် စောင်ရေ ၅၀၀ ကို အိမ်ရှင် မလေးရှား အသင်းထံမှ ဝယ်ယူထားပြီး Stadium MPS Selayang ဂိတ်ပေါက်ဝတွင် မြန်မာပရိတ်သတ်များ အတွက် အခမဲ့ ဝေငှမည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာထက်တွင် ရေးသား ဖော်ပြထားသည်။

မြန်မာ့ လက်ရွေးစသင်းသည် အုပ်စု (က) တွင် အိမ်ရှင်မလေးရှား၊ စင်ကာပူ၊ လာအို၊ ဘရူးနိုင်းတို့နှင့်အတူ ကျရောက်နေပြီး အိမ်ရှင် မလေးရှားအသင်းနှင့် စင်ကာပူ အသင်းတို့သည် မြန်မာအသင်းအတွက် ခက်ခဲ့သည့် ပြိုင်ဘက်များဖြစ်လိမ့်မည်ဟု မြန်မာ အသင်းစောင့်ကြည့်သူများက သုံးသပ်နေကြသည်။

မြန်မာအသင်း အတွက် အားထားရသည့် မျိုးကိုထွန်း ကျန်းမာရေး အခြေအနေကြောင့် မပါနိုင်သလို ငြိမ်းချမ်းအောင်နှင့် အဓိက ကစားသမား အချို့ မပါနိုင်သဖြင့် အားနည်းသလိုရှိသော်လည်း လက်ရှိ ယူ ၂၂ အသင်းသည် စနစ်တကျ လေ့ကျင့်ထားပြီး အစွမ်းကုန် ကြိုးစားသည့် စိတ်ရှိတာကြောင့် လျှော့တွက်လို့မရကြောင်း သုံးသပ်သူ အချို့က ဆိုသည်။

အုပ်စု အနေအထားတွင်လည်း ခြေစွာနေသည့် ထိုင်း နှင့် ဗီယက်နမ် တို့ ပါဝင်သည့် အုပ်စု နှင့် လွဲခဲ့သဖြင့် မြန်မာ အသင်း အတွက် အုပ်စုတက်ရေးမှာ ပိုမိုထင်ရှားသည်ဟု သုံးသပ်မှုများလည်းရှိနေသည်။ ထိုင်း နှင့် ဗီယက်နမ် တို့သည် အုပ်စု (ခ) တွင် အင်ဒိုနီးရှား၊ ကမ္ဘောဒီယား၊ တီမော၊ ဖိလစ်ပိုင် တို့နှင့် ကျရောက်လျှက်ရှိသည်။

မြန်မာ့ လက်ရွေးစင်ဟောင်းလည်းဖြစ် လက်ရှိ မြန်မာနေရှင်နယ်လိဂ်မှ ရှမ်းယူနိုက်တက် အသင်း၏ နည်းပြလည်း ဖြစ်သည့် ဦးစိုးမြတ်မင်းက “ဒေသတွင်းမှာ တကယ့်ကို ကောင်းတယ်လို့ ပြောလို့ရတဲ့ ထိုင်းနဲ့ ဗီယက်နန်ပေါ့။ သူတို့ နှစ်သင်းကို ရှောင်နိုင်တဲ့ အတွက်ကြောင့် အုပ်စု အနေအထားလေးကတော့ တကယ့်ကိုကောင်းတဲ့ အနေအထားလေးပါ” ဟု လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာထက် မေးမြန်းခန်းတွင် သုံးသပ်ထားသည်။

မြန်မာဘောလုံး အသင်းစောင့်ကြည့် သုံးသပ်သူများကတော့ မလေးရှား ဆီးဂိမ်းတွင် မြန်မာ ယူ ၂၂ အသင်းသည် ဆီမီးဖိုင်နယ် သို့မဟုတ် နောက်ဆုံး ဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်သည့် အခြေအနေကို ပိုင်ဆိုင်ထားကြောင်း သုံးသပ်နေကြသလို မြန်မာ အသင်းနည်းပြကြီး Gerd Zeise ကလည်း ၎င်းအသင်း အနေဖြင့် စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောသည်။

မြန်မာအသင်း နည်းပြ Gerd Zeise က “ပထမဆုံး ဆီမီးဖိုင်နယ်ကို မစဉ်းစားဘဲနဲ့ ရှေ့က အခက်အခဲတွေ ကျော်ဖြတ် ရမှာပါ။ ကျနော့် အနေနဲ့ ကျနော့် အသင်းဟာ စိန်ခေါ်မှုတွေကို ယှဉ်ပြိုင် ကျော်ဖြတ်နိုင်မယ် ဆိုတာ ယုံတယ်” ဟု စနေနေ့က ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်ကို ရောက်ရှိစဉ် ပြောကြားကြောင်း သိရသည်။

မြန်မာအသင်းနှင့် အတူ မလေးရှားနိုင်ငံသို့ မြန်မာဘောလုံး အဖွဲ့ချုပ် နာယက နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာ နေရှင်နယ်လိဂ် ကလပ်အသင်းပိုင်ရှင်များဖြစ်သည့် ဦးတေဇ (ရန်ကုန် ယူနိုက်တက်)၊ ဦးဇော်မင်းသိန်း (ရခိုင်ယူနိုက်တက်)၊ ဦးခွန်နောင်မြင့်ဝေ၊ ဦးစောလုလု (ရှမ်းယူနိုက်တက်)၊ အမျိုးသမီး အသင်း အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် MFF အမှုဆောင် ဦးလှဌေး၊ MFF ဒုတိယ ဥက္ကဋ္ဌနှင့် ရန်ကုန်ယူနိုက်တက် အသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ MFF အမှုဆောင် ဦးမိုးဆန်းအောင်နှင့် မြန်မာ လုပ်ငန်းရှင်များလည်း လိုက်ပါသွားကြောင်းသိရသည်။

The post ဆီးဂိမ်း အဖွင့်ပွဲစဉ် မြန်မာနှင့် စင်ကာပူ ကစားမည် appeared first on ဧရာဝတီ.

ယူရိုပါလိဂ် ဝင်ခွင့်ရထားတဲ့ SC Freiburg အသင်း

$
0
0

ဥရောပ ဘောလုံး အင်အားကြီး နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်တဲ့ ဂျာမနီက တခြား စပိန်၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီက အမှတ်ပေး ဖလားပြိုင်ပွဲတွေနဲ့ အဓိက မတူတဲ့ အချက်က ပါဝင် အသင်း အရေအတွက်ပဲ ဖြစ်ပါတယ်။ အသင်းများစွာ ရှိနေပေမယ့် တခြား အမှတ်ပေး ပြိုင်ပွဲတွေလို အသင်း ၂၀ မကစားပဲ ၁၈ သင်းပဲ ကစားပါတယ်။ ပြီးတော့ ဥရောပ ဘောလုံး အဖွဲ့ချုပ်ကနေ သတ်မှတ်တဲ့ ဥရောပဖလား ဝင်ခွင့် သတ်မှတ်ချက်မှာလည်း ဂျာမနီက အင်္ဂလန်နဲ့ စပိန်တို့လောက် ဝင်ခွင့် နေရာ မရပါဘူး။ ဒီလို ဝင်ခွင့်ခက်ခဲသည့် တိုင်အောင် အခုနှစ် ဥရောပ ပြိုင်ပွဲ ယူရိုပါလိဂ်မှာ ဝင်ခွင့်ရထားတဲ့ ဖရိုင်းဘတ် အသင်း အကြောင်း နည်းနည်း ပြောပြချင်ပါတယ်။

အသင်းရဲ့ နာမည် အပြည့်အစုံက Sport-Club Freiburg e.V ဖြစ်ပေမယ့် အများစုကတော့ ဖရိုင်းဘတ် အဖြစ်ပဲ ခေါ်ကြ သိကြပါတယ်။ သူနဲ့ နာမည်ဆင်တူ အသင်းလည်း ရှိသေးပြီး သူကတော့ ဖရန့်ဖတ်မြို့ အခြေစိုက် ဖရန့်ဖတ် အသင်း ဖြစ်ပါတယ်။ အခု ပြောနေတဲ့ ဖရိုင်းဘတ်ကတော့ ဂျာမနီနိုင်ငံ၊ ဘာဒန် ဝါတန်ဘက်မှာ အခြေစိုက်တဲ့ အသင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅-၁၆ ခုနှစ် အတွင်း ဘွန်ဒက်လီဂါကနေ တန်းဆင်းထားရပြီး အဆင့် ၂ ဘွန်ဒက်လီဂါ ရောက်သွားပေမယ့် ချန်ပီယံ အဖြစ်နဲ့ တန်းပြန်တက် လာတဲ့ အသင်းလည်း ဖြစ်ပါတယ်။

အသင်းကို ၁၉၀၄ ခုနှစ် မေလ ၃၀ ရက်နေ့ကတည်းက တည်ထောင်ခဲ့တာ ဖြစ်ပြီး သက်တမ်း ၁၁၃ နှစ် ရှိနေပြီလည်း ဖြစ်ပါတယ်။ Schwarzwald-Stadium ကို အိမ်ကွင်း အဖြစ် လက်ခံ ကစားပါတယ်။ သူ့ရဲ့ အိမ်ကွင်းက ပရိတ်သတ် ၂၄၀၀၀ ပဲ ဆံ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ၂၀၁၆-၁၇ မှာတော့ အသင်းက အမှတ်ပေး ဇယားမှာ အဆင့် ၇ နေရာနဲ့ ရာသီသိမ်း ထားခဲ့တာလည်း ဖြစ်ပါတယ်။

အိမ်ကွင်း ဝတ်စုံ အဖြစ် အင်္ကျီအနီ၊ ဘောင်းဘီး အနက်နဲ့ ခြေအိတ် အနီ ဝတ်ဆင်ကစားပြီး အဝေးကွင်းမှာတော့ အင်္ကျီ ဘောင်းဘီ၊ ခြေအိတ်တွေကို အဖြူပေါ်မှာ အနက်စင်းထည့်ပြီး ကစားတာ တွေ့ရပါတယ်။ အသင်းရဲ့ သမိုင်းတလျှောက်မှာ Volker Finke ဆိုတဲ့ နည်းပြက အသင်းကို သက်တမ်း အချိန်အကြာဆုံး ကိုင်တွယ်ခဲ့တာ တွေ့ရပြီး ၁၉၉၁ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်ထိအောင် ကိုင်တွယ်ခဲ့ပါတယ်။ လက်ရှိ နည်းပြကတော့ Christian Streich ဖြစ်ပါတယ်။

အသင်း အနေနဲ့ အခြား ထိပ်တန်း ကလပ်အသင်းတွေလို ကြီးမားတဲ့ အောင်မြင်မှု များများ စားစား မရှိပေမယ့် မှတ်သားစရာ ရှိတာတွေက အသင်း အနေနဲ့ Papiss Cisse ကို ယူရို ၁၂ သန်းနဲ့ အမြင့်ဆုံး စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောင်းချဖူးတယ်၊ အသင်း အတွက် Andreas Zeyer က ပွဲအများဆုံး ကစားပေးထားပြီး ပွဲပေါင်း ၄၃၅ ပွဲ ကစားပေးထားတယ်၊ ဖရိုင်းဘတ်ရဲ့ အကြောက်ရဆုံး အသင်း အနေနဲ့ ဆိုရင် ဂျာမနီရဲ့ သြဇာ အကြီးဆုံး ဘိုင်ယန်မြူးနစ် လို့ ဆိုရမှာ ဖြစ်ပြီး အိမ်ကွင်းမှာ ဘိုင်ယန်ကို ၆ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် ရှုံးထားတယ်၊ အဝေးကွင်းမှာလည်း ၇ ဂိုးပြတ်နဲ့ ရှုံးထားပါတယ်။

အသင်း အနေနဲ့ အမှတ်ပေးပြိုင်ပွဲမှာဆိုရင် ဘွန်ဒက်လီဂါမှာ အောင်မြင်မှု ကြီးကြီးမားမား မရဖူးပေမယ့် တဆင့်နိမ့် အဆင့် ၂ ဘွန်ဒက်လီဂါ ဖလားကို ၁၉၉၃၊ ၂၀၀၃၊ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေက ၄ ကြိမ်ထိ ရရှိထားဖူးပါတယ်။ Oberliga Baden-Wuttemberg ကို ၁၉၉၈ ခုနှစ်က အနိုင်ရဖူးတယ်၊ Amateurliga Sudbaden ကို ၁၉၆၅၊ ၁၉၆၈ နဲ့ ၁၉၇၈ ခုနှစ်တွေက အနိုင်ရဖူးတာလည်း တွေ့ရပါတယ်။ Verbandsliga Sudbaden ကိုလည်း ၁၉၉၈ ခုနှစ်မှာ အနိုင်ရရှိဖူး ထားပါတယ်။ အမှတ်ပေးဖလား မဟုတ်တဲ့ အခြားပြိုင်ပွဲတွေမှာတော့ South Baden Cup ကို ၁၉၇၅၊ ၁၉၇၈ နဲ့ ၂၀၀၁ ခုနှစ်တွေက ရရှိထားသလို ဒုတိယ ၁ ကြိမ်ရဖူးပြီး ၂၀၀၅ ခုနှစ်က ဖြစ်ပါတယ်။

ဥရောပပြိုင်ပွဲ ဝင်ခွင့် အနေနဲ့တော့ အသင်း သမိုင်း တလျှောက် ၄ ကြိမ် ဝင်ခွင့် ရရှိထားတာ တွေ့ရပြီး ပထမဆုံး အကြိမ် ဥရောပ ဝင်ခွင့်ကို ၁၉၉၅-၉၆ ဘောလုံး ရာသီက ဝင်ခွင့် ရခဲ့တာပါ။ UEFA ဖလားပြိုင်ပွဲကို ပထမ အဆင့်ထိအောင် ရောက်ခဲ့ပြီး Slavia Prague ကို အိမ်ကွင်း၊ အဝေးကွင်း ၁ ဂိုး ၂ ဂိုး ရလဒ်နဲ့ ရှုံးပြီး ထွက်ခဲ့ရပါတယ်။

ဒုတိယ အကြိမ် ဥရောပဝင်ခွင့်ကို ၂၀၀၁-၀၂ ဘောလုံး ရာသီမှာ ထပ်ရခဲ့ပြီး တတိယ အဆင့်ထိ ရောက်ခဲ့ပြီး အဆိုပါ အဆင့်မှာ Feyenoord ကို အိမ်ကွင်း၊ အဝေးကွင်း ရလဒ် ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးပြီး ထွက်ခဲ့ရပြန်ပါတယ်။ ၂၀၁၃-၁၄ရာသီမှာတော့ ဖရိုင်းဘတ်ဟာ ယူရိုပါလိဂ် ထပ်ဝင်ခွင့် ရပါတယ်။ အုပ်စု H မှာ ဆီဗီလာ၊ အက်တိုရီနဲ့ ဆလိုဗန်တွေနဲ့ အတူ ကစားရပြီး အုပ်စု အဆင့် ၃ ပဲ ရလို့ နောက်တဆင့် တက်ခွင့် ကနေ လွဲခဲ့ရပြန် ပါတယ်။ အခုနှစ်မှာလည်း ယူရိုပါလိဂ် ဝင်ခွင့် ရထားပြီး တတိယ အဆင့်မှာ Domzale ကို အိမ်ကွင်း၊ အဝေးကွင်း လက်ခံ ကစားထားတာ တွေ့ရပါတယ်။

ဖရိုင်းဘတ် အသင်း အနေနဲ့ အမျိုးသမီး အသင်းလည်း ရှိသေးတာ တွေ့ရပြီး အမျိုးသမီး ဘွန်ဒက်လီဂါမှာ ရှေ့ပိုင်း နှစ်ပေါင်း များစွာ ကစားနိုင်ခဲ့ပေမယ့် ၂၀၀၉-၁၀ ခုနှစ် ဘောလုံး ရာသီမှာတော့ အဆင့် ၂ ဘွန်ဒက်လီဂါကို တန်းဆင်းခဲ့ရပြီး တနှစ် အကြာမှာ တန်းပြန်တက် လာတာ တွေ့ရပါတယ်။

အမျိုးသမီး အသင်းကိုတော့ ၁၉၇၅ ခုနှစ်ကမှ စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး ၄၂ နှစ် သက်တမ်း ရှိနေပါပြီ။ ဝတ်စုံကတော့ အမျိုးသား အသင်းနဲ့ ဆင်တူ ဝတ်ဆင် ကစားတာ ဖြစ်ပါတယ်။ အမျိုးသမီးအသင်းက Moslestadion ကို အိမ်ကွင်း အဖြစ် လက်ခံ ကစားပြီး ပရိတ်သတ် ၁၈၀၀၀ ထိအောင် ဆံ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် ဘောလုံးရာသီမှာ အမျိုးသမီး အသင်းက အမှတ်ပေး ဇယားမှာ အဆင့် ၄ ထိ ရပ်တည် ရာသီသိမ်းထားခဲ့တာလည်း ဖြစ်ပါတယ်။ အမျိုးသမီးအသင်းမှာ ဒေသခံ ဂျာမနီသူတွေပဲ တသင်းလုံးနီးပါး ပါဝင်ကစားတာ တွေ့ရပြီး နိုင်ငံခြား ကစားသမားဆိုလို့ သြစတီးယား နောက်ခံ ကစားသမား Sarah Puntigam တယောက်ကိုပဲ ခေါ်ယူ ကစားတာ တွေ့ရပါတယ်။

Ref: www.en.m.wikipedia.org

The post ယူရိုပါလိဂ် ဝင်ခွင့်ရထားတဲ့ SC Freiburg အသင်း appeared first on ဧရာဝတီ.

ဆီးဂိမ်း ဘောလုံးပွဲ ဘယ်သူဗိုလ်စွဲမလဲ

$
0
0

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games ) တွင် အားကစားနည်း ၃၈ မျိုး တွင် ပွဲစဉ်ပေါင်း ၄၀၀ ကျော်ရှိမည် ဖြစ်သော်လည်း အခြာသော ကိစ္စများထက ်ပို၍ အရေးအကြီးဆုံး ဖြစ်သည်မှာ အမျိုးသား ဘောလုံး ပြိုင်ပွဲ ဖြစ်သည်။

အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ အမည်ဖြင့် ၁၉၅၈ ခုနှစ်က နိုင်ငံ ၆ ခု ဖြင့် စတင်ကျင်းပခဲ့ပြီးနောက် ယခုအခါတွင် ဒေသတွင်းမှ ပြိုင်ဆိုင်မှု ပြင်းထန်သည့် ဘောလုံးပြိုင်ပွဲတွင် နိုင်ငံ ၁၁ ခု ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ(SEA Games) ဟု ပြောင်းလဲကျင်းပခဲ့သည့် ၁၉၇၇ ခုနှစ်မှစ၍ ဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သော နိုင်ငံ ၃ ခုသာရှိခဲ့သည်။ ထိုင်း၊ မလေးရှား နှင့် အင်ဒိုနီးရှားတို့ ဖြစ်သည်။ ထိုင်းက ၁၃ ကြိမ်၊ မလေး ရှားက ၅ ကြိမ်နှင့် အင်ဒိုနီးရှားက ၂ ကြိမ် ရွှေတံဆိပ်ရခဲ့သည်။

ရွှေတံဆိပ် ၁၅ ကြိမ် (ကျွန်းဆွယ်ပြိုင်ပွဲတွင် ၂ ကြိမ် အပါအဝင်) ရရှိထားသည့် ထိုင်းနိုင်ငံအသင်းသည် အအောင်မြင်ဆုံး အသင်း ဖြစ်သည့် အပြင် ချန်ပီယံဆုကို ကာကွယ်မည့် အသင်းလည်း ဖြစ်သည်။

ဒေသတွင်းမှ ဘောလုံးပရိသတ် အများစုက ထိုင်းအသင်းသည် နောက်တကြိမ် ဗိုလ်စွဲမည်ဟု ထင်ကြေးအပေးခံရဆုံး အသင်း ဖြစ်သည်။ ၃ နှစ် ဆက်တိုက် ရွှေတံဆိပ်ကို ရရှိရန် ဖြစ်နိုင်ချေ အများဆုံး၊ အနီးဆုံး အသင်း ဖြစ်ပါသည်။

ယခုအပတ် FOX Sports Asia နှင့် တွေ့ဆုံခဲ့သော အကြီးတန်း ထိုင်းလက်ရွေးစင် လောလုံးသမား Mika Chunuonsee က ရွှေတံဆိပ်ရရှိရေးတွင် ကိုယ့်ကိုယ်ကို အထင်ကြီးမှုကသာ ထိုင်းအသင်းကို ရပ်တန့် စေနိုင်လိမ့်မည်ဟု ပြောသည်။

“တခြားနိုင်ငံတွေကို မလေးစားတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအပိုင်း (အသက် ၂၃ နှစ်အောက်အသင်း) ထိုင်းနိုင်ငံရဲ့ စွမ်းဆောင်ရည်က တခြားဘယ် အရှေ့တောင်အာရှ နိုင်ငံထက်မဆို အများကြီး သာလွန်နေလို့ ဖြစ်ပါတယ်။ အရင်တုန်း က ဆိုရင် အသက် ၂၃ နှစ်အောက် အသင်းကို ကလပ်အသင်းကောင်းတွေက အလားအလာရှိတဲ့ လူငယ် ကစားသ မား တွေနဲ့ ဖွဲ့စည်းခဲ့တယ်။ ဒါပေမယ့် အခုအသင်းကတော့ အကောင်းဆုံး ကလပ်အသင်းတွေမှာ အပတ်စဉ် ကစားနေတဲ့ ဘောလုံးသမားတွေ အပြည့်ပါ ပါတယ်။ အဲဒါက ထိုင်း ဘောလုံးလောကရဲ့ အင်အားနဲ့ နက်ရှိုင်းမှုကို ပြသနေပါတယ်။ ဒါကြောင့် သူတို့ အနိုင်ရမယ်လို့ ကျနော် ရိုးသားစွာ ယုံကြည်ပါတယ်။ သူတို့ မလုပ်နိုင်ခဲ့ရင်တော့ အဲဒါက တကယ့်ကို စိတ်ပျက်စရာကြီး ဖြစ်မှာပါ။”

လူစာရင်းကိုကြည့်လိုက်မည် ဆိုလျှင်လည်း အဆိုပါ သုံးသပ်ချက်ကို သဘောမတူရန် ခက်ခဲမည် ဖြစ်သည်။ ပွဲအတွေ့ အကြုံပြည့်ဝသူများဖြင့် ပြည့်နေသော အသင်းဖြစ်သည်။ ဘယ်နောက်ခံလူ Kevin Deeromran သည် လက်ရွေးစင် အသင်းကြီးမှ Teerathon Bunmathan ကို ဆက်ခံမည့်သူ အဖြစ် သတ်မှတ်ထားခြင်းခံရသည်။ Sasalak Haiprakhon က လျှင်မြန်သော ဘယ်တောင်ပံ ကစားသမား ဖြစ်သည်။ Chaiyawat Buran က ကွင်းလယ်တွင် အဓိက ကျသည့် ကစား သမား တယောက် ဖြစ်သလို အသင်းခေါင်းဆောင် တိုက်စစ်မှူး Chenrop Samphaodi ကြံ့ခိုင်မှုပြည့်ဝနေခဲ့လျှင် ထိုင်း အသက် ၂၃ နှစ်အောက် အသင်းက တားဆီးရန် အမှန်တကယ်ပင် ခက်ခဲပါလိမ့်မည်။

အကယ်၍ သူတို့ကို ရပ်တန့်စေမည့် နိုင်ငံတခု ရှိမည်ဆိုလျှင် အလျှင်အမြန် ဖွံ့ဖြိုး အားကောင်းလာနေသည့် ဗီယက်နမ် ပင် ဖြစ်ပါလိမ့်မဘည်။

Hanoi FC နှင့် ကျော်ကြားသော Hoang Anh Gia Lai (ဘောလုံး အသင်းအပါအဝင် စီးပွားရေး လုပ်ငန်း မျိုးစုံ လုပ်ကိုင် နေသည့် ဗီယက်နမ် ကုမ္ပဏီ အုပ်စုကြီးတခု)အပါအဝင် ထိပ်တန်း ကလပ်များ၊ ဘောလုံး အကယ်ဒမီများမှ နည်းစနစ် ကျွမ်း ကျင်သည့် ဘောလုံးသမားများ ဆက်တိုက် မွေးထုတ်ပေးနေသည့် ဗီယက်နမ်နိုင်ငံတွင် ယခင်ကထက်ပိုသည့် ပါရမီရှင် လူငယ်များ ရှိနေသည့် အချိန်ဖြစ်သည်။

ခံစစ်မှာရော ကွင်းလယ်မှာပါ ကစားနိုင်သည့် Vu Vanh Thanh က မှန်ကန်သော ရွေးချယ်ချက်တခု ဖြစ်သည်။ ကွင်း လယ်ကစားသမား Luong Xuan Truong က ပွဲ၏ အရှိန်ကို ထိန်းညှိရာတွင် အလွန်ထူးချွန်သူ ဖြစ်သည်။ တိုက်စစ်မှူး တယောက် ဖြစ်သည့် Ha Duc Chinh က ခြေစွမ်းတက်လာနေသလို Nguyen Cong Phuong က ဒေသတွင်းတွင် အကောင်းဆုံး ကွင်းလယ် ကစားကွက်ဖန်တီး ရှင် ဖြစ်သည်။

ထိုင်း နှင့် ဗီယက်နမ်တို့ ဗိုလ်လုပွဲတွင် တွေ့ကြမည်ဆိုလျှင် ထူးချွန်သည့် ဗီယက်နမ်လူငယ် ဘောလုံးသမားများက သူတို့၏ ပြိုင်ဖက်ကို အံ့အားသင့်စေလိမ့်မည်။ ရွှေတံဆိပ်ရသူတိုင်းကို အိမ်ပြန်လာလျှင် စမတ် တီဗီ များပေးမည်ဟု အီလက်ထရောနစ် ကုမ္ပဏီ တခုက ကတိပြုထားသည်။

စိန်ခေါ်သူများ- မလေးရှား၊ မြန်မာ

အင်အားနည်းသော စင်ကာပူအသင်းကို ဖယ်ထုတ်လိုက်မည် ဆိုလျှင် အုပ်စု A တွင် ထိပ်ပိုင်းနေရာ ရရှိရေးမှာ အိမ်ရှင် မလေးရှားနှင့် မြန်မာတို့ကြားမှ တိုက်ပွဲတခု ဆိုသည်က ရှင်းရှင်း လင်းလင်း ပေါ်လာမည် ဖြစ်သည်။

အိမ်ရှင်နိုင်ငံမှ ဘောလုံးပရိသတ်တိုင်းက မလေးရှား အသင်းကို အနည်းဆုံးအနေဖြင့် အကြိုဗိုလ်လုပွဲအထိ တက်သည်ကို မြင်ချင်ကြသည်။ အသက် ၁၈ နှစ် အရွယ် Muhammad Akhyar သည် ဒေသတွင်းမှ စိတ်လှုပ်ရှားစရာ ကစားကွက် ဖန်တီးရှင်များထဲမှ တဦး ဖြစ်ပြီး ယခု ပြိုင်ပွဲတွင် သေချာပေါက် စောင့်ကြည့်ရမည့် သူ ဖြစ်သည်။

မြန်မာနိုင်ငံက လူငယ်အသင်းများမှ အဓိကလူများကို လက်ရွေးစင် အသင်းကြီးသို့ ကူးပြောင်းကစားစေခဲ့သည့် အတွက် လက်ရှိပြိုင်ပွဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံး အသင်းတသင်းကို ပိုင်ဆိုင်ထားသည်။ ခွန်အားနှင့် လျှင်မြန်မှု ကောင်းမွန်သလို ကန်ချက်ကောင်းများဖြင့် ပြိုင်ဖက်ကို ဒုက္ခပေးနိုင်သော အောင်သူကဲ့သို့သော ဒေသတွင်းမှ အကောင်းဆုံး ဂိုးသွင်းနိုင်သူ တဦးလည်း ရှိနေသည်။

အင်ဒိုနီးရှားက သူတို့ လိဂ်ပြိုင်ပွဲ စည်းကမ်းအသစ်၏ အသီးအပွင့်များကို ရိတ်သိမ်းနေသည်။ စည်းကမ်းအသစ်အရ ကလပ် အသင်းများသည် ပွဲစဉ် တခုတွင် လူငယ် ဘောလုံးသမား ၂ ဦးကို မဖြစ်မနေ ထည့်သွင်း ကစားရမည် ဖြစ် သည်။ ထို့ကြောင့် သူတို့ ယခုပြိုင်ပွဲသို့ ရောက်ရှိလာသောအခါ သူတို့၏ အသင်းသည် အခြားသော နိုင်ငံ အများအပြားကဲ့သို့ မဟုတ်ဘဲ ပြိုင်ပွဲ အတွေ့အကြုံ ရှိသည့် အသင်းတသင်း ဖြစ်နေသည်။ အာရှ အသက် ၂၃ နှစ်အောက် ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲများတွင် သူတို့ လတ်တလောပြသခဲ့သည့် တိုးတက်မှုများကို ဆက်လက်ထိန်းသိမ်း ထားနိုင်ခဲ့လျှင် သူတို့လည်း အကြိုဗိုလ်လုပွဲသို့ အံအားသင့်ဖွယ်ရာ ရောက်ရှိသည့် အသင်း တသင်းအဖြစ် ပေါ်ထွက်လာနိုင်ပါသည်။

တိုးတက်လာသူများ- ကမ္ဘောဒီးယား၊ အရှေ့တီမော

ကမ္ဘောဒီးယားနိုင်ငံမှ ဘောလုံးတာဝန် ရှိသူများက အတော်လေးပင် ရဲတင်းသော ကိစ္စတခုကို လုပ်ခဲ့ကြသည်။ သူတို့၏ နိုင်ငံ လက်ရွေးစင် အသင်း တွင် လူကြီး အသင်းမှ အဓိက လူများကို အခြေခံ၍ လူငယ်များ ဖြင့် ဝန်းရံ ဖွဲ့စည်းခဲ့သည်။ အကျိုး ကျေးဇူးအနေဖြင့် ယခု SEA Games ပြိုင်ပွဲသို့ ရောက်ရှိလာသော လူငယ် အသင်းမှ တဝက်ကျော်သည် လက်ရွေးစင် အသင်းကြီးနှင့် အတူ နိုင်ငံတကာ ပွဲများ အပြည့်အဝ ကစားဖူးသူများ ဖြစ်နေခဲ့သည်။ အခြား နိုင်ငံ အသင်း များ ထက်သာသော အရေအတွက် ဖြစ်သည်။

Chrerng Polroth သည် ထူးချွန်သော ပါရမီရှင် ကွင်းလယ် ဗဟို ကစားသမားတယောက် ဖြစ်ပြီး ယခုပြိုင်ပွဲတွင် ကမ္ဘောဒီး ယား အသင်း ရှေ့ဆက် တက်နိုင်ရေး အတွက် တွန်းအားတခု ဖြစ်လာနိုင်သူ ဖြစ်သည်။ Soeuy Visal နှင့် Nub Tola တို့သည်လည်း အံ့အားသင့် ဖွယ်ရာ တခု သို့မဟုတ် အုပ်စု B တွင် ထိပ်ပိုင်း ၂ နေရာ ရနိုင်ရေး အတွက် ခံစစ်တွင် အကောင်းဆုံး ရွေးချယ်စရာများ ဖြစ်သည်။

အရှေ့တီမောသည်လည်း အတွေ့အကြုံရှိသည့် အသင်းအများစုပါဝင်သော အုပ်စုတွင် ရှိနေသည်။ အောင်မြင်မှုရရန် ဖြစ် နိုင်ချေ နည်းသော်လည်း ပါရမီပိုင်း အရကြည့်မည် ဆိုလျှင် အရှေ့တောင် အာရှတွင် အကောင်းဆုံးသူ အချို့ သူတို့ထံ တွင် ရှိနေသည်။

သူတို့၏ အခြေအနေက လုပ်ဆောင်ရန် အများကြီး လိုအပ်နေသေးသော်လည်း ရှေ့တန်းတိုက်စစ်မှူး Rufino Gama က အလွန် ပါရမီပြည့်သည့် ဒုက္ခပေးနိုင်သူ ဂိုးသွင်းနိုင်သူ တဦး ဖြစ်သည်။ ခံစစ်ကို ဦးဆောင်သော Gumario က ခြေစွမ်း ပြနိုင်ခဲ့သည့် နောက်တန်းလူ တဦးဖြစ်သည်။ အရှေ့တီမော အနေဖြင့် ပြိုင်ပွဲတွင် အံ့အားသင့်စရာ တခု သို့မဟုတ် ၂ ခု တော့ လုပ်ပြနိုင်ပါလိမ့်မည်။

ကျန်အသင်းများ- စင်ကာပူ၊ ဘရူနိုင်း၊ လာအို၊ ဖိလစ်ပိုင်

ပြီးခဲ့သည့် SEA Games ပြိုင်ပွဲ ၅ ကြိမ်တွင် အကြိုဗိုလ်လုပွဲသို့ ၃ ကြိမ်ရောက်ခဲ့သည့် စင်ကာပူအနေဖြင့် ယခုပြိုင်ပွဲ အုပ်စု အဆင့်မှာပင် ထင်ကြေးပေးခြင်း မခံရသည့် သာမန်ပြိုင်ပွဲဝင် အသင်းတသင်း အနေဖြင့် ဦးတည်သင့် ပါသည်။

မနေ့က မြန်မာအသင်းကို ရှုံးနိမ့်ခဲ့ခြင်းက စိတ်ပျက်စရာ ဖြစ်သည်။ ယခုပြိုင်ပွဲတွင် အုပ်စုအတွင်းမှာပင် အောင်မြင်နိုင်ဖွယ် ရာ မရှိသည့် အသွင် ဖြစ်နေသည်။

ဘရူနိုင်းက လတ်တလော နှစ်များအတွင်း ဖြည်းဖြည်းမှန်မှန် တိုးတက်လာခဲ့သည်။ လျှင်မြန်၍ ခံစစ် ကစားပုံကောင်း သော အသင်းတသင်းကို ပိုင်ဆိုင်ထားသည်။ အင်္ဂလန်နိုင်ငံမှ Leicester City အသင်း၏ လူငယ်ထွက်ကုန်တခု ဖြစ်သော Faiq Bolkiah က ယခုပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမား ဖြစ်ကောင်း ဖြစ်လာနိုင်သော်လည်း မလေးရှား နှင့် မြန်မာ ကဲ့ သို့သော အသင်းများကို ယှဉ်ပြိုင်ရန် လုံလောက်ဖွယ်ရာ မရှိပါ။

အုပ်စု A တွင် လာအိုသည်လည်း နည်းစနစ်ပိုင်း ထူးချွန်သည့် လူငယ် အသင်းတသင်းကို ပိုင်ဆိုင်ထားသော်လည်း အလားတူ ကံကြမ္မာမျိုး ရှိနေသည်။

ဖိလစ်ပိုင်ကမူ ပြီးခဲ့သည့် နှစ်များ အတွင်းတွင် တိုးတက်မှုကို မှန်မှန်ပြသနိုင်ခဲ့သည်။ နောက်ခံ အလယ်လူ Ian Clarino အပါအဝင် ပါရမီရှင် လူငယ်ဘောလုံးသမား အချို့လည်း ပေါ်ထွက်ခဲ့သည်။ ဖိလစ်ပိုင် လူငယ် လက်ရွေးစင် အသင်းက ယခုပြိုင်ပွဲသို့ ဝင်ရန် ပြည်တွင်းမှာရော ပြည်ပ(ဂျပန် နိုင်ငံသို့ ၂ ပတ်ကြာ သွားရောက် လေ့ကျင့်ခဲ့ခြင်း အပါအဝင်) မှာပါ ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း အောင်မြင်မှုရနိုင်ရေး အတွက်က စောလွန်းနေနိုင်ပါသည်။

ကိုးကား။ ။ FOX Sports Asia

The post ဆီးဂိမ်း ဘောလုံးပွဲ ဘယ်သူဗိုလ်စွဲမလဲ appeared first on ဧရာဝတီ.

စိတ်လှုပ်ရှားစရာတွေ တွေ့ကြုံရမယ့် ပြင်သစ် Ligue 1 ဘောလုံးပြိုင်ပွဲ

$
0
0

ဘောလုံးဝါသနာရှင် ပရိသတ်တွေ အနေနဲ့ ပြင်သစ် ပြည်တွင်း အမှတ်ပေး ဖလားပြိုင်ပွဲ Ligue 1 ကို တခြား နာမည်ကြီး ဥရောပ အမှတ်ပေးဖလား ပြိုင်ပွဲတွေလိုပဲ ကြိုက်နှစ်သက်မှု များပါတယ်။ ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ရဲ့အောက်မှာ ရှိပြီး UEFA ရဲ့ အဆင့်သတ်မှတ်ချက် အရလည်း စပိန် လာလီဂါ၊ အင်္ဂလန် ပရီးမီးယားလိဂ်၊ ဂျာမန် ဘွန်ဒက်လီဂါ၊ အီတလီ စီးရီးအေတွေ ပြီးရင် အကြီးဆုံး အမှတ်ပေး ပြိုင်ပွဲ ဖြစ်ပါတယ်။

Ligue 1 ကို Conforama က စပွန်ဆာ ပေးထားတာကြောင့် Ligue 1 Conforama လို့လည်း ခေါ်ပါတယ်။ အသင်းပေါင်း ၂၀ ပါဝင် ယှဉ်ပြိုင်ပြီး တန်းဆင်း၊ တန်းတက် ပုံစံနဲ့ သွားပါတယ်။ Ligue 1 ကနေ တန်းဆင်းရင်တော့ Ligue 2 ကို ရောက်မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ၁၉၃၂ ခုနှစ် ကတည်းက စတင်ခဲ့တာ ဖြစ်ပေမယ့် ၂၀၀၂ ကျမှသာ Ligue 1 အဖြစ် ပြောင်းလဲ ခေါ်ဝေါ်ခဲ့တာပါ။

ပြင်သစ် တနိုင်ငံလုံးက အသင်းပေါင်း ၁၉ သင်းနဲ့ မိုနာကို အခြေစိုက် ကလပ် အသင်းတွေထဲက တသင်း စုစုပေါင်း အသင်း ၂၀ ကစားခွင့် ရတာ ဖြစ်ပြီး ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ရင် Coupe de la Ligue ဖလားကို ရရှိမှာပါ။

ပြည်တွင်း တခြား ရှုံးထွက် ဖလားတွေ ဖြစ်တဲ့ Coupe de France ပြိုင်ပွဲတွေ၊ Trophee des champions ဖလား ပြိုင်ပွဲ တွေကိုလည်း Ligue 1 က အသင်းတွေ ဝင်ရောက် ကစားခွင့် ရပါတယ်။

 

အမှတ်ပေး ဖလားပြိုင်ပွဲမှာ ဖလားရသူတွေ၊ ထိပ်ဆုံး အဆင့်မှာ ရပ်တည်နိုင်သူတွေကတော့ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်လို ပြိုင်ပွဲတွေကို တိုက်ရိုက်ဖြစ်စေ၊ ခြေစစ်ပွဲကနေ ဖြစ်စေ ဝင်ရောက်ခွင့် ရမှာ ဖြစ်ပါတယ်။

၂၀၁၆-၁၇ ခုနှစ် ဘောလုံး ရာသီ လက်ရှိ Ligue 1 ရဲ့ အမှတ်ပေးဖလားကို မိုနာကို အသင်းက ၈ ကြိမ်မြောက် ရယူထားပြီး PSG အသင်းရဲ့ လွှမ်းမိုးမှုကို ဖယ်ရှားထားနိုင်တာ တွေ့ရပါတယ်။ Ligue 1 ဖလားကို အများဆုံး ရယူထားနိုင်တဲ့ အသင်း ကတော့ စိန့်အက်တီယန် ဖြစ်ပြီး ၁၀ ကြိမ်ထိ ရယူထားနိုင်ခဲ့ပါတယ်။

အရင်နှစ် Ligue 1 ဟာ ဆိုရင် ပြင်သစ် အမှတ်ပေး ဖလားပြိုင်ပွဲရဲ့ ၇၉ ကြိမ်မြောက် ဖြစ်ပြီး ၂၀၁၆ ခုနှစ် သြဂုတ် ၁၂ ရက် ကနေ ၂၀၁၇ ခုနှစ် မေလ ၂၀ ရက်ထိအောင် ကစားခဲ့တာပါ။ မိုနာကိုက ချန်ပီယံ ဖြစ်လာပြီး လောရီးယန့်၊ နန်စီ၊ ဘက်စတီ ယာတွေ တန်းဆင်းသွားရတယ်၊ မိုနာကို၊ PSG တို့ ချန်ပီယံလိဂ် ဝင်ခွင့်ရတယ်။

လိုင်ယွန်၊ မာဆေး၊ ဘော်ဒိုးတွေ ယူရိုပါလိဂ် ဝင်ခွင့်ရထားတယ်၊ ပွဲပေါင်း ၃၈၀ ကစားခဲ့ပြီး တပွဲ ပျမ်းမျှ ၂ ဒသမ ၆၁ ဂိုး ထိ သွင်းယူခဲ့ပါတယ်၊ တရာသီလုံး ၉၉၁ ဂိုး သွင်းခဲ့ကြပြီး ကာဗာနီက ၃၅ ဂိုးနဲ့ ဂိုးသွင်း ဘုရင် ဖြစ်ခဲ့တယ်၊ တပွဲပျမ်းမျှ ပရိသတ် ၂၁၀၀၉ ဦး ကြည့်ခဲ့ပြီး တရာသီလုံး ပရိသတ် ၇ ဒသမ ၈ သန်းလောက် ရှိခဲ့ပါတယ်။

၂၀၁၇-၁၈ ခုနှစ်၊ ဘောလုံး ရာသီကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့ ကတည်းက စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ် မေလ ၂၀ရက် နေ့ ထိ ကစားမှာ ဖြစ်ပါတယ်။ Ligue 2 ကနေ စထရက်ဘာ့ဂ်၊ အေမီယန်၊ ထရိုယက် အသင်းတွေ တန်းတက် ခဲ့တာ တွေ့ရ ပါတယ်။ စိန့်အက်တီယန်၊ လိုင်လီ၊ မောင့်ပယ်လီယာနဲ့ နန့်တက်စ် အသင်းတွေက နည်းပြတွေ အသစ်ပြောင်း ခန့်ထားပြီး ကျန်အသင်း တွေက လက်ရှိ နည်းပြတွေနဲ့ပဲ ဆက်လက် ကစားနေတာ တွေ့ရပါတယ်။

ဒီနှစ်မှာတော့ PSG အသင်းက အကောင်းဆုံး အားဖြည့်မှု အဖြစ် ဘာစီလိုနာက ဘရာဇီး တိုက်စစ်မှူး နေမာကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတာက PSG ကိုရော Ligue 1 ကိုပါ ပိုပြီး လှုပ်ရှားစေမှာ ဖြစ်ပြီး ဘောလုံးဝါသနာ အိုးများ အကြိုက် တွေ့စေမှာ ဖြစ်ပါတယ်။

Ref: www.en.m.wikipedia.org

The post စိတ်လှုပ်ရှားစရာတွေ တွေ့ကြုံရမယ့် ပြင်သစ် Ligue 1 ဘောလုံးပြိုင်ပွဲ appeared first on ဧရာဝတီ.


မြန်မာအမျိုးသမီး ဘောလုံးအသင်း၏ ချန်ပီယံ လမ်းကြောင်း မှေးမှိန်သွားပြီလား

$
0
0

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ၂၉ ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) တွင် မြန်မာအမျိုးသမီး လက်ရွေးစင် အသင်း က လက်ရှိချန်ပီယံ ထိုင်းအမျိုးသမီး လက်ရွေးစင် အသင်းကို ၃ – ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

မြန်မာအမျိုးသမီးအသင်း အတွက် ဝင်းသင်္ဂ ီထွန်း က ပထမပိုင်း ၂၃ မိနစ်နှင့် ဒုတိယပိုင်း မိနစ် ၈၀ တို့တွင် ဂိုးများ သွင်းယူနိုင်ခဲ့သော်လည်း ထိုင်းအသင်းက အပြန်အလှန် လိုက်ကစားပြီး ချေပဂိုးနှင့် အနိုင်ဂိုးများကို သွင်းယူသွားနိုင် ခဲ့ခြင်း ဖြစ်သည်။

မြန်မာအမျိုးသမီး လက်ရွှေးစင် ကစားသမားဟောင်း ဖြစ်သူ မအေးအေးမော် က “ဒီနေ့ပွဲကတော့ ဖိုင်နယ်လို့လည်း ပြောလို့ ရတယ်။ ထိုင်းကို နိုင်ရင်တော့ ရွှေတံဆိပ်နဲ့ နီးစပ်သွားပြီလို့ပြောလို့ ရတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာအသင်း အနေဖြင့် ယနေ့ပွဲစဉ်၌ ထိုင်းအသင်းကို အနိုင်ရရှိလျင် ချန်ပီယံ ဆုတံဆိပ်နှင့် အနီးကပ်ဆုံး ရောက်ရှိ မည်ဟု ခန့်မှန်းချက်များ ရှိခဲ့သော်လည်း ယနေ့ပွဲရှုံးနိမ့်သွားခြင်းကြောင့် မြန်မာအမျိုးသမီး အသင်း၏ ချန်ပီယံ လမ်းကြောင်းသည် ကြပ်တည်းသွားရပြီ ဖြစ်သည်။

လက်ရှိ ဆီးဂိမ်း ပြိုင်ပွဲတွင် အိမ်ရှင် မလေးရှား၊ ထိုင်း၊ ဗီယက်နန်၊ ဖိလစ်ပိုင်တို့နှင့် ၅ သင်းပတ်လည် ကစားရမည် ဖြစ်ပြီး အမှတ် အများဆုံး ရရှိသည့် အသင်းက ချန်ပီယံ ဖြစ်မည် ဖြစ်သဖြင့် မြန်မာအမျိုးသမီး အသင်း အနေဖြင့် လက်ကျန်ပွဲများကို အနိုင်ကစားရန် လိုအပ်သည်။

မြန်မာအမျိုးသမီးအသင်း အနေဖြင့် သြဂုတ် ၁၇ ရက်နေ့တွင် မလေးရှားအသင်း၊ ၂၀ ရက်နေ့တွင် ဗီယက်နမ်အသင်း၊ ၂၂ ရက်နေ့ တွင် ဖိလစ်ပိုင်အသင်းတို့နှင့် အသီးသီးယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုအထဲတွင် ဗီယက်နန် အသင်းနှင့်ပွဲသည် ထိုင်း အသင်းနှင့် ကစားခဲ့သော ပွဲစဉ်ကဲ့သို့ ခက်ခက်ခဲခဲ ယှဉ်ပြိုင် ရလိမ့်မည် ဟု မြန်မာ့ လက်ရွေးစင် ကစားသမား ဟောင်း အချို့က ပြောသည်။

လက်ရှိ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး အသင်းအနေဖြင့် ဒေသတွင်း အဓိက ပြိုင်ဘက်များဖြစ်သည့် ထိုင်းနှင့် ဗီယက်နန်တို့ကို အနိုင် ကစားနိုင်မှ ရွှေတံဆိပ်ဆွတ်ခူးနိုင်မည့် အနေအထားဖြစ်ကြောင်း၊ ယနေ့ပွဲတွင် ထိုင်းအသင်းကို ရှုံးနိမ့်လိုက်သဖြင့် ချန်ပီယံလမ်းကြောင်းမှေးမှိန်သွားသည့် အနေအထားကို ရောက်ရှိသွားပြီဟု သုံးသပ်မှုများလည်း ရှိလာသည်။

မြန်မာအားကစားသတင်းများကို ရေးသား တင်ဆက်နေသည့် Myanmar Special Media တည်ထောင်သူလည်းဖြစ်၊ အားကစား ကလောင်ရှင်လည်းဖြစ်သည့် ကိုရဲနိုင်ဝင်း က “ထိုင်းနဲ့ ဗီယက်နန်ကို နိုင်မှ ကျနော်တို့က ချန်ပီယံ ဖြစ်မှာလေ။ ထိုင်းနဲ့ ဗီယက်နန်ကို ပြတ်ပြတ်သားသား မကစားနိုင်သ၍ကတော့ သူတို့နောက်မှာ ဒုတိယ သို့မဟုတ် တတိယ နေရာမှာဘဲ ရှိနေဦးမှာဘဲ” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းအနေဖြင့် လူသစ်များကို ထပ်မံထုတ်မလာနိုင်ဘဲ လက်ရွေးစင်အသင်းက အနားယူပြီးဖြစ်သော သန်းသန်းထွေး အပါအဝင် ဝါရင့်ကစားသမား အချို့ကို ပြန်လည်ခေါ်ယူပြီး အသုံးပြုနေရသည့် အခြေအနေမှာလည်း အမျိုးသမီး ဘောလုံး အသင်း၏ နောက်ပိုင်း နိုင်ငံပွဲစဉ်များ အတွက် စိုးရိမ်ရသည့် အခြေအနေ ဖြစ်သည်ဟု ဆိုသည်။

The post မြန်မာအမျိုးသမီး ဘောလုံးအသင်း၏ ချန်ပီယံ လမ်းကြောင်း မှေးမှိန်သွားပြီလား appeared first on ဧရာဝတီ.

မလေးရှားဆီးဂိမ်း၌ ကစားနည်း ၇ မျိုးမှ ရွှေရမည်ဟု မြန်မာမှန်းထား

$
0
0

မြန်မာနိုင်ငံ အနေဖြင့် လေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပနေသည့် ၂၉ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် အားကစားနည်း ၇ မျိုးမှ ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်မည်ဟု မျှော်မှန်းထားကြောင်း အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးဌေးအောင်က ပြောသည်။

ဆီးဂိမ်းတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၂၉ မျိုးကိုဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ထိုထဲမှ မြှားပစ်၊ ဝူရှူး၊ စစ်တုရင်၊ လှေလှော်၊ ခြင်းလုံး၊ သေနတ်ပစ်၊ ဂျူဒိုစသည့် ကစားနည်းများမှ ရွှေတံဆိပ်ဆု ရယူရန် အဓိက မျှော်မှန်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဦးဌေးအောင်က “ကစားနည်း အားလုံးမှာတော့ အကောင်းဆုံး ကြိုးစားကြမှာပါ၊ ပထမဆုံး ရွှေဆုကို ခြင်းလုံး ကရမယ် မှန်းတယ်၊ အခုဖိုင်နယ်ရောက်နေပြီ” ဟု ဧရာဝတီသို့ ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် သြဂုတ်လ ၁၉ ရက်ကနေ သြဂုတ် ၃၀ ရက်အထိ ကျင်းပသွားမည် ဖြစ်သော်လည်း ခြင်းလုံး၊ ဘောလုံး၊ မြှားပစ်စသည့် ကစားအချို့ကို ပြိုင်ပွဲများစတင်ကျင်းပ နေပြီဖြစ်သည်။

မြန်မာနိုင်ငံက ရွှေဆုမှန်းထားသည့် အထဲမှ ခြင်းလုံး အားကစားအဖွဲ့ကတော့ ပထမဆုံးဗိုလ်လုပွဲစဉ်ကို ရောက်ရှိသွားပြီ ဖြစ်ပြီး ထိုပွဲကို သြဂုတ်လ ၁၆ ရက်နေ့ည ၇ နာရီတွင် ထိုင်းအသင်းနှင့် ယှဉ် ပြိုင်ကစားရမည် ဖြစ်သည်။

ဘောလုံးအပါအဝင် ကျန်သည့် ကစားနည်း အမျိုး ၂၀ ကျော်မှလည်း ဆုတံဆိပ် ရရှိရန် မျှော်မှန်းထားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဘောလုံး၊ ရေကူး၊ မြှားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကတ်ဘော၊ ဘိလိယက်၊ စနူကာ၊ ဘိုးလင်း၊ ဘောင်ဆင်၊ စက်ဘီး၊ ခရစ်ကတ်၊ ဓားခုတ်၊ ကာယဗလ၊ ဟော်ကီ၊ သေနတ်ပစ်၊ ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ရွက်လှေ၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘောလီဘော၊ အလေးမ၊ ဝူရှူး၊ ကရာတေး စသည့် အားကစားနည်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

လက်ရှိတွင် ၂၉ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲ ပထမဆုံးရွှေတံဆိပ်ကို မလေးရှားအသင်းက မြန်မာဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိသည့် ခြင်းလုံး အားကစားနည်းတမျိုးတွင် ရယူနိုင်ခဲ့ကြောင်း သိရသည်။

အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် အဖွင့်ပွဲဖြစ်သည့် စင်္ကာပူနှင့်ပွဲတွင် နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိကာ အုပ်စုဗိုလ်ဖြစ်ရန် အခြေအနေကောင်းလျှက်ရှိပြီး ဒုတိယပွဲစဉ်အဖြစ် ယနေ့သြဂုတ် ၁၆ ရက်တွင် လာအိုအသင်းနှင့် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်းက “ဒီနှစ် အသင်းကို ရွှေဆုမှန်းထားပေမယ့် ဆီမီးဖိုင်နယ် မှာ နည်းနည်း တော့ စိတ်ပူတယ်၊ တဖက်အုပ်စုက တက်လာမယ့် အသင်းတွေက အင်းအားတောင့်တင်း တဲ့အသင်းတွေပါပဲ”ဟု ဧရာဝတီသို့သုံးသပ်ပြောကြားသည်။

မြန်မာ့ အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းကတော့ သြဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ကစားခဲ့သော ပွဲစဉ်တွင် လက်ရှိ ချန်ပီယံ ထိုင်းအမျိုးသမီး လက်ရွေးစင် သုံးဂိုးနှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သဖြင့် ချန်ပီယံဖြစ်ရေး လမ်းကြောင်းသည် ကျဉ်းမြောင်းသွားပြီဖြစ်သည်။

စင်္ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် ၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၂၆ ခု၊ ကြေးတံဆိပ် ၃၁ ခုဖြင့် စုစုပေါင်း ဆုတံဆိပ် ၆၉ ခုရယူနိုင်ခဲ့သည်။

၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ကစားနည်းစုစုပေါင်း ၃၈ မျိုးထည့်သွင်း ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ကစားနည်း ၂၉ မျိုးတွင် အုပ်ချုပ်သူများအပါအဝင် ကစားသမားစုစုပေါင်း ကျား ၃၆၇ ဦး ၊ မ ၁၉၇ ဦး လိုက်ပါသွားကြောင်း အား/ကာ ဦးစီးဌာနက သိရသည်။

The post မလေးရှားဆီးဂိမ်း၌ ကစားနည်း ၇ မျိုးမှ ရွှေရမည်ဟု မြန်မာမှန်းထား appeared first on ဧရာဝတီ.

မြန်မာဘောလုံးအသင်းကို စီးပွားရေးလုပ်ငန်းရှင်များက ဒေါ်လာ ၅ သောင်း ဆုချ

$
0
0

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ဖွင့်ပွဲတွင် မြန်မာ လူငယ်ဘောလုံး အသင်းသည် သြဂုတ် ၁၄ ရက်၊ တနင်္လာနေ့က ပြိုင်ဘက် စင်ကာပူ အသင်းကို ၂ ဂိုး၊ ဂိုးမရှိနှင့် အနိုင်ရသောကြောင့် ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၅၀၀၀၀ ရရှိခဲ့သည်။

မြန်မာအသင်းသည် အမေရိကန်ဒေါ်လာ ၃၀၀၀၀ ပါဝင်သည် ဟု ဆိုသည့် အညိုရောင်စာအိတ် တခုကို လက်ခံရယူနေသည့် ဓာတ်ပုံကို Thai Futbol ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။

သတင်း ရင်းမြစ်များ၏ အဆိုအရ အမေရိကန်ဒေါ်လာ ၃၀၀၀၀ ကို ကမ္ဘောဇအုပ်စု ဥက္ကဌလည်း ဖြစ် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နာယကလည်း ဖြစ်သူ ဦးအောင်ကိုဝင်းက ချီးမြှင့်ပြီး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ရန်ကုန်ယူနိုက်တက် အသင်း ဥက္ကဋ္ဌဟောင်း ဦးတေဇတို့က အမေရိကန်ဒေါ်လာ ၁၀၀၀၀ စီချီးမြှင့်ခြင်း ဖြစ်သည် ဟု ဆိုသည်။

မြန်မာအသင်းသည် ဆီမီးဖိုင်နယ် အထိ ရောက်မည် ဟု အသင်းနည်းပြ Gerd Zeise က မျှော်လင့်ထားပြီး ထို အသင်းတွင် အသက် ၂၀ အောက် ၂၀၁၅ ခုနှစ် ကမ္ဘာ့ဖလားတွင် ပါဝင်ခဲ့သူ ၈ ဦးနှင့် နောက်ဆုံး ကျင်းပသည့် ဆီးဂိမ်းတွင် ငွေတံဆိပ် ရခဲ့သောကြောင့် ထိုအသင်း အပေါ် မျှော်လင့်ချက်များ လွန်စွာ မြင့်မားနေသည်။

ဆက်စပ်ဖတ်ရှုရန် – ဆီးဂိမ်း ဘောလုံးပွဲ ဘယ်သူဗိုလ်စွဲမလဲ

The post မြန်မာဘောလုံးအသင်းကို စီးပွားရေးလုပ်ငန်းရှင်များက ဒေါ်လာ ၅ သောင်း ဆုချ appeared first on ဧရာဝတီ.

မလေးရှားရောက် မြန်မာပရိသတ်များကို ဥက္ကဋ္ဌ ဦးဇော်ဇော် ကျေးဇူးတင်

$
0
0

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာ အမျိုးသား ယူ ၂၂ ဘောလုံး အသင်းကို ကွင်းအတွင်း လာရောက် အားပေးကြသည့် မလေးရှားနိုင်ငံရောက် မြန်မာပရိသတ်များအား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် က ကျေးဇူးတင်ကြောင်း ပြောဆိုသည်။

ဦးဇော်ဇော် က “အရမ်းလည်းပျော်တယ်။ ဒီလိုအပျော်မျိုး တော်ရုံ တန်ရုံ ရှာဖို့ခက်ပါတယ်။ ကျနော် ပရိသတ်ကို ကျေးဇူးတင်ပါတယ်” ဟု မြန်မာ-လာအို ပွဲအပြီးတွင် မီဒီယာများကို ပြောဆိုသွားသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် သြဂုတ်လ ၁၆ ရက်နေ့ ညနေပိုင်းက ကစာခဲ့သည့် မြန်မာ ယူ ၂၂ အသင်းနှင့် လာအို ယူ ၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သော ပွဲတွင် မြန်အသင်း အနိုင်ရရှိရေးအတွက် ပွဲကြည့်စင်ပေါ်မှ တခဲနက်အားပေးခဲ့ကြသည့် မြန်မာပရိသတ်များကို ရည်ညွှန်း ပြောဆိုသွားခြင်းဖြစ်သည်။

ထိုပွဲတွင် မြန်မာ အသင်းက လာအိုအသင်းကို ပွဲကစားချိန် မိနစ် ၉၀ အတွင်း ၁ – ၁ ဂိုးဖြင့် သရေကျနေပြီး ထပ်ဆောင်း အချိန်ပိုအရောက်တွင် မြန်မာ အသင်းက ၂ ဂိုး ဆက်တိုက် သွင်းယူခဲ့၍ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာတွင် မလေးရှားရောက် မြန်မာ ပရိတ်သတ်များ၏ တခဲနက်အားပေးမှုသည်လည်း အထောက်အပံ့ဖြစ်စေခဲ့သည်ဟုဆိုသည်။

ပွဲကစားချိန်မိနစ် ၉၀ အချိန်အတွင်းတွင် မြန်မာအသင်းအနေဖြင့် လာအိုအသင်းဘက်သို့ အကြိမ်ကြိမ် ဖိအားပေး ထိုးဖောက် နိုင်ခဲ့သော်လည်း အနိုင်ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ခြင်းမှာ ကစားသမားများ၏ စိတ်ထဲတွင် နိုင်ချင်စိတ် ဆန္ဒစောနေခြင်းကြောင့် ဖြစ်ပြီး နောက်ဆုံးမိနစ်မှာတော့ ကစားသမားများ၏ ကြိုးစားမှု အဖြေရလဒ်ကောင်းထွက်ခဲ့ကြောင်း ဦးဇော်ဇော် က ပြောသည်။

ထိုပွဲအပြီးတွင် ဦးဇော်ဇော် က “နောက်ဆုံးတော့ သူတို့ကြိုးစားမှုနဲ့ အဖြေတခုရသွားတယ်။ ဘောလုံးရဲ့ ရသပေါင်းစုံကို ပေးသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှုံးတဲ့ အချိန်မှာ မလေးရှားမှာရှိတဲ့ ပရိသတ်တွေက တောက်လျှောက် အော်ပေးနေတာ။ အဲဒါ ကျနော်တို့ အတွက် တတပ်တအားပါပဲ။ အရမ်းကျေးဇူးတင်တယ်” ဟု ပွဲအပြီးတွင် မီဒီယာများကို ပြောဆိုသွားသည်ကို တွေ့ရသည်။

ဘောလုံးပွဲတပွဲတွင် မထင်မှတ်သည့် အခြေအနေများ ဖြစ်ပေါ်လာတတ်သည်ဆိုသည့် အခြေအနေတရပ်ကို မြန်မာနှင့် လာအိုပွဲက သက်သေတရပ်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့်လည်း လာအိုအသင်းကို လျှော့တွက်ခဲ့မိကြောင်း မြန်မာ အသင်း ခေါင်းဆောင် စည်သူအောင် က ပွဲအပြီးတွင် သတင်းမီဒီယာများကို ပြောဆိုသွားသည်။

“ကျနော်တို့ စိတ်ဓာတ် မကုန်သေးဘူး၊ ကျနော်တို့ ခွန်အားတွေ မကုန်သေးဘူးဆိုတာ ချပြနိုင်ခဲ့တယ်။ အဲဒီအတွက် အနိုင် ရလဒ်ကို ရရှိခဲ့တယ်။ အသစ်တွေလည်း ဝင်လာတာပေါ့။ မကန်ရသေးတဲ့ ကစားသမားတွေ ဝင်လာတယ်။ Team Work လေး နည်းနည်းပျက်သွားတယ်။ အဲဒီအတွက်ကျနော်တို့ ခက်တာပေါ့။ နောက်ပြီးတော့ ကျနော်တို့ အခြားအသင်းကို လျှော့တွက်မိ တာပေါ့။ ကျနော်တို့ စင်ကာပူနဲ့ ကစားသလို မကစားတဲ့ အတွက်နည်းနည်းလေး လျှော့တွက်ခဲ့မိတယ်” ဟု စည်သူအောင် က ရှင်းပြသည်။

ထိုပွဲကို အနိုင်ရရှိစေရန် စိတ်ဓာတ်ခွန်အားများရရှိရန် ပွဲကြည့်စင်ပေါ်မှတဆင့် အော်ဟစ်အားပေးခဲ့ကြသော မလေးရှား နိုင်ငံရောက် မြန်မာပရိသတ်များကို အထူးကျေးဇူးတင်ကြောင်း ပြောသွားခဲ့သလို ၎င်းတို့အသင်းအား မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှ အားပေးနေကြသော ပရိသတ်များကိုလည်း ကျေးဇူးတင်ကြောင်း ပြောဆိုသွားသည်။

“အရမ်းကိုကျေးဇူးတင်ပါတယ်။ သူတို့ (မလေးရောက် မြန်မာပရိသတ်) ကြောင့် အခုလိုမျိုး အနိုင်ရရှိခဲ့တာပေါ့။ သူတို့သာ မရှိခဲ့ဘူးဆိုရင် ကျနော်တို့ ဒီလိုမျိုးရလဒ် ထွက်ချင်မှလည်း ထွက်လိမ့်မယ်။ သူတို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ရန်ကုန်မှာလည်း ကြည့်နေတဲ့ သူတွေရော၊ အနယ်နယ် အရပ်ရပ်က ကြည့်နေတဲ့သူတွေရော အားလုံးကျေးဇူးတင်ပါတယ်” ဟု စည်သူအောင်က ပြောသည်။

ထိုပွဲတွင် မြန်မာအသင်းက ပထမပိုင်း ၃၆ မိနစ်တွင် တိုက်စစ်မှူး အောင်သူ သွင်းယူခဲ့သော ဂိုးဖြင့် ဦးဆောင်နေပြီး ဒုတိယပိုင်း မိနစ် ၆၀ တွင် လာအိုအသင်းက ချေပဂိုးသွင်းယူခဲ့ပြီးနောက် မြန်မာအသင်း၏ အနိုင်ရရေး မျှော်လင့်နေကြသည့် ပရိတ်သတ်များ က စိုးရိမ်ခဲ့ကြသည်။

ပွဲကစားချိန် မိနစ် ၉၀ ပြည့်သွားပြီး နာကျင်အချိန်ပို ၄ မိနစ် ဆက်ကစားရာမှာတော့ ရွှေကိုနှင့် လှိုင်းဘိုဘို တို့က အနိုင်ကို ပြတ်သားစေသော ဂိုးများကိုသွင်းယူပေးခဲ့ကြရာ ကွင်းတွင်းရှိ မြန်မာ ကစားသမားများသာမက ပွဲကြည့်စင်ပေါ်မှ အားပေးနေသော မလေးရောက် မြန်မာပရိသတ်များလည်း မြန်မာအလံများကို ဝှေ့ယမ်းကာ အောင်ပွဲခံခဲ့ကြသည်။

ထို့အတူ ပွဲကြည့်စင်ပေါ်ကနေ တချိန်လုံး စောင့်ကြည့်နေသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်လည်း စိတ်လှုပ်ရှားစွာ ခုန်ပေါက်ပြီး အားပေးနေသည်ကို ရုပ်သံပြကွက်များတွင်မြင်တွေ့လိုက်ရသည်။

မြန်မာနှင့် လာအိုပွဲစဉ်တွင် မြန်မာပရိသတ်အတွက် လက်မှတ် အစောင်ရေ ၅၀၀ ပဲ ရောင်းချပေးသဖြင့် ပွဲကြည့်စင်ထက်တွင် တက်ရောက် ကြည့်ရှုခွင့် မရရှိခဲ့သော မလေးရှားရောက် မြန်မာပရိသတ် အချို့မှာ ပွဲကြည့်စင်၏ လှေခါးခြေရင်းများ၌သာ စောင့်ကြည့် အားပေးခဲ့ကြရသည်ဟု အလဲဗင်းမီဒီယာမှ ရုပ်သံ တိုက်ရိုက် တင်ဆက်မှုကြေညာချက်မှ တဆင့် ကြားသိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ကတော့ လက်မှတ် ခွဲတမ်းရရှိမှုအခြေအနေသည် အိုလံပစ်ကော်မတီက စီမံချက်အတိုင်းသာဖြစ်၍ ရသလောက်ကို ရောင်းပေးနိုင်သော်လည်း လိုအပ်သလောက် အပြည့်အဝ စီစဉ်မပေးနိုင်ခဲ့သည့် အတွက် ပရိသတ်ကို တောင်းပန်ကြောင်း ပြောဆိုသွားသည်။

“ကျနော်တို့ အပြည့်အဝ တောင်းလို့မရဘူး။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ ပရိသတ်ကို အနူးအညွတ် တောင်းပန် ပါတယ်။ မလေးကနေပြီးတော့ အပြင်က လာကြည့်တဲ့ ပရိတ်သတ်တွေ အကုန်လုံး ကိုယ့်မိသားစုတွေ၊ ကိုယ့်ညီအကို မောင်နှမ တွေကို ဒီနေရာကနေပြီး အနူးအညွှတ် တောင်းပန်ပါတယ်။ ကျနော်တို့ ဘယ်လိုမှ စီစဉ်လို့မရလို့ပါ” ဟု ဦးဇော်ဇော် က ရှင်းပြသွားသည်။

 

လာအိုအသင်းကို အနိုင်ကစားနိုင်ခဲ့သော မြန်မာ အမျိုးသားအသင်းကို ပွဲအပြီးတွင် အမေရိကန်ဒေါ်လာ ၃ သောင်း ဆုချီးမြင့်ခဲ့ ကြောင်းသိရပြီး ထိုဆုကြေးငွေကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နာယက ဦးအောင်ကိုဝင်းက ဒေါ်လာ ၁ သောင်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ဒေါ်လာ ၁ သောင်းနှင့် ဦးမောင်မောင်၊ ဦးထွန်းထွန်းနှင့် မိတ်ဆွေများက ဒေါ်လာ ၁ သောင်း ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းသည် စုစုပေါင်း ဆုကြေး အမေရိကန်ဒေါ်လာ ၈ သောင်းရရှိနေပြီဖြစ်ပြီး အုပ်စုပထမပွဲစဉ် အဖြစ် စင်ကာပူ အသင်းကို အနိုင်ရရှိစဉ်ကလည်း အမေရိကန်ဒေါ်လာ ၃ သောင်းရရှိခဲ့ပြီး ထိုဆုကြေးကို ဦးအောင်ကိုဝင်း တဦးတည်းမှ ၃ သောင်း၊ ဦးတေဇနှင့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်တို့မှ ၁ သောင်းစီ ချီးမြှင့်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာအသင်း နောက်ပိုင်း ပွဲစဉ်များအတွက် အကောင်းဆုံး ပြင်ဆင်မည် ဖြစ်ပြီး မလေးရှားရောက် မြန်မာပရိတ်သတ်များ ကိုလည်း ထပ်မံ၍ လာရောက်အားပေးကြရန် ဦးဇော်ဇော်က ဖိတ်ခေါ်သွားသည်။

 

မြန်မာ အသင်းသည် လာအိုအသင်းကို အနိုင်ရရှိခဲ့သလို အုပ်စုပထမပွဲစဉ်၌ စင်ကာပူ အသင်းကိုလည်း ၂ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိထားသဖြင့် ၂ ပွဲကစား ၂ ပွဲနိုင်ထားကာ ရမှတ် ၆ မှတ် ရရှိထားပြီဖြစ်သည်။

မြန်မာ အသင်းသည် အုပ်စု (က) တွင် အိမ်ရှင်မလေးရှား၊ စင်ကာပူ၊ လာအို၊ ဘရူးနိုင်းတို့နှင့် အတူ ကျရောက်နေပြီး လက်ကျန် ပွဲစဉ်များအဖြစ် ဘရူနိုင်းအသင်းနှင့် သြဂုတ်လ ၁၈ ရက်နေ့၊ အိမ်ရှင်မလေးရှားအသင်းနှင့် သြဂုတ်လ ၂၁ ရက်နေ့တို့တွင် ဆက်လက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

The post မလေးရှားရောက် မြန်မာပရိသတ်များကို ဥက္ကဋ္ဌ ဦးဇော်ဇော် ကျေးဇူးတင် appeared first on ဧရာဝတီ.

ဆွဲဆောင်မှု အရှိဆုံး ဘောလုံးသမား ၁၀ ယောက်

$
0
0

ဘောလုံးဟာ ကမ္ဘာတဝန်းက လူတွေကို အုန်းအုန်းကျွက်ကျွက် ဖြစ်စေတဲ့ အားကစားနည်းဖြစ်ပြီး လူတွေအများဆုံး ကြည့် တဲ့ အနုပညာတရပ်လို့တောင် တင်စားကြပါတယ်။ ဘောလုံးနဲ့အတူတူ အသင်းတွေ၊ ကစားသမားတွေကိုပါ လူတွေက စိတ်ပါဝင်စားလာကြပါတယ်။

ဘောလုံးအသင်း တသင်း အောင်မြင်ဖို့ ကစားသမားတွေက အဓိကနေရာက ပါဝင်နေပြီး ဘောလုံးကစားတာ ကောင်းရုံမကဘဲ စတိုင်ကျလို့၊ ချောမောလို့ ပရိသတ်တွေ နှစ်သက် ကျတဲ့ ကစားသမား တွေလည်း ပါဝင်ပါတယ်။ ကမ္ဘာ့ဆွဲဆောင်မှု အရှိဆုံး အားကစားသမား ၁၀ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

(၁၀) Asmir Begovic -ဘော့စနီးယား နိုင်ငံသား ချယ်လ်ဆီး ဂိုးသမား ဖြစ်ပြီး အသက်က ၂၈နှစ်၊ အရပ်က ၆ပေနဲ့ ၆လက် မ ရှိလို့ အရပ် အမြင့်ဆုံး ဂိုးသမားတွေထဲက တဦးပါ။ သူ့ရဲ့ဂိုးဖမ်းဟန်ကိုသာမက ကွင်းအပြင် လက်တွေ့ ဘ၀ မှာပါ လူ ကြိုက်များပါတယ်။ သူဟာ အင်္ဂလိပ်၊ ပြင်သစ်၊ ဘော့စနီးယားနဲ့ ဂျာမနီ ဘာသာစကား ၄မျိုးထိ ပြောဆိုနိုင်တာကလည်း ပရိ သတ်ကိုဆွဲဆောင်နိုင်တဲ့ ထူးခြားမှုတခုပါ။

(၉) Yaya Toure – အသက် ၃၃နှစ်ရှိပြီ ဖြစ်တဲ့ အိုင်ဗရီကို့ကစားသမားကတော့ နာမည်ကြီး မန်းစီးတီး အသင်းရဲ့ ကွင်း လယ် ကစားသမားပါ။ ၂၀၁၅ခုနှစ် အာဖရိကဖလား ပြိုင်ပွဲက စပြီး နိုင်ငံ အသင်းခေါင်းဆောင် အဖြစ်တာဝန်ယူခဲ့ပါတယ်။ ကိုယ် နေ ဟန်ထား တောင့်တင်းခိုင်မာပြီး ကြည့်ကောင်းလို့ ဒီစာရင်းမှာ ထည့်ထားတာ ဖြစ်ပါတယ်။ Puma က အမှတ် တံဆိပ် သံတမန်အဖြစ် ခန့်အပ်ခဲ့ပြီး Nissanနဲ့ Airtel Africa တို့အတွက် ကြော်ငြာသူ အဖြစ်လည်း ဆောင်ရွက်ပါတယ် ။

(၈) Claudio Marchisio – ဒီအီတလီသားက ပြည်ပ ကလပ်တွေမှာ ထွက်မကစားဘဲ အမိမြေက ဂျူဗင် အသင်းမှာပဲ ကစား နေတာပါ။ စတိုင်ကျကျ နေတတ်လို့ လူကြိုက်များပါတယ်။ အသက် ၃၀ရှိနေပေမယ့် နိုင်ငံအသင်း အတွက်လည်း ကစားပေးနေဆဲပါ။ မုတ်ဆိတ်မွေးထူထူ၊ မျက်လုံးပြာပြာနဲ့ ဆွဲဆောင်မှု ရှိသူတဦးပါ။ အင်္ကျ ီချွတ်လိုက်ရင် ကြွက်သားတွေ တောင့်တောင့်တင်းတင်းနဲ့ အလွန်ကြည့်ကောင်းသူပါ။ Hugo Boss လို ရေမွှေးကြော်ငြာအတွက် မော်ဒယ်အဖြစ် သရုပ် ဆောင် ပေးထားပါတယ်။

(၇) Theo Walcott – သူလည်း အင်္ဂလန်နိုင်ငံသား အင်္ဂလန် ကလပ်မှာပဲ ကစားနေသူ တဦးပါ။ အာဆင်နယ် အသင်း အတွက် အားထားရသူ၊ အင်္ဂလန် အသင်းအတွက်လည်း အသက်အငယ်ဆုံး ဂိုးသွင်းထားသူ အဖြစ် မှတ်တမ်းဝင်ခဲ့သူပါ။ သူ့ရဲ့ လူမှု ကွန်ရက်မှာ အမျိုးသမီး ပရိသတ်တွေရဲ့ နှစ်သက်မှုနှုန်း Follower နှုန်းတွေကို ကြည့်ပြီး အခုစာရင်းမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

(၆) James Rodriguez – ကိုလံဘီယာအသင်းနဲ့ စပိန်ကလပ် ရီးရဲမက်ဒရစ်အတွက်ပါ တိုက်စစ်မှူး အဖြစ် ကစားနေသူ ၂၄နှစ်အရွယ် ဆွဲဆောင်မှုရှိတဲ့သူပါ။ ကိုယ်ခန္ဓာ တောင့်တင်း ကြည့်ကောင်းတာကြောင့် အမျိုးသမီး ပရိသတ် အများအပြား ရရှိခဲ့ပါတယ် ။ တကယ်ဆိုရင် သူဟာ ၂၀၁၀ခုနှစ်ကတည်းက အိမ်ထောင်ကျထားခဲ့သူ ဖြစ်ပေမယ့် ဆွဲဆောင်မှု အရှိဆုံးစာရင်းဝင်ပြီး လူကြိုက်များနေဆဲပါ။ Rexonaနဲ့ Adidas တွေရဲ့ စပွန်ဆာတွေကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။

(၅) Sergio Ramos – စပိန်အသင်း အတွက်ရော စပိန်ကလပ် ရီးရဲလ်အတွက်ပါ အားထားရသူ ဖြစ်ပါတယ်။ ရီးရဲလ် အသင်းရဲ့ခေါင်းဆောင် ဖြစ်ပြီး ခန္ဓာကိုယ်တောင့်တင်းခိုင်မာတယ်။ စပိန်အသင်း အတွက် မဟာ တံတိုင်းကြီး အဖြစ် သတ်မှတ်ခံရသူပါ။ သူ့ကိုယ်ပေါ်က တက်တူးတွေကလည်း အလွန်တရာ လိုက်ဖက်ပြီး ဆွဲဆောင်မှု ရှိနေတာပါ။ 6-pack တွေ ခေတ်စားနေချိန်မှာ ရာမို့ကတော့ 8-pack တွေထိအောင် ပေါ်လွင် ကြည့်ကောင်းနေပါတယ်။

(၄) Olivier Giroud -ဒီပြင်သစ် ကစားသမားကတော့ အင်္ဂလန်ကလပ် အာဆင်နယ်မှာ ကစားနေတာပါ။ တိုက်စစ်မှူး နေရာကနေ သွက်လက်ဟန်ကို ဦးစားပေး ကစားတာ ဖြစ်ပါတယ်။ ဘောလုံးကဏ္ဍ တော်တော်များများမှာ မော်ဒယ် အဖြစ် သရုပ်ဆောင်ထားပါတယ်။ Tetuနဲ့ GQ လို မဂ္ဂဇင်းတွေ အတွက်လည်း မျက်နှာဖုံး ရိုက်ပေးထားသူပါ။ အသက် ၂၇ နှစ်ရှိပြီ ဖြစ်တဲ့ သူက Pumaနဲ့ Hugo Boss တွေရဲ့ စပွန်ဆာ ရထားသူပါ။

(၃) Neymar Jr. Dos Santos – ကမ္ဘာကျော် ဘရာဇီး တိုက်စစ်မှူး ကတော့ အရင် ဘာစီလိုနာကနေ အခုရာသီမှာ ပြင်သစ် ကလပ် PSG ကို ရောက်သွားပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ဘောလုံး သမား စာရင်းဝင်သူက အသက်လည်း ငယ်သေးသလို ရုပ်ရော စတိုင်ပါ ကြည့်ကောင်းလို့ လူကြိုက် အရမ်းများပါတယ်။ ၂၀၁၀ ကမ္ဘာ့ ဖလားကနေ လူသိများ လာ သူလည်း ဖြစ်ပါတယ်။ လက်ရှိ ဘရာဇီး အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီး သူ့ရဲ့ ခဏခဏ ပြောင်းတတ်တဲ့ ဆံပင်ပုံစံတွေကို လူကြိုက်များကြပါတယ်။

(၂) David Beckham – အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း၊ ဒေါသကြီးတတ်သူ၊ ဆွဲဆောင်မှု ရှိလွန်းသူ၊ ပြစ်ဒဏ် ဘော တွေကနေ အကောင်းဆုံး ဂိုးကန်သွင်းတတ်သူက ဘောလုံးလောက ကနေ အနားယူသွား သည့်တိုင်အောင် ဆွဲဆောင်မှု အရှိဆုံး စာရင်းမှာ ပါဝင်နေဆဲပါ။ အခုထိလည်း ဘောလုံးနဲ့ ပတ်သက်တဲ့ ကဏ္ဍတွေမှာ မြင်နေရဆဲပါ။ အသက် ၄၁နှစ် ရှိနေပြီ ဖြစ်ပေမယ့် စတိုင်ကျ ကြည့်ကောင်းနေဆဲပါ။ ရေမွှေးနဲ့ အဝတ်အထည် ကြော်ငြာတွေ အများအပြား ရိုက် ကူး နေရဆဲ ဖြစ်ပါတယ်။

(၁) Cristiano Ronaldo – ဘောလုံးကစားရာမှာ မက်ဆီလို အကောင်းဆုံး ပြိုင်ဘက် ရှိနေသေးပေမယ့် ဆွဲဆောင်မှု အပိုင်းမှာတော့ မက်ဆီကို နောက်ကောက်ချထားနိုင်သူပါ။ ပေါ်တူဂီ ကစားသမားဟာ စပိန် ကလပ် ရီးရဲလ်မှာ ကစားနေပြီး အရပ်အမောင်းနဲ့ ခန္ဓာကိုယ် အချိုးအစား ပြေပြစ် လှပသူဖြစ်ပါတယ်။ Gym လည်း ကစားတယ်၊ လေ့ကျင့်ခန်းတွေလည်း လုပ်ပြီး အချိုးအဆစ်ကို အကောင်းဆုံး ထိန်းထားနိုင်လို့ သမိုင်းတလျှောက် ဆွဲဆောင်မှု အရှိဆုံး ဘောလုံးသမားတွေထဲက တဦးပါ။

Ref: www.wonderlist.com

The post ဆွဲဆောင်မှု အရှိဆုံး ဘောလုံးသမား ၁၀ ယောက် appeared first on ဧရာဝတီ.

ရန်ကုန် လှိုင်မြို့နယ် အားကစားကွင်းကို ပြန်ပေးရန်မရှိဟု တပ်မတော်ငြင်းဆို

$
0
0

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ ၁၃ ဧကကျယ်သော မြို့နယ်အားကစားကွင်းနှင့် အားကစားရုံကို အများပြည်သူထံ ပြန်လည်လွှဲပြောင်းပေးအပ်ရန် အစီအစဉ်မရှိကြောင်း ယခင်အပတ်က လွှတ်တော်မေးခွန်းများ ဖြေကြားရာတွင် တပ်မတော်က ပြောသည်။

လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ထိုအားကစားကွင်းနှင့် အားကစားရုံကို လှိုင်မြို့နယ်နေ ပြည်သူများ အသုံးပြုခွင့်ရရှိရေး ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ယခင်ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ထိုမြို့နယ် အားကစားရုံအပါအဝင် မြေ ၁၃.၇၅၄ ဧကကို ကာကွယ်ရေးဝန်ကြီးဌာနသို့ ၁၉၉၁ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ပြောသည်။

“အားကစားရုံသည် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း တပ်ဖွဲ့များအနေဖြင့် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲကျင်းပရေးအတွက် တခုတည်းသော မိုးလုံလေလုံ အားကစားကွင်းနေရာအဖြစ် အသုံးပြုလျက်ရှိခြင်းကြောင့် ပြန်လည်ပေးနိုင်ခြင်းမရှိပါကြောင်း” ဟု ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိတွင် ထိုအားကစားရုံတွင် တပ်မတော်နှင့် ဒေသတွင်းမှ လူငယ်များအား နိုင်ငံတော်အတွက် ထူးချွန်သော အားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်ပြီး လေ့ကျင့်ဆောင်ရွက်လျက် ရှိကြောင်းလည်း ကာကွယ်ရေးဒုဝန်ကြီးက ဆိုသည်။

(ယခင်) အားကစားဝန်ကြီးဌာနလက်အောက်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာနသည် မြန်မာနိုင်ငံတွင် ၅ ကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲများကို အိမ်ရှင်အဖြစ် ကျင်းပပေးခဲ့သော ၁၉၆၉ ခုနှစ်တွင် ထိုအားကစားကွင်းနှင့် အားကစားရုံကို မြို့နေပြည်သူများအတွက် ဆောက်လုပ်ပေးခဲ့သည်။

ထိုအားကစားရုံတွင် ရပ်ကွက်အလိုက် ဘောလုံးပွဲများ၊ မြို့နယ်အလိုက် ဘောလုံးပွဲများနှင့် ကျောင်းပေါင်းစုံ ဘောလုံးပွဲများ ကျင်းပခဲ့သည်။ ထို့အပြင် အားကစားရုံနှင့် အားကစားကွင်းနေရာတွင် အခြား အားကစားပြိုင်ပွဲများနှင့် နှစ်စဉ်ပွဲတော်များလည်း ကျင်းပခဲ့သည်။

ထိုအားကစားကွင်းမှ လက်ရွှေးစင်ဘောလုံးသမား ၇ ဦးနှင့် အလေးမ အားကစားသမား တဦးကို မွေးထုတ်ပေးနိုင်ခဲ့သည်ဟု အထက်ပါ လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုအတွင်း တပ်မတော်က ထိုနေရာတွင် လုံခြုံရေးယူအပြီး ထိန်းသိမ်းခဲ့သည်ဟု အထက်ပါ လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။ ထိုနောက် အားကစားကွင်းကို ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းသို့ ငှားရမ်းခဲ့သည်ဟုလည်း ပြောသည်။

“လှိုင်မြို့နယ်အတွက် အားကစားရုံတခုက မဖြစ်မနေ လိုအပ်တယ်။ ဒီတော့ မြို့နယ်ထဲက တပ်မတော်က သိမ်းပိုက်ထားပြီး အသုံးမပြုဘဲ ထားထားတဲ့ဲ့မြေတွေထဲကနေ အားကစားရုံ ပြန်လည်ဆောက်ဖို့ တပ်မတော်က အစားပြန်ပေးဖို့ ရှိပါသလား” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ဆက်စပ်မေးခွန်းအဖြစ် မေးမြန်းခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မြေလိုအပ်မှုအပေါ် မူတည်၍ တပ်မတော်ကို တောင်းခံလာပါက ထိုကိစ္စအား စဉ်းစားမည်ဟု ကာကွယ်ရေးဒုဝန်ကြီးက ပြန်လည်ဖြေကြားသည်။

ရန်ကုန်ရှိမြို့နယ် ၄၅ ခုတွင် မြို့နယ်အားကစားရုံရှိသော မြို့နယ် ၁၃ ခုသာရှိသည်။
မြို့နယ်အားကစားကွင်းအတွက် မြေတောင်းခံပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ဆက်လက် တောင်းဆိုမည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“တပ်မတော်က ဒီအားကစားရုံကို ပြန်မပေးတာ အံ့ဩစရာမရှိပါဘူး။ မျှော်လင့်ထားပြီးသားပါ။ ဒါပေမယ့် ကျနော်တို့မြို့နယ်ထဲမှာ သူတို့ပိုင်ပြီး မသုံးဘဲထားတဲ့မြေတွေ အများကြီးရှိတယ်။”

The post ရန်ကုန် လှိုင်မြို့နယ် အားကစားကွင်းကို ပြန်ပေးရန်မရှိဟု တပ်မတော်ငြင်းဆို appeared first on ဧရာဝတီ.

မလေးရှားတွင် မြန်မာအားကစားအဖွဲ့ လိုက်ပါလာသည့်ယာဉ် မတော်တဆမှုဖြစ်

$
0
0

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေသည့် ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် Squash အားကစားနည်း ဝင်ရောက် ယှဉ်ပြိုင်နေသော မြန်မာ ကစားသမား ၁၀ ဦးလိုက်ပါလာသော ယာဉ်တစီး ယနေ့ သြဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်းတွင် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Squash အားကစားနည်း ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မြန်မာ ကစားသမား ၁၀ ဦး၊ ထိုင်းကစားသမား ၁၃ ဦးနှင့် ဖိလစ်ပိုင် ကစားသမား ၅ ဦးစီးနင်းလိုက်ပါလာသည့် ယာဉ်သည် အခြားယာဉ်တစီးကို ဝင်တိုက်မိခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကစားသမားများ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်ဟုဆိုသည်။

မြန်မာကစားသမားများ ပါဝင်သည့် ယာဉ် မတော်တဆဖြစ် (ဓာတ်ပုံ – Thet Oo/FB)

အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးဌေးအောင် က “ထိခိုက်ဒဏ်ရာ ရရှိတာမှန်ပေမယ့် ကြီးကြီးမားမား ဖြစ်တာတော့ မရှိပါဘူး။ ဒါပေမယ့် ကစားသမားတွေရဲ့ စိတ်ကိုတော့ ထိခိုက်တာပေါ့” ဟုဧရာဝတီသို့ ပြောသည်။

မြန်မာ၊ ထိုင်းနှင့် ဖိလစ်ပိုင် အားကစားသမားများ လိုက်ပါလာသည့် ကားသည် ဘူခက်ဂျာလီ အမျိုးသား အားကစားရုံသို့ အသွားတွင် ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်ရပ်ကြောင့် မြန်မာ Squash အားကစားအဖွဲ့ အနေဖြင့် ဆက်လက်ယှဉ်ပြိုင် တော့မည်မဟုတ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အပြီးသတ်အတည်ပြုချက် မရှိသေးကြောင်း ဦးဌေးအောင် က ပြောသည်။

အိမ်ရှင်အဖြစ် ဆောင်ရွက်နေသည့် မလေးရှားနိုင်ငံ အနေဖြင့် ဆီးဂိမ်း ပြိုင်ပွဲဝင် နိုင်ငံများအပေါ် အနှောက် အယှက် ဖြစ်စေသော ကိစ္စရပ်အချို့ ရှိခဲ့ပြီး မလေးရှား အသင်းကို ၅-၀ နှင့် အနိုင်ရရှိခဲ့သော မြန်မာအမျိုးသမီး လက်ရွေးစင် အသင်းကို ပွဲအပြီးတွင် ဖယ်ရီကား မောင်းပေးမည့် ဒရိုင်ဘာ မရှိ၍ ကစားသမားများ ဟိုတယ်သို့ သန်းခေါင်ယံ အချိန်ရောက်မှ ပြန်ရောက်ရှိခဲ့ ကြောင်း သိရသည်။

ထိုဖြစ်ရပ်တွင်လည်း မလေးရှား အနေဖြင့် မြန်မာ အသင်းအပေါ် တမင်ရည်ရွယ်လုပ်ဆောင်ခဲ့သည်ဟု မြန်မာ ပရိတ်သတ်များက ဝေဖန်ခဲ့ကြသေးသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး မလေးရှား ဘက်က မြန်မာအသင်းဘက်ကို တောင်းပန်ခဲ့ကြောင်း သိရသည်။

မြန်မာကစားသမားများ ပါဝင်သည့် ယာဉ် မတော်တဆဖြစ် (ဓာတ်ပုံ – Thet Oo/FB)

မလေးရှား ဆီးဂိမ်းပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းများနှင့် အတူ လိုက်ပါသွားသည့် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုး က “ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မလေးရှားအနေနဲ့ ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တယ်လို့ ကျနော်တို့လည်း မမြင်ချင်ပါဘူး။ နောက်ပိုင်း သူတို့ဘက်ကတော့ ပြန်တောင်းပန်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုဖြစ်ရပ်တွင် ဖယ်ရီကားမောင်းသူမှာ လက်ပတ်နာရီခိုးမှုဖြင့် မသင်္ကာ၍ ရဲက ဖမ်းဆီးထားခြင်းကြောင့် ယာဉ်မောင်း အနေဖြင့် ဖယ်ရီကားထံ ရောက်မလာနိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဒရိုင်ဘာမှာလည်း ယာဉ်မောင်းလိုင်စင် မရှိကြောင်းသိရသည်။

အလားတူ ဆီးဂိမ်း ဖွင့်ပွဲအခမ်းအနားတွင် ဝေငှခဲ့သော တရားဝင် လက်ကမ်းစာစောင်တွင် အင်ဒိုနီးရှားနိုင်ငံ၏ အလံကို အပေါ်အောက် ပြောင်းပြန် မှားယွင်းစွာ ပုံနှိပ်မိသဖြင့် အင်ဒို ပရိတ်သတ်များ၏ ဝေဖန်မှုကို ခံခဲ့ရပြီးနောက် မလေးရှားဘက်မှ ပြန်လည် တောင်းပန်ခဲ့ရသေးသည်။

The post မလေးရှားတွင် မြန်မာအားကစားအဖွဲ့ လိုက်ပါလာသည့်ယာဉ် မတော်တဆမှုဖြစ် appeared first on ဧရာဝတီ.


မြန်မာ-မလေးရှား ဘောလုံးပွဲအပြီးတွင် မြန်မာပရိသတ်များတိုက်ခိုက်ခံရ

$
0
0

မလေးရှား နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသော ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာ ယူ ၂၂ အသင်းနှင့် မလေးရှား ယူ ၂၂ အသင်းတို့ ကစားပွဲအပြီးတွင် မြန်မာပရိသတ်များ တိုက်ခိုက်ခံခဲ့ရကြောင်း မလေးရှားဆီးဂိမ်း စေတနာ့ ဝန်ထမ်း လုံခြုံရေး အဖွဲ့ဝင်များက ပြောသည်။

မြန်မာပရိသတ်များမှာ သြဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းက မြန်မာနှင့် မလေးရှားအသင်းတို့ ကစားခဲ့သော ပွဲအပြီး ကွင်းအတွင်းက ပြန်လည်ထွက်ခွာချိန်တွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး စုစုပေါင်း တိုက်ခိုက်ခံရမှု ၇ ခုတွင် အနည်းဆုံး ၁၄ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ပြီး အချို့မှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေလျှက်ရှိသည်။

ထိုပွဲတွင် စေတနာ့ဝန်ထမ်း လုံခြုံရေး အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ဦးအောင်သန်းညွှန့် က “ဖြစ်ရပ်အားလုံးက ကွင်းထဲက ပြန်အထွက်မှာ တိုက်ခိုက်ခံခဲ့ရတာပါ” ဟု ဖြစ်စဉ်များနှင့်ပတ်သက်၍ ဧရာဝတီသို့ ပြောသည်။

တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၀ ဦးကျော်အနက် ကိုမင်းစိုးမှာ ဦးခေါင်းကွဲ၊ မေးရိုးကွဲ ဒဏ်ရာများ အပြင်း အထန် ရရှိခဲ့ပြီး ရှားအလမ်းဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် မလေးရှားရောက် မြန်မာ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့က ၎င်းတို့၏ လူမှုဆက်သွယ်ရေးကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာမှ တဆင့် သတင်းထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ကိုမင်းစိုး အပါအဝင် မြန်မာပရိသတ် ၄ ဦးသည် ဘောလုံးပွဲအပြီး ကွင်းထဲမှပြန်အထွက် ကားရှာနေဆဲတွင် မလေး ပရိသတ် အချို့၏ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှုခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

အလားတူ ကွင်းထဲမှ ပြန်ထွက်လာပြီး အိမ်ပြန်ရန် ပြင်နေသည့် ကိုမျိုးဆိုသူမှာလည်း Bus ကားနားအရောက်တွင် တိုက်ခိုက်ခံခဲ့ ရသဖြင့် ဦးခေါင်း၊ မျက်နှာနှင့် လက်၊ ခြေထောက်တို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ရှားအလမ်း ဆေးရုံကြီးတွင်ပင် ဆေးကုသမှု ခံယူနေသည်။

မလေးရှားရဲတပ်ဖွဲ့သည် မြန်မာပရိသတ်ကို ရိုက်နှက်ခဲ့သူများကို ရှာဖွေနေဆဲဖြစ်ကြောင်း၊ ဖြစ်ပွားခဲ့သည့်နေရာအနီးမှ သတင်းအချက်အလက်များကိုလည်း ရရှိထားကြောင်း၊ အဆိုပါကိစ္စများအတွက် မလေးရှားနိုင်ငံ၏ ဥပဒေအရ အဓိကရုဏ်းဆိုင်ရာ ပြစ်မှု ဥပဒေ တခုဖြစ်သည့် ပုဒ်မ ၁၄၈ အရ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြန်မာ-မလေးရှား ပွဲကို သွားရောက်ကြည့်ရှုခဲ့သူ ကိုအောင်ကိုဦး က “ကျနော်တို့တွေက ကိုယ့်မြန်မာအသင်းကို အားပေးဖို့ မြန်မာအသင်း ဝတ်စုံဝတ်လာတာဆိုတော့ အပြင်မှာတွေ့လည်း မြန်မာအသင်းအားပေးတဲ့သူဆိုတာ တန်းသိတယ်လေ။ ကွင်းအနီးတဝိုက်မှာ လူစုနည်းနည်းနဲ့ မြန်မာ အသင်းဝတ်စုံနဲ့တွေ့ရင် မလေး တချို့က ထိုးတာ၊ ရိုက်တာဖြစ်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာပွဲစဉ်ကို မာလာကာမြို့မှ လာရောက်၍ အားပေးခဲ့သော ကိုဟိန်းထက်အောင် ဆိုသူမှာလည်း အပြန်လမ်းတွင် မလေးနိုင်ငံသား အချို့ ဝိုင်းဝန်း တိုုက်ခိုက်မှုကြောင့် ဒဏ်ရာများနှင့် နီးရာ ကားပေါ်သို့ ပြေးတက်ခဲ့၍ လွတ်မြောက်သွားကြောင်း သိရသည်။

ထို့အတူ မြန်မာအမျိုးသမီး ၂ ဦးနှင့် အမျိုးသားတဦးတို့လည်း အပြန်လမ်းတွင် တိုက်ခိုက်ခံခဲ့ရပြီး အမျိုးသားမှာ ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး အမျိုးသမီး ၂ ဦးထံမှ ပိုက်ဆံနှင့် ဖုန်းများ လုယူခံလိုက်ရကြောင်းသိရသည်။

အခြားတိုက်ခိုက်ခံရမှု ၂ ခုတွင် မြန်မာပရိသတ်များ စီးနင်းလိုက်ပါလာသည့် ကားအချို့ကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ ထိုးကြိတ် ကန်ကြောက်မှုများပြုလုပ်ခြင်းတို့ ကြုံခဲ့ရပြီး ယင်းတို့ တိုက်ခိုက်ခံရမှုများတွင် စိုးရိမ်ဒဏ်ရာ အဆင့်မဟုတ်သော်လည်း ခန္ဓာကိုယ်၌ ပွန်းပဲ ဒဏ်ရာများ ရရှိခဲ့သည်ဟုသိရသည်။

မြန်မာပရိသတ်များ တိုက်ခိုက်ခံရမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ဝင်များကိုယ်တိုင် မလေးပရိသတ် အချို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း ဦးအောင်သန်းညွှန့် က ပြောသည်။

“တိုက်ခိုက်ခံရမှာစိုးလို့ လူစုပေးနေတုန်း ဆိုင်ကယ် ၃ စီးက ရှေ့ကနေ ရုတ်တရက် ဝင်ပိတ်ရပ်ပြီး ဆိုင်ကယ်ဦးထုတ်တွေ၊ တုတ်တွေနဲ့ ဝင်ရိုက်တာ၊ တချို့ကတော့ ထွက်ပြေးတာပေါ့။ တချို့ကတော့ မလွတ်တော့ အရိုက်ခံထိတာပေါ့” ဟု ဦးအောင်သန်းညွှန့် က ပြောသည်။

မြန်မာပရိသတ်များ တိုက်ခိုက်ခံရမှု ဆက်မဖြစ်စေရန်အတွက် ထိုပွဲတွင် စေတနာ့ဝန်ထမ်း လုံခြုံရေး အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူများ၊ ပရဟိတ အဖွဲ့များနှင့် အတူ မလေးရှား ရဲတပ်ဖွဲ့ကလည်း ဝင်ရောက်ကူညီမှုများ ပြုလုပ်ပေးခဲ့ပြီး လူစုကွဲနေသည့် လက်ကျန် ပရိသတ်အချို့ကို နေရပ်ကို လုံလုံခြုံခြုံပြန်နိုင်ရေး ကူညီပေးခဲ့သည်ဟု သိရသည်။

မြန်မာပရိသတ်များ တိုက်ခိုက်ခံခဲ့ရမှုများနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်ပေးရန် မလေးရှား အာဏာပိုင်များကို တိုင်တန်းမှု မပြုလုပ်ရသေးသော်လည်း မလေး ဆီးဂိမ်း လုံခြုံရေးတာဝန်ရှိသူများက သြဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းက တိုက်ခိုက်ခံခဲ့ရမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်ပြပေးရန် စေတနာ့ဝန်ထမ်း လုံခြုံရေး အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ များကို ဖိတ်ခေါ်ထားကြောင်းသိရသည်။

မြန်မာ – မလေးရှားပွဲကို လာရောက်အားပေးကြသော မြန်မာပရိသတ်များထဲတွင် အရက်သေစာသောက်စား ထားသူများ လည်း ပါဝင်ကြောင်း ၎င်းတို့၏ အားပေးပုံမှာ မလေးလူမျိုးတို့၏ ဓလေ့စရိုက် မတူညီမှုအပေါ် ရိုက်ခတ်မှုရှိကြောင်း ထိုပွဲတွင် စေတနာ့ဝန်ထမ်း လုံခြုံရေး အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ဦးအောင်သန်းညွှန့် က ပြောသည်။

ဦးအောင်သန်းညွှန့် က “ပရိသတ် နှစ်ခုရဲ့ဓလေ့စရိုက်က တော်တော်ကွာဟတယ်ဗျ။ ဟို (မလေး) ဘက်က ပရိသတ် ၅ သောင်း၊ ၆ သောင်း လောက် အားပေးတာ စည်းနဲ့ ကမ်းနဲ့ ကျနော်တို့ဘက်ကတော့ အိုးစည်ဗုံမောင်းနဲ့ တီးတယ်ပေါ့။ လူတွေကလည်း မူးရူး သောက်စား ထားတဲ့အတွက် စနစ်တကျမရှိဘူးပေါ့။ ပြောရရင် တဘက်ကမြင်ရင် မျက်စိ စပါးမွှေး စူးတာပေါ့” ဟုဆိုသည်။

သြဂုတ် ၂၁ ရက်နေ့ ညက ပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာ ယူ ၂၂ အသင်းနှင့် မလေးရှား ယူ ၂၂ အသင်း အမျိုးသား ပွဲစဉ်တွင် မလေးရှားအသင်းက မြန်မာအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

The post မြန်မာ-မလေးရှား ဘောလုံးပွဲအပြီးတွင် မြန်မာပရိသတ်များတိုက်ခိုက်ခံရ appeared first on ဧရာဝတီ.

အင်္ဂလန် ဒုတိယတန်း အမှတ်ပေး ဘောလုံးပြိုင်ပွဲ EFL Championship

$
0
0

ပြည်တွင်းမှာတော့ ချန်ပီယံရှစ် ပြိုင်ပွဲအနေနဲ့ လူသိများပါတယ်။ EFL ရဲ့ အရှည်ကောက်ကတော့ English Football Lea- gue Championship ဖြစ်ပြီး Sky Bet ကုမ္ပဏီက စပွန်ဆာ ပေးထားတာကြောင့် Sky Bet Championship လို့လည်း ခေါ် ပါတယ်။

EFL ကနေ သတ်မှတ်ကျင်းပတဲ့ အမှတ်ပေး ဖလားပြိုင်ပွဲတွေထဲမှာ အမြင့်ဆုံးပြိုင်ပွဲ ဖြစ်ပြီး အင်္ဂလန် ပြည်တွင်း အမှတ်ပေး ဖလား ပြိုင်ပွဲတွေမှာတော့ ပရီးမီးယားလိဂ် ပြီးရင် ဒုတိယအမြင့်ဆုံး အမှတ်ပေးဘောလုံး ပြိုင်ပွဲ ဖြစ်ပါတယ်။

နှစ်စဉ် ဒီအမှတ်ပေး ပြိုင်ပွဲရဲ့ထိပ်ဆုံးမှာ ရပ်တည်နိုင်တဲ့ အသင်း ၃သင်းက တဆင့်မြင့်တဲ့ ပရီးမီးယားလိဂ်ကို တန်းတက် ခွင့် ရပြီး အောက်ဆုံး ၃ သင်း ကတော့ ချန်ပီယံရှစ်ထက် တဆင့်နိမ့်တဲ့ League One ကို တန်းဆင်းရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကို ၁၈၉၂ ခုနှစ် ကတည်းက စတင်ခဲ့တယ်လို့ ဆိုနိုင်ပေမယ့် အဲဒီ အချိန်ကတော့ ချန်ပီယံရှစ်လို့ မခေါ်သေးပါဘူး။ ၁၈၉၂ ခုနှစ်ကနေ ၁၉၉၂ ထိအောင် Division Two အဖြစ် သတ်မှတ်ခေါ်ခဲ့ကြတယ်။ ၁၉၉၂ ခုနှစ်ကနေ ၂၀၀၄ အထိ Division One အဖြစ် ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပြီး ချန်ပီယံရှစ် အမည်ကိုတော့ ၂၀၀၄ ခုနှစ်ကျမှ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

တနိုင်ငံတည်းက ပရီးမီးယားလိဂ်နဲ့ရော တခြားနာမည်ကြီး စပိန်၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်နိုင်ငံတွေက အမှတ်ပေးဖလား ပြိုင်ပွဲတွေနဲ့ပါ မတူညီတဲ့ အချက်ကတော့ ဒီချန်ပီယံရှစ်မှာ အသင်းပေါင်း ၂၄သင်းထိ ပါဝင် ယှဉ်ပြိုင်တာပဲ ဖြစ်ပါတယ်။

အမှတ်ပေးဖလား ပြိုင်ပွဲ အများစုက အသင်း ၂၀ ယှဉ်ပြိုင်တာဖြစ်ပြီး တချို့က ၁၈ သင်း ဖြစ်ပါတယ်။ ချန်ပီယံရှစ် ပြိုင်ပွဲဝင် ၂၄ သင်းထဲမှာ အင်္ဂလန် အခြေစိုက် အသင်း ၂၃သင်းနဲ့ ဝေးလ် အခြေစိုက် အသင်း ၁သင်း ပါဝင်ခွင့် ရပြီး စကော့တလန် ကတော့ သီးခြားအမှတ်ပေးပြိုင်ပွဲ ရှိပါတယ်။

အင်္ဂလန်ရဲ့ အမြင့်ဆုံး ပြိုင်ပွဲ မဟုတ်တဲ့ အပြင် UEFA ရဲ့ လက်အောက်ခံ ပြိုင်ပွဲ မဟုတ်လို့ ပြိုင်ပွဲမှာ အမြင့်ဆုံးအဆင့် ရရှိတဲ့ အသင်းတွေက ဥရောပအဆင့် ပြိုင်ပွဲတွေတော့ ဝင်ခွင့် မရပါဘူး။ ပရီးမီးယားလိဂ်ကို တန်းတက်ပြီး အဆင့်မီမှသာ ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဥရောပဝင်ခွင့် အတွက် အခွင့်အလမ်း တခုရှိတာကတော့ FA Cup ကိုလည်း ရှုံးထွက် ပုံစံနဲ့ ချန်ပီယံရှစ်က အသင်းတွေ ဝင်ခွင့်ရပြီး FA ဖလားရရင်တော့ ဥရောပ ဝင်ခွင့် မျှော်လင့်လို့ ရတာပဲ ဖြစ်ပါတယ်။ ချန်ပီယံရှစ် အသင်းတွေ အနေနဲ့ အမှတ်ပေးဖလားအပြင် FA ဖလားနဲ့ EFL Cup တွေကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိတာလည်း တွေ့ရပါတယ်။

ဒုတိယတန်း အမှတ်ပေး ဘောလုံးပြိုင်ပွဲ သမိုင်းတလျှောက်မှာ လက်ရှိချန်ပီယံ နယူးကာဆယ်၊ ရီဒင်းနဲ့ ဆန်းဒါးလန်းတို့က ဖလား ၂ ကြိမ်စီ ရရှိထားပြီး အအောင်မြင်ဆုံး အသင်းတွေ အဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။

ချန်ပီယံရှစ် ဆိုတာက ကမ္ဘာ့ဒေသ အသီးသီးမှာ ကျင်းပနေတဲ့ နိုင်ငံ အလိုက် အမြင့်ဆုံး မဟုတ်တဲ့ အမှတ်ပေး ပြိုင်ပွဲတွေ ထဲမှာ အချမ်းသာဆုံး ပြိုင်ပွဲ အဖြစ် မှတ်တမ်းဝင်နေပြီး ကမ္ဘာမှာ ရှိသမျှ အမှတ်ပေးဖလား ပြိုင်ပွဲတွေထဲမှာတော့ ၇ ဆင့် မြောက် အချမ်းသာဆုံး (တန်ဖိုးအရှိဆုံး) အမှတ်ပေးဖလား ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

ဒီနေရာမှာ နိုင်ငံအလိုက် အမြင့်ဆုံး မဟုတ်တဲ့ အမှတ်ပေး ပြိုင်ပွဲတွေ ဆိုတာက အင်္ဂလန်မှာ ပရီးမီးယားလိဂ်၊ စပိန်မှာ လာလီဂါ၊ ဂျာမနီမှာ ဘွန်ဒက်လီဂါ တို့လို သက်ဆိုင်ရာ နိုင်ငံအလိုက် အမြင့်ဆုံး ပြိုင်ပွဲတွေ မဟုတ်တဲ့ အမှတ်ပေး ဖလားပြိုင်ပွဲကို ဆိုလိုတာပါ။

၂၀၁၆-၁၇ ခုနှစ် မှာ ချန်ပီယံရှစ် ပြိုင်ပွဲ တပွဲချင်းစီကို ပျမ်းမျှ ပရိတ်သတ် ၂၀၁၃၀ ဦး တက်ရောက် အားပေးခဲ့ပြီး ဂျာမနီ ဘွန်ဒက်လီဂါ ၂ ပြိုင်ပွဲပြီးရင် ကြည့်ရှုသူ အများဆုံး ဒုတိယတန်း အမှတ်ပေးပြိုင်ပွဲ အဖြစ် ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနှစ်မှာ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို ချန်ပီယံ နယူးကာဆယ်ရယ်၊ ဒုတိယနေရာက ဘရိုက်တန်နဲ့ ရှုံးထွက် ကန်ပြီး အနိုင်ရလာတဲ့ ဟက်ဒါဖီးတွေ တန်းတက်သွားပါတယ်။ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားတဲ့ ဟူးစီးတီး၊ မစ်ဒယ်ဘ ရော့နဲ့ ဆန်းဒါးလန်းတွေက အခုနှစ် ချန်ပီယံရှစ်ကနေ တန်းပြန်တက်ဖို့ ကြိုးစားရမှာပါ။

ဒီလိုပဲ ချန်ပီယံရှစ်ကနေ League One ကို နာမည်ကျော် ဘလက်ဘန်း၊ ဝီဂန်နဲ့ ရိုသာဟမ်တို့ တန်းဆင်းသွားခဲ့ရပြီး League One ကနေ ချန်ပီယံရှစ်ကို တန်းတက်လာတဲ့ အသင်းတွေအဖြစ် ရှက်ဖီးယူနိုက်တက်၊ ဘော်တန်နဲ့ မီဝေါလ် အသင်းတွေကို တွေ့ရပါတယ်။

ဒီနှစ် ချန်ပီယံရှစ်မှာ ကစားမယ့် အသင်း ၂၄ သင်းကတော့ ဘာမင်ဂမ် အခြေစိုက် အက်စတွန်ဗီလာနဲ့ ဘာမင်ဂမ်စီးတီး၊ ဘန်စလေ အခြေစိုက် ဘန်စလေ၊ ဘော်တန် အခြေစိုက် ဘော်တန် ဝမ်းဒါးရား၊ လန်ဒန်နယ်၊ ဘရန့်ဖို့ အခြေစိုက် ဘရန့်ဖို့၊ ဘရစ်စတိုး အခြေစိုက် ဘရစ်စတိုးစီးတီး၊ ဘာတွန် အခြေစိုက် ဘာတွန်အယ်ဘီရွန်၊ ကာဒစ်အခြေစိုက် ကာဒစ်စီးတီး၊ ဒါဘီ အခြေစိုက် ဒါဘီကောင့်တီ၊ လန်ဒန်နယ် ဖူဟမ် အခြေစိုက် ဖူဟမ်၊ ကင်းစတန်းအခြေစိုက် ဟူစီးတီး။

အစ်ဝှစ် အခြေစိုက် အစ်ဝှစ်၊ လိဒ်အခြေစိုက် လိဒ်ယူနိုက်တက်၊ မစ်ဒယ်ဘရော့ အခြေစိုက် မစ်ဒယ်ဘရော့၊ လန်ဒန်နယ်၊ ဘာမွန်ဆေး တောင်ပိုင်း အခြေစိုက် မီဝေါလ်၊ နော့ဝှစ် အခြေစိုက် နော့ဝှစ်၊ နော်တင်ဟမ် အခြေစိုက် နော်တင်ဟမ်ဖောရက်၊ ပရက်စတန် အခြေစိုက် ပရက်စတန် နော့အန်း။

လန်ဒန်နယ် ရှစ်ဟာ့ဒ်ဘွတ် အခြေစိုက် ကျူပီအာ၊ ရီဒင်းအခြေစိုက် ရီဒင်း၊ ရှက်ဖီး အခြေ စိုက် ရှက်ဖီးယူနိုက်တက်နဲ့ ရှက်ဖီး ဝမ်းနက်ဒေး ၂ သင်း၊ ဆန်းဒါးလန်းအခြေစိုက် ဆန်းဒါးလန်း၊ ဝုဗာဟက်တန် အခြေစိုက် ဝုဗာဟက်တန် ဝမ်းဒါးရား အသင်းတွေ ဖြစ်ပါတယ်။

ဒီအသင်းတွေဟာ အိမ်ကွင်း၊ အဝေးကွင်း စည်းမျဉ်းအရ ဘောလုံးတရာသီကို ပွဲစဉ်ပေါင်း ၄၆ ပွဲ ကစားရတာ ဖြစ်ပြီး ဒါဟာရှုံးထွက် ဖလားပွဲစဉ်တွေ မပါတဲ့ အမှတ်ပေး ဖလားပွဲစဉ် အရေအတွက်ပဲ ဖြစ်ပါတယ်။

Ref: www.en.m.wikipedia.org

The post အင်္ဂလန် ဒုတိယတန်း အမှတ်ပေး ဘောလုံးပြိုင်ပွဲ EFL Championship appeared first on ဧရာဝတီ.

မလေးရှားဆီးဂိမ်းမှာ မြန်မာအမျိုးသားဘောလုံးအသင်း ထိုင်းကို ဖြိုနိုင်မလား

$
0
0

မလေးရှားနိုင်ငံတွင်ကျင်းပနေသည့် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆီးဂိမ်း၏အမျိုးသားဘောလုံးပွဲစဉ်များက စိတ်ဝင်စားဖို့ အကောင်းဆုံးအနေအထားကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် အင်ဒိုနီးရှားအလံ ဇောက်ထိုးဖော်ပြမိ၍ နိုင်ငံနှစ်ခုကြား တင်းမာမှုများ ရှိနေသည့် အိမ်ရှင် မလေးရှားနှင့် အင်ဒိုနီးရှား၊ ပြိုင်ဆိုင်မှုပြင်းထန်သဖြင့် အာဆီယံဒါဘီဟု တင်စားကြသည့် မြန်မာနှင့် ဆီးဂိမ်း လက်ရှိချန်ပီယံထိုင်းအသင်းတို့ ဆုံတွေ့ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဆီးဂိမ်းအမည်ပြောင်းလဲကျင်းပခဲ့သည့် ၁၉၇၇ ခုနှစ်ကစတင်၍ တခါမှ မရခဲ့ဖူးသည့် ဆီးဂိမ်းဘောလုံး ရွှေတံဆိပ်ဆုကို မလေးရှား ဆီးဂိမ်းတွင် အရယူရန် ရည်ရွယ်ချက်ဖြင့် နယူးဇီလန် ယူ ၂၀ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့်အသင်းကို ၂၀၁၅ စင်္ကာပူဆီးဂိမ်း ငွေတံဆိပ်ရ လူငယ်များနှင့် တွဲဖက်ပြီး ယူ ၂၂ အသင်းအဖြစ် ဖွဲ့စည်းကာ လေ့ကျင့် ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး ဆီးဂိမ်းဝင်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ဆီးဂိမ်း၌ မြန်မာအသင်း ပါဝင်သည့် အုပ်စု (က) အဖွင့်ပွဲစဉ်တွင် စင်္ကာပူကို ၂ ဂိုး ဂိုးမရှိ၊ လာအိုကို ၃ ဂိုး ၁ ဂိုး၊ ဘရူနိုင်းကို ၆ ဂိုး ဂိုးမရှိဖြင့်အနိုင်ရပြီး အိမ်ရှင်မလေးရှားအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ကာ အုပ်စု ဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ထူးခြားချက်အနေဖြင့် မြန်မာအသင်းတိုက်စစ်က ပွဲစဉ်တိုင်းကို ဂိုးသွင်းယူထားသလို တိုက်စစ်မှူးများဖြစ်သည့် အောင်သူ၊ သန်းပိုင်၊ ရွှေကိုနှင့် အောင်ကောင်းမာန်တို့ ၄ ဦးစလုံး ဂိုးသွင်းယူထားခဲ့ကြကာ ပွဲစဉ် ၄ ပွဲတွင် ရဂိုး ၁၂ ဂိုး သွင်းယူထားပြီး ခံစစ်က ပေးဂိုး ၄ ဂိုး ခွင့်ပြုထားခဲ့ရသည်။

လက်ရှိ ဆီးဂိမ်းချန်ပီယံ အာဆီယံ၏ ဘောလုံးအင်အားကြီးနိုင်ငံ ထိုင်းအသင်းက ဆီးဂိမ်း အုပ်စု (ခ) တွင် အဖွင့်ပွဲစဉ်၌ အင်ဒိုနီးရှားကို ၁ ဂိုးစီသရေ၊ အရှေ့တီမောကို ၁ ဂိုး ဂိုးမရှိ၊ ကမ္ဘောဒီးယားကို ၃ ဂိုး ဂိုးမရှိ၊ ဖိလစ်ပိုင်ကို ၂ ဂိုး ဂိုးမရှိနှင့် အုပ်စုတက်ရေး အဆုံးအဖြတ်ပွဲစဉ်တွင် ဗီယက်နမ်ကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကာ အုပ်စုပထမဖြင့် ဆီးမီးဖိုင်နယ် တက်ရောက်လာခြင်း ဖြစ်သည်။ ထိုင်းအသင်း တိုက်စစ်က သွင်းဂိုး ၁၀ ဂိုး သွင်းယူထားပြီး ခံစစ်က အင်ဒိုနီးရှားကို ပေးလိုက်ရသည့် ပယ်နယ်တီ သွင်းဂိုး ၁ ဂိုးသာ ခွင့်ပြုခဲ့ရသည်။

ပြိုင်ပွဲအဖွင့်ပွဲစဉ်ရလာဒ်များအရ မလေးရှားဆီးဂိမ်းတွင် ထိုင်းအသင်းခြေစွမ်း မကောင်းဟု အားကစား ကလောင်ရှင်တချို့နှင့် မြန်မာဘောလုံးပရိတ်သတ်များ ထင်မြင်ခဲ့ကြသော်လည်း အုပ်စုဗိုလ်လုပွဲတွင် ခြေစွာနေသည့် ဗီယက်နမ်အသင်းကို ၃ ဂိုးပြတ် သွင်းပြလိုက်ချိန်မှာတော့ ထိုင်းအသင်းက အာဆီယံဘောလုံး လောကမှာ ထိပ်တန်းအဆင့်ရှိနေဆဲပဲဆိုတာ ထင်ရှားသွားခဲ့သည်။

မြန်မာအသင်းနှင့် ထိုင်းအသင်းမှာ ဆီးဂိမ်းအမည်ပြောင်းခဲ့သည့် ၁၉၇၇ ခုနှစ်ကစတင်ကာ အကြို ဗိုလ်လုပွဲ အဆင့်တွင် တကြိမ်တခါမှ တွေ့ဆုံခဲ့ဖူးခြင်းမရှိဘဲ ၂၉ ကြိမ်မြောက် မလေးရှားဆီးဂိမ်းတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဆီးဂိမ်းရွှေတံဆိပ်အတွက် ယှဉ်ပြိုင်ရသည့် ဗိုလ်လုပွဲတွင်တော့ ၃ ကြိမ် တွေ့ဆုံထားခဲ့ပြီး ၁၉၉၃ ခုနှစ်က ကျင်းပသည့် စင်္ကာပူနိုင်ငံဆီးဂိမ်းတွင် ၄ ဂိုး ၃ ဂိုး၊ ၂၀၀၇ ခုနှစ်က ကျင်းပသည့် ထိုင်းနိုင်ငံဆီးဂိမ်းတွင် ၂ ဂိုး ဂိုးမရှိနှင့် ၂၀၁၅ ခုနှစ်က ကျင်းပသည့် စင်္ကာပူဆီးဂိမ်းတို့တွင် ၃ ဂိုး ဂိုးမရှိ ရလာဒ်များဖြင့် မြန်မာအသင်းက ရှုံးနိမ့် ထားခဲ့သည်။

သို့သော် အောင်သူ၊ ရန်နိုင်ဦး၊ သီဟထက်အောင်စသည့် လူငယ်ကစားသမားများတွင် သက်တမ်းအလိုက် ပွဲစဉ်များ၌ ထိုင်းအသင်းကို အနိုင်ရထားသည့်အတွေ့အကြုံများ ရှိနေခြင်းက မြန်မာအသင်းအတွက် အားတက် စရာအချက်ဖြစ်သည်။

၂၀၁၄ ခုနှစ်က ဗီယက်နမ်နိုင်ငံတွင် ကျင်းပသည့် အာဆီယံ ယူ ၁၉ ပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် အောင်သူတို့ လူငယ်တသိုက်က ထိုင်းအသင်းကို နှစ်ဂိုး တဂိုးဖြင့်လည်းကောင်း၊ ၂၀၁၄ ခုနှစ် အောက်တိုဘာလက မြန်မာနိုင်ငံတွင်ကျင်းပသည့် အာရှ ယူ ၁၉ ပြိုင်ပွဲ အုပ်စုအဆင့်တွင် ထိုင်းအသင်းကို ၃ ဂိုးပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိထားခဲ့သည်။

“အောင်သူတို့အဖွဲ့က ထိုင်းကို နိုင်ထားဖူးတယ်ဆိုပေမယ့် လက်ရှိအသင်းကစားပုံက ယခင် မြန်မာ ယူ ၁၉ အသင်းရဲ့ ကစားပုံကို မမှီသေးဘူး။ ပြီးတော့ ကမ္ဘာ့ဖလား ကန်ထားတဲ့အသင်း ကျောရိုးကစားသမားတွေ အကုန်လုံး အသင်းမှာ ပြန်ပါမလာဘူး။ အဲတော့ အသင်းလိုက်အရဆိုရင်တော့ မြန်မာက ထိုင်းအသင်းထက် အားနည်းနေတာ အမှန်ပဲ။ နည်းပြ ၂ ဦးရဲ့ပြိုင်ပွဲအပေါ် ချမှတ်တဲ့နည်းဗျူဟာအပေါ်မူတည်ပြီးတော့ ၁ ဂိုး ဂိုးမရှိ၊ နှစ်ဂိုး တဂိုး အဲ့လို ကျဉ်းမြောင်းတဲ့ ရလာဒ်နဲ့ပဲ အဖြေထွက်မယ်ထင်တယ်”ဟု အားကစားကလောင်ရှင် ဦးရဲနိုင်ဝင်းက သုံးသပ် ပြောဆိုသည်။

မြန်မာအသင်းအတွက် နောက်ထပ်အားသာချက်တခုလည်း ရှိသေးသည်။ ထိုင်းအသင်းက ဗီယက်နမ်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ကာ ၁ ရက်နားပြီး မနက်ဖြန် သြဂုတ် ၂၆ တွင် မြန်မာအသင်းနှင့် ဆီမီးဖိုင်နယ် ကန်ရမည်ဖြစ်သော်လည်း မြန်မာအသင်းက ပွဲစဉ်ရေးဆွဲမှုအရ ၄ ရက် အနားယူခွင့်ရထားသည့်အချက် ဖြစ်သည်။

“မြန်မာအသင်းက နားရက်လည်း ပိုရထားတယ်။ မလေးနဲ့ပွဲမှာလည်း အဓိက ကစားသမားတချို့ အနားပေး ထားတယ် ဆိုတော့ မြန်မာအသင်းက ထိုင်းကို ကောင်းကောင်းယှဉ်ကစားနိုင်မယ် ထင်တယ်။ နောက်တန်းက အမှားမလုပ်ဘူး၊ ရှေ့တန်းကလည်း အချိတ်အဆက်မိမယ်၊ ဂိုးရမယ့် အခွင့်အရေးတွေ အသုံးချနိုင်မယ်ဆို မြန်မာနိုင်ပါတယ်။ ကျနော်ကတော့ မြန်မာ အသင်းကို အရမ်းနိုင်စေချင်တယ်။ ရွှေတံဆိပ်ဆုနဲ့ ပြန်လာ စေချင်ပါတယ်”ဟု ပုသိမ်မြို့မှ မြန်မာဘောလုံးပရိတ်သတ် ကိုမြင့်နိုင်က ပြောသည်။

မြန်မာအားကစားကလောင်ရှင်များရော မြန်မာဘောလုံးပရိတ်သတ်များပါ စိတ်ပူနေသည့်အချက်က မြန်မာ အသင်း နောက်တန်း ဖြစ်သည်။ အုပ်စု ဒုတိယပွဲဖြစ်သည့် လာအိုအသင်းနှင့်ပွဲတွင် မြန်မာနောက်တန်း အားနည်းမှုနှင့် အာရုံစူးစိုက်မှု အားနည်းမှုကြောင့် ချေပဂိုးပေးခဲ့ရပြီး တဖက်တဂိုးစီ သရေကျတော့မည့်ဆဲဆဲ ပွဲချိန် မိနစ် ၉၀ ကျော်မှ ၂ ဂိုး သွင်းနိုင်ခဲ့၍ မြန်မာအနိုင်ရခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ဘောလုံး ရွှေခေတ်ကစားသမားဟောင်း ဦးတင်အောင် (ဂိုး) ကတော့ မြန်မာအသင်းနောက်တန်း ကစားပုံ အချိန်မီ ပြုပြင်နိုင်မှသာ ထိုင်းကို အကောင်းဆုံး ယှဉ်ကစားနိုင်လိမ့်မည်ဟု သုံးသပ်သည်။

“မလေးရှားနဲ့ပွဲမှာ မြန်မာအသင်းနောက်တန်းကစားပုံ အားနည်းတယ်။ နောက်တန်းကစားပုံကို ပြုပြင်နိုင်မှ ထိုင်းအသင်းကို ကောင်းကောင်းယှဉ်ကစားနိုင်လိမ့်မယ်။ နောက်တန်းက ခံစစ်ကောင်းပြီး တန်ပြန်တိုက်စစ်နဲ့ ဆော့နိုင်မယ်ဆို မြန်မာ ဂိုးသွင်းပြီး အနိုင်ရနိုင်တယ်။ နောက်တန်းမပြင်နိုင်ရင်တော့ မလွယ်ဘူး”ဟု ပြောသည်။

မြန်မာနှင့် ထိုင်းအသင်းတို့မှာ မနက်ဖြန် သြဂုတ်လ ၂၆ ရက် (မြန်မာစံတော်ချိန်) နေ့လည် ၂ နာရီ ၃၀ မိနစ် အချိန်တွင် မလေးရှားနိုင်ငံ၊ ဆီလာရမ်းဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး နိုင်ငံပိုင် ရုပ်သံလိုင်းများ ဖြစ်သည့် MRTV၊ MRTV Sport နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းအသင်းမှာ ဆီးဂိမ်းအဖြစ် အမည်ပြောင်းလဲပြီးနောက် ၁၃ ကြိမ် ဗိုလ်စွဲထားသည့် အစဉ်အလာကောင်းနှင့် အသင်းတစ်သင်းဖြစ်ပြီး မြန်မာအသင်းကို နိုင်ခဲ့လျှင် ၁၄ ကြိမ်မြောက် ချန်ပီယံဖြစ်ရေးလမ်းကြောင်းကို ဆက်လျှောက်နိုင်မည်ဖြစ်သည်။ မြန်မာအသင်းအတွက်လည်း အာဆီယံအဓိကပြိုင်ဘက် ထိုင်းအသင်းကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့လျှင် ၂၀၁၅ ခုနှစ်က ဆီးဂိမ်းဗိုလ်လုပွဲရှုံးကြွေးကို ပြန်လည်ပေးဆပ်နိုင်မည်ဖြစ်သလို တကြိမ်တခါမှ မရဖူးသေးသည့် ဆီးဂိမ်းချန်ပီယံဆုကို ဆွတ်ခူးဖို့ လမ်းပွင့်သွားမည် ဖြစ်သည်။

စည်သူအောင် ဦးဆောင်သည့် မြန်မာယူ ၂၂ အသင်းအနေဖြင့် လက်ရှိချန်ပီယံ ထိုင်းအသင်းကို ဖြုတ်ချပြီး ၂၀၁၅ ဆီးဂိမ်း ရှုံးကြွေး ပြန်လည်ပေးဆပ်ရင်း ဆီးဂိမ်းချန်ပီယံဗိုလ်လုပွဲဆီ တက်လှမ်းနိုင်မည်လား၊ ထိုင်းအသင်းအပေါ် ရှုံးကြွေးပဲ ထပ်တင်သွားမလားဆိုတာ ဆက်လက်စောင့်ကြည့်သွားရမည် ဖြစ်သည်။

The post မလေးရှားဆီးဂိမ်းမှာ မြန်မာအမျိုးသားဘောလုံးအသင်း ထိုင်းကို ဖြိုနိုင်မလား appeared first on ဧရာဝတီ.

မလေးရှား- အင်ဒိုနီးရှား ဘောလုံးပွဲ နှစ်ဘက်ပရိတ်သတ်ကို မလေးရှားရဲသတိပေး

$
0
0

ယနေ့ကစားမယ့် မလေးရှားနဲ့ အင်ဒိုနီးရှားအမျိုးသားဘောလုံး အသင်းတို့ရဲ့ထိပ်တိုက်တွေ့ဆုံတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ နှစ်ဘက်အားပေးသူများအနေနဲ့ ကိုယ်ကိုကိုယ် ထိန်းကြဖို့ မလေးရှားရဲတပ်ဖွဲက ပြောလိုက်ပါတယ်။

ဆီလန်ဂေါ ရဲတပ်ဖွဲ့ အကြီးအကဲ ဓာတု မက်ဇ်လန် မန်စာက “ဒီနေ့ညပွဲကို ရဲတပ်ဖွဲ့ကတော့ အနီးကပ် စောင့်ကြည့်ပြီး ထိန်းသွားမယ်၊ အကြမ်းဖက်ရန်စမှုတွေ ကိုတော့ ကျနော်တို့ သည်းခံနေမှာ မဟုတ်ဘူး ဘောလုံးပွဲကို ပျော်ပျော်ရွင်ရွင်နဲ့ အားပေးဖို့ တိုက်တွန်းတယ်”လို့ ဆိုပါတယ်။

Shah Alam အားကစားကွင်းမှာ ယနေ့ကစားမယ့် မလေးရှား Vs အင်ဒိုနီးရှား ပွဲစဉ်ကို ပရိတ်သတ် ၈သောင်းခန့် လာကြည့်မယ့်လို့ မှန်းထားပြီး ရဲတပ်ဖွဲ့ကလည်း အင်အားပြည့် စောင့်ကြည့်သွားမယ်၊ ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်တွေရော၊ အရပ်ဝတ် ရဲတွေပါ ချထားမယ်လု့ိ ဆိုပါတယ်။

ပြီးခဲတဲ့ တနင်္လာနေ့ညပိုင်းက ကစားခဲ့တဲ့ မြန်မာ-မလေးရှား အမျိုးသား ဘောလုံး အုပ်စုပွဲစဉ်မှာ မြန်မာ ၂ယောက်ဟာ Shah Alam ကွင်းက ကားထားတဲ့ နေရာမှာတိုက်ခိုက်ခံခဲ့ရပါတယ်။

၂၉ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ(ဆီးဂိမ်း)ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတာဖြစ်ပြီး၊ ဖွင့်ပွဲနေ့မှာ ဝေငှမယ့် လက်ကမ်းစာရွက်မှာ အင်ဒိုနီးရှားနိုင်ငံအလံကို ပြောင်းပြန် ပုံနှိပ်မိတဲ့အတွက် အင်ဒိုနီးရှားသမ္မတကိုယ်တိုင် မလေးရှားကို ဝေဖန်ခဲ့သလို၊ မလေးဆန့်ကျင့်ရေး ဆန္ဒပြပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

အိမ်ရှင် မလေးရှားအတွက် ပြဿနာများစွာနဲ့ ဝေဖန်ခံခဲ့ရပြီး၊ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ဒိုင်ရဲ့ဘက်လိုက် မှုကြောင့် အင်ဒိုနီးရှားအမျိုးသမီးအသင်း ပြိုင်ပွဲမှ ထွက်သွားသလို၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း အားကစား သမားတွေ လိုက်ပါလာတဲ့ ကားလည်း မတော်တဆမှု ဖြစ်ခဲ့ပါတယ်။

The post မလေးရှား- အင်ဒိုနီးရှား ဘောလုံးပွဲ နှစ်ဘက်ပရိတ်သတ်ကို မလေးရှားရဲသတိပေး appeared first on ဧရာဝတီ.

အောင်လအန်ဆန်း အပါအဝင် One Championships ရဲ့ ချန်ပီယံများ

$
0
0

မြန်မာနိုင်ငံသား အောင်လအန်ဆန်းဟာ လက်ရှိ One Championships ရဲ့ ချန်ပီယံတွေထဲက တယောက် ဖြစ်နေပါပြီ။ အောင်လအန်ဆန်း အပါအဝင် အခြား One ရဲ့ ချန်ပီယံတွေ အကြောင်း ပြောပြချင်ပါတယ်။ ထူးခြားတာက ချန်ပီယံတွေ ထဲမှာ မြန်မာ အပါအဝင် အရှနိုင်ငံ တွေ ဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်နဲ့ စင်ကာပူနိုင်ငံတွေ အားကစားသမား ၅ ဦးပါဝင်တာ ဖြစ်ပြီး ပိုပြီး ထူးခြားတယ် လို့ ပြောရမှာက အာရှက အမျိုးသမီးတဦး ချန်ပီယံ အဖြစ် ပါဝင်နေတာပါပဲ။

Heavyweight Champion – Brandon Vera ။ ။ ၁၉၇၇ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ မွေးခဲ့သူပါ။ ၂၀၀၂ ခုနှစ်ကတည်းက One ရဲ့ ပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင် နေတာလည်း ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ WEC Heavyweight Grand Prix Champion ဖြစ်ခဲ့ပြီး One FC ရဲ့ Heavyweight Champion လည်း ဖြစ်ပါတယ်။ ကြိုးဝိုင်းအတွင်း နာမည် The Truth အဖြစ် လူသိများပါတယ်။ အရပ် ၆ ပေ ၃ လက်မ ရှိပြီး ကိုယ်အလေးချိန် ၂၄၁ ပေါင် ရှိပါတယ်။ Alliance MMA အသင်းနဲ့ အတူ လေ့ကျင့် ပြိုင်ပွဲဝင်တာ ဖြစ်ပြီး အခုချိန်ထိ ၂၃ ပွဲကစားပြီး ၁၅ ပွဲနိုင်၊ ၇ ပွဲရှုံးထားပြီး အခြား ၁ ပွဲကတော့ လက်ရည်စမ်းပွဲ ဖြစ်လို့ အနိုင်၊ အရှုံး ထည့် မတွက်ထားတာပါ။

Light Heavyweight Champion – Roger Gracie ။ ။ ၁၉၈၁ ခုနှစ် စက်တင်ဘာလ ၂၆ရက်နေ့မှာ မွေးခဲ့ပါတယ်။ ဘရာဇီးနိုင်ငံသား ဖြစ်ပေမယ့် လက်ရှိ အင်္ဂလန်မှာ နေထိုင်လျက် ရှိပါတယ်။ အရပ် ၆ ပေနဲ့ ၄ လက်မ ရှိပြီး အလေးချိန် ၂၁၅ ပေါင် ရှိပါတယ်။ ဘရာဇီး Jiu-Jitsu ပုံစံနဲ့ ကစားပါတယ်။ မွေထိုင်း ကစားကွက်နဲ့လည်း နွယ်ပါတယ်။ Evolve MMA နဲ့ရော Graice Barra အသင်းနဲ့ပါ လက်တွဲ ပြိုင်ပွဲဝင်တာ တွေ့ရပါတယ်။ ၂၀၀၆ ခုနှစ်မှာ စတင် ကစားနေတာ ဖြစ်ပြီး အခုချိန်ထိ ၁၀ ပွဲ ထိုးသတ်ထားပြီး ၈ ပွဲနိုင် ထားပြီး ၂ ပွဲပဲ ရှုံးထားပါတယ်။

Middleweight Champion – Aung La N Sang ။ ။ ၁၉၈၅ ခုနှစ် မေလ ၂၁ ရက်နေ့မှာ မွေးပါတယ်။ ကချင်မှာ မွေးတယ်၊ မြန်မာနိုင်ငံသားပါ။ အရပ် ၆ ပေနဲ့ ၁ လက်မ ရှိပါတယ်။ အလေးချိန် ပေါင် ၁၇၀ ပဲ ရှိပါတယ်။ ကြိုးဝိုင်းတွင်း နာမည် The Burmese Python အဖြစ် လူသိများပါတယ်။ Bellator အသင်းနဲ့ တွဲဖက် လေ့ကျင့် ပြိုင်ပွဲ ဝင်ပါတယ်။ ၂၀၀၅ ခုနှစ်ကတည်းက စတင် ကစားနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ Middleweight Champion ရရှိထားသူပါ။

Welterweight Champion – Ben Askren ။ ။ ၁၉၈၄ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့မှာ မွေးပါတယ်။ ကြိုးဝိုင်း အတွင်းမှာ Funky အဖြစ် လူသိများပါတယ်။ အမေရိကန်မှာ မွေးတယ်၊ အမေရိကန် နိုင်ငံသားပါ၊ အရပ် ၅ ပေနဲ့ ၁၀ လက်မ ရှိပါတယ်။ အလေးချိန် ပေါင် ၁၇၀ ရှိပါတယ်။ နပန်း ပုံစံနဲ့ရော ဘရာဇီးတိုက်ကွက်နဲ့ပါ ကစားပါတယ်။ Evolve MMA နဲ့ရော Roufusport အသင်းတွေနဲ့ တွဲဖက် လေ့ကျင့်နေတာပါ။ ၂၀၀၉ ခုနှစ်ကနေ စတင် ကစားနေခဲ့တာ ဖြစ်ပြီး အခုချိန်ထိ ၁၇ ပွဲ ကစားထားပြီး ၁၆ ပွဲထိအောင် အနိုင်ရထားပါတယ်။

Lightweight Champion – Eduard Folayang ။ ။ ၁၉၈၄ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့မှာ မွေးပါတယ်။ ဖိလစ်ပိုင်မှာ မွေးတယ်၊ ဖိလစ်ပိုင် နိုင်ငံသားပါ။ အရပ် ၅ ပေ ၉ လက်မ ရှိပါတယ်။ အလေးချိန် ၁၅၅ ပေါင် ရှိပါတယ်။ ၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်ထိအောင် Welterweight တန်းမှာ ကစားပြီး နောက်ပိုင်း ၂၀၀၉ ကနေ အခုချိန်ထိအောင် Lightweight မှာ ကစားနေတာပါ။ Team Lakay Wushu နဲ့ အတူ တွဲဖက် လေ့ကျင့်တာ တွေ့ရပါတယ်။ ပွဲပေါင်း ၂၃ ပွဲ ထိုးသတ်ထားပြီး ၁၈ ပွဲနိုင်ထားပါတယ်။ ၅ပွဲ အရှုံးပါ။

Featherweight Champion – Martin Nguyen ။ ။ ၁၉၈၉ ခုနှစ် မတ်လ ၅ ရက်နေ့မှာ မွေးပါတယ်။ Martin The Situ Asian Nguyen က နာမည် အပြည့်အစုံ ဖြစ်ပါတယ်။ ကြိုးဝိုင်းတွင်းမှာ The Situ Asian အဖြစ် လူသိများပါတယ်။ သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးမှာ မွေးပါတယ်။ အရပ် ၅ ပေနဲ့ ၈ လက်မရှိပြီး အလေးချိန် ၁၄၅ ပေါင် ရှိပါတယ်။ အခုချိန်ထိ ၁၀ ပွဲ ထိုးသတ်ထားပြီး ၉ ပွဲ အနိုင်နဲ့ ၁ ပွဲ ရှုံးထားပါတယ်။

Bantamweight Champion – Bibiano Fernandes ။ ။ ၁၉၈၀ ခုနှစ် မတ်လ ၃၀ မှာ မွေးပါတယ်။ King of the Cage, DREAM နဲ့ K1 ပြိုင်ပွဲတွေမှာပါ ကစားဖူးတာ တွေ့ရပါတယ်။ The Flash အဖြစ် လူသိများပါတယ်။ ဘရာဇီး လူမျိုး ဖြစ်ပြီး အရပ် ၅ ပေနဲ့ ၇ လက်မ ရှိပါတယ်။ အလေးချိန် ၁၃၅ ပေါင်ပါ။ Revolution Gym, Graice Team Canada နဲ့ AMC Pankration တွေနဲ့ အတူ တွဲဖက် လေ့ကျင့်တာ တွေ့ရပါတယ်။ ပွဲပေါင်း ၂၄ ပွဲ ကစားထားပြီး ၂၁ ပွဲ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

Flyweight Champion – Adriano Moraes ။ ။ အသက် ၂၉ နှစ် ရှိပြီ ဖြစ်တဲ့ ကစားသမားပါ။ American Top Team နဲ့ရော Constrictor Team တွေနဲ့ တွဲဖက် လေ့ကျင့်ပါတယ်။ ဘရာဇီးလူမျိုး ပါ။ ကြိုးဝိုင်းတွင်း နာမည် Mikinho အဖြစ် လူသိများ ပါတယ်။ အလေးချိန် ၅၆ ဒသမ ၇ ကီလို ရှိပါတယ်။ အသက် ၇ နှစ်ကတည်းက ကိုယ်ခံပညာနဲ့ ဂျူဒိုတွေ သင်ကြား လေ့လာခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ကျွမ်းကျင် ကစားသမားဘဝကို ရောက်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ သူ့ရဲ့ ခါးပတ်ကို Kairat က အနိုင်ယူ ရရှိသွားခဲ့ပေမယ် ၂၀၁၇ခုနှစ် သြဂုတ် ၆ရက်နေ့ Kairatနဲ့ ပြန်လည် ထိုးသတ်ရယူထားနိုင်ခဲ့တာ တွေ့ရပါတယ်။

Strawweight Champion – Yoshitaka Naito ။ ။ ဂျပန်နိုင်ငံသား Naito ကို ကြိုးဝိုင်းတွင်းမှာတော့ Nobita အဖြစ် လူသိများ ပါတယ်။ အရပ် ၅ ပေနဲ့ ၆ လက်မ ရှိပြီး အလေးချိန် ၅၆ ဒသမ ၇ ပေါင် လေးပါတယ်။ Paraestra Matsudo အသင်းနဲ့ တွဲဖက် လေ့ကျင့်တာ တေ့ွရပါတယ်။ အသက် ၃၃ နှစ် ရှိပါပြီ။ အသက် ၂၂ နှစ်မှာကတည်းက ကျွမ်းကျင် ကစားသမား အဖြစ် ရပ်တည်နေခဲ့သူပါ။ ၂၀၁၂ ကနေ၂၀၁၄ ခုနှစ်အတွင်းမှာ ၇ ပွဲကစား၊ ၇ ပွဲနိုင်ပြီး ပထမဆုံး  ခါးပတ်ကို ရယူထားနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် မေလအတွင်း ကတည်းက အခု ခါးပတ်ကို ဆက်လက် ထိန်းထား နိုင်တာလည်း ဖြစ်ပါတယ်။

Atomweight Champion – Angela Lee ။ ။ Unstopable အဖြစ် လူသိများပါတယ်။ အသက် ၂၁ နှစ်ပဲ ရှိပါသေးတယ်။ အရပ် ၅ ပေ ၃ လက်မ ရှိပြီး အလေးချိန် ၅၂ ဒသမ ၂ ကီလို ရှိပါတယ်။ Evolve MMA နဲ့ရော United MMA အသင်းတွေ နဲ့ပါ တွဲဖက် လေ့ကျင့်တာ တွေ့ရပါတယ်။ စင်ကာပူက ဖြစ်ပါတယ်။ ကိုယ်ခံပညာကို ၃ နှစ်အရွယ်လောက်ကတည်းက လေ့လာခဲ့သူလို့ သိရပါတယ်။ ၂၀၁၆ ခုနှစ် မေလအတွင်းမှာ ဂျပန် ကစားသမား Mei Yamaguchi ကို အနိုင်ရပြီး အခု ခါးပတ်ကို ရယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

www.onefc.com

The post အောင်လအန်ဆန်း အပါအဝင် One Championships ရဲ့ ချန်ပီယံများ appeared first on ဧရာဝတီ.

Viewing all 511 articles
Browse latest View live